သူငယ်ချင်းကောင်း ယောင်းမ ရေ …

ယောင်းမ ရေ …

သူငယ်ချင်းဆိုတာ လောကမှာ တကယ်ရှိသင့်တဲ့အရာ…

သူငယ်ချင်းဆိုတာ ဘာကြောင့်…ဘာ့အတွက် လိုအပ်တယ်ဆိုတာ အကြောင်းပြစရာမလိုတဲ့အရာ…

သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေရတာ အကောင်းဆုံး…

သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေခြင်းက လွဲပြီး ဘာမှ မလိုအပ် …

တကယ်တော့ ယောင်းမရေ… သူငယ်ချင်းဆိုတာ သူငယ်ချင်းပေါ့ဟယ်…။

ယောင်းမ ရေ …

မွေးနေ့ဆိုတာ … မွေးဖွားလာတဲ့နေ့ …

မွေးနေ့ဆိုတာ … တစ်ခုခုစတင်တဲ့နေ့ …

မွေးနေ့ဆိုတာ … အငိုစတင်တဲ့နေ့…

မွေးနေ့ဆိုတာ … ရက်စွဲတစ်ခု…

တကယ်တော့ ယောင်းမရေ… မွေးနေ့ဆိုတာ မွေးနေ့ပေါ့ဟယ်…။

ယောင်းမ ရေ …

သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … အမှတ်တရ ဖြစ်စေတဲ့နေ့…

သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … လက်ဆောင်ပေးရမယ့်နေ့ …

သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … ၀ါးတီးစွဲရမယ့်နေ့ …

တကယ်တော့ ယောင်းမရေ… သူငယ်ချင်းရဲ့မွေးနေ့ဆိုတာ ယောင်းမမွေးနေ့ပေါ့ဟယ်…။

ယောင်းမ ရေ …

ဆုတောင်းတိုင်း ပြည့်ချင်မှပြည့်တဲ့ လောကကြီးမှာ ဆုတောင်းပေးရမှာလဲ သိပ်တော့ အားမရှိလှပါဘူး…

ဒါပေမယ့် ယောင်းမဘ၀ သာယာချမ်းမြေ့ ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် …။ ။

Advertisements

လူပျောက်ကြော်ငြာ

တွေ့ရင်ပြောကြပါကွယ် … မုန့်ဝယ်ကျွေးပါမယ်…

လက်ခံထားတဲ့သူကို… @&*^%$#

ကြာသပတေးနံနှင့် စသော …. လေးမ အလည်အပတ် သွားတတ်သော ဘလော့ဂ်များမှ …. အိမ်ရှင် ၅ ဦး ပျောက်ဆုံးနေပါသဖြင့် တွေ့ များတွေ့ခဲ့ရင်… … virtual world ..က လေးမက သတိရနေတယ်လို့ ပြောပေးကြပါ…နော်…။

၁။ ဘုရင့်နောင်

၂။ ပုဂံသား

၃။ မိုးညို

၎။ ပေါက်ပေါက်ဆုပ်

၅။ မိုးချစ်သူ

ပြတင်းပေါက်

ဒီနေရာမှာ အစက ပြတင်းပေါက်မရှိခဲ့ပါ …။

ဒီဇိုင်းဆွဲသည့် ဗိသုကာက ပြတင်းပေါက် ထည့်ဆွဲဖို့မေ့ခဲ့တာလား… တမင် ချန်ထားခဲ့တာလား… မသေချာပါ…။

သူ့အတွက်တော့ ဒီနံရံပိတ်ကြီးကို မြင်နေရတာ ပိတ်လှောင် မွန်းကျပ်လွန်းလှသည်…။ နံရံပိတ်ကြီးကြောင့် သီးခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားရသည်….။ ချစ်သော ကမ္ဘာလောကကြီးရဲ့ ရင်သွေးတွေနဲ့ စည်းခြားနေသလို ခံစားရသည်….။ နံရံပိတ်ကြီးကြောင့် … သူ..ပို အထီးကျန်သွားသည်…။

သူတောင့်တလွန်း၍ ထင်သည်…။ နံရံပေါ်မှာ ပြတင်းပေါက် တစ်ပေါက် … ရောက်လာသည်…။ ထိုပြတင်းပေါက်သည် … ဖွင့် မရသော ပြတင်းပေါက် ဖြစ်ပုံရသည်…။ သူမက ထိုပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ပါ…။ ဘာပဲဖြစ်ဖြစ် အထီးကျန်နေတဲ့ သူ့အတွက်တော့ ပြတင်းပေါက်တစ်ပေါက်ရှိနေခြင်းက အဓိပါယ်ရှိစေသည်…။ မြင်ကွင်းတွေကို မြင်နိုင်သည်လေ…။ ပြတင်းပေါက်က တဆင့် မြင်ရတဲ့ မြင်ကွင်းတွေက သူမျှော်လင့်ထားတဲ့ … လိပ်ပြာလေးတွေ..ပန်းလေးတွေ… စမ်းချောင်းလေးတွေ မဟုတ်ဘဲ … ထမင်းဆာနေသော ကလေးငယ်များ … ငိုကြွေးနေသော ဇနီးသည်များ … ရုန်းကန် လှုပ်ရှားနေသော ခြေထောက်များ … မညီမညာ ချိုင့်ခွက်တွေပေါ်မှာ ပြေးလွှားနေကြသော ခွေးလေခွေးလွှင့်များ ဖြစ်နေကြသည်…။ သို့သော် သူအရင်ကလောက် အထီးမကျန်တော့ပါ … မြင်ကွင်းတွေက တနေ့တစ်မျိုး မရိုးရအောင် စိတ်ဝင်စားစရာကောင်းလှသည်…။ အရောင်ပြောင်းနေတဲ့ လူတွေရဲ့ မျက်နှာတွေကို စိမ်ပြေနပြေ ထိုင်ကြည့်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားသည်…။ ပြတင်းပေါက်က တဆင့် မြင်ကွင်းတွေကိုကြည့်နေရင်း သူ နောက်တဆင့် တပ်ချင်လာပြန်သည်…။ ပြတင်းပေါက်ကို ဖွင့်လို့ရရင် သိပ်ကောင်းမှာပဲ …။ ဖွင့်ကြည့်ချင်လိုက်တာ…။ ဖွင့်လိုက်ရင် အသံတွေကြားရမှာ…။ မြင်ကွင်းတွေက ပိုပြီး အသက်ဝင် လာမှာပဲလို့ အခါခါတွေးမိပြန်သည်…။

သူ့လိုလားချက်တွေကို သိနေသည့်အလား… သူမက ပြတင်းပေါက်ကို ဖွင့်လို့ရအောင် လုပ်လိုက်သည်…။ သူ့အတွက် ပြတင်းပေါက်တွေ ဖွင့်ပေးလိုက်သည်….။ သူ … ၀မ်းသာ အားရ… ပစ်စလတ်ခတ် အားပါးတရ… အသက်ရှူသွင်းလိုက်တယ်… လေအစစ်ကို သူရှူကြည့်ချင်တာကြာပြီလေ….။ ဖူး……ဘာနံ့ကြီးလဲ….ပုပ်အဲ့အဲ့ မြောင်းပုပ်နံ့က သူ့ အသက်ရှူ လမ်းကြောင်းထဲ တိုးဝင်လာသည် …. ။ လမ်းဘေး အကင်ဆိုင်လေးရဲ့ ညော်နံ့ကလည်း မြောင်းပုပ်နံ့ကို အံတုရင်း နှာခေါင်းထဲ တိုး ၀င်လာပြန်သည်…။ သူ… ၀မ်းနည်းသွားသည်…။ လေပြေလေးက သူမျှော်လင့်ထားတဲ့ မွှေးရနံ့တွေ ကို သယ်မလာခဲ့…။ ပုပ်သိုးတဲ့ အနံ့တွေနဲ့ ရုပ်ဆိုးတဲ့ အသံတွေကို သယ်ဆောင်လာခဲ့သည်…။ အလို … လေပြေ တစ်ချက်အဝှေ့မှာ သူ့မျက်လုံးတွေ ကျိန်းစပ်သွားပြန်သည်… လေငြိမ်သွားတော့ သူ့ကိုယ်ပေါ်မှာ ဖုန်အလိမ်းလိမ်း ကပ်ကျန်နေခဲ့သည်…။

သူ…တွေးခဲ့မိတယ်….

ပြတင်းပေါက်သာရှိခဲ့ရင်…

အမြင်ကျယ်လာမယ်… ငှက်ကလေးတွေရဲ့ တေးဆိုသံကို ကြားခွင့်ရမယ်….

လေပြေလေညှင်း..ပန်းရနံ့လေးတွေက သူ့နှာဖျားကို ထိခတ်ကျီစယ်ကြလိမ့်မယ်….

လောကကြီးရဲ့ ရင်သွေးလေးတွေကို နှုတ်ဆက်ကျီစယ်ရင်း နေလုံးကြီး ထွက်လာတာ..၀င်သွားတာကို အရသာခံနိုင်လိမ့်မယ်… မိုးစက်ကလေးဆော့ကစားပြီး သက်တန့်လေးတွေ ကကြိုးဆင်ကြတာကိုလည်း တွေ့ရလိမ့်မယ်….လို့….။

သူ မတွေးခဲ့မိဘူး…

ပြတင်းပေါက်သာရှိခဲ့ရင်…

ဖုန်ဝင်လာမယ်…. အနံ့ဆိုးတွေ .. ညော်နံ့တွေ ၀င်လာမယ်… အကျည်းတန်မြင်ကွင်းတွေ … ကွဲအက် ဆူပွက်နေတဲ့ အသံတွေလည်း ၀င်လာနိုင်တယ်…ဆိုတာကို….။

ဒါပေမယ့် ပြတင်းပေါက်ကို အုတ်သားတွေနဲ့ ပြန်ပိတ်ပြီး နံရံပိတ်ကြီးတစ်ခု ဘယ်တော့မှ ပြန်မဖြစ်စေချင်ဘူး…

ဖုန်တက်ရင် ဖုန်သုတ်မယ်… အကျည်းတန်မြင်ကွင်းတွေကို စာနာပေးနိုင်အောင်… ကျင့်သားရအောင် ကြိုးစားမယ်….။ မကြားချင်တဲ့ အသံတွေအတွက် နားပိတ်ထားမယ်…။ အနံ့ဆိုးတွေ ၀င်လာတဲ့ခဏ အသက်အောင့်ထားလိုက်မယ်….။

တကယ်ပါ… ပြတင်းပေါက်တစ်ပေါက်ရှိနေတာကိုပဲ လိုချင်ပါတယ်…။ ။

အရုပ်စင်ပေါ်က အရုပ်ကလေး တစ်ရုပ်အတွက် ပြတင်းပေါက်တစ်ပေါက် ရှိနေခြင်းဟာ အထီးကျန်မှုရဲ့ လွတ်မြောက်ရာပါပဲ…။ ။

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၃ )

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။

( ၁၀ )

ဘုံဘေဘားမား သစ်ကုမ္ပဏီ ကိစ္စနဲ့ ပတ်သက်ပြီး မျက်နှာဖြူ အစိုးရက ရာဇသံ ပို့လာတယ်…။ ကင်းဝန်မင်းကြီးက ပြေပြေလည်လည် ညှိနှိုင်းဖို့ မင်းတရား ကို လျှောက်တယ်…။ “ ဟဲ့..အပျိုတော်တွေ ဖိုးဖိုး ကင်းဝန်ကို ထမီတစ်ထည်နဲ့ ယပ်တောင် တစ်ချောင်း ရှာ ပေးလိုက်စမ်း…” လို့ ပြောပြီး စုဖုရားက စစ်ကြေငြာစေခဲ့တယ်…။ မြန်မာ့သွေး …ရဲကြောင်းပြရမယ်လေ…။ မြန်မာတပ်မတော် တပ်မှူးတွေကို စုဖုရားကိုယ်တိုင် တွေ့ ဆုံ အားပေးပြီး စေလွှတ်လိုက်တယ်…။

( ၁၁ )

စစ်ပွဲတိုင်းနိုင်သတဲ့…။ တကယ်တော့ … မင်း နဲ့ မိဖုရားကို ညာထားကြတာလေ…ဖုန်းကွယ်ထားကြတာ….အမျက်တော်ရှမှာ စိုးလို့… ၀ိုင်းလိမ်ထားကြတာ… ။ အချိန်နှောင်းမှ သိခဲ့ပါပေါ့လား…. ကိုယ်ကျိုးတော့ နည်းရှာပြီ… အင်္ဂလိပ်တပ်တွေ နေပြည်တော်ကို အလုံးအရင်းနဲ့ ချီတက်လာလေပြီ….။

( ၁၂ )

နန်းမြင့်မျှော်စင်ပေါ်က မြင်ရတဲ့ မြင်ကွင်းကြောင့် အရှင်လတ်လတ် မီးမြိုက်ခံရသလို ခံစားလိုက်ရတယ်…။ စစ်သဘောင်္တွေ နဲ့ ကုလားဖြူစစ်တပ်ကြီး ချီတက်လာလေပြီ…။ ဆုံးပါပြီ…တိုင်းပြည်တော့ ဆုံးပါပြီ…။ ရှိုက်ကြီးတငင် ငိုယိုနေရာက စုဖုရား သတိဝင်လာတယ်…။ တိုင်းပြည် နဲ့ လူမျိုးအတွက် စုဖုရား နောက်ဆုံး အားထုတ်လိုက်တယ်…

“ အပျိုတော်တွေ..သွားကြ..အမြန်သွားကြ…ညည်းတို့ကို ကုလားဖြူတွေ စော်ကားတာ ငါမမြင်ပါရစေနဲ့  … နန်းတော်ထဲက အမြန်ထွက်သွားကြတော့ … ငါ့အပါးမှာ ခစားစရာမလိုတော့ဘူး…” …။

( ၁၃ )

၁၈၈၅ နိုဝင်ဘာ ၂၉
ရတနာပုံ နေပြည်တော်ကနေ ခွာခဲ့ရပြီ…။ တပြည်တရွာကို နန်းကျ ဘုရင်နဲ့ မိဖုရား အဖြစ် ခေါ်ဆောင်ခံရလေပြီ…။ ဂေါဝန်ဆိပ်ကို သွားတဲ့ လမ်းတဖက်တချက်မှာ ပြည်သူပြည်သားတွေက အပြည့်…..။ သူတို့ကို ၇ နှစ်တာ အုပ်စိုးစဉ်မှာ သာယာဝပြောအောင် အားထုတ်နိုင်ခြင်း မရှိခဲ့တဲ့ စုဖုရားတို့အပေါ် အပြစ်မတင်တဲ့အပြင် မျက်ရည် ဖြိုင်ဖြိုင်ကျလို့ … လက်အုပ်မိုး… ရှိခိုးနေတဲ့ မြင်ကွင်းကို မြင်ရတဲ့ အခါ… ငါတို့ အသုံးမကျလို့ ငါ့နိုင်ငံသားတွေ ကျွန်ဖြစ်ရလေပြီ…လို့ ယူကြုံးမရဖြစ်ရတယ်…။

( ၁၄ )

ရတနာဂီရိ အိမ်နိမ့်စံဘ၀မှာ သမီးတော် “ထိပ်စုမြတ်ဘုရားကြီး” က စံအိမ်တော် စောင့် အိန္ဒိယသားတစ်ဦးနဲ့ မေတ္တာ သက်ဝင်ခဲ့တယ်…။ ဒီအခြေအနေရောက်မှတော့ စုဖုရား ဘာများတတ်နိုင်ပါဦးမလဲ…။ နန်းတော်ထဲမှာ ဆို သင့်တော်ရာ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်မှာပေါ့…။ ခုတော့ မီးဇာကုန် ဆီခန်းနေတဲ့ဘ၀ … ထိန်းမနိုင် သိမ်းမရ အခြေအနေမှာ … သမီးတော်ကို လူမျိုးခြားနဲ့…. ၀မ်းနည်းစွာ …မျက်စိမှိတ် ခေါင်းညိတ်ခဲ့ရတယ်…။ စိတ်နာပေမယ့် ဖြေတွေးတွေးရတယ်…“ ကြိုးချင်းထားရတော့ ကြိုးချင်းညှိတော့မှာပေါ့… ဒီနေရာမှာ မြန်မာက အရှားသားကိုး… ” လို့…။

(၁၅ )

၁၉၁၆၊ ဒီဇင်ဘာ ၁၆ရက်

မောင်တော်…။ စုဖုရားကို အမြဲ..အလိုလိုက်ခဲ့တဲ့ မောင်တော် နတ်ရွာစံလေပြီ…။ စိတ်ထက်တဲ့ စုဖုရားကို မျက်နှာဖြူ အကျဉ်းသားဘ၀မှာ စိတ်ချလက်ချထားခဲ့လေပြီ…။

( ၁၆ )

၁၉၁၉၊ ဧပြီလ ၁၀ ရက်

ရတနာဂီရိမြို့က ခွာခဲ့ရပြီ…။ ရတနာပုံနေပြည်တော်မဟုတ်ပေမယ့် ကိုယ့်တိုင်းပြည် ဆိုတော့ အနည်းငယ်တော့ စိတ်သက်သာရာရသည်…။ ရန်ကုန်မြို့ ချာချီလမ်းက နှစ်ထပ်တိုက်ကလေးမှာ အကျဉ်းသားတစ်ယောက်လို စံစားရင်း ၁၉၂၅..ဒီဇင်ဘာလမှာ ဘယ်သူ့ ကိုမှ အကြောင်းမကြား အသိမပေးဘဲ စုဖုရား ထွက်ခွာခဲ့တယ်…။ မောင်တော် ရှိနေမယ့်နေရာကို စုဖုရား လိုက်ခဲ့ပြီ…။ အဲဒီနေရာမှာ စုဖုရား ထပ်မမှားတော့ဘူး မောင်တော်… အလိုရမက်တွေလည်း စုဖုရား ထားရစ်ခဲ့ပြီ … အတ္တမာန်မာနတွေလည်း ခ၀ါချခဲ့ပြီ….။

( ၁၇ )

မောင်တော်ရေ ..မောင်တော့်ကို တွေ့ရင် ရင်ဖွင့်ချင်တဲ့ စကားတွေ စုဖုရား ဒိုင်ယာရီထဲမှာ ရေးထားတယ်….။ သူတို့တွေကလေ …. တိုင်းပြည် ကျွန်ဖြစ်တာ စုဖုရားကြောင့်…တဲ့….။ စွပ်စွဲချက်က ရက်စက်လွန်းပါတယ် မောင်တော်ရယ်…. တိုင်းပြည် ကျွန်ဖြစ်အောင် လုပ်တဲ့ ထဲမှာ စုဖုရားလတ်လဲပါတယ် လို့ ပြောရင်..စုဖုရား လက်ခံပါတယ်….။ စုဖုရားတစ်ယောက်ထဲကြောင့်တော့ မြန်မာပြည် ကျွန်ဖြစ်အောင် မစွမ်းဆောင်နိုင်ပါဘူး…။ မောင်တော် စဉ်းစားကြည့်လေ… စုဖုရားတို့ အုပ်ချုပ်ရတာ မြန်မာ တစ်ပြည်လုံး မဟုတ်ပါဘူး…. တခြမ်းတည်းပါ…. မြန်မာပြည် တစ်ခြမ်းတည်းပါ…. အောက်ပြည် တစ်ခြမ်းက အရင် ကတည်းက နယ်ချဲ့ လက်ထဲမှာပါ…။ သယံဇာတ ပေါကြွယ်ဝ လှတဲ့ မြန်မာပြည်တစ်ခြမ်း လက်ထဲရောက်နေပြီးတဲ့ နယ်ချဲ့တွေက နောက်တစ်ခြမ်းကို ဘယ်နည်းနဲ့ မဆို ရအောင် အားထုတ်မှာပဲ….အရင်ကတည်းက နေရာလုပွဲတွေနဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးတွေကို အခွင့်အရေးယူပြီး အထက်မြန်မာပြည်ကို အနှေးနဲ့ အမြန် သိမ်းယူဖို့ ကျားချောင်းချောင်းနေကြတာပါ….။

( ၁၈ )

စုဖုရားတို့ တာဝန်မကျေခဲ့တဲ့ တိုင်းပြည်အတွက် စုဖုရား တစ်ခုလောက် လုပ်ပေးချင်ခဲ့တယ်…။ အမျိုးကို ချစ်တဲ့သူတွေ မြင်နိုင်ကြပါစေ … လို့ မြန်မာပြည် ဝေဟင်ပိုင်နက်မှာ စုဖုရား နှလုံးသွေးနဲ့ ကမ္ဗည်းထိုးခဲ့တယ်

တချိန်တစ်ခါတုန်းက

“ ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာမင်းနေပြည်တော်နှင့်တကွ သီပေါမင်းပိုင်နယ်မြေတို့ကို အင်္ဂလန်ပြည့်ရှင် ၀ိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင် အဖြစ် ဆက်သပါကြောင်း လော့ဒပ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်သည်” ဆိုတဲ့

ဝါကျတစ်ကြောင်းနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာ .. လူမျိုးရဲ့ သိက္ခာတွေ ရေတိမ်နစ်ခဲ့ရပြီး … အဖြူရောင်သွေးတွေ ချောင်းစီးခဲ့ရတဲ့ အခြေအနေဆိုးကြီးမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မပေါ်ပေါက်အောင်… အသိ..သတိ နဲ့ တိုင်းပြည်ကို ကာကွယ်…လူမျိုးကို စောင့်ရှောက်နိုင်ကြပါစေ…” ။

ပြီးပါပြီ..။

မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

အမှတ်တရ ကစားပွဲ

သို့

ဒိုင်လူကြီး…

ခုမှ သိလို့ ကောက်ရေးလိုက်တယ်…မှီသေးလားဗျို့ ..ည ၁၁း၃၀ ဆိုတာ ဒီညလား။ မနေ့ ညကလား…။ မကြီးမငယ်နဲ့  ၀င်ပြိုင်ရတာ ရှက်တော့ ရှက်သား..။ ဒါပေမယ့် ရည်ရွယ်ချက်လေးကို သဘောကျလို့ ကမန်းကတန်း ၀င်ပြိုင်လိုက်တယ်…။

လေးမ

ဘလော့ဂ်ကို ချစ်သူလို သဘောထားပြီး ရေးရမှာလား…။ ဘလော့ဂ်ကို ပြောတာနော်..။

၁။ တကယ့်ကို လေး “လေး” နက်နက် တွယ်တာခဲ့တယ်…။ မျှော်လင့် “မ” ထားခဲ့တဲ့ သံယောဇဉ်တွေနဲ့  နှောင်ဖွဲ့  ခံခဲ့ရတယ်..။

၂။ သူ “လေး”က ကျွန်မကို ဘယ်လို ခေါ်သလဲ…တဲ့ ။ “မ” ပြောပြဘူး..။

၃။

၁။ တစ်ခါတစ်လေ…စိတ်ကောက်တတ်ပေမယ့်…

၂။ နှစ်ရက်လောက်တော့ မကောက်နိုင်ခဲ့ဘူး…

၃။ သုံးရက်လောက် ဝေးနေရင် တောင် မနေနိုင်အောင်လွမ်း…

၎။ လေးလေးနက်နက် ချစ်တတ်ခဲ့ပြီ…

၅။ ငါးလေးတွေ ရေကူးသင်စရာမလိုသလို … မင်းကြောင့် ကိုယ် ပြုံးတတ်ခဲ့ပြီ…

၆။ ခြောက်ခြားစရာတွေ ကြုံလာတဲ့အခါ …

ရ။ ခုနှစ်စင်ကြယ်ပြောင် အမြီးထောင်အောင် မင်း..ရင်မှာ ကဗျာရေးရင်း…

၈။ ရှစ်မျက်နှာ သက်သေထားလို့ … သစ္စာတွေ ပွားနေမိတယ်…

၉။ ကိုးနတ်ရှင် အလွန်မွှေနှောက်တဲ့ ကောင်၊ ကိုယ် နဲ့ မင်းကြား စည်းခြားချင်တဲ့ကောင်တောင် …

၁၀။ ဆယ်ခါပြန် ဆလံသလောက်အောင် ကိုယ် နဲ့ မင်းကို ခွဲလို့မရရှာ ဘူး…။

….. ဘလော့ဂ်ကို ပြောတာနော်..။

ပြိုင်ပွဲ အကြောင်း အပြည့်အစုံက…

ကျွန်တော်တို့ ဒီနေ့ညမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် ဘလောဒ်ဂါညီအစ်ကို မောင်နှမများ ပျော်ရွှင်စရာ ကစားပွဲလေးတစ်ခု ကျင်းပပါမယ်…

*********************************************************

ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း(၃)ချက် ရှိပါတယ်….

(၁) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့

အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။

(၂) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။

(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့်

အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို

ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်… အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ… ဒါကြောင့် ဘလော့ဒ်ဂါ

ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို

ဘာလက်ဆောင်များပေးကြမလဲ။

အဲ့ဒီ (၃)ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။

(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်

စာသားလေး အဖြစ်ပြောင်းရအောင်။

ဥပမာ… ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။

အချစ်နဲ့ ပက်သတ်မိသမျှ “လွမ်း” ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် နင် “စေ” သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။

*စည်းကမ်းချက်*

ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။

(၂) ချစ်သူ့ အခေါ်ဝေါ်လေး။

ဥပမာ… ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ်

ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။

“မောင်” ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။

အ”မျိုး”မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။

*စည်းကမ်းချက်*

ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။

(၃) ချစ်သူ့လက်ဆောင်။

လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။

ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။

တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့

ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။

ဥပမာ… အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။

(၁)တစ်သက်တာ ထာဝရ

(၂)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်

(၃)သုံးနှစ်သုံးမိုး

(၄)လေးလေးနက်နက် စောင့်ခဲ့ရသူမို့

(၅)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ

(၆)ခြောက်ကပ်စွာ

(ရ)ခွန်အားတွေ မဲ့ပြီး

(၈)ရှစ်ခွင်နယ်တစ်ခုလုံး

(၉)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်

(၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ

တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။

အဲ့လိုပေါ့ဗျာ။

*စည်းကမ်းချက်*

ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။

……………………………………………………………………………..

ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။

ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)တဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ်

ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ

ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့

တစ်နေ့လုံး အမှတ်ပေးမှာပါ။

အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ်

သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။

ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။

အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း

ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။

၁၃ ရက်ဖွား စနေသား..ဗိသုကာ

၁၉၁၅ …ဖေဖော်ဝါရီလ ..၁၃ ရက် မှာ စနေသား မောင်ထိန်လင်း … လူ့လောက ကို စတင် ၀င်ရောက်လို့လာပါတယ်…။

နောင်တစ်ချိန်မှာ ပြည်ထောင်စုဗိသုကာ…လွတ်လပ်ရေးဗိသုကာ ဖြစ်လာမယ့် လေးနှစ်သား မောင်ထိန်လင်းရဲ့ အမှန်တရား မြတ်နိုးမှုကို အမှတ်တရ ကူးပြလိုက်ပါတယ်…။

မောင်ထိန်လင်း၏ မိခင်သည် အိမ်တွင် စပါးများ ၀ယ်လှောင်ထားပြီး ကျေးလက်တောရွာမှ လူများအား တဆင့် ရောင်းသည်..။

တနေ့ ၀ယ်သူများက ဈေးဆစ်ရာ “…ကိုင်း..မင်းတို့ ဒါလောက်လိုချင်နေမှ ငါလျှော့ပေးလိုက်မယ်..။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့  ၀ယ်ထားရတယ်။ ဒါပေမယ့် မင်းတို့ကို ငါးဆယ်ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောရာ.. မောင်ထိန်လင်းက “ ဟာ ..အစ်မကလဲ..မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့  ၀ယ်ထားတာ ကျွန်တော် သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး”…ဟု ခပ်တည်တည် ၀င်ပြောလိုက်လေသည်…။

ထိုသို့သော မောင်ထိန်လင်းသည် အရွယ်ရောက်လာချိန်မှ သေဆုံးချိန်အထိ တဖွဖွ ပြောလေ့ရှိသောစကားမှာ

“ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု..ပဲ ဖြစ်တယ်…”…။ ။

I Pay My Respect to This Architect !!!

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

 

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။

( ၅ )

မယ်တော် ဆင်ဖြူမရှင်နဲ့ ကင်းဝန်မင်းကြီးတို့က ငယ်ငယ်ရွယ်ရွယ်… ဆင်ခြင်တုံတရားနည်းပါးတဲ့ အရွယ် ဆိုပြီး မောင်မောင်နဲ့ စုဖုရားကို သူတို့ ကြိုးဆွဲရာကမယ် ထင်ပြီး…နန်းတင်ပေးလိုက်ကြတာလေ…။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် လွဲသွားခဲ့တယ်…။ စုဖုရားလတ်လေ…တခြားသူမှ မဟုတ်ဘဲ…ကြိုးဆွဲဖို့ စိတ်မကူးနဲ့ … ကြိုးတောင် ဆိုင်းလို့မရစေရဘူး…မှတ်…။ ဘိသိက်ပွဲမှာကတည်းက နဂါးမှန်းသိအောင် အမောက်ထောင်ပြခဲ့တာ….။ အစ်မတော် စုဖုရားကြီးကို လက်ယာ….စုဖုရားလတ်က လက်ဝဲကထိုင်ပြီး ( ရှေးမင်းတွေ တုန်းက ထုံးစံမရှိတဲ့ ) အဂ္ဂမဟေသီ ၂ ပါး ခြံရံပြီး မောင်တော်ကို ဘိသိက် ခံယူစေခဲ့တာ…။ မယ်တော် စိတ်ဆိုးရုံကလွဲပြီး ဘာမှ မတတ်နိုင်ရှာဘူး..။

( ၆ )

စုဖုရားက အာဏာကို ခွဲဝေ မပေးနိုင်သလို မောင်တော် သီပေါကိုလည်း သူများနဲ့ ခွဲဝေ မချစ်နိုင်ဘူး…။ မောင်တော်က ခွဲတမ်းချပေးမယ့် အချစ်ကိုလည်း မလိုချင်ဘူး … ။ ဒီတော့ စုဖုရားကပဲ ခွဲတမ်းချလိုက်တယ် … ဘုရင် သီပေါသည် … စုဖုရားလတ်၏ တစ်ဦးတည်းပိုင် ဘဏ္ဍာဖြစ်သည် …။ စုဖုရား ဘဏ္ဍာ ထိပါးသူ မှန်သမျှ သတ်စေ … မောင်မောင်ကလည်း အစ်မတော် စုဖုရားကြီး အပါအ၀င် ဘယ်မိန်းမဆီကိုမှ ယောင်လို့တော် ခြေလှမ်းခွင့်မရှိဘူး … ။ ဒါဟာစုဖုရားရဲ့ တစ်ချက်လွတ် အမိန့်…ပဲ..။

(၇ )

တစ်ချက်လွတ် အမိန့်နဲ့  တင်းကျပ်ခဲ့တာတောင်မှ မောင်မောင်က စုဖုရားကို အာခံခဲ့တယ်…။ အပြစ်ကျူးလွန်တဲ့ မောင်မောင် ကို နှုတ်ခမ်းစူ .. စိတ်ကောက်ရုံ အရေးယူခဲ့ပြီး … အပြစ်ကျူးလွန် ခံရတဲ့ စော်ဘွားသမီးငယ်ကို ဥယျာဉ်တော်ထုတ်… စစ်သည်ဗိုလ်ပါ…အပျိုတော်..ပရိသတ်အလယ်မှာ… ပါး သုံးလေးချက် ဆင့်ရိုက် … အရှက်ခွဲပြီး နန်းတော် တံခါးကနေ ရိုက်ပုတ်နှင် ထုတ်လိုက်တယ်…။ စုဖုရားဘဏ္ဍာကို ထိပါးတဲ့ သူကို ဒီလိုအပြစ်ပေးခဲ့တယ်…။

( ၈ )

ဒိုင်းခင်ခင် ဆိုတဲ့ မိန်းကလေးကလည်း စုဖုရားကို တစ်ပွဲတစ်လမ်း အကဲစမ်း ပြန်တယ် …။ သူက စုဖုရားဘဏ္ဍာကို ထိရုံတင် မဟုတ်ဘဲ ခွဲဝေယူဖို့ကြိုးစားခဲ့တယ်…။ သူ့ အတွက်ကြောင့် မောင်မောင်သီပေါက စုဖုရားကို သန်လျက်နဲ့တောင် ရွယ်ခဲ့တယ်…။ ဒင်းအပေါ် စုဖုရားရဲ့ အငြိုး ဘယ်သူဖြေလို့ ပြေပါ့မလဲ …။ စိတ်ရောလူပါ ဒုကရောက်အောင် ပညာရှိနည်းနဲ့ ညှဉ်းပန်းပြီး လက်စတုံး ခဲ့တယ်…။ သတ်စေလို့တော့ အမိန့် မပေးဘူးလေ… “ ဒိုင်းခင်ခင် တစ်ယောက် အသက်ရှင်နေတုန်းလား..” လို့ တစ်ချက်မေးလိုက်ရုံနဲ့ အမတ်ကြီးက ဘာလုပ်ရမယ်ဆိုတာ သိတယ်လေ…။

( ၉ )

နယ်စပ်မှာ ဘာတွေ ဖြစ်နေသလဲ… ပြည်သူတွေ ဘယ်လောက် ကျပ်တည်းနေသလဲ … ဘိုးတော် ဘေးတော်တွေ လက်ထက်က တည်ဆောက်ခဲ့တဲ့ နိုင်ငံခြားနဲ့ ဆက်ဆံရေးတွေ ခိုင်မြဲအောင် ဘယ်လို လုပ်ရမလဲ ဆိုတာတွေ စုဖုရားတို့က စိတ်မ၀င်စားဘူး…။ မသိချင်ဘူး…။ သိတဲ့သူတွေကိုလည်း နေရာပေးဖို့ မစဉ်းစားဘူး..ဆရာလုပ်တယ်…လျှာရှည်တယ်ထင်ရင်…သွား… အကျဉ်းထောင်…ဒါပဲ…။ အရေးကြီးတာက မင်းစည်းစိမ်…ကို ပျော်ပျော်ကြီး ခံစားဖို့…။ ဘဏ္ဍာတိုက်ထံမှာ ဘဏ္ဍာကုန်သလား… သွား…အခွန်တိုးကောက်ချည်… မလောက်ဘူးလား….ထီရုံတွေ ဖွင့်လိုက်…. ပြည်သူတွေကို မက်လုံးပေး… မင်းဘဏ္ဍာအတွက် အေးအေးဆေးဆေး..။ ကဲ…လွယ် မှ..လွယ်…။

ဆက်ပါဦးမယ်…။

မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။