Online ပေါ်က ဒေါ်လေး

တစ်နေ့က ဒေါ်လေး ဖုန်းဆက်တယ်…။

လေးမရေ …ညည်းညီမကိုကြည့်ဆုံးမဦး…။

ဘာလို့လဲ …

ကွန်ပြူတာ ကျောင်းသူမို့လို့ လိုအပ်တယ်ဆိုလို့ သူ့ အဖေရုံးခန်းကနေ ခွဲပေးထားတာ…။

ရှန်…

အင်တာနက်လေ…အင်တာနက်

အော်…

အဲဒါတစ်ချိန်လုံး သုံးနေတယ်…အဲဒီရှေ့က မထဘူး…။ပြီးတော့ အင်တာနက်ဆိုတာကြီးက နင့်ဦးလေး ပြောပုံအရဆို တော်တော်ကြောက်ဖို့ကောင်းတာပဲ … ။ အဲဒါနင့်ဦးလေးက နင်က ဘလောဂ့်တွေဘာတွေ ရေးတယ်ဆိုတော့ အင်တာနက်ကို တော်တော်ကျွမ်းကျင်မှာ…တဲ့…။ နင့်ညီမကို ပညာရပ်ဆိုင်ရာက လွဲပြီး တခြားဆိုဒ်တွေ ကြည့်လို့မရအောင် အိမ်က ကွန်ပြူတာမှာ လာပိတ်ပေးထားပါတဲ့…။

အဲဒါမှ ဒွတ်ခနဲ့ လေးမ တွေ့တာပဲ…။ လေးမက ဘယ်သိပါ့မလဲ…။ ကိုယ်ကချည်း အပိတ်ခံနေရတာဆိုတော့ ကိုယ်က ဘယ်ပိတ်တတ်ပါ့မလဲ …။ သိရင်ပြောသွားကြဦးနော်…။

ပြီးတော့ သူငယ်ချင်းရှာတဲ့ဆိုဒ်တွေလည်း ပိတ်ပေးသွားတဲ့…။

အော်..ဒေါ်လေးရယ်…အဲဒီဆိုဒ်တွေက အများကြီးဟာကို … လေးမ အကုန် ဘယ်သိပါ့မလဲ… ပြီးတော့ အဲဒီဆိုဒ်တွေက သိပ်အန္တရာယ်မရှိပါဘူး…။ လေးမတောင် account လုပ်ဖူးသေးတယ်…။

အိုအေ… ရှုပ်ရှုပ်ယှက်ယှက်တွေပါ … တလောကပဲ ငါမိတ်ဆွေရဲ့ သမီး အင်တာနက်ပေါ်မှာ ရည်းစားရပြီး လိုက်ပြေးသွားတာ အဲဒီအကောင်က အိမ်ထောင်နဲ့ ဖြစ်နေပါရောလား…. ။ အရွယ်ကောင်း …အတက်ကောင်းမှာ သူများ မယားငယ်ဖြစ်ရတာ မိဘတွေဆို ရင်ကျိုးရော…။

စိတ်မပူပါနဲ့ … ဒေါ်လေးရယ်… ညီမလေးလည်း ပညာတတ်တစ်ယောက်ပဲ … စဉ်းစားဆင်ခြင်တတ်ပါတယ်…။

အဲဒီပညာတတ်မို့လို့ပဲ စိတ်ပူရတာလေ… ကျူပ်တို့ငယ်ငယ်တုန်းက ဒီပညာတွေ မတတ်တော့ မိဘတွေ ဘာမှပူစရာမလိုဘူး….။ နယ်ကနေလာ…. အဆောင်မှာထားခဲ့…ပြီးတာပဲ ….။ ငါ့အမေဆို လေးတန်းအောင် …. ပိုတောင် ဘေးကင်းသေး…။ အခုသူတို့က ပညာတွေတတ်…ဥာဏ်တွေပွင့်ပြီး … ဇယားတွေကို ရှုပ်နေတာပဲ….။

စိတ်ထဲက “ ပညာတတ်တော့ ဥာဏ်တွေကောင်း…၊ သူမက ပြောင်းပါသည်…၊ ပျော်တတ်သော ကာလသားကြီးတွေ ကြိုက်ကြသည်” ဆိုတဲ့ ဆောင်းဦးလှိုင်သီချင်းလေးတောင် ဆိုလိုက်မိသေး…။

ဟုတ်ကဲ့..ဟုတ်ကဲ့.. လေးမ ကြည့်လုပ်လိုက်ပါမယ်…။ ဒါပဲနော်…ဒေါ်လေး…။ ။

မှတ်ချက်။ ။ “Online ပေါ်က ညီမလေး…” ကို စိတ်ပါသောနေ့ ဆက်ရေးပါမည်…။ ဘယ်လိုမှတော့မထင်နဲ့ …။ ခုခေတ်…ခုတလော မိဘတွေရဲ့ သောက ကိုချပြတာပါရှင်…။

Ps . ငမျှားချိတ် ပြောတဲ့…. အရည်မရအဖတ်မရ ကချော်ကချွတ်စာရေးတဲ့ ဘလော့ဂ်ဂါအဖြစ်က လွတ်လိုလွတ်ငြား အကျိုးပြု ပညာပေးစာ ရေးကြည့်တာ …။ 🙂

Advertisements