တွေးမိသည်မှာ …

တနေ့ ညနေခင်းဍ္ဍ် လေးမသည် မီးဖိုချောင်ထဲတွင် ဂျာနယ်တစ်စောင်နှင့်အတူ ချက်ပြုတ်ကြော်လှော်နေ၏ …။

( ဘယ်လိုကြီးတုန်းလို့ မစဉ်းစားနဲ့.. ဟင်းချက်ရင်း ဂျာနယ်ဖတ်နေတာ ..လို့ မှတ်..)

ထို့နောက် ဟင်းအိုးထဲ ရေထည့်ကာ ကြက်သွန်နွှာရင်း စဉ်းစားမိသည်မှာ …..

လူတစ်ယောက်ကို တစ်နေ့  ဆန်နို့ ဆီဗူး တစ်လုံးပဲထား… တစ်ပြည်ကို ၈ ရက် … တစ်ပတ်စားရတယ်ပဲထား

တစ်တင်းခွဲအိတ်ဆိုရင် ၂၄ ပတ် စားရမယ်…

လူတစ်ယောက်ကို ဆန်တစ်အိတ် ၂၄ ပတ် နှုန်းနဲ့  သောင်းချီ သိန်းချီတဲ့ လူတွေကို ဘယ်သူက ရေရှည် တာဝန်ယူမလဲ … ။

ဆန်ကြမ်းက တစ်အိတ် ၂သောင်း … ဆန်ချောက ၅ သောင်း… ဆိုတော့ …။

အထက်ပါအတိုင်း စစ်စစ်ပေါက် တွေးမိသည်မှာ ဂျာနယ်တွင်ပါသော စာတစ်စုကြောင့်ဖြစ်သည် …။

“ အချို့ မှာ မိမိနေရပ်သို့  ပြန်လိုကြပြီး အချို့မှာ စိတ်ဓါတ်တွေကျဆင်းကာ ဒုက္ခသည် စခန်းများနောက်သို့သာ လိုက်လံ စားသောက်နေတော့မည် ” ဟုသိရ ..။ ”

ဒီလိုဆို လူညွန့် တုံးပြီပေါ့ …။ အလှူရှင်တွေရှိလို့ ကျွေးနိုင်တယ်ပဲထား … နိုင်ငံတော်အတွက် နစ်နာပေသည် … လူ့စွမ်းအားဆုံးရှုံးပေတော့မည် … ( အလဲ့ … လေကြီးလေကျယ် တွေးကြည့်တာ … ) …

ထိုသို့မဖြစ်ရန် ထိုသူတို့၏ စိတ်ကို ဦးစွာ ဖေးမပေးရမည် …။

လုပ်ကိုင်စားသောက်နိုင်ရန် စီစဉ်ပေးရမည် …။

အလုပ်ဟုဆိုရာတွင်လည်း သူတို့ မူလက လုပ်ကိုင်ခဲ့သော လယ်အလုပ် .. တံငါအလုပ် ..အစရှိသည့် ကျွမ်းကျင်ပြီးသား အလုပ်များဖြစ်မှသာ အဆင်ပြေလိမ့်မည် …။

လယ်များမှာ ရေငန်ဝင်သောကြောင့် ရေငန်တွင်စိုက်သော စပါးမျိုးကို စိုက်ပျိုးနိုင်ရန် နည်းလမ်းရှာရပေတော့မယ်…။ ထို့နောက် လယ်ယာ အထောက်အကူပြု ကျွဲ… နွားများပံ့ပိုးရမည် …။

နေစရာ အိမ်စီမံပေးရမည် …။ အိမ်အတွက် အဖိုးအခ သတ်မှတ်ပြီး ငွေသွင်းခိုင်းလျှင်လည်း မသင့်မလျော် ဖြစ်ဦးမည်…။ လူတိုင်းအတွက် အိမ်တစ်လုံးစီဆောက်ပေးရလျှင်လည်း ဒေ၀ါလီခံရကိန်း ရှိသည် …။

တော်အိရော်အိ အိမ်မျိုးလည်း ဆောက်ပေးလို့မဖြစ်ပေ …။

ရေမြေအနေအထားပြောင်းသဖြင့် မုန်တိုင်းသည် လမ်းပွင့် သွားပြီ ဖြစ်ရာ နောင်နှစ်တွေ အတွက် အတော်အတန် ခံနိုင်သော အိမ်မျိုး ဖြစ်မှ တော်ပေလိမ့်မည်…။

မြေပိုင်ဆိုင်မှု … လယ်ပိုင်ဆိုင်မှုများ ခွဲခြမ်းစိတ်ဖြာခြင်းအမှု ပြုရမည် … ။

ထိုထိုသို့သော အကြောင်းအရာများကို များများစားစား တွေးတောပြီးသကာလ လေးမသည် ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချပြီးသည့် မျက်နှာထားနှင့် ဇတ်ခနဲထကာ အသံတိတ် ကြွေးကြော်လိုက်သည်မှာ …

“ တော်ပြီ .. ???? ကျရင် ရွေးကောက်ပွဲ မ၀င်တော့ဘူး. ..။ သမ္မတဖြစ်ရင် ဦးနှောက်ခြောက်နေဦးမယ်…။ ငါ့ဟာငါ အေးရာအေးကြောင်း မီးဖိုထဲမှာ ထမင်းချက်နေတာပဲ ကောင်းတယ် … ” ဟူသတည်း …. .။ ။

မှတ်ချက်။ ။ ရိုးရိုးလေးဖတ်ပါ ..၊ ပါးပါးလေးတွေးပါ …၊ ၀ိုးတ၀ါး မေ့လိုက်ပါ … ။

Advertisements

မိုးရွာနေသည် ( ၂ )

မိုးဦးကာလ ရောက်တော့မည် ဖြစ်သောကြောင့် မိုးရွာသည်… ။

မိုးနှင့်အတူ မုန်တိုင်းလာသည် … ။

မုန်တိုင်းတွင်လေပါ၏…။

လေနှင့်အတူ လှိုင်းလာ၏ …။

လှိုင်းနှင့် အတူ အိမ်များ … လူများ … တိရစ္ဆာန်များ … ၀မ်းစာများ … အဆင်တန်ဆာများ … ပါသွားလေ၏…။

ပါသွားသောအရာများနောက်တွင် ငိုကြွေးမှုများ … ကြေကွဲမှုများ … ပူဆွေးမှုများ … ဆုံးရှုံးမှုများ ကျန်နေခဲ့၏ …။

ကျန်နေခဲ့သောအရာများအား အမှီပြုဒေါသနှင့် ကျိန်ဆဲမှုများ လှိုင်းထလာပြန်သည် … ။

လောဘသားအချို့ သည် မေတ္တာရှိဟန်ပြ ၍ ကိုယ်ကျိုးရှာနေကြပြန်သည် … ။

နိုင်ငံရေးအမြတ်ထုတ်သူတို့သည် ဂရုဏာရှိဟန်ပြ၍ အမြတ်ထုတ်ရန် ကြံစည်ကြပြန်သည်… ။

အဆုံးသတ်တွင် ကလေးများသည် ပျော်ရွှင်မှု ကင်းမဲ့ကြကုန်၏ … ။

အဖြူရောင်နှလုံးသားများသည် ညစ်ထေးလျက် ငိုကြွေးကြကုန်၏… ။

မိန်းမတစ်ယောက်သည် တစ်ခွေ ၅၀၀ ဟူသော ၂ ခွေ တွဲ..၊ ၃ ခွေတွဲများကို စိုက်ကြည့်ရင်း စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေ၏ … ။

ထို့ နောက် မိုးရွာလာသည် … ။

မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်… ။

မိုးသည် ဆက်၍ …ဆက်၍ … ရွာနေပေလိမ့်မည်…။ ။


မိုးရွာနေသည် ( ၁ )

ကြီးဒေါ်နှင့် offline

နာဂစ်က … မုန်းစရာကောင်းလိုက်တာ… ဟိုဂျာနယ်မှာရေးထားတာတော့ နာဂစ်ဆိုတာ ပန်းပွင့် လို့  အဓိပ္ပါယ်ရသတဲ့ …။ ပန်းပွင့်မို့ သာ တော်တော့တယ် … ဆင်ရိုင်းသာဆိုရင် မြန်မာပြည် တက်တက်ပြောင်မယ်… ။

ညည်းတို့ က သတင်းစာမှ မဖတ်ဘဲ … သတင်းစာထဲ မုန်တိုင်းတိုက်နေတာ ဧပြီလကတည်းကဆိုပဲ အေ့ …။ ညည်းတို့ က သတင်းစာဆို နာရေးလောက်ပဲ ကြည့်တာကိုး … ။ မိုးလေ၀သ သတင်းမဖတ်တော့ မသိဘူးပေါ့…။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်တာ… ။

ကြိုသိတဲ့သူတွေလည်း ဘာမှပြင်ဆင်မထားပါဘူး… ကြီးဒေါ်ရာ…။ ဘာတွေ ဘယ်လို ပြင်… ဘယ်လိုနေ …ရမယ်ဆိုတာ ဘယ်သူသိသလဲ…ပြော… ။ မုန်တိုင်းမှ မကြုံဘူးတာပဲ..ဟာပဲ..ဟာကို…။

အဲဒီညက မြန်မာ့ရုပ်မြင်သံကြားမှာ မိုးလေ၀သ သတင်းသေချာ နားထောင်ပါ လို့ .. ငါမပြောဘူးလား…။ ညည်းတို့က အမေကျော် ဒွေးတော်လွမ်းတဲ့ဟာတွေ … ။ ကုလားကားတွေ…တရုတ်ကားတွေ … ဘိုကားတွေ ပြတဲ့ 5 Movie ပဲ ကြည့်နေတာကိုး…။

MRTV ကြည့်ပါတယ်..ကြီးဒေါ်ကလဲ …။ “ နင်…၁၈ နှစ်ပြည့်ပြီလား…” ဆိုတဲ့ဟာ လာလို့တောင် အဖွားက “ငါဆို ၁၈ နှစ်ပြည့်ခဲ့တာ ၄ ကျော့တောင်ကျော်ပြီဆိုတော့ ၄ မဲ ပေးရမှာလား…”လို့ မေးလို့တောင် ရယ်ကြရသေးတယ်လေ…။

အေးလေ… ညည်းတို့  ကြည့်တယ်ဆိုတာ … ခဏလေ…။ ခဏကြည့်ပြီး… ပြန်ပြောင်းကြည့်တာ …။ ခုတော့ … ငါသတင်းကြည့်ချင်တယ်နော် … ။ ဟိုပြောင်း ဒီပြောင်းလုပ်ဖို့  မစဉ်းစားနဲ့ …။ ကယ်ဆယ်ရေးတွေ… နေရာချထားတာတွေ အလှူပစ္စည်းပေးတာတွေ … ငါကြည့်ဦးမယ်…။

ကြီးဒေါ်နော် … သူများလှူတာတွေ သွားရေကျမနေနဲ့ …။

တယ်… ညည်းစကားက ဘာတုန်း … အနှောင့်မလွတ်…အသွားမလွတ်နဲ့ …။ ကြည့်စမ်း…….သစ်ပင်တွေဆိုတာ ကုန်ပါရောလား… နောက်နှစ်နွေဆို အတော်ပူတော့မှာ …။ အပူကြောင့် လူတွေသေကြဦးမယ်…။

လူတွေလိုမျိုးသာ သစ်တစ်ပင်ခုတ်ရင်… ထောင်ဒဏ် ဘယ်နှစ်လ… ဒဏ်ငွေ ဘယ်လောက်ဆိုပြီး နာဂစ်ကို ဒဏ်တပ်လို့ရရင် ပိုက်ဆံတွေ အများကြီးရမှာနော်…။

နာဂစ်ကို ဒဏ်တပ်ဖို့စဉ်းစားနေသေးတယ်… နာဂစ်က ဒဏ်ခတ်သွားတာ မတွေ့  ဘူးလား…။

အမယ် … ဘာလို့ နာဂစ်က ဒဏ်ခတ်ရတာတုန်း …။

ညည်းတို့ အင်မတန် ခေါင်းမာတဲ့ဟာတွေမို့လို့ ဒဏ်ခတ်သွားတာလေ…။ ဓါတ်ကြိုးနဲ့မလွတ်တဲ့ သစ်ကိုင်းတွေ ခုတ်ဆိုတာ မခုတ်လို့ သူဝင်ရှင်းသွားတာလေ….။

စလောင်းတွေ ဖြုတ်ဆို …မဖြုတ်လို့ သူဝင်ဖြုတ်ပေးသွားတာလေ ….။

ဒါကတော့ … ကြီးဒေါ်ရယ်… အခွန်ဆောင်စရာမလိုတော့ဘူးဆိုလို့ မဖြုတ်တော့တာလေ…။

နောက်ပြီး… ရှိသေးတယ်… စကားတွေကို … ပြောကောင်းမှန်းမသိ…မပြောကောင်းမှန်းမသိ … ဘန်းစကားဆိုပြီး… လျှောက်လျှောက်ပြောကြတာ … ညည်းတို့ပြောပြောနေတာလေ … “ ဒီဇိုင်းးက လန်တယ်ကွာ .. လန်ထွက်နေတာပဲ..” ဆိုတာလေ…။ ခုတော့ လန်ထွက်ကုန်ပြီမို့လား … အမိုးတွေ ..။

အရင်တစ်ခါ “ သေပြီဆရာ..” ခေတ်စားတုန်းကလည်း ဗုန်းကွဲတယ်လေ …။

ဒါကြောင့် ရှေးလူကြီးတွေက ပြောတာ …“ စကားနောက် တရားပါ ” တဲ့ …။ စကားဆိုတာ ခေတ်စားတိုင်း သုံးလို့ ကောင်းတာမဟုတ်ဘူး…။

ခုခေတ်စားနေတဲ့ စကားက “ အချိန်နဲ့ တပြေးညီ..” တဲ့ ..။ ပြီးတော့ နာဂစ် ပြီးရင် ရာဂျစ်တဲ့ …။ ဆိုင်ကလုန်းပြီးတော့ တိုင်ဖုန်း တဲ့ ..။ လက်ဖက်ရည်ဆိုင်မှာ ပြောနေကြပြန်ပြီ …။

အဲဒါခက်တာပေါ့ … မဟုတ်ကဟုတ်က ဆို အလွန် ပြောချင်ကြတယ် …။ ဟိုနေ့ ကလည်း ငလျင်လှုပ်တော့မယ် ဆိုလို့ ငါ့မှာ အိမ်ပြန်ပြေးရတာ အမောတကောပဲ …။

ကောလဟာလ … အင်မတန် ဖြန့် ချင်တဲ့ဟာတွေမို့လို့ ဆက်သွယ်ရေးစနစ်အားလုံး ပြတ်တောက်သွားရင် ဘယ်လိုနေမလဲ…နေကြည့်ကြစမ်းဟယ်… ဆိုပြီး နာဂစ်က ပညာပေးသွားတာ…။ လျှပ်စစ်ပစ္စည်းအားကိုးလွန်းတဲ့ဟာတွေ လျှပ်စစ်မရှိရင် ရေသုံးဖို့တောင် အဆင်မပြေဘူးဆိုတာ သိအောင်လုပ်သွားတာ …။ မှတ်ကရော…။

ကြီးဒေါ်ကလည်း … အဲလိုမပြောပါနဲ့ ..။ ရွာတွေဆို…သနားစရာ…။ လူတွေ သေကြတာ အများကြီးပဲ …။

ဟုတ်ပါတယ်အေ … ။ ငါကညည်းတို့ကို မြင်ပြင်းကတ်လို့ ပြောနေတာပါ …။ အိုးမဲ့အိမ်မဲ့တွေဖြစ် … မိသားစုဝင်တွေဆုံးရှုံးနဲ့  … ခြောက်ခြားစရာကြီးပါအေ … ။

တိုက်အိမ်တွေက အလွန်ဆုံးဖြစ်ရင် အမိုးလန်..ပြတင်းပေါက်ပြုတ် … ဒီလောက်ပဲဖြစ်တာ…။ သဘာဝတရားကြီးကလည်း မြေနိမ့်ရာလှံစိုက်တယ် နော် …။

ဒါနဲ့ လမ်းထိပ်က သစ်ကိုင်းပုံကြီး မရှိတော့ဘူးနော် ဒေါ်လေး…။

အေးလေ… ရဲဘော်တွေ လာရှင်းသွားကြတာလေ … အရေးဆို သူတို့ပဲ ထွက်ထွက်လာရတာ … ။ တစ်ခါသုံးကျွတ်ကျွတ်အိတ် လက်အိတ်လေး… တစ်ခါသုံးနှာခေါင်းအုပ်ပါးပါးလေးတွေနဲ့ …။ မိုးရွာလာတော့ အခက်အလက်မရှိတော့တဲ့ သစ်ပင်ငုတ်တိုကြီးအောက်မှာ ထိုင်လို့ …။ သနားစရာပါအေ …။

သနားစရာမဟုတ်ပါဘူး ကြီးဒေါ်ရယ်…။ လေးစားစရာပါ … ။ လေးမတို့ အဆင်ပြေအောင် သူတို့က ပင်ပင်ပန်းပန်း ( အမိန့်ကြောင့်ပဲဖြစ်ဖြစ် ..) လုပ်ပေးနေတာလေ…။

အလိုတော် … ဖြစ်ရပြန်ပြီ … ညည်းပဲ အမျိုးမျိုး …။

အော် … မုန်းစရာလုပ်တဲ့သူကိုမုန်းပြီး လေးစားစရာလုပ်တဲ့လူကို လေးစားတာပေါ့ ကြီးဒေါ်ရဲ့ …။ ဒါမှ လူပီသမှာပေါ့ … ။

အင်း… လူတွေဆိုတော့ လူပီသဖို့ကြိုးစားနေကြရတာပေါ့ ….။ ခုဆို နိုင်ငံတကာက လူပီသစွာ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ပေးနေသလို တို့အစိုးရကလည်း လူပီသစွာ အကူအညီတွေလက်ခံရယူ နေပြီဆိုတော့ ၀မ်းသာစရာပဲ …။

ပြည့်အင်အားဟာ ပြည်တွင်းမှာရှိသလို ပြည်ပမှာလည်း ရှိနေတာပဲ နော် … ။

လေးမတို့လည်း လူပီသစွာ လူသားဆန်တဲ့ အလုပ်တွေလုပ်ရဦးမယ် … ။ ကဲ..ကဲ..မနက်ဖြန် ကွမ်းခြံကုန်းက ရွာတွေကိုဆင်းမယ့်အဖွဲ့ နဲ့ပေးဖို့ အ၀တ်တွေ ဆာလာအိတ်ထဲ ထည့်ကြရအောင် …။ ။

ဘလော့ဂ် ရပ်ဝန်းမှာ တစ်နှစ်တာ …

Blogspot …. wordpress … iblogger … ဘယ်ရွာကိုပဲပြောင်းပြောင်း ဘယ်အိမ်မှာပဲနေနေ … လေးမ အတွက်တော့ ဘလော့ဂ်ရပ်ဝန်း မှာ ထင်ရာစိုင်းနေခဲ့တာ တစ်နှစ်ကြီးများတောင် ပြည့်သွားပြီ..။

၂၀၀ရ မေလကုန်ခါနီးက စခဲ့တာဆိုတော့ ၂၀၀၈ မေလကုန်ခါနီးဆိုရင် တစ်နှစ်ပေါ့ …။

ဒါပေမယ့် မေလဆန်းမှာပဲ အမှတ်တရပိုစ့်လေးတင်လိုက်ပါတယ်…။

ဘာလို့လဲဆိုတော့ သိတော်မူကြတဲ့အတိုင်း ဒီက connection က အစိုးမရဘူးလေ..။ မေလရောက်ပြီဆိုတော့ ( မိုးတွေကရွာ .. မုန်တိုင်းကရှိ…အဲ…အဲဒါ..ကို ဆိုလိုတာပါ…) connection က ပြုတ်ချင်ပြုတ်မှာ … ရေအောက်က cable ကြိုးတွေက ပျက်ချင်ပျက်မှာ … server က ဒေါင်းချင်ဒေါင်းမှာလေ…။

လေးမက တစ်နှစ်ပြည့် အမှတ်တရအနေနဲ့  သူငယ်ချင်းတွေရဲ့ ကွန့် မန့် လေးတွေကို ( အားလုံးပေါင်း ၉၃ – ၅) slide show လေး လုပ်ထားတာဆိုတော့ မတင်ရရင် ကလိ… ကလိ နဲ့ တော်တော် အခဲမကျေ ဖြစ်မိမှာ …။

အဲလို ကိုယ့်စိတ်ကိုယ် အတွင်းကျကျသိလို့ လကုန်ထိမစောင့်တော့ဘူး… ။ မေဒေး နေ့ မှာပဲ Happy Bitrhday လုပ်လိုက်တယ်…။

Happy Birthday , one-year old my Virtual World !!!

P.s. မုန့်ကျွေးရန် ပက်ကျံ မရှိပါ..။

ဝန်ခံချက် ။ ။ မလေး(မအိမ့်ချမ်းမြေ့ ) ဘလော့ဂ်မှာ comment တွေကို slide show လေးလုပ်ထားတာကြည့်ပြီး အရမ်းသဘောကျလို့ မလုပ်တတ်လုပ်တတ်နဲ့ အတုခိုးပါသည်..။