လွတ်လပ်ခြင်း

ကျွန်မ လွတ်လပ်သွားပြီ …

ကျွန်မ လွတ်မြောက်ခွင့်ရခဲ့ပြီ …

သူ.. ကျွန်မကို စွန့် လွှတ်လိုက်ပြီ…

မဟုတ်ဘူး… ကျွန်မက သူ့ ကို စွန့်ခွာခဲ့တာ …

ဒီလိုနေ့ မျိုးကို ကျွန်မ စောင့်နေခဲ့တာ သိပ်ကြာပြီ … ကျွန်မကို သိပ်ထိန်းချုပ်လွန်းတဲ့ သူ့ ဆီမှာ ကျွန်မ မွန်းကြပ်နေခဲ့တာ ကြာခဲ့ပြီ… ။ သူ့ စိတ်နဲ့  ကျွန်မကိုယ်ဖြစ်ခဲ့ရတာ ကြာခဲ့ပြီ …။ လက်တွဲစကတော့ ဒီလိုညနေခင်းတွေမှာ သူနဲ့ အတူ ရှိနေရတာ… သူ ပျော်အောင် …သူခိုင်းသမျှ.. လုပ်ပေးနေရတာ ကျွန်မ သိပ်ကျေနပ်ခဲ့ပါတယ် …။

ဒါပေမယ့်တဖြည်းဖြည်းနဲ့  ကျွန်မ ကိုယ်ကျွန်မ ပျောက်ဆုံးလာခဲ့တယ်…။ ကျွန်မ ကိုယ် ကျွန်မ ( ကျွန်မစိတ်.. ခံစားချက်… ဆန္ဒ … ပျော်ရွှင်မှု ) ရှာမတွေ့ တော့မှာ ကျွန်မ သိပ်ကြောက်လာတယ် … ။ ကျွန်မ အရင်က သိပ်ထက်မြက်တယ်လေ… ကျွန်မ က လှတယ် … တော်တယ်… လွတ်လပ်စွာ သွားလာနေထိုင်တတ်တယ်… အခု .. သူ့ လက်ထဲရောက်မှ … သူ့ ဆန္ဒနဲ့  ရှင်သန်နေရတယ်…။ သူမသွားနဲ့ ဆိုရင် ကျွန်မ မသွားရဘူး… ပြန်ခဲ့တော့ဆိုရင် ကျွန်မ ပြန်ရတယ် … အခုသွားဆိုရင်လည်းသွားရတယ်… သွားရင်းလာရင်း မိတ်ဆွေတွေနဲ့  ဆုံမိ… စကားလက်ဆုံကျမိရင်လည်း … သူက ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်တယ် …။

ဒီနေ့ တော့ ကျွန်မရဲ့ ထိန်းချုပ်ခံရမှုတွေ အားလုံး အဆုံးသတ်သွားပါပြီ …။ လမ်းသရဲပုံစံ … ခပ်ကြမ်းကြမ်း ကောင်လေး တစ်ယောက်က သူနဲ့ ကျွန်မကြားက သံယောဇဉ်ကြိုးကို တိခနဲ ပြတ်သွားအောင် ဆွဲဖြတ်လိုက်တယ်…။

ကျွန်မ ပျော်လိုက်တာ …။ သူ့ ရဲ့ နှမြောတသစွာ ကျွန်မကို ငေးကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မစိတ်တွေ ယိုင်လဲမသွားခင် ကျွန်မ အမြန်ဆုံးပြေးထွက်ခဲ့ပါတော့တယ်…။

အခုတော့လွတ်လပ်ပေါ့ပါးလိုက်တာလေ … သူခွင့်မပြုခဲ့တဲ့ နေရာတွေ ကို ကျွန်မသွားတယ် …။ လမ်းတစ်လျှောက် တွေ့ သမျှ အရာ အားလုံးနဲ့ ကျွန်မ မိတ်ဆွေဖွဲ့ တယ်…။ စကားပြောတယ်…။ ကျွန်မကိုယ်ကျွန်မ ပြန်ရှာတွေ့ လိုက်ရတယ်…။ ကျွန်မ သိပ်ပျော်တယ်…။ ကျွန်မသွားချင်ရာ သွားတယ်… ပြောချင်ရာပြောတယ် … ပျော်ချင်သလိုပျော်တယ်….။ ငါ့ကိုယ်ငါ ပိုင်ဆိုင်ပြီဟေ့ လို့  အသံတိတ် ဟစ်ကြွေးနေမိတယ် … ။

မှောင်ရီပျိုးလာတဲ့အချိန်မှာ ကျွန်မရဲ့အပျော်တွေဟာ အလင်းနဲ့ အတူ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာတယ်…။ အမှောင်ဝင်လာရင်… ကျွန်မ ဘယ်ကို ပြန်ရမှာပါလိမ့် … အရင်ကတော့ ဒီအချိန်ဆို သူ့ ရင်ခွင်မှာ မှီပြီး ကျွန်မ အိမ်ပြန်နေကျ..။ အခုတော့ ကျွန်မမှာ နားခိုရာ မရှိတော့ဘူး…။ အေးစက်စက် အမှောင်ထုအောက်မှာ ကျွန်မတစ်ယောက်ထဲ ယောင်ချာချာ ဖြစ်နေခဲ့ပြီ …။

မနက်ဖြန်ရော … ကျွန်မ ဘယ်တွေသွားပြီး… ဘာတွေလုပ်ရမှာပါလိမ့် … သူ့ ရဲ့လမ်းညွှန်မှုနဲ့  ကျင့်သားရနေခဲ့တဲ့ကျွန်မအတွက် ကိုယ်ပိုင်ဆန္ဒနဲ့  ဆုံးဖြတ်ချက်ဆိုတာ အတော်ခက်ခဲတဲ့ အရာပါလား…။ ကျွန်မ မျက်ရည်ကျလာခဲ့တယ်… တကယ်ဆို ကျွန်မ ပျော်နေရမှာမဟုတ်လား … ။ ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တွေနဲ့  ကျွန်မ အသက်ရှူကြပ်လာတယ်…။ ကျွန်မဟာ တစ်ယောက်ထဲ မနေတတ်တော့ပါလား…။ သူမပါဘဲ ခရီးမဆက်နိုင်တော့ပါလား…။

ကျွန်မ ဘ၀ဟာ အခုမှ တကယ်ကို သေဆုံးသွားပါပြီ …။ မနက်ဖြန်ကို ကျွန်မ ဘယ်လိုရင်ဆိုင်ရမလဲ…။

ကျွန်မတို့ အတူရှိခဲ့ဖူးတဲ့ ဒီ မြက်ခင်းပေါ်မှာ ကျွန်မ ငြိမ်သက်စွာ လဲလျောင်းရင်း အသစ်တစ်ယောက်နဲ့  ပျော်နေမယ့်သူ့ ကို ငေးမော ကြည့်နေရမလား…. ကောင်းကင်မှာ ပျံဝဲနေတဲ့ ရောင်စုံစွန်လေးတွေ နဲ့  သက်ဆိုင်သူကိုယ်စီကို ကြည့်ရင်း မနာလို ဖြစ်နေရမလား…။ သူနဲ့ အတူ ရှိနေတုန်းက ကောင်းကင်မှာ လှလှပပလေး မော်ကြွားနိုင်ခဲ့တဲ့ ကျွန်မက အခုတော့ အသုံးမ၀င်တော့တဲ့ စက္ကူစုတ် တစ်ရွက် ဖြစ်သွားခဲ့ပြီလား…။

တစ်ယောက်ယောက်က ကောက်ယူသွားရင်တော့ ငါ ကောင်းကင်ပေါ် ပျံဝဲနိုင်မှာပါလို့  ကိုယ့်ကိုယ်ကို အားပေးမိပြန်တယ်…။ ကောက်ယူတဲ့ သူဟာ သူသာဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးလေးနဲ့  မနက်ဖြန်အတွက် ကျွန်မ အသက်ရှူဖို့  ကြိုးစားနေပါတယ် ….။ ။

မှတ်ချက်။ ။ စွန် ရာသီရောက်ပြီဖြစ်လို့  ကောင်းကင်မှာ စွန်တွေ ပျံဝဲနေကြတယ်…။ ကြိုးဖြတ်ခံလိုက်ရတဲ့ စွန်လေး တစ်ခုနေရာက စိတ်ကူးယဉ်ကြည့်ထားပါတယ်…။ တဆက်တည်းမှာပဲ ယောက်ျားတွေဟာ မိန်းမတွေကို စွန်ကြိုးကစားသလို အလျှော့အတင်းနဲ့  ထိန်းချုပ်ရတယ်ဆိုတဲ့ ဘယ်နေရာမှာ ဖတ်ဖူးမှန်းမသိတာလေး သတိရလို့  စွန်လေးကို မိန်းမတစ်ယောက်ပုံစံရေးမိပါတယ် … ။ ဒါပေမယ့် တကယ်တမ်းပြောချင်တာကတော့ စိတ်ဆိုတာ လွတ်လပ်တိုင်းမကောင်းပါ… အသိတရားဆိုတဲ့ ချုပ်ကိုင်မှုလေးနဲ့  ဒွန်တွဲနေသင့်ပါတယ် … ဆိုတဲ့ အတွေးလေးပါ…။ လေးမအတွက်တော့ အတော်လေး ခက်ခဲနေသေးတဲ့ အရာပါပဲ …။ ထိန်းချုပ်ဖို့ နေနေသာသာ မြန်လွန်းတဲ့ စိတ်နောက်ကို အသိ..နဲ့  သတိက လိုက်လို့  မမီနိုင်ဘူးဖြစ်နေတယ်…။