စက်ရုပ် … ပုံပြင်

သိပံ္ပပညာ သိပ်ထွန်းကားပြီး သိပံ္ပပညာရှင်ကြီးတွေ ဘုန်းမီးနေလ တောက်ပတဲ့ ခေတ်တစ်ခေတ်မှာ လူနှင့်တူသော စက်ရုပ်လေးတွေ အများကြီး အများကြီး ထုတ်လုပ်ခံခဲ့ရပါတယ် … ။ စက်ရုပ်လေးတွေက လူနဲ့ ခွဲမရအောင် တူလွန်းလို့ စက်ရုပ်မှန်း သိသာအောင် ဆင်တူဝတ်စုံလေးတွေ ၀တ်ဆင်ပေးထား ပါတယ်… ။ အဲဒီဝတ်စုံ မ၀တ်ထားတဲ့ အချိန်ဆိုရင် လူလား…စက်ရုပ်လား… ခွဲခြားဖို့ တော်တော်ခက်ပါတယ်…။ စကားပြောကြည့်မှသာ စက်ရုပ်မှန်း သိနိုင်တာပါ … ။ ဒါတောင် တချို့ စက်ရုပ်တွေက လူတွေကို ကောင်းကောင်း အတုခိုးထားတဲ့အတွက် ခွဲခြားဖို့ ခက်ရပြန်ပါတယ် … ။

တကယ်တော့ စက်ရုပ်တွေကို တီထွင်နိုင်ခဲ့တာ ကြာခဲ့ပါပြီ …။ တခြားဂြိုလ်တွေက ကမ္ဘာဂြိုလ်ကို လာတိုက်တဲ့ ဂြိုလ်သားတွေကို တိုက်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  သိပံ္ပပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပါတယ် …။ တကယ်လည်း အသုံးဝင်ခဲ့ပါတယ် ….လူတွေမနိုင်တဲ့ ဂြိုလ်သားတွေဟာ စက်ရုပ်ကလေးတွေရဲ့ အစွမ်းကြောင့် ကမ္ဘာမြေပေါ်က ဆုတ်ခွာ သွားကြတဲ့အတွက် လူတွေ ပျော်ရွှင်ချမ်းမြေ့  ခဲ့ရပါတယ် …။ စက်ရုပ်လေး တွေကိုလည်း လူတွေက သိပ်ချစ်ခဲ့ကြပါတယ် ….။ စက်ရုပ်လေးတွေကလည်း… စပါးစိုက်တဲ့နေရာ….၀ါစိုက်တဲ့နေရာကအစ နေရာတကာမှာ လူတွေကို ကူညီခဲ့ကြပါတယ် … ။

အဲဒီလိုနဲ့  နေလာလိုက်တာ တစ်နေ့မှာတော့ သိပံ္ပပညာရှင်တွေနေထိုင်တဲ့ စမ်းသပ်ခန်းထဲမှာ ဓါတ်ပြုမှုမှားယွင်းမှုကြောင့် ဗိုင်းရပ်စ်တစ်မျိုး ရှင်သန်ပွားများပြီး ပညာရှင်တွေရဲ့ အသက်ရှူလမ်းကြောင်း ကတဆင့် ကိုယ်တွင်းမှာ စီးဆင်းနေတဲ့ သွေးကြောတွေထဲကို ပျံ့နှံ့သွားပါတယ် … ပထမတော့ ပညာရှင်တွေက သတိမထားမိလို့ ခံလိုက်ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ သိသိကြီးနဲ့  ကျေကျေနပ်နပ်ကြီး ဗိုင်းရပ်စ်တွေကို ရှူသွင်း နေကြပါတယ် … ။ အဲဒီဗိုင်းရပ်စ်က ဘိန်းဖြူလိုပဲ စွဲလန်း သာယာတတ်တဲ့ စိတ်ကိုနိုးဆွပေးတယ် …. ဦးနှောက်စွမ်းအား ကိုလည်း တိုးပွားစေတဲ့အတွက် ပညာရှင်တွေက ပိုးကိုနိမ်နှင်းဖို့ ယောင်လို့တောင်မှ စိတ်မကူးမိကြဘူး ….။ အဲဒီပိုးက ဘယ်ချိန်မှာ ပညာပြလဲဆိုတော့ အိုမင်းမစွမ်း … နာမကျန်း …သေခါနီးကျမှ လူးလှိမ့်နေအောင်ခံရတာတဲ့ …. ။

ပိုးပျံ့ နေတဲ့ပညာရှင်တွေဟာ ရည်ရွယ်ချက်အသစ်တွေနဲ့  ခေတ်မီလက်နက်တွေ … အဆင့်မြင့် အသိပညာတွေ ထိန်းချုပ်မှုတွေ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကို အုံနဲ့ ကျင်းနဲ့  ထုတ်လုပ်လိုက် ပါတော့တယ်….။ လူတွေရဲ့ နေရာမှာ စက်ရုပ်တွေနဲ့  အစားထိုးနိုင်ဖို့ ကြိုးစားကြပါတယ်…။ ဘာလို့လဲဆိုတော့…. လူတွေက ထိန်းချုပ်လို့ မရဘူးလေ … ဒီတော့ လူတွေကို အလိုမရှိတော့ဘူး… သူတို့ထိန်းချုပ်နိုင်တဲ့ စက်ရုပ်တွေပဲ အလိုရှိတယ်…။ ဒီလိုနဲ့  ကမ္ဘာကို ကာကွယ်တဲ့ စက်ရုပ်တွေသာမက စက်ရုပ်ဆရာဝန် … စက်ရုပ်အင်ဂျင်နီယာ … စက်ရုပ်ကွန်ပြူတာပညာရှင် … စက်ရုပ် ကျောင်းဆရာ … စတဲ့ စတဲ့ စက်ရုပ်တွေဟာ လူတွေကို နေရာဖယ်ခိုင်းပြီး နေရာ တော်တော်များများမှာ သြဇာသက်ရောက် လာပါတယ် … ။

သိပံ္ပပညာရှင်တွေ ကလည်း စက်ရုပ်လေးတွေကို တခြားဂြိုလ်တွေဆီ ပို့ပြီးတော့တောင် အဆင့်မြင့် နည်းပညာတွေ ထပ်ဖြည့်ပေးကြပါတယ် … ။ အဆင့်မြင့် စက်ရုပ်ကလေး အများစုဟာ စိတ်ကြီးဝင် လာကြပါတယ် … ။ လူတွေကိုလည်း အထင်သေးတတ်လာတယ် … ။ လုပ်ငန်းခွင်ထဲမှာ လူနဲ့  စက်ရုပ်တွဲလုပ်တာ လုပ်ငန်းတွင်ကျယ်ပါတယ်…. ဒါပေမယ့် စက်ရုပ်လေးတွေရဲ့ နှလုံးသားနေရာမှာ သံမဏိနဲ့  လုပ်ထားပြီး ဦးနှောက်ထဲမှာ “မျက်စိနှောက်လာရင် ရှင်းထုတ်ပစ် ..” ဆိုတဲ့ ပရိုဂရမ်ရေးထားတယ်ဆိုတော့ ….။

တဖြည်းဖြည်းနဲ့  လုံးပါးပါးလာတဲ့လူတွေဟာ စက်ရုပ်တွေကို ကြောက်လာကြတယ် ….။ တချို့လူတွေဆိုရင် တခြားဂြိုလ်ကို ရွှေ့ ပြောင်းသွားကြပါတယ်….။ ဒါဆိုရင် စက်ရုပ်တွေဟာ မုန်းစရာဖြစ်နေပြီလား….။

စက်ရုပ်လေးတွေဟာ တကယ်တော့ သနားစရာကောင်းပါတယ်…။ သိပံ္ပပညာရှင်ကြီး တွေဟာ စက်ရုပ်တစ်ရုပ်ချင်းစီရဲ့ လုပ်ဆောင်ချက်တွေကို ကွန်ပြူတာ ဖန်သားပြင်ကတဆင့် စောင့်ကြည့် အကဲခတ်နေကြပါတယ် ….။ စက်ရုပ်တစ်ရုပ် သိပ်တော်လာရင်ပဲဖြစ်ဖြစ် ( သူတို့ ထိန်းချုပ်ရခက်သွားနိုင်သည်ဟု ယူဆသောကြောင့်) …၊ ထိန်းချုပ်မှုတချို့ ကို ငြင်းဆန်မှုပြုရင်ပဲဖြစ်ဖြစ် ….၊ ချက်ချင်း ခေါ်ယူပြီး ဖျက်စီးပစ်တတ်ပါတယ် ….။

တစ်နေ့မှာတော့ စက်ရုပ်ဖျက်စီးခန်းထဲက ပညာရှင်တွေဟာ အထိတ်တလန့်ဖြစ်စရာ ဖြစ်ရပ်တစ်ခုနဲ့ ကြုံတွေ့  လိုက်ရ ပါတယ်….။

အကြောင်းရင်းကတော့ … ထိုင်ခုံမှာ သံမဏိကွင်းတွေ နဲ့ ခတ်ထားခံရတဲ့ စက်ရုပ်လေးက DELETE ဆိုတဲ့ ခလုတ်ကို နှိပ်လုဆဲဆဲ ပညာရှင်ကို မျက်ရည်ဝိုင်းတဲ့ မျက်လုံးလေးနဲ့ကြည့်ရင်း

“ နာမှာလားဟင်..” လို့ မေးလိုက်လို့ပါပဲ … ။

“ ကြည့်စမ်း … ဒီစက်ရုပ် … ဘယ်လောက်လူသားဆန်နေပြီလဲဆိုတာ … ငါတို့ရေးထည့်ပေးထားတဲ့ ပရိုဂရမ်ထဲမှာ ခံစားနားလည်တတ်ခြင်းဆိုတာမပါဘူး …။ ကိုယ်နာမှာကို ကြောက်တဲ့သူဟာ သူများနာမှာကိုလည်း စဉ်းစားပေးတတ်နေပြီ ( အားလုံးတော့မဟုတ်ပါ …ကိုယ်နာမှာကိုဖျတ်ဖျတ်လူးအောင်ကြောက်ပေမယ့်… သူများ သွေးစိမ်းရှင်ရှင်ထွက်နေတာကို အရသာခံကြည့်တတ်သူတွေလည်း တပုံတပင်ကြီး…) …။ ”

“မှန်းစမ်း….ဒီစက်ရုပ်ရဲ့ အသည်းနှလုံးကို စစ်ကြည့်ရအောင် ….။”

သံမဏိ အကာကိုဖွင့်လိုက်တဲ့အခါ ဘုရား…ဘုရား… ကဗျာတွေ ထွက်ကျလာပါလား … အလို … အနီစက်ကလေး သုံးစက် …. စစ်ကြည့်လိုက်တော့ ဘာလဲ…သိလား….

… သွေးလေ… သွေး…သွေး…တဲ့ …. ။ ။

ပုံပြင်လေးကတော့ ဒါပါပဲကွယ် …။

ဝန်ခံချက် ။ ။ ကြည့်ဖူးသောနိုင်ငံခြားရုပ်ရှင်ကားတစ်ကားကို အမှီပြု ရေးသားပါသည် ။

ဖြည့်စွက်ချက်။ ။ စက်ရုပ်အားလုံး အသိဥာဏ်မကင်းမဲ့ကြသေးပါကြောင်း၊ တအားကြီး အားလျှော့မထားကြစေလိုပါကြောင်းတော့ ပုံပြင်လေးကို ထပ်မံဖြည့်စွက်ခွင့်ပြုပါခင်ဗျာ။ ဟုစက်ရုပ်များ၏ ပြောရေးဆိုခွင့်ရှိသူ လူမမယ်ကလေးငယ် တစ်ဦးမှ ဖြည့်စွက်ပြောကြားသွားပါသည်..။

Advertisements