လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

 

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။

( ၅ )

မယ်တော် ဆင်ဖြူမရှင်နဲ့ ကင်းဝန်မင်းကြီးတို့က ငယ်ငယ်ရွယ်ရွယ်… ဆင်ခြင်တုံတရားနည်းပါးတဲ့ အရွယ် ဆိုပြီး မောင်မောင်နဲ့ စုဖုရားကို သူတို့ ကြိုးဆွဲရာကမယ် ထင်ပြီး…နန်းတင်ပေးလိုက်ကြတာလေ…။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် လွဲသွားခဲ့တယ်…။ စုဖုရားလတ်လေ…တခြားသူမှ မဟုတ်ဘဲ…ကြိုးဆွဲဖို့ စိတ်မကူးနဲ့ … ကြိုးတောင် ဆိုင်းလို့မရစေရဘူး…မှတ်…။ ဘိသိက်ပွဲမှာကတည်းက နဂါးမှန်းသိအောင် အမောက်ထောင်ပြခဲ့တာ….။ အစ်မတော် စုဖုရားကြီးကို လက်ယာ….စုဖုရားလတ်က လက်ဝဲကထိုင်ပြီး ( ရှေးမင်းတွေ တုန်းက ထုံးစံမရှိတဲ့ ) အဂ္ဂမဟေသီ ၂ ပါး ခြံရံပြီး မောင်တော်ကို ဘိသိက် ခံယူစေခဲ့တာ…။ မယ်တော် စိတ်ဆိုးရုံကလွဲပြီး ဘာမှ မတတ်နိုင်ရှာဘူး..။

( ၆ )

စုဖုရားက အာဏာကို ခွဲဝေ မပေးနိုင်သလို မောင်တော် သီပေါကိုလည်း သူများနဲ့ ခွဲဝေ မချစ်နိုင်ဘူး…။ မောင်တော်က ခွဲတမ်းချပေးမယ့် အချစ်ကိုလည်း မလိုချင်ဘူး … ။ ဒီတော့ စုဖုရားကပဲ ခွဲတမ်းချလိုက်တယ် … ဘုရင် သီပေါသည် … စုဖုရားလတ်၏ တစ်ဦးတည်းပိုင် ဘဏ္ဍာဖြစ်သည် …။ စုဖုရား ဘဏ္ဍာ ထိပါးသူ မှန်သမျှ သတ်စေ … မောင်မောင်ကလည်း အစ်မတော် စုဖုရားကြီး အပါအ၀င် ဘယ်မိန်းမဆီကိုမှ ယောင်လို့တော် ခြေလှမ်းခွင့်မရှိဘူး … ။ ဒါဟာစုဖုရားရဲ့ တစ်ချက်လွတ် အမိန့်…ပဲ..။

(၇ )

တစ်ချက်လွတ် အမိန့်နဲ့  တင်းကျပ်ခဲ့တာတောင်မှ မောင်မောင်က စုဖုရားကို အာခံခဲ့တယ်…။ အပြစ်ကျူးလွန်တဲ့ မောင်မောင် ကို နှုတ်ခမ်းစူ .. စိတ်ကောက်ရုံ အရေးယူခဲ့ပြီး … အပြစ်ကျူးလွန် ခံရတဲ့ စော်ဘွားသမီးငယ်ကို ဥယျာဉ်တော်ထုတ်… စစ်သည်ဗိုလ်ပါ…အပျိုတော်..ပရိသတ်အလယ်မှာ… ပါး သုံးလေးချက် ဆင့်ရိုက် … အရှက်ခွဲပြီး နန်းတော် တံခါးကနေ ရိုက်ပုတ်နှင် ထုတ်လိုက်တယ်…။ စုဖုရားဘဏ္ဍာကို ထိပါးတဲ့ သူကို ဒီလိုအပြစ်ပေးခဲ့တယ်…။

( ၈ )

ဒိုင်းခင်ခင် ဆိုတဲ့ မိန်းကလေးကလည်း စုဖုရားကို တစ်ပွဲတစ်လမ်း အကဲစမ်း ပြန်တယ် …။ သူက စုဖုရားဘဏ္ဍာကို ထိရုံတင် မဟုတ်ဘဲ ခွဲဝေယူဖို့ကြိုးစားခဲ့တယ်…။ သူ့ အတွက်ကြောင့် မောင်မောင်သီပေါက စုဖုရားကို သန်လျက်နဲ့တောင် ရွယ်ခဲ့တယ်…။ ဒင်းအပေါ် စုဖုရားရဲ့ အငြိုး ဘယ်သူဖြေလို့ ပြေပါ့မလဲ …။ စိတ်ရောလူပါ ဒုကရောက်အောင် ပညာရှိနည်းနဲ့ ညှဉ်းပန်းပြီး လက်စတုံး ခဲ့တယ်…။ သတ်စေလို့တော့ အမိန့် မပေးဘူးလေ… “ ဒိုင်းခင်ခင် တစ်ယောက် အသက်ရှင်နေတုန်းလား..” လို့ တစ်ချက်မေးလိုက်ရုံနဲ့ အမတ်ကြီးက ဘာလုပ်ရမယ်ဆိုတာ သိတယ်လေ…။

( ၉ )

နယ်စပ်မှာ ဘာတွေ ဖြစ်နေသလဲ… ပြည်သူတွေ ဘယ်လောက် ကျပ်တည်းနေသလဲ … ဘိုးတော် ဘေးတော်တွေ လက်ထက်က တည်ဆောက်ခဲ့တဲ့ နိုင်ငံခြားနဲ့ ဆက်ဆံရေးတွေ ခိုင်မြဲအောင် ဘယ်လို လုပ်ရမလဲ ဆိုတာတွေ စုဖုရားတို့က စိတ်မ၀င်စားဘူး…။ မသိချင်ဘူး…။ သိတဲ့သူတွေကိုလည်း နေရာပေးဖို့ မစဉ်းစားဘူး..ဆရာလုပ်တယ်…လျှာရှည်တယ်ထင်ရင်…သွား… အကျဉ်းထောင်…ဒါပဲ…။ အရေးကြီးတာက မင်းစည်းစိမ်…ကို ပျော်ပျော်ကြီး ခံစားဖို့…။ ဘဏ္ဍာတိုက်ထံမှာ ဘဏ္ဍာကုန်သလား… သွား…အခွန်တိုးကောက်ချည်… မလောက်ဘူးလား….ထီရုံတွေ ဖွင့်လိုက်…. ပြည်သူတွေကို မက်လုံးပေး… မင်းဘဏ္ဍာအတွက် အေးအေးဆေးဆေး..။ ကဲ…လွယ် မှ..လွယ်…။

ဆက်ပါဦးမယ်…။

မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။