ပိုးစုန်းကြူး အော်သံ

လေကြီး မိုးကြီးတွေ

တိုက်နေလိုက်တာ

အစွမ်းကုန် ကြမ်းကြမ်းရမ်းရမ်းပါပဲ…။

ရွာသာရွာချလိုက်ပါ

မင်းရွာချလိုက်တဲ့ မိုးရေစက်တွေက

ငါ့ရင်သွေးတွေကို

စိုရုံလေးစိုရင်တောင်

ငါဝမ်းမြောက်စွာ ဖွင့်ကြိုလိုက်မှာပါ…။

ငါကိုပစ်ချင်ရုံ သက်သက်နဲ့တော့

မိုးကြိုးတွေ ထစ်ချုန်းမနေပါနဲ့…။

မေးစမ်းပါရစေ.လား

ဟိုးအဝေးကြီးကနေ

စကားလုံးကြီးကြီးတွေနဲ့

ဆွေးနွေးရေးတွေ လုပ်နေတဲ့

ဲ့မင်းတို့ပါးစပ်တွေလောက်

မြေဖြူ မှုန့်တွေ မြိုမြို ချနေတဲ့

ငါ့ပါးစပ်တွေက မသန့်ရှင်းဘူးလား…။

ကြိုဆိုပါတယ်ပြောပြီး

ပိုက်ထားတဲ့ မင်းတို့လက်တွေလောက်

လျှောက်နင်းသွားဖို့  ဖြန့်ခင်းထားတဲ့

ငါ့လက်တွေက မသန်မာဘူးလား…။

စကားအပိုတွေမပြောချင်ဘူး

အရှင်းဆုံးပဲပြောမယ်…

ငါပိုင်ဆိုင်တဲ့ ပိုးစုန်းကြူးအလင်းလေးက

မင်းတို့ လျှပ်စစ်မီးတွေလောက်

ထိန်ထိန်မညီးနိုင်ပေမယ့်..

ခဏခဏ ပျက်တတ်တဲ့ အရာမဟုတ်ဘူး…။

ဘ၀ကို တောင် လမ်းခင်းပေးခဲ့သေးတာပဲ

ခုချိန်မှတော့

ငါဆိုတဲ့ ငါက

အသေသတ်ရင်တောင်

အနေမြတ်ခဲ့လို့

ကျေနပ်နေမယ့်သူဆိုတာ

မှတ်ထား…။ ။