Thingyan Experience

သင်္ကြန်.. ။ သင်္ကြန် ရောက်တော့မည်..။

ပျော်သည် … မျှော်သည် …။

သင်္ကြန်ရောက်ရင်ပျော်သည်… နှုတ်ခမ်းနီဆိုးရတာ ပျော်သည်… အ၀တ်အစား ထွင်ဝတ်ရတာပျော်သည်… ရေတွေ စိုရွှဲသွားရတာ ပျော်သည်… ရေစိုအောင် လောင်းရတာ ပျော်သည် … ။

သင်္ကြန်ရဲ့ အနှစ်သာရကို အနှစ်သာရမှန်း သတိမထားမိသော်လည်း ပျော်သည်.. ပျော်ခဲ့သည်… ။

ထိုစဉ်က ကျွန်မ အသက် ၁၅ နှစ်…။

၃ ရက်စာသင်္ကြန်ပွဲတော်အတွက် ၀တ်စုံ ၆ စုံ စဉ်းစား ပူဆာရသည်…။ မနက်တစ်ပိုင်း.. ညနေတစ်ပိုင်း … မဏ္ဍပ် မှာ ရေပက်လျှင် ၀တ်ရန်ဖြစ်သည်…။ အသစ်ကတော့ တစ်စုံသာရသည်…။

လမ်းထိပ် မဏ္ဍပ်က ကက်ဆက်သံထွက်လာတာနဲ့  လူက လှုပ်ရွလှုပ်ရွ… အမေ့မျက်နှာကို ကွက်ကြည့်ကွက်ကြည့် လုပ်မိတော့… တစ်မနက်လုံး အမေမငြိုငြင်အောင် အိမ်အလုပ်ကူလုပ်ထားတဲ့ မျက်နှာထောက်ထားပြီး…

ရေဆော့ချင်သွားဆော့.. ပိုက်နဲ့ ပက်… လမ်းမပေါ်မတက်နဲ့ … ခဏနေ အမေလိုက်ခဲ့မယ်…

ဘေးဘက်မှာ ကြယ်သီးတွေ အများကြီးပါတဲ့ မိုးပြာရောင်ဂျင်းဘောင်းဘီ၊ ရှပ်အကျီင်္အနီကွက်ဖျော့ဖျော့ကို အောက်ဆုံးကြယ်သီး တစ်လုံးဖြုတ်ပြီး ခါးမှာ စုချည် … နှုတ်ခမ်းကို နီပုတ်ပုတ်ဆိုးပြီး.. တခြမ်းစောင်းဆံပင် ( အခုခေတ်စားနေတဲ့ အီမို စတိုင်လ်နဲ့  သိပ်မကွာတဲ့စတိုင်လ်မျိုး.. နောက်ကို တိုတိုလေးထားပြီး ရှေ့ ဆံပင်ကို တစ်ခြမ်းစောင်း အရှည်ထားတဲ့ ပုံစံမျိုးပါ.. အဲဒီတုန်းက တော်တော် ခေတ်စားခဲ့တဲ့ စတိုင်လ်ပါ) ကို သေသေသပ်သပ်ဖြစ်အောင် သေချာဖီး … မှန်ထဲမှာ ကြည့်လိုက်တော့ စတိတ်ရှိုးဆိုဖို့  စင်ပေါ်တက်တော့မယ့် အဆိုတော်တစ်ယောက်လို စိတ်ကြီးဝင်သွားပြန်တယ်…။

အမေက ပိုက်နဲ့ ဘဲ ပက်လို့ မှာပေမယ့် ပိုက်မရခဲ့ရင် အငြိမ်ထိုင်မနေနိုင်သူမို့ ရေဖလားတစ်လုံးဆွဲပြီး အိမ်ပေါ်က ပြေးဆင်းခဲ့ပါတယ်..။

မဏ္ဍပ်ရဲ့ ပထမဆုံး လှေကားထစ်ကို ခြေလှမ်းလိုက်တဲ့ အခါ ရေအေးအေးတဖလားနဲ့  ရွှဲရွှဲစိုအောင် အလောင်းခံလိုက်ရပါတယ်…. ရေဖလားပိုင်ရှင် ရဲ့ အပြုံးကို ခေါင်းစောင်းချပြီး ကျလာတဲ့ တစ်ခြမ်းစောင်း ဆံပင်တွေနဲ့  အကာအကွယ်ပြုရင်း ကျွန်မက အရပ်ပုတဲ့သူဆို လုံးဝ စိတ်မ၀င်စားပါဘူး အစ်ကိုကြီးရယ်လို့  အသံတိတ်ရေရွတ်လိုက်ပါတယ်..။

ပက်..ပက်… ရေတွေကုန်အောင် ပက်…

ရေပက်ခံကားပေါ်မှာ လှုပ်ရွ ကခုန်နေတဲ့ လူတွေကို ပက်သည်…။ သရဲရုပ်မျက်နှာဖုံးနှင့် လူများကို ပက်သည်…။ ချစ်သူ့  ရင်ခွင်ထဲ အတင်းတိုးပုန်းနေသော ပျိုပျိုမေများကို မရ ရအောင် ပိုက်နှင့်ထိုးသည်…။ ရေခဲရေနဲ့  ပြန်ပက်မည့်သူများ ကို ခေါင်းမဖော်နိုင်အောင် ပက်သည်… ။

ရေပက်ခံကားကို သဲကြီးမဲကြီး ပက်နေတုန်း ရေပက်ခံလိုက်ရသည်..။ ခေါင်းပေါ်က ရေတွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး မျက်နှာတစ်ခုလုံး ရွှဲရွဲ စိုသွားသည်…။

ဟဲ့.. အချင်းချင်းမပက်နဲ့ လေ… ကားတွေကို ပက်လေ…

ဘေးက အစ်မကြီးက ပိုက်နဲ့  လှမ်းပက်တဲ့ တရားခံ ကောင်လေးကို လှမ်းအော်လိုက်ပေမယ့် ထိုကောင်လေးက စပ်ဖြဲဖြဲ…။ ခဏနေတော့ ပိုက်နဲ့  လှမ်းပက်ပြန်တယ်…။ နှုတ်ခမ်းကိုက်ပြီး မျက်လုံးပြူးပြတော့ ထိုကောင်လေးက မသိချင်ယောင်ဆောင်နေသည်…။ နောက်တစ်ခါမှာ သည်းမခံနိုင်လို့  ပိုက်နဲ့  ပြန်ပက်မိတော့ ကြားလူတွေက မြေဇာပင်ဖြစ်ရသည်…။

ရေပက်ခံကားကို ကောင်းကောင်းမပက်ရဘဲ မဏ္ဍပ်ပေါ်က အချင်းချင်းပက်တဲ့ ရေတွေအောက်မှာ ကြွက်စုတ်တစ်ကောင်လို ရွှဲရွှဲစို..လာတဲ့အခါ… ကောင်လေးနဲ့  ကျွန်မကြားက ရေစိုခံနေရတဲ့လူတွေကို အားနာလာတဲ့ အခါ… ရေပိုက်ကို လွှတ်ချပြီး မဏ္ဍပ်နောက်မှာ ထိုင်နေလိုက်တော့သည်…။ အမေရောက်လာပြီး ပြန်တော့မလားမေးတော့ ဆော့ချင်သေးတယ်လို့  ပြောပြီး ပြန်မလိုက်သွား…။ မဏ္ဍပ်နောက်မှာ လူကြီးတွေနဲ့ အတူထိုင်ပြီး စိမ်ပြေနပြေ မုန့် စားရင်း ကောင်လေးကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့သည်…။ ညနေ ၆ နာရီ… ရေပိတ်လိုက်တော့ ကောင်လေးက ရေမရှိတော့တဲ့ ပိုက်နဲ့  ထိုင်နေတဲ့ ကျွန်မကို လှမ်းပက်ဟန်ပြုပြီး စပြန်တယ်..။ တစ်ချက်မဲ့ ပြလိုက်ပြီး ထိုင်နေရာက ထလိုက်တယ်…။ ကောင်လေးရှိရာကို တစ်လှမ်းချင်း… ခပ်အေးအေး… လျှောက်သွားပြီး….

ဂေါက်… ဂေါက်.. ဂေါက်….

ကဲ… မှတ်ပလား… မပက်နဲ့လို့  ပြောနေတာ… ပက်ချင်ဦး…

လက်ထဲက ပလတ်စတစ်ဖလားနဲ့  ကောင်လေးကို ခပ်ပြင်းပြင်းလေး ၃ ချက်ဆင့်ခေါက်ပြီး

… ဟဲ့…ဟဲ့.. ရန်မဖြစ်နဲ့ ..

ဆိုတဲ့ လူကြီးတွေရဲ့ အသံကို သွေးအေးအေးနဲ့  ကျောခိုင်းခဲ့ပါတယ်…။ လှေကားအဆင်းမှာ အလာတုန်းက ရေလောင်းခဲ့တဲ့ အစ်ကိုကြီးရဲ့ အံ့သြတဲ့ အကြည့်တွေကို မသိကျိုးကျွန်ပြုပြီး ခပ်တည်တည် ဆက်လျှောက်ခဲ့တယ်…။ အဲဒီနေ့ ကစလို့  ဇိုးဇိုးဇတ်ဇတ်နဲ့  လက်သံပြောင်တဲ့ ကျွန်မကို ကောင်လေးက မစရဲတော့သလို… အစ်ကိုကြီးလည်း ရေမလောင်းတော့ပါ…။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ… ကျွန်မ ပျော်ရွှင်ခဲ့တဲ့ သင်္ကြန်ပွဲတွေမှာ သူတို့ ရဲ့ ပုံရိပ်တွေမပါဝင်တော့သလို ကျွန်မအာရုံထဲမှာလည်း သူတို့  ရှိမနေတော့ပါဘူး…။ သင်္ကြန်ပွဲတွေက တစ်နှစ်ပြီးတစ်နှစ် မှန်မှန်လည်ပတ် ကုန်ဆုံးသွားတာနဲ့ အတူ ရင့်ကျက်ခြင်းကို တစ်နစ်ပြီးတစ်နှစ်… နှစ်တိုးနဲ့  ကျွန်မလက်ခံခဲ့ရပါတယ်…။ ဘယ်လောက်ပဲ ရင့်ကျက်လာပါစေ… သင်္ကြန်ကို ကျွန်မမျှော်ပါတယ်… ပျော်ပါတယ်…။ ။

13 Responses

  1. သင်္ကြန်နားနီးပီဆိုတော့ ရာသီစာ သင်္ကြန်ပို့စ်တွေကိုပဲ လိုက်ဖတ်နေမိတော့တယ်
    ဒါပေမဲ့ ရုပ်ရှင်တွေ သီချင်းတွေ စာတွေထဲမှာပဲ သင်္ကြန်ဆိုတာကို ကောင်းကောင်းရင်းနှီးဖူးရဲ့
    ကျနော်တို့နယ်မြို့လေးက ရေရှားတော့ မဏ္ဍပ်တွေဘာတွေ မရှိသလောက်ရှား
    ဘယ်မြို့က သင်္ကြန်မှလဲ မရောက်ဘူးတော့ကာ အဲ ညည်းချင်းတွေတောင် ဖြစ်ကုန်ပီ အမလေးမရေ
    အခုတောင် သင်္ကြန်မကျရတာ ၈နှစ်မြာက်ပြန်ပီ တိန် နောက်နှစ်သင်္ကြန်လဲ ဂလိုပဲအဝေးရောက်နေဦးတော့မယ်

    ကောင်လေးနဲ့ အကိုကြီးတို့လဲ ခပ်စွာစွာကောင်မလေးတယောက်ကို အခုတိုင် သတိရနေကြဦးလေမလားမသိ :P သူရို့ဘက်မှ စာနာတွေးသည် :D
    ကိုကောင်းကင်ကြီးနဲ့အတူ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

  2. ဟားဟား သင်္ကြန်အမှတ်တရကလဲ ဒီလိုပါလား ဘလော့ပေါ်မှာ လက်စောင်းထက်သလို အပြင်မှာလဲ လက်သံပြောင်တဲ့ ကြွက်ဂိုဏ်းချုပ်
    ဝါဝါလေးဝတ်ပီး ကဲပေးနော် ရေပက်နေတဲ့ ကလန်ကလားကောင်မလေးတွေမြင်ရင်လဲ မွန့်ကိုသတိရဦးး

  3. >ဘိုညိမ်း.. ရေကရှား..တခြားမြို့ မရောက်.. ၈ နှစ်မြောက်..။ လေးမထက် အဖြစ်ဆိုးတဲ့သူနဲ့  လာတိုးနေပါလား..။ လေးမလည်း သင်္ကြန်မှာ ရေမပက်ဖြစ်တာ အတော်ကြာပါပြီ..။ ဒီနှစ်တော့ ဘာလုပ်ဖြစ်မယ်မသိသေး..။ တရားစခန်းမရောက်တာတော့ သေချာတယ်..။ လောလောဆယ်.. မနက်ဖြန် မုန့် လုံးရေပေါ်လုပ်ပြီး အိမ်နီးချင်းတွေကို ဝေမယ် စဉ်းစားထားတယ်..။ မနက်စောစောထပြီး ဆန်ကြိတ်တဲ့နေရာသွားမယ်…။
    အင်း.. ဘိုညိမ်းပြောသလို.. သူတို့ လည်း သတိရချင်ရနေပြီး.. ဘလော့ဂ်ပေါ်မတင်ဘူးလို့  ဘယ်သူပြောနိုင်မလဲ..။ ရာသီစာတွေ ဖတ်ရင်း ခွက်နဲ့  ခေါက်ခံရတဲ့ အကြောင်း ရေးထားတဲ့ ဘလော့ဂ်
    တွေ့ ရင် လက်တို့ ဦးနော်..။ ဘိုညိမ်းနဲ့  ကေ လည်း နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ ကြပါစေ…။

    >မွန်.. ဂလို.. ဂလို.. လက်သံကတော့ ပြောင်ပြောင်ပဲ..။ ၀ါဝါလေး ၀တ်ပေးမယ်လို့  ပြောထားလို့ .. ဒီနေ့ ပဲ ၀ါဝါလေးတစ်ထည် ၀ယ်လာတယ် မွန်ရေ.. မွန့် မမဆိုတော့ thingyan promotion နဲ့ တွေ့ တော့ ၀ယ်ချင်လျက် လက်တို့ …။ ကလန်ကလား… တွေ့ လို့ ကတော့ မွန့် ကို သတိရလိုက်မယ်..နော်..။

    မွန် .. ဘိုညိမ်းရေ..
    တစ်ခါတစ်လေ… မပိုင်ဆိုင်ရသေးဘဲ အဝေးကနေ.. လွမ်းနေရ.. ကြုံရမယ့် ရက်ရောက်မှာပါလို့  တွေးနေရတာ… မချင့်မရဲဖြစ်နေရတာကိုက.. တကယ်ကြုံ.. ၀င်ကဲ.. လိုက်ရတာထက်.. အရသာရှိလို့  နေပြန်ပါတယ်…။ မျက်စိအောက်က သင်္ကြန်ပွဲကြီးကို ယောင်ချာချာကြည့်နေရတာထက် ဖြေသာပါတယ်…။ အဝေးကေ အရသာရှိရှိ လွမ်းနိုင်ကြပါစေ.. လို့  ဆုတောင်းရင်း နောင်နှစ်တွေမှာ အ၀ါနဲ့  အတာနဲ့  ဆင်နွှဲနိုင်ပါစေလို့ လဲ ဆုတောင်းပါတယ်..။

  4. ဟင်းးးး ဒီတစ်နှစ်လဲ မပျော်နိုင်ပါ ၊ ဒီနှစ် မပျော်ရလို့ မနှစ်ကရောဆိုတော့ မနှစ်ကလည်း ဒီအတိုင်းပါပဲ ကျွန်တော်ကတော့ ၈ နှစ်မဟုတ်ဘူး အစ်မရေ (၃)နှစ်ဗျ ၊ တိုက်တိုက်ဆိုင်ဆိုင် သင်္ကြန်ရက်တွေဆို မြို့ပေါ်ရောက်နေတတ်တာနဲ့ ကဲဖြစ်သွားတယ် ၊ ဘယ်နေရာရောက်နေနေ စိတ်ထဲတော့ သင်္ကြန်ကျနေပြီဆိုတာ သိရင်ကို နေလို့မရတော့တာ ၊ အခုလဲ သီချင်းတွေနားထောင် ၊ သင်္ကြန်အကြောင်းတွေ ရေးတဲ့ ဘလော့ဂ်တွေ လိုက်ဖတ် အလွမ်းဖြေနေပါတယ် ၊ သြော် အစ်မရေ မနက်ကို မုန့်လုံးရေပေါ်လေးတော့ ချန်ထားဦးနော် ၊ ကျောင်းအပြန်မှ ပဲ လာတော့မယ် ။ သင်္ကြန်အကျနေ့ ရောက်ပြီဆိုတော့ စောစောစီးစီး ဘလော့ဂ် ပေါ်ကပဲ ကျွန်တော့်အစ်မ ကို ရေလောင်းခဲ့ပြီနော် ……..
    သြော် အစ်မရေ ..ကြွက်ကလေးကတော့ ဒီနှစ်သင်္ကြန် ကုသိုလ်တွေ အများကြီး ရနေပြီ အစ်မရ …။
    ကိုကောင်းကင်ကြီးနဲ့အတူ အတာသဘင် ပွဲကို ပျော်ရွှင်စွာ နွှဲပျော်နိုင်ပါစေ …။ ။

  5. အိမ်အသစ်မှာ သင်္ကြန်လာကျသွားပါတယ် အစ်မရေ။ သင်္ကြန်ကတော့.. သင်္ကြန်ပါပဲဗျာ။ ကျနော်တို့လည်း. ကျနော်တို့ ဖြစ်နေကြတာကြာပါပြီ။ :)

    ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ မုန့်လုံးရေပေါ်လာစားမယ်ဗျာ။

    ပျော်ရွှင်စရာ နှစ်သစ်ကူးသက်ြန်ဖြစ်ပါစေဗျို့။ :)

  6. လေးမ….
    အခဲခံထားတဲ့ ရေနဲ့ လည်ဂုတ်ကနေ ဖြည်း၂လေး လောင်းသွားတယ်.. (တစ်ဗုံးစာ)

  7. ဒါဆို ကောင်းကင်ကြီးနဲ့ သင်္ကြန်မလည်ခဲ့ဖူးဘူးပေါ့း) အရပ်ပုတဲ့ ယောက်ျားလေး စိတ်မ၀င်စားဘူးဆိုရင် အဲ့ အစ်ကိုကြီးကလည်း င်္တီကြွက်ကောင်လေးကို ခွက်နဲ့ ခေါက်ပြီး ပြန်ဆင်းလာတော့ စွာတဲ့ ကောင်မလေး လန့်တယ်လို့ တွေးချင်တွေးနေနိုင်တယ် :P သင်္ကြန်ကလည်း ထိထိရောက်ရောက်မကဲတာကြာပါပြီး ဒါပေမယ့် သီချင်းသံတွေ ပျော်နေတဲ့ အသံတွေကြားရင်တော့ အလိုလိုနေရင်း ပျော်လာတယ် ။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ ၂ ယောက်လုံးကို အိုးမဲလာသုတ်သွားတယ် ။

  8. အစ်မကြီး အစစအဆင်ပြေပါစေ

  9. အမရေ သတိတရ ဝင်ရေးစရာ နေရာတောင် မရှိတော့တာနဲ့ မရရတဲ့နေရာမှ ဖြစ်ညစ်ပီး မှတ်၂ရ၂ ဝင်ရေးလိုက်တယ်ဗျာ။ အားမရစရာ အစွမ်းတစ မြင်နေရတဲ့ အမရဲ့ စာသားတွေကို အားပါးတရ ရှာဖတ်မိနေတယ်။

  10. တစွန်းတရ ရေးတာဗျာ ဘာတွေရေးမိမှန်းတောင် မသိဘူး။ ဝမ်းနည်းသလိုပဲ။ တကယ်ကို ဘာပြောရမှန်းကို မသိဘူး

  11. တစွန်းတစ ရေးတာဗျာ ဘာတွေရေးမိမှန်းတောင် မသိဘူး။ ဝမ်းနည်းသလိုပဲ။ တကယ်ကို ဘာပြောရမှန်းကို မသိဘူး

  12. အစစအဆင်ပြေပါစေး)

  13. ဟိုမွှေဒီမွှေနဲ့ ခုမှမြင်တယ်.. ဒီမှာအသစ်ရှိနေတာကိုး..
    ဟိုဘက်ကိုပဲ သွားသွားမျှော်နေတာ..
    သီတင်းကျွတ်မှ သင်္ကြန်ကျရပြီ..
    ဆောင်းလေရူးနှင့်အတူ လွမ်းနေမည် …

Leave a Reply