အဆုံးမသတ်တတ်တဲ့ ကဗျာ

အဆုံးမသတ်တဲ့ “ည”


အဲဒီည…
ဟိုည…
ထိုည…
ဒီည….
မှောင်မဲနေတဲ့ည
ကြေကွဲနေတဲ့ည…
ဘယ်မှာလဲ “လ”…
ငါ့ကို ဖျားယောင်းလှည့်စမ်းပါ….။ဘယ်မှာလဲ….
ကြယ်တွေ….
ဘယ်မှာလဲ…???


တပွင့်မှလဲ မရှိပါလား…
ငိုလို့  ရွဲနေတဲ့
ငါ့ အလှကို …
မကြည့်ရက် …
မှေးစက်လို့  အိပ်ကုန်ကြပြီလား….။ငါ့နံဘေးမှာ
ကွန်ပြူတာစက်သံနဲ့ 
ကီးဘုတ်သံ တချက်ချက်ကလွဲလို့ 
ဘာသံမှမရှိ တိတ်ဆိတ်ခြင်းအတိနဲ့ 
သီချင်းသံလေးတောင်မရှိပါလား….၊

သီချင်းလား….
ငါ မဖွင့်ရဲပါဘူး…
“ကြေကွဲသွားတဲ့ နေ့ညတွေ
တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ” လို့ 
သူတို့ က ဆိုကြဦးမယ်လေ….။

၁၂ နာရီကျော်လို့ .
ဟိုဘက်ကို ၂ နာရီကူးသွားခဲ့ပြီ….
ကြောင်စီစီမျက်လုံးတစ်စုံနဲ့ 
notebook ဘေးက ဓါတ်ပုံလေးကို
ကြောင်တောင်တောင်ကြည့်ရင်း
ငါ မိုးလင်းသွားတော့မှာလား…..။

ဒီလို ညတွေကြောင့်သာ
ငါ ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
……
……
……

စာဖတ်သူ၏ အမြင်

ဆရာမ “ဂျူး”က “လေးမ” အကြိုက်ဆုံး ၊ အဖတ်ဖြစ်ဆုံး စာရေးဆရာများထဲမှ တစ်ဦးပါ…..။ ဆရာမ ရေးတာဆိုရင် လုံးချင်း ၊ ၀တ္ထုတို ၊ရှည် ၊ ဆောင်းပါး လက်လှမ်းမီသလောက် … အဆင်ပြေသလောက် … ဖတ်ဖြစ်တယ်….။ “ အမှတ်တရ ” က စဖတ်ဖြစ်တာ…..။ ဆရာမရေးတဲ့ ပုံစံကို… သိပ်ကြိုက်တာ…..။ ဗဟုသုတ စုံတာကိုလဲ သဘောကျတယ်……။ အကြောင်းအရာ တစ်ခုကို သေချာရေးပြနိုင်တာကိုလဲ ကြိုက်တယ်…..ဖတ်ရသမျှ ရသ အပြင် ဒေသန္တရဗဟုသုတ ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေကိုလဲ အပိုဆု ပေးသေးတယ်…….။ ဆရာမရဲ့ အရေးအသားတွေကို စွဲစွဲလန်းလန်းဖတ်တတ်တဲ့ … စာဖတ်သူ တစ်ယောက် အနေနဲ့ … ထူးထူးခြားခြား သတိထားမိတဲ့ ၊ ခံစားမိတဲ့ … အချက်လေးတွေ ရှိတယ်…….။ ဆရာမပေးတဲ့ ဇာတ်ကောင်စရိုက်တွေမှာ……. တာဝန်မယူတတ်သော ယောက်ျားများ နဲ့  ကြံ့ခိုင်သော မိန်းမများ ( အားကျ စံနမူနာ ထားလောက်သော မိန်းမများ ဟု မဆိုလိုပါ )…..ကို မကြာခဏတွေ့ ရတတ်ပါတယ်…….။

“ကြယ်ကြွေတို့ ရဲ့ အတောင်ပံ” မှ

“နှစ်ဦးလုံးမှားတဲ့ကိစ ။ အပြစ်ဒဏ်ရရင် ညီတူညီမျှ ရရမှာပေါ့ ။ အခုတော့ ကာယကံရှင်တစ်ယောက်က အိမ်ထဲကအိမ်ပြင်တောင် မထွက်ရဲဘဲ ပုဝပ်နေရချိန်မှာ အဓိက ကာယကံရှင်ကြီးက ဘုရားသွားကျောင်းတက် မျက်နှာထားတစက်မှမပျက်။ အပြစ်လွတ်နေရောလား ။” (မနှင်းမှုန်)
ဧည့်ပရိတ်သတ်အလယ်မှာထိုင်လျက် လက်ရှိနေထိုင်သောရပ်လိပ်စာ ၊ အလုပ်အကိုင် လူမှုရေး စသည်တို့ ကို ဒိုင်ခံဖြေပေးနေသော လူငယ်သည် အမေဖြစ်သူ တချိန်က ရင်ဆိုင်ခဲ့ရသော အရှက်တို့ ကို တစ်စချင်း တစ်လွှာချင်း ပြန်လည်ဖယ်ရှားပေးနေသလိုပါပဲ ဟု မနှင်းမှုန်တွေးနေမိသည် ။
“……..မိန်းမတစ်ယောက်အနေနဲ့  မနှင်းမှုန်ဆိုတဲ့ မိန်းမဟာ အမှားတွေ အမဲစက်တွေနဲ့ ပါ ။ ဒါပေမယ့် မိခင်တစ်ယောက်အနေနဲ့ တော့ မနှင်းမှုန်ဟာ စံပြပါပဲ ၊ မေမေကြောင့် ကျွန်တော် အခုလို လူရာဝင်တဲ့သား ဖြစ်ခဲ့ရတာပါ ” ( ဒေါက်တာမင်းဥာဏ် )

အိမ်ထောင်ရှိ ယောက်ျားတစ်ဦး၏ မဆင်ခြင်မှုကြောင့်… တာဝန်မယူမှုကြောင့် … ရလာတဲ့ သားတစ်ယောက်ကို … သူမ၏ ချစ်သူကိုလဲ ဒုက္ခမပေးဘဲ … တစ်ယောက်ထဲ အခက်အခဲကြားကနေ … လူလားမြောက်အောင် ပျိုးထောင်နိုင်ခဲ့သော… မနှင်းမှုန် ၊ အမေ၏ စိတ်
ဝေဒနာ ပျောက်ကင်းရေးအတွက် … သနားကြင်နာစွာခြင်းကြီးစွာဖြင့် ဖေးမခဲ့သော သား….. နှင့် ညနေခင်း ခရမ်းခင်းက အပြန် … အဖော်တွေနဲ့  ဝေးကျန်ရစ်ခဲ့တဲ့ မိန်းမငယ်လေးတစ်ဦးကို ကိုယ့်ရွာသားချင်းဆိုတဲ့ … စာနာစိတ်မရှိခဲ့တဲ့ ဦးစံလှ…. တို့ ကို ရေးဖွဲ့ ထားသော ဇာတ်လမ်းဖြစ်ပါသည်….။
…………………………………………………….
“ စောင့်နေမယ်လို့  မပြောလိုက်ဘူး ” မှ

“ ဒီကလေးကို မမမွေးချင်တယ် ။ လက်ထပ်လိုက်ရအောင်ပါ လို့  သူ့ ကို ဒူးထောက်ပြီး တောင်းပန်နေတဲ့ အချိန်တွေတုန်းက သူ့ အာရုံထဲမှာ ရှိနေတာက ကာဒစ်ဖ် တက္ကသိုလ်မှာ
ဘွဲ့ လွန်တက်ဖို့ ပါ….” ( ခက်စိမ်းနွယ် )
“….အမှန်ကို အဲဒီတုန်းကတည်းက မမမြင်သွားခဲ့တာ ။ ဟန်သာဆိုတာ တစ်ကိုယ်ကောင်းသမား ။ ကိုယ့်ကြောင့် ကိုယ့်သွေးကနေဖြစ်တဲ့ ရင်သွေးလေးကို အလွယ်တကူ သတ်မိန့် ပေးခဲ့တဲ့လူ ။ အပေါ်ယံက ရွှေမှုန်ကြဲပြီး အထဲမှာ နောက်ချေးတွေနဲ့ ရွံစရာကောင်းတဲ့လူ ။ အဲဒါညီမဆရာရဲ့ တကယ့်အဖြစ်မှန်ပဲ ” ( ခက်စိမ်းနွယ် )
ဒီဝတ္ထုမှာ………… ရည်မှန်းချက်ကြီးမားသော … ဒေါက်တာဟန်သာ ဆိုသော ပညာတတ် ယောကျာ်းတစ်ယောက်၏ … တာဝန်မယူမှုကို … ကြံ့ကြံ့ခံပြီး … ဘ၀ကို အရှုံးမပေးဘဲ တိုက်ပွဲ

ဝင်ခဲ့သော … ခက်စိမ်းနွယ် ဟူသော အမျိုးသမီးကို တွေ့ ခဲ့ရပါသည်…..။
…………………………………………………….
“ ကျွန်မ၏ သစ်ပင် ” မှ
“ တစ်ခါတုန်းက မင်းမေးသလို ငါ့ကို မေးလေ ၊ ငါတို့  ဘာကြောင့် ကွဲသွားတာလဲလို့  မေးလေ ၊ ဘာဖြစ်လို့ လဲ သိလား…. အဲဒီနေ့ တုန်းက ငါ သူ့ ကို….၊ သူ့ အိမ် အလည်သွားရင်း သူတောင်းပန်နေတဲ့ကြားက……” ( အုပ်စိုး၏ ဖေဖေ)
ဖေဖေက မိန်းမတစ်ယောက် အပေါ် မှားခဲ့တာနဲ့ ပဲ အဲဒီမိန်းမက ကျွန်တော့်အပေါ် ထပ်မှားဖို့  ကြိုးစားမယ် ဆိုတာတော့ ကျွန်တော် မယုံနိုင်ဘူး ဖေဖေ…။ ( အုပ်စိုး)
“ ….မင်းတွေးတဲ့ ဥယျာဉ်မှူးတွေ ၊ သစ်ပင်တွေ မျိုးတော့ မဟုတ်ဘူး ၊ အတာဟာ ကိုယ့်အတွက် သစ်ပင် တစ်ပင် ဖြစ်ခဲ့တာမှန်တယ် ၊ ဒါပေမဲ့ ကိုယ်စိုက်ပျိုးခဲ့တဲ့ ၊ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ သစ်ပင်တော့ မဟုတ်ခဲ့ဘူး ။ ကိုယ် အရိပ်ခိုလှုံချင်တဲ့ ၊ ကိုယ်မြတ်နိုးတဲ့ သစ်ပင် တစ်ပင်ပဲ ။ ကိုယ် အဲဒီသစ်ပင်ကို လိုချင်တယ် ၊ ဘယ်တော့မှမရခဲ့ဘူး….” ( ဒေါ်နီနီဇော် )
အဖေလုပ်တဲ့သူရဲ့ တာဝန်မယူမှုကို … အပြစ်မဆိုခဲ့ပေမဲ့ … သားဖြစ်သူနဲ့  ပတ်သက်မိတဲ့ အချိန်မှာ ဒါဟာလက်စားချေတာပါလို့  … အစွပ်စွဲခံခဲ့ရတဲ့ … ၂ ခါရှုံး မိန်းမတစ်ဦး….. ၊ အဖေကို ချစ်သော …. ဂီတကိုချစ်သော…. ထိုမိန်းမကိုလဲ ချစ်သော…. သို့ သော် ပတ်ဝန်းကျင်ကို ရင်ဆိုင်ရန် သတ္တိ မရှိသော….အုပ်စိုးဟူသော အဆိုတော်တစ်ဦး တို့ ကို … ဂီတနှင့် ရောမွှေရေးဖွဲ့ ထားသော ၀တ္ထု ဖြစ်သည်….။
…………………………………………………….
“ အမှတ်တရ ” မှ
“ မောင်က လိုက်ခဲ့ပါဟု ခေါ်တုန်းကလည်း မောင့်ဘေးမှာ ကျွန်မပါသည် ။ မောင်က နေရစ်ခဲ့ဟု ဆိုပြန်တော့လည်း မောင် စိတ်အနှောင့် အယှက်ဖြစ်မည့် စာတစ်စောင် ၊ စကားတစ်ခွန်းမျှ မောင်မကြားရစေဘဲ ကျွန်မ ငြိမ်သက်စွာ နေရစ်ခဲ့တာ အမှန်ပါပဲ ။ အဲ့သည် အထိ ကျွန်မ မောင့်ကို ချစ်မြတ်နိုးခဲ့ပါသည်….” ( ဒေါက်တာ စုစုထွေး )
“…. . နင်ကိုယ်တိုင် ဒီဇာတ်သိမ်းမျိုး ဖန်တီးပေးခဲ့တာ မဟုတ်လား ။ တကယ်ဆို နင် ငါ့ကို ပါးရိုက်ပစ်လိုက်ပါလား ။ နင်နဲ့  ငါနဲ့  အများအမြင်မှာ လင်မယားပဲ ၊ နင့်ဘက်က လုပ်စရာ အများကြီး ….” ( မောင်)
“မောင်” ငှားထားသော နန်းရှေ့က အိမ်ကလေးတွင် မကြာခဏ ဖြူစင်စွာ အတူနေထိုင်
လို့  ဆေးကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြတဲ့ ချစ်သူနှစ်ဦးကို ရေးထားပါတယ်….။ ဘယ်လောက်ပဲ ဖြူစင်တယ်ပြောပြော အဲဒီမိန်းမဟာ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ မဖြူစင်တော့ပါဘူး……။ ဒီတချက်နဲ့ တင် ဒီမိန်းမကို လက်ထပ်ဖို့ သင့်နေပါပြီ….။ ဒါပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ထိုယောက်ျားက လက်မထပ်ခဲ့ပါဘူး….။ သူ့ ကိုခြေရာချင်း မတိုင်းမဲ့ နူးညံ့သိမ်မွေ့ ပြီး မိန်းမဆန်တဲ့ ရိုးရိုးအအ မိန်းမ တစ်ယောက်ကိုပဲ ရွေးချယ်ခဲ့ပါသတဲ့….။ ကြုံတုန်း သတိပေးချင်တာက … ယောက်ျားအများစုရဲ့ စိတ်ကို သတိထားကြည့်ရင် … မိန်းမ ဦးဆောင်တာ ခံရမှာ … သိပ်ကြောက်ကြတယ်….. ထက်မြက်တဲ့မိန်းမတွေကို မိတ်ဆွေ…၊ သူငယ်ချင်း…၊ လုပ်ဖော်ကိုင်ဖက် အဖြစ်နဲ့  လက်ခံနိုင်ပေမဲ့ … ဇနီးအဖြစ်တော့ မစဉ်းစားရဲကြဘူး….. လူတိုင်းတော့ မဟုတ်ပါဘူး…… တချို့ တွေပေါ့နော်…။

“အမှတ်တရ” ဟာ မြန်မာအသိုင်းအ၀ိုင်းက လက်မခံနိုင်သော ….၊ အလွန်အန္တရာယ်များသော နေထိုင်မှုပုံစံ…..အတွေးအခေါ် … အရေးအသားများကြောင့် … စာပေလောကမှာ အတော်ဂရက်ရိုက်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်…..။ တလောက ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်မှာ မေးကြည့်တော့ … ထပ်မံ ထုတ်ဝေခွင့် မရတော့တဲ့ အတွက် မိတ္တူပဲ ရှိပါတယ် ဆိုလို့  … မိတ္တူစာအုပ်ကို ၂၀၀၀ ပေးပြီး ၀ယ်လာခဲ့ရတယ်….. (ထုတ်ဝေခွင့်မရတာလား…. မထုတ်ဝေတော့တာလား လေးမ မသိပါ…စာအုပ်ရောင်းတဲ့ လူကြီးပြောလိုက်တဲ့အတိုင်းရေးထားတာ….) ။
…………………………………………………….
“လေးမ” စာအုပ်စင်မှာရှိနေတဲ့ ဆရာမ “ဂျူး” ရေးတဲ့ စာအုပ်တွေထဲက တချို့ ကို မျှဝေ တာပါ…..။ “လေးမ” တွေ့ ရသလောက် ယောက်ျားတော်တော်များများ ( အထူးသဖြင့် သမီးရှိတဲ့ ဖခင်တွေ ) ကတော့ ဒီဝတ္ထုတွေကို မနှစ်သက်ကြပါဘူး…..။ “လေးမ” ကတော့ ဒီလိုစာတွေဖတ်ရတာ ပညာရတယ်…..။ “လေးမ” ရဲ့ အမြင်သက်သက်ပါပဲ….။ ကောင်းခြင်း…. ဆိုးခြင်း ဆိုတာ ဖတ်တဲ့သူက သတ်မှတ်တာပါ…..။ “ အမှတ်တရ” ကို ဖတ်တော့ “လေးမ” ၁၆ နှစ်ပဲရှိပါသေးတယ်….. ဒါပေမယ့် လေးမ သူတို့ ကို အားကျ အတုခိုးတဲ့ စိတ်မျိုး မဖြစ်ခဲ့ပါဘူး….. စုထွေး ခွင့်လွှတ်နိုင်တဲ့ မောင် ဆိုတဲ့လူကို ဓါးနဲ့ နုတ်နုတ်စင်းပစ်ချင်ခဲ့တယ်…. ယောက်ျားတချို့ ရဲ့ စိတ်ကိုလဲ သိပ်ကြောက်သွားတယ်…။ ဒီစာအုပ်က ပါးပါးလေးဆိုပေမဲ့ အတော်ဆင်ခြင်စရာ များပါတယ်….. ဆက်ရေးရင် သိပ်ရှည်သွားမှာစိုးလို့  ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်…..။ ။

P.s. တာဝန်မယူသော ယောက်ျားများကို ရွေးထုတ်ပြလို့  လည်လည်လာတဲ့ ယောက်ျားသားများ ဒေါသမပွားကြပါနဲ့ ….။ “ဖောက်ပြန်သော မိန်းမများ” ကို ဆက်ရေးဖို့  အစီအစဉ်ရှိပါတယ် …. အမြည်းပေးရရင်တော့ ဆရာဒဂုန်တာရာ မွေးထုတ်လိုက်တဲ့ “မေ” ….။

ပျောက်တယ်….ပြင်တယ်…..ကောင်းသွားတယ်…

ကမ္ဘာအတုမှ ခဏ ပျောက်သွားခြင်း…
ဒီရက်ပိုင်းမှာ……“လေးမ” ပျောက်နေတာကို … တချို့ သူငယ်ချင်းတွေ … သတိပြု မိပါလိမ့်မယ်…။ ခင်မင်တဲ့သူ တချို့ ကလဲ “လေးမ” တစ်ယောက် မပုံရိပ်လို မလုပ်မဖြစ်တာလေးတွေလုပ်ဖို့…မဂျစ်စကားနားထောင်ပြီး…မပန်ကို အတုခိုးပြီး ဗကေးရှင်း ယူသွားတယ်လို့ … တွေးကောင်းတွေးပါလိမ့်မယ်…။ အဲဒီလိုများ…သတိရနေမယ့်သူ တစ်ယောက်လောက် ရှိရင်ဖြင့်….သိပ်ပျော်စရာကောင်းမှာပဲ….လို့ မတွေးတော့ပါဘူး…. မပန်ပြောသလို … မင်္ဂလာတရားတော်နဲ့ အညီ ….Blog မှာ နေထိုင်ရမယ်…။
“လေးမ” ပျောက်နေတာ… အိပ်ရာထဲ ဗုန်းဗုန်းလဲ သွားလို့ ပါ…။ ဟိုနေ့ က…. ဒီဇယ်ဈေး ၂ ဆ တက်သွားတော့ …. အိမ်က ကား ၈ စီးအတွက် ဆီဖိုးကို နင့်ခနဲ ….. တခါတည်းထုတ်ပေးရတဲ့ အချိန်မှာ … အင့် …. ခနဲဖြစ်ပြီး… ပုံရက်သား လဲကျသွားလို့ ပါ ရှင်…။ လမ်းထိပ်မှာ ပဲပြုတ်သွား

ဝယ်ဖို့  BMW လေးတစ်စီး နဲ့ …. မျက်စောင်းထိုးက အိမ်မှာ အတင်းသွားအုပ်ရင် စီးဖို့  …. မာစီးဒီးလေး တစ်စီး လောက် … ၀ယ်ဦးမယ်လို့ …. စဉ်းစားထားတဲ့ စိတ်ကူးလေးကိုတောင် …. ဆိုင်းငံ့ list ထဲ…. ထည့်လိုက်ရတယ်…..။ “လေးမ” နေမကောင်းတာလေ….ထမင်းတောင် မစားနိုင်ဘူး…. ၅၀၀ တန် ပန်းသီး ၁၀ လုံးကို…. မစားချင်စားချင်နဲ့ …. မ၀င်ဝင်အောင် စားရတယ်….။ အိပ်ရာပေါ်ကလဲ မထနိုင်ဘူး…. တနေကုန် အိပ်ရာထဲမှာပဲ လှဲနေရတယ်…။ မြန်မာကား….. တရုတ်ကား…. အင်္ဂလိပ်ကား… ကိုရီးယားကား…..ကုလားကားတွေကို… မြန်မာ စာတမ်းထိုးနဲ့  ဆက်တိုက်လွှင့်ပေးနေတဲ့ 5 movies ကို ကြည့်ရင်း….အိပ်ရာထဲမှာလှဲနေရတယ်…..။ သူများအဆင်သင့် ဘာသာပြန်ပေးထားတဲ့ ရုပ်ရှင်တွေကြည့်ရင်း ကိုယ့်ကိုယ်ကို တုံးလာပြီလား
လို့ … သံသယ၀င်မိပေမယ့် … ဘာသာပြန်စာသားနဲ့  စကားပြော တွဲသင်ပြီးသားဖြစ်တာပေါ့ လို့ လဲ ဆင်ခြေပေးမိပြန်တယ်…..။
“လေးမ” နေမကောင်းတာ ပြင်းထန်လွန်းလို့  connection လေးတောင် ဓါတ်ကူးပြီး နေမကောင်းဖြစ်သွားပါတယ်….။ အရင်လိုပဲ … တနေ့ ကောင်းနိုး ကောင်းနိုးနဲ့ … စောင့်နေရာက … မနေနိုင်တဲ့ အဆုံးမှာ…. ပညာရှင်ကို ပင့်ပြီး…စစ်ခိုင်းလိုက်တော့…. မိုးရွာလို့ … routerထဲက… data တွေ… ပြောင်းကုန်တာဆိုလား….ဘာလား…. တောက်တောက်တက်တက်နဲ့  ပညာရှင်က နှိပ်လိုက်တော့ … ကောင်းသွားရော….။ “လေးမ” လဲ နောက်တခါဖြစ်ရင် … ကိုယ့်ဟာကိုယ် ပြင်လို့ ရအောင် … နားလည်အောင် လိုက်ကြည့်ပေမယ့် … ပညာပါရမီ ဓါတ်ခံက နဲတော့ … ဘာတွေ လုပ်လိုက်မှန်းကို မသိလိုက်ရပါဘူးရှင်….။ စောစောစီးစီး ခေါ်စစ်ခိုင်းမိရင် ၃ ရက်လောက် နေမထိထိုင်မသာ ကြိတ်မှိတ်သည်းခံပြီး အိပ်နေရတဲ့ … ဝေဒနာကို … ကြာကြာခံစားရမှာ မဟုတ်ဘူး….။
ကောင်းသွားပြီ…………………………………
အခုတော့လဲ အားလုံးကောင်းသွားပါပြီ…..။ စက်ကလဲ…. ပြင်လိုက်လို့  ကောင်းသွားတယ်….…. လူကလဲ စိတ်ကိုပြင်လိုက်လို့ ….ကောင်းသွားတယ်….။
ဒါဟာ စိတ်ညစ်စရာမှ မဟုတ်ဘဲ….. ဘယ်တတ်နိုင်ပါ့မလဲ…… ဒီလိုပဲ အချို့ သော
အရာတွေကို လိုချင်လို့ မဟုတ်ဘဲ….ရခဲ့တယ်…..နှစ်သက်လို့  မဟုတ်ဘဲ လက်ခံခဲ့ရတယ်…..ကျေနပ်လို့  မဟုတ်ဘဲ ခေါင်းညိတ်ခဲ့ရတယ်….. မထူးဆန်းပါဘူး….. ဒါဟာ လူ့ ဘ၀ပါပဲ…..။ လူ့ လောကရဲ့ အလေ့အထကို စောဒကတက်နေရင် ကိုယ်ပဲ ဒုက္ခရောက်မယ်လေ…. ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ တွေး…. စိတ်ကိုမျှတအောင်ထား…… သင့်တင့်လျှောက်ပတ်စွာနှလုံးသွင်း……။ ဘ၀ နဲ့  ဆန္ဒထပ်တူကျဖို့ ထက် ဘ၀နဲ့  ဆန္ဒ အပေးအယူမျှဖို့ က ပိုအရေးကြီးတယ်….. မဖြစ်နိုင်ပါဘူးဆိုပြီး … အားလျှော့ဖို့ …. လက်လျှော့ဖို့ တော့ မဟုတ်ဘူး…… မဖြစ်နိုင်တာကြီးကို ခါးသီးရင်း … တန်ဖိုးရှိတဲ့ အချိန်တွေ … အလဟသ ဖြစ်မှာစိုးတာ……။ လုပ်စရာတွေ အများကြီးရှိသေးတယ်……. အများကြီး လုပ်ချင်သေးတယ် ….. အများကြီး လုပ်ရဦးမယ်…..။ ။