ရေ … ရေ … ရေ ပေးပါ
ရေ … လူ့ ဘ၀မှာ နေ့ စဉ်သုံး … သူမရှိရင် အဆင်မပြေ … ။ ရေ ကို ပုံစံအမျိုးမျိုးနဲ့  လို အပ်နေကြသည် …။ လိုအပ်နေတဲ့ နေရာမှာ ရေက ပုံစံအမျိုးမျိုးနဲ့  ဖြည့်ဆည်းပေးနေရသည် … ။
ကျွန်တော့် ဘ၀မှာ ရေ ကြောင့် ဆန္ဒပြခဲ့ဖူးတယ် လို့  ပြောရင် ခင်ဗျားတို့  အံ့သြသွားကြမလား … ။တကယ်ပါ … ကျွန်တော် ရေ အတွက် တိုက်ပွဲ ၀င်ခဲ့ဖူးပါတယ် …။
အထက်အညာဒေသ … ရေရှားတဲ့ ဒေသ .. ခုခေတ်လို တံဆိပ်အမျိုးမျိုးနဲ့ ရေသန့် လို့ စာတမ်းထိုးထားတဲ့ ရေသန့်ဗူးတွေ ဖောဖောသီသီ မရှိသေးတဲ့ အချိန်မှာ ကျွန်တော်တို့  နယ်က စာသင်ကျောင်းတွေမှာ ကျောင်းသားတွေအတွက် သောက်ရေကို ကျောင်းက စီမံပေးကြတယ် … ။ ကျောင်းသားတွေက အလှည့်ကျ ရေဖြည့်ရတယ် …။ တွင်းရေကို ပိုက်နဲ့  သွယ်ပြီး ရေစစ်ကန်မှာ တဆင့်ခံပြီး လှောင်ထားပေးတာကို ကျောင်းသားတွေက ရေ အိုးနဲ့  အလှည့်ကျ သယ်ကြရတယ်… ။ တစ်နေ့  … ကျွန်တော့်ရဲ့ အလယ်တန်း ကျောင်းသားဘ၀ရဲ့ ရက်စွဲတစ်ခုမှာ … ကျောင်းမှာ သောက်ရေ အခက်အခဲ ဖြစ်သွားတယ်…။ ရေတွင်းကြောင့်လား .. ရေစစ်ကန် ကြောင့်လား .. ကျွန်တော် သေချာ မမှတ်မိတော့ပါ …။ ကျွန်တော်မှတ်မိသည်ကတော့ ကျောင်းသူကျောင်းသားများအတွက် ရေ ပြတ်လပ် သွားသည်မှာ တစ်ပတ်ခန့်  ကြာမြင့် သွားသည် …။ ကျွန်တော်တို့  နယ်မှာ အိမ်က ရေဗူး.. နှင့် ကျောင်းတက်သော အလေ့အကျင့် ကလည်းမရှိ … အနီးအနားရွာများမှ လာရောက် ပညာသင်ယူရသော ကျောင်းသားများလည်း ရှိသဖြင့် ရေ ပြတ်လပ်သော ပြသနာ ကြောင့် ကျောင်းသားများ အလွန် ဆင်းရဲဒုက္ခရောက်ကြရသည် …။
ရေပြတ်လပ်မှု တစ်ပတ်ပြည့်တဲ့ နေ့ … ကျွန်တော် မေ့မရတဲ့ နေ့  … အဲဒီနေ့  နေ့လယ်ခင်း ထမင်းစားဆင်းချိန်မှာ ကျွန်တော်တို့  ပဉ္စမတန်း စာသင်ခန်းထဲကို ကျောင်းသားကြီး ငါးယောက်ခန့်  ၀င်လာပါတယ် …။
“ အားလုံး … နားထောင်ပေးပါ”
အရပ်မြင့်မြင့် မျက်ခုံး ကောင်းကောင်း … နဲ့  ကျောင်းသားကြီးရဲ့ အောင်မြင်ခန့်ညားတဲ့ အသံဝါကြီးနဲ့  အရောင်တောက်နေတဲ့ မျက်လုံးတွေ အောက်မှာ ကျောင်းသားတွေ အားလုံး ငြိမ်ကျသွားပါတယ် …။
“ ညီလေး .. ညီမလေးတို့  … မင်းတို့ မှာ ရေ … သောက်စရာ ပါလား..”
“ မပါပါဘူး” သံပြိုင် အော်လိုက်ကြတယ်..။
“ ငါတို့ ကျောင်းမှာ ရေပြတ်လပ်နေတာကြာပြီဆိုတာ မင်းတို့ အသိပဲ …”
“ ငါတို့  ကျောင်းသားတွေ ရေငတ်နေတာ .. သည်းခံနေလာခဲ့တာ တစ်ပတ်ရှိသွားပြီ … ငါတို့ ရဲ့ ဆရာဆရာမတွေကလည်း ထိရောက်အောင် မစွမ်းဆောင်ပေးနိုင်ဘူး…။ ဒီတော့ ငါတို့  ခံစားနေရတာကို ကျောင်းအုပ်ဆရာကြီးကို တင်ပြဖို့ လို တယ်…။ တစ်ဦးတစ်ယောက်တည်း သွားပြောရင် အရေးတယူ ဆောင်ရွက်ပေးမှာမဟုတ်ဘူး…။ ဒီတော့ ငါတို့  အများစုရဲ့ ဆန္ဒကို အများစုကိုယ်တိုင် ဖော်ထုတ်ပြသရမယ်…။ မင်းတို့ သိထားရမှာက ငါတို့ ဟာ ကျောင်းအုပ်ဆရာကြီးကို ကလန်ကဆန်လုပ်တာ မဟုတ်ဘူး… ငါတို့ ရဲ့ အခက်အခဲကို ရိုးသားစွာ တင်ပြတာဖြစ်တယ်…။ ဒီတော့ မင်းတို့ ရဲ့ အမူအယာဟာ ရိုးသား ယဉ်ကျေးဖို့  လိုတယ်…။ ကျောင်းလွှတ်ချိန်ရောက်ရင် ကျောင်းအုပ်ဆရာကြီး ရုံးခန်းရှေ့ မှာ ငါတို့ ရဲ့ အခက်အခဲကို သွားတောင်းဆိုကြမယ်…။ ငါတို့ နဲ့ အတူ လိုက်မယ့် ညီငယ် .. ညီမငယ်တွေက ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့ စာကို သေချာ ကျက်မှတ်ခဲ့ပါ …”
သင်ပုန်းပေါ်မှာ ကျောင်းသားတစ်ယောက်ရေးပေးသောစာကို ကျွန်တော် သေချာ လိုက်ကူးလိုက်ပါသည် …။ ထိုကျောင်းသားကပဲ ကျောင်းသားအားလုံးကူးပြီးချိန် လောက်မှာ ပြန်ဖျက်သွားပါသည် …။
ညနေပိုင်း စာသင်ချိန်များသည် ကျွန်တော့်အတွက် ကုန်ခဲလှပါသည် …။ ဆရာမ၏ သင်ကြားမှုများသည် ကျွန်တော့်ရဲ့ လှုပ်ရှားနေတဲ့ စိတ်ကို တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခြင်းမရှိ …။ ကူးယူထားသောစာကို မေ့မသွားအောင် စိတ်ထဲက ကြိမ်ဖန်များစွာ ရွတ်ဆိုနေခဲ့သည် …။
ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်မှာ ကျွန်တော် အပါအ၀င် အတန်းသား တော်တော်များများ အခန်းရှေ့ တွင် ကျောင်းသားကြီးများကို စောင့်နေခဲ့ကြသည် …။ ကျောင်းသားကြီးများဦးဆောင်ပြီး ကျောင်းအုပ်ဆရာကြီး ရုံးခန်းရှေ မှာ နေရာ ယူလိုက်ကြသည် …။
ဆရာကြီး၏ အခန်းတံခါး စေ့ထားကြောင်း ကျွန်တော် သတိထားမိခဲ့သည် …။
အားလုံးနေရာ တကျဖြစ်သွားချိန်တွင် …
“စ..”
“ရေ … ရေ … ရေ ပေးပါ
ရေ ကြည်ပြတ်လို့  မနေနိုင်
ခွေယိုင်လို့ သာ လဲ ပါပေါ့
ရုံးခန်းထဲက ဆရာကြီး ( အသံကိုဖိ … အံကြိတ်ကာ အော်မိသည် )
ကျောင်းသားတွေကို ထွက်ကြည့်ပါဦး..” ( အသံကို မိုင်ကုန်တင်ကာ အော်လိုက်ကြသည်)
ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲက ထွက်လာမည်လောဟု ကျွန်တော် ယောင်ယမ်းကာ မျှော်ကြည့်မိသေးသည် ..။
ကျောင်းဝန်ထမ်းများက ကျွန်တော်တို့ ကို ကြည့်ပြီး ကြံရာမရသည့် မျက်နှာများဖြင့် ရုံးခန်းထဲသို့  ၀င်သွားကြသည် …။ ကျွန်တော်တို့  ၅ ခေါက်မျှ အော်ပြီးချိန်တွင် ဒု – ကျောင်းအုပ်ထွက်လာကာ ရေ.. အမြန်ဆုံး အဆင်ပြေစေရမည် ဖြစ်ကြောင်း ပြောဆိုကာ ကျွန်တော်တို့ ကို အိမ်ပြန်စေခဲ့သည် …။
အခု ကျွန်တော့် အသက် ၅၀ ကျော်ခဲ့ပြီ…။ အလယ်တန်း ကျောင်းသားဘ၀ က အဖြစ်ကို ပြန်တွေးကာ ကျွန်တော်ပြုံးမိသည် …။ တဆက်တည်း ကျွန်တော့်ကိုယ်ကျွန်တော် အံ့သြမိပြန်သည် …။ အဲဒီတုန်းက ကျောင်းအုပ်ဆရာကြီးက ကြိမ်လုံးနဲ့  ထွက်ရိုက်မှာ … မိဘထံ တိုင်စာပို့ မှာ … နောက်ဆုံး ကျောင်းထုတ်ခံရမှာ… အဲဒါတွေကို စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ အရေးဆိုခဲ့မိတဲ့ အတွက် အံ့သြမိသည် …။ လက်ရှိမှာ ၉ တန်းကျောင်းသား ကျွန်တော့်သားကို ကျောင်းစာကိုသာ စိတ်ဝင်တစားသင်ယူရန်.. အခြားမည်သည့် အရေးကိုမှ စိတ်မ၀င်စားရန် ကျွန်တော် တတွတ်တွတ် ဆုံးမနေတတ်သည် မဟုတ်ပါလား…။ ကျွန်တော့်သားကလည်း ဆယ်တန်းအောင်လျှင် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ … ကောင်မလေးများနဲ့  ချက်တင်းထိုင်ဖို့  … ဆရာ..ဆရာမ အလစ်.. မှာ နားကပ်တစ်ဖက်ကို ခိုးတပ်ဖို့  … ပိတ်ရက်မှာ dancer သင်တန်းတက်ဖို့  က လွဲလို့  ကျွန်တော်စိုးရိမ်သော ကိစ္စရပ်များကို ယောင်လို့ မှ စိတ်မ၀င်စားသည့် အတွက် ကျွန်တော် ရင်အေးစွာ … ရင်လေးစွာ သက်မချရပေါင်းလဲ မနည်းတော့ …။
ကျွန်တော့်မှာ အလယ်တန်း ကျောင်းသားဘ၀တုန်းကလို သတ္တိမျိုး ရှိမနေတော့တာ သေချာပါသည်…။ အဲဒီတုန်းကလို အခြေအနေမျိုး … အခုနေကြုံကြိုက်လာလျှင် … ကျွန်တော် တောင်းဆိုဝံ့ပါတော့မလား … ။ ကျွန်တော်သည် ရေသောက်စရာမရှိလျှင် ကိုယ့်တံထွေးကိုယ် မျိုချကာ ကြိတ်မှိတ် သည်းခံနေနိုင်မည်လား … တရားသဘောပါပဲလို့  သဘောထားကာ ဖြစ်ပျက် .. ရှုမှတ်နေမိမည်လား… ငယ်ရွယ်သော လူငယ်လေးများကို .. တောင်းဆိုကြပါ.. တောင်းဆိုကြပါ … ဘေးကနေ အားပေးနေပါတယ်… လို့  တိုက်တွန်းမိမည်လား… မသေချာပါ …လူဆိုတာ အသက်ကြီးလာလေ… သတ္တိနည်းလာလေ… အတ္တကြီးလာလေ… ကိုယ့်ကိုယ်ကို ချစ်တတ်လာလေပဲ… ဟုမှတ်ယူရမည်လား… အသက်ကြီးလာလေ… ဆင်ခြင်တုံတရား ပြည့်ဝလာလေ… တွေးခေါ်စဉ်းစားတတ်လာလေ … အရာရာကို နားလည်ပေးနိုင်ဖို့ … တရားနဲ့ ဖြေနိုင်အောင် ကြိုးစားတတ်လာလေ လို့ ပဲ… မှတ်ယူလိုက်ရမလား … ကျွန်တော် မဝေခွဲတတ်ပါ …။ ကျွန်တော် မသိပါ …။ ကျွန်တော် သိတာကတော့ လောလောဆယ် အတွေးတွေနဲ့  ကျွန်တော် ရေငတ်နေပါသည်…။
ရေ … ရေ … ရေ ပေးပါ … .။ ။