Thadingyut

သီတင်းကျွတ်
မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ … ။
အိမ်အပြန်လမ်းတလျှောက်မှာ ဆိုင်လေးတွေ ၊ အိမ်လေးတွေ မီးတွေထွန်းလို့လေ… ။
ရောင်စုံလျှပ်စစ်မီးလေးတွေ မှိတ်တုတ်မှိတ်တုတ် … ဖယောင်းတိုင်မီးလေးတွေ တလှုပ်လှုပ်နဲ့  …။
အမြဲမှောင်နေတဲ့ လမ်းသွယ်လေးရဲ့ တဖက်တချက်မှာ ဖယောင်းတိုင်တွေ ထွန်းထားလို့ အလင်းရောင်ပြပြနဲ့  တမျိုးလှနေရှာတယ် …။
တာဝတိံသာနတ်ပြည်က ပြန်ကြွလာမယ့် ဗုဒ္ဓမြတ်စွာကို နတ်ဗြဟ္မာတွေနဲ့  အတူ ပူဇော်နေကြတဲ့ မြန်မာလူမျိုးတွေလေ … ။
ကြည့်စမ်းပါဦး … အိမ်ဝမှာ မီးပုံးလေးတွေ ချိတ်ဆွဲနေတဲ့ မြန်မာမိန်းမပျိုလေး ( ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် … ရှင်သာရခိုင် တန်ဆောင်လော ) လို့သာ တလိုက်ချင်တော့သည်…။
ယုန်ရုပ်ကလေးတွန်းလာတဲ့ ကလေးငယ်လေးကို မိခင်က ဖယောင်း တိုင်တိုလေး စိုက်ပေးပြီး မီးညှိပေးလိုက်တော့ ပျော်မြူးစွာ မီးပုံးတွန်း ထွက်သွားတဲ့ဟန်လေးက ငယ်ဘ၀ကို တဒင်္ဂတွန်းပို့ လိုက်သလိုပဲ … ။
လက်ဖက်ရည်ဆိုင်က ဖွင့်ထားတယ်…“ ငယ်သူငယ်ချင်းရေ…အခုတော့ ငယ်ကျွမ်းဆွေ… မီးပုံးလှလှလေးတွေ ရောင်စုံထွန်း ကျွန်းနုမြေ … ဒီလိုညမျိုး….”
…“အတူး ”လည်းမရှိခဲ့ …“အသက်” လည်းမဖြစ်ခဲ့ပေမယ့်… ဘာကိုမှန်းမသိ…လွမ်းသယောင်ယောင် … ဖြစ်လာပြန်တယ်…။
မီးပုံးတွန်းတဲ့ကလေးငယ်လေး … မီးပုံးချိတ်တဲ့ မိန်းမပိျုလေး … မီးပူဇော်တဲ့အလေ့အထ… သက်ကြီး ၀ါကြီးတွေကို ကန်တော့တဲ့ အလေ့အထတွေ နဲ့  အေးချမ်းနေတဲ့ လူသားတွေ အမြဲငြိမ်းချမ်းနိုင်ပါစေ … ။
ဘာပဲပြောပြော မြန်မာနိုင်ငံသား ဖြစ်ရတာ “လေးမ” ကျေနပ်တယ် ….။ ။