လွတ်လပ်ခြင်း

ကျွန်မ လွတ်လပ်သွားပြီ …

ကျွန်မ လွတ်မြောက်ခွင့်ရခဲ့ပြီ …

သူ.. ကျွန်မကို စွန့် လွှတ်လိုက်ပြီ…

မဟုတ်ဘူး… ကျွန်မက သူ့ ကို စွန့်ခွာခဲ့တာ …

ဒီလိုနေ့ မျိုးကို ကျွန်မ စောင့်နေခဲ့တာ သိပ်ကြာပြီ … ကျွန်မကို သိပ်ထိန်းချုပ်လွန်းတဲ့ သူ့ ဆီမှာ ကျွန်မ မွန်းကြပ်နေခဲ့တာ ကြာခဲ့ပြီ… ။ သူ့ စိတ်နဲ့  ကျွန်မကိုယ်ဖြစ်ခဲ့ရတာ ကြာခဲ့ပြီ …။ လက်တွဲစကတော့ ဒီလိုညနေခင်းတွေမှာ သူနဲ့ အတူ ရှိနေရတာ… သူ ပျော်အောင် …သူခိုင်းသမျှ.. လုပ်ပေးနေရတာ ကျွန်မ သိပ်ကျေနပ်ခဲ့ပါတယ် …။

ဒါပေမယ့်တဖြည်းဖြည်းနဲ့  ကျွန်မ ကိုယ်ကျွန်မ ပျောက်ဆုံးလာခဲ့တယ်…။ ကျွန်မ ကိုယ် ကျွန်မ ( ကျွန်မစိတ်.. ခံစားချက်… ဆန္ဒ … ပျော်ရွှင်မှု ) ရှာမတွေ့ တော့မှာ ကျွန်မ သိပ်ကြောက်လာတယ် … ။ ကျွန်မ အရင်က သိပ်ထက်မြက်တယ်လေ… ကျွန်မ က လှတယ် … တော်တယ်… လွတ်လပ်စွာ သွားလာနေထိုင်တတ်တယ်… အခု .. သူ့ လက်ထဲရောက်မှ … သူ့ ဆန္ဒနဲ့  ရှင်သန်နေရတယ်…။ သူမသွားနဲ့ ဆိုရင် ကျွန်မ မသွားရဘူး… ပြန်ခဲ့တော့ဆိုရင် ကျွန်မ ပြန်ရတယ် … အခုသွားဆိုရင်လည်းသွားရတယ်… သွားရင်းလာရင်း မိတ်ဆွေတွေနဲ့  ဆုံမိ… စကားလက်ဆုံကျမိရင်လည်း … သူက ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်တယ် …။

ဒီနေ့ တော့ ကျွန်မရဲ့ ထိန်းချုပ်ခံရမှုတွေ အားလုံး အဆုံးသတ်သွားပါပြီ …။ လမ်းသရဲပုံစံ … ခပ်ကြမ်းကြမ်း ကောင်လေး တစ်ယောက်က သူနဲ့ ကျွန်မကြားက သံယောဇဉ်ကြိုးကို တိခနဲ ပြတ်သွားအောင် ဆွဲဖြတ်လိုက်တယ်…။

ကျွန်မ ပျော်လိုက်တာ …။ သူ့ ရဲ့ နှမြောတသစွာ ကျွန်မကို ငေးကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မစိတ်တွေ ယိုင်လဲမသွားခင် ကျွန်မ အမြန်ဆုံးပြေးထွက်ခဲ့ပါတော့တယ်…။

အခုတော့လွတ်လပ်ပေါ့ပါးလိုက်တာလေ … သူခွင့်မပြုခဲ့တဲ့ နေရာတွေ ကို ကျွန်မသွားတယ် …။ လမ်းတစ်လျှောက် တွေ့ သမျှ အရာ အားလုံးနဲ့ ကျွန်မ မိတ်ဆွေဖွဲ့ တယ်…။ စကားပြောတယ်…။ ကျွန်မကိုယ်ကျွန်မ ပြန်ရှာတွေ့ လိုက်ရတယ်…။ ကျွန်မ သိပ်ပျော်တယ်…။ ကျွန်မသွားချင်ရာ သွားတယ်… ပြောချင်ရာပြောတယ် … ပျော်ချင်သလိုပျော်တယ်….။ ငါ့ကိုယ်ငါ ပိုင်ဆိုင်ပြီဟေ့ လို့  အသံတိတ် ဟစ်ကြွေးနေမိတယ် … ။

မှောင်ရီပျိုးလာတဲ့အချိန်မှာ ကျွန်မရဲ့အပျော်တွေဟာ အလင်းနဲ့ အတူ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာတယ်…။ အမှောင်ဝင်လာရင်… ကျွန်မ ဘယ်ကို ပြန်ရမှာပါလိမ့် … အရင်ကတော့ ဒီအချိန်ဆို သူ့ ရင်ခွင်မှာ မှီပြီး ကျွန်မ အိမ်ပြန်နေကျ..။ အခုတော့ ကျွန်မမှာ နားခိုရာ မရှိတော့ဘူး…။ အေးစက်စက် အမှောင်ထုအောက်မှာ ကျွန်မတစ်ယောက်ထဲ ယောင်ချာချာ ဖြစ်နေခဲ့ပြီ …။

မနက်ဖြန်ရော … ကျွန်မ ဘယ်တွေသွားပြီး… ဘာတွေလုပ်ရမှာပါလိမ့် … သူ့ ရဲ့လမ်းညွှန်မှုနဲ့  ကျင့်သားရနေခဲ့တဲ့ကျွန်မအတွက် ကိုယ်ပိုင်ဆန္ဒနဲ့  ဆုံးဖြတ်ချက်ဆိုတာ အတော်ခက်ခဲတဲ့ အရာပါလား…။ ကျွန်မ မျက်ရည်ကျလာခဲ့တယ်… တကယ်ဆို ကျွန်မ ပျော်နေရမှာမဟုတ်လား … ။ ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တွေနဲ့  ကျွန်မ အသက်ရှူကြပ်လာတယ်…။ ကျွန်မဟာ တစ်ယောက်ထဲ မနေတတ်တော့ပါလား…။ သူမပါဘဲ ခရီးမဆက်နိုင်တော့ပါလား…။

ကျွန်မ ဘ၀ဟာ အခုမှ တကယ်ကို သေဆုံးသွားပါပြီ …။ မနက်ဖြန်ကို ကျွန်မ ဘယ်လိုရင်ဆိုင်ရမလဲ…။

ကျွန်မတို့ အတူရှိခဲ့ဖူးတဲ့ ဒီ မြက်ခင်းပေါ်မှာ ကျွန်မ ငြိမ်သက်စွာ လဲလျောင်းရင်း အသစ်တစ်ယောက်နဲ့  ပျော်နေမယ့်သူ့ ကို ငေးမော ကြည့်နေရမလား…. ကောင်းကင်မှာ ပျံဝဲနေတဲ့ ရောင်စုံစွန်လေးတွေ နဲ့  သက်ဆိုင်သူကိုယ်စီကို ကြည့်ရင်း မနာလို ဖြစ်နေရမလား…။ သူနဲ့ အတူ ရှိနေတုန်းက ကောင်းကင်မှာ လှလှပပလေး မော်ကြွားနိုင်ခဲ့တဲ့ ကျွန်မက အခုတော့ အသုံးမ၀င်တော့တဲ့ စက္ကူစုတ် တစ်ရွက် ဖြစ်သွားခဲ့ပြီလား…။

တစ်ယောက်ယောက်က ကောက်ယူသွားရင်တော့ ငါ ကောင်းကင်ပေါ် ပျံဝဲနိုင်မှာပါလို့  ကိုယ့်ကိုယ်ကို အားပေးမိပြန်တယ်…။ ကောက်ယူတဲ့ သူဟာ သူသာဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးလေးနဲ့  မနက်ဖြန်အတွက် ကျွန်မ အသက်ရှူဖို့  ကြိုးစားနေပါတယ် ….။ ။

မှတ်ချက်။ ။ စွန် ရာသီရောက်ပြီဖြစ်လို့  ကောင်းကင်မှာ စွန်တွေ ပျံဝဲနေကြတယ်…။ ကြိုးဖြတ်ခံလိုက်ရတဲ့ စွန်လေး တစ်ခုနေရာက စိတ်ကူးယဉ်ကြည့်ထားပါတယ်…။ တဆက်တည်းမှာပဲ ယောက်ျားတွေဟာ မိန်းမတွေကို စွန်ကြိုးကစားသလို အလျှော့အတင်းနဲ့  ထိန်းချုပ်ရတယ်ဆိုတဲ့ ဘယ်နေရာမှာ ဖတ်ဖူးမှန်းမသိတာလေး သတိရလို့  စွန်လေးကို မိန်းမတစ်ယောက်ပုံစံရေးမိပါတယ် … ။ ဒါပေမယ့် တကယ်တမ်းပြောချင်တာကတော့ စိတ်ဆိုတာ လွတ်လပ်တိုင်းမကောင်းပါ… အသိတရားဆိုတဲ့ ချုပ်ကိုင်မှုလေးနဲ့  ဒွန်တွဲနေသင့်ပါတယ် … ဆိုတဲ့ အတွေးလေးပါ…။ လေးမအတွက်တော့ အတော်လေး ခက်ခဲနေသေးတဲ့ အရာပါပဲ …။ ထိန်းချုပ်ဖို့ နေနေသာသာ မြန်လွန်းတဲ့ စိတ်နောက်ကို အသိ..နဲ့  သတိက လိုက်လို့  မမီနိုင်ဘူးဖြစ်နေတယ်…။

23 Responses

  1. လိုတိုး ပိုလျှော့ 🙂 အဲ့လိုစကားကြားဖူးတယ် နည်းနည်းတော့ ပွားခဲ့လိုက်အုံးမယ် ကောင်လေးနဲ့  ကောင်မလေးက ကြိုးဆွဲနေကြတဲ့သူတွေပေါ့ သူနိုင် ကိုယ်နိုင်ဆွဲနေရင်တော့ တစ်နေ့ ဒီကြိုပြတ်မှာပဲ …အဲ့ဒီတော့ကားး မာနတွေ အတ္တတွေကို နည်းနည်းလေးလျှော့လိုက် ဟော့ပြီးတော့ အားပြတ်သွားသလိုနဲ့  လွှတ်ချလိုက်ပြီး တစ်ခါတည်း ကောင်လေးရင်ခွင်ထဲပြေးဝင်လိုက်ပေါ့ အဲ့လိုဆို ပွဲစဉ်ကတော်တော် လှသွားပြီး ကိုးရီးယား ကားတွေမှာဆို ဒါမျိုးတွေကြီးပဲ ပေါက်တယ်ဟုတ် တူမကြီးး 😛

  2. အလျှော့အတင်းလေးရှိမှနော်၊ စွန်လေးနေရာကနေ ခံစားကြည့်တော့လဲ စွန်လေးကို သနားမိတယ် 😦

  3. ခံစားမိပါတယ် မလေးမ။
    စွန်တစ်လက်ဟာ ငှက်တစ်ကောင် မဟုတ်တော့ . . . လေနှင်ရာ ကြိုးဆွဲရာပဲပေါ့ ..။
    စွန်လေးရဲ့  ရစ်ဘီးကိုင်တဲ့သူ သဘောကောင်းပါစေ =)

  4. တယ်ရင်းလေး
    လူဆိုတာ ကိုယ့်ဖြစ်နေတဲ့ဘဝမှာ ကျေနပ်တယ်ဆိုတာ ခပ်ရှားရှားပဲ
    နင်ကငါ့ကိုအားကျတယ် ငါကနင့်ကိုအားကျတယ်
    သေသေချာချာပြန်တွေးကြည့်တော့ ကိုယ့်ဘဝကိုအားမရတာပါ
    ဘာကြောင့်ပဲဖြစ်ဖြစ် စွန်လေးက ကြိုးမလျော့မတင်းလေးနဲ့
    လေကလည်းအသင့်အတင့်လေးရှိမယ်ဆိုရင်တော့ ကောင်းကင်မှာ
    သူပျော်နေမှာပေါ့
    နာ့ကိုလည်းကြည့်အုန်း နင်ငါ့ကိုပျော်နေတယ်ထင်လား
    ငါ့ရှေ့ရေးအတွက်ခေါင်းစားနေရတယ် အဲ့ဒီလမ်းကိုလျှောက်သင့်လားဆိုပြီး
    နင်ရှေ့မှာ လမ်းဖောက်ပြီသားရှိတယ် တယ်ရင်းလေး
    ညစ်စရာရှိရင် ထွက်ပေါက်တခုတော့ ရှာပေါ့ တယ်ရင်းလေးရယ်
    ထွက်ပေါက်မပေးရင် နင်မောနေမှာပေါ့ လူ + စိတ်
    ဘယ်ပြသနာမဆို အဖြေဆိုတာရှိစမြဲပဲလေ နင်ပြေါနေကြအတိုင်းပေါ့
    ပျော်ပျော်သာနေပါဟာ မကျေနပ်တာရှိရင် နင့်အိမ်က
    ချားကိုးကိုပိတ်ဟောက်လိုက် အဟီး ပြီးရင်နာ့ဦးလေးနဲ့ပြ
    နာ့ဦးလေးထောအောင် နာ့ဆီလာဖို့လည်းစဉ်းစား
    နင့်ကိုချစ်တဲ့နာရှိတေးတယ်ဆိုတာလည်း မမေ့နဲ့ (ပိုက်ဆံချေးမလို့ အင်ထရိုဝင်တာ)
    ပျော်ရွှင်ပါစေဟာ ပျော်ရွှင်မှုတွေ တလုံးတထွေးကြီးနင့်ဆီ ရောက်လာပါစေဟာ..
    ချစ်တဲ့ မိ

  5. စွန်ဖြစ်ရတဲ့ဘဝမှာ ရစ်ဘီးကိုင်တဲ့လူ အလိုကျလိုက်နေရမှာလား…

    မမရေ ဝေလေးလဲ စိတ်ကိုမထိန်းနိုင်သေးဘူး…. ခက်တယ် ခက်တယ် ဟီးး 😛

  6. ဘာများလဲလို့ဗျာ.. အလန့်တကြားတောင် ဖြစ်မိပါ့ အစ်မရာ.. 🙂 ဘာပဲဖြစ်ဖြစ် စိတ်မညစ်ပါနဲ့ဗျာ.

  7. နောက်ဆုံးကျမှ စွန်ကိုပြောမှန်းသိတာ…

  8. >မောင်မျိုး… ဒါရိုက်တာလုပ်ချင်လို့ လား..။ ဟား..ဟား…။
    >ဘိုတင့် … အင်း … သက်မဲ့တွေကို သနားတတ်လာရင် မလေးမလို ရူးကြောင်ကြောင် ဖြစ်လာလိမ့်မယ်..။
    >မီ … ဟုတ်တာပေါ့ ..လေနှင်ရာ … ကြိုးဆွဲရာပေါ့ …။
    >မိ … တယ်ရင်း… ကွန်မန့်  အရှည်ကြီးရေးပြီး ငါ့ကိုအားပေးသွားတယ် … ။ ငါ ညစ်လို့ ရေးတာ မဟုတ်ပါ ..။ ညစ်စရာလည်းမရှိပါ …။ စွန်တွေကိုကြည့်ပြီး အတွေးချဲ့ ကြည့်တာပါ …။ ခစ်..ခစ်…။ နင်လည်း ပျော်ပါစေ …။
    >ဝေလေး … ပုထုဇဉ်တွေဆိုတော့ ဒီလိုပဲ ထိန်းဖို့ ခက်တယ် …။
    >မှော်ဆရာ … ဘယ်လိုများတွေးလိုက်မိသလဲ မှော်ဆရာ …အလန့်တကြားတောင်ဖြစ်မိပါရဲ့ … အစ်မ မညစ်ပါဘူး မှော်ဆရာရဲ့..။
    > Sin dan lar… ဟုတ်… မသိမှာစိုးလို့  မှတ်ချက်ရေးထားရတာ…။

  9. wow wow
    ဟိုတွေးဒီတွေးအ၇င်တွေးလိုက်မိတာ ၀န်ခံ၏
    မှတ်ချက်ဖတ်ပြီးမှ သိသွားတာ အဲဂလိုကိုး
    ကောင်းပ
    🙂

  10. တကယ်ကိုကောင်း၏
    အရေးသားကောင်းသောမမ ကိုအားကျမိတယ်။

  11. တယ်ခက်တဲ့လူတွေ ဘလော့ဂ်ကို ဘလော့ဂ်လို မဖတ်ကြဘူး ဟား ဟား 😀 (ဆရာကြီး စတိုင်လ်ဖြင့်ပြောသည်)

  12. ဘာပဲဖြစ်ဖြစ် အရေးအသားက ထိတော့ ခံစားသွားတယ်။ စွန်နေရာကရော၊ ကြိုးနေရာကရော၊ ကောင်းကင်ထဲက လေလှိုင်းလေးတွေ နေရာကရော။ အဟီး
    မောသွားဒယ် ဟောဟဲဟောဟဲ

  13. ထင်တယ် တခုခုကို ရေးမှန်းတော့..။ စွန်ဖြစ်မှတော့ စွန်အလုပ်ကိုတော့ လုပ်ရမှာပဲမဟုတ်ဘူးလား လေးမရယ်။

  14. ဘိုတင့်ကြီးပြောလို့ ပြေးလာဖတ်တာ အစ်မရေ…။ တစ်ကယ်ကောင်းတယ်ဗျာ…။ ဇာတ်လုံးတစ်ခုလုံးကို မြုပ်ပြီးရေးသွားတာ…။

  15. တကယ်ကို ကောင်းတဲ့ အရေးအသားပါပဲအစ်မရေ… လွတ်လပ်ခြင်းဆိုတဲ့ သဘောတရားမှာ သတိတရားနဲ့ အသိတရားက စွန်ကြိုးလို ထိန်းနေမှ အဆင်ပြေမယ်ဗျ… အဟတ်ဟတ်… ဆရာကြီးလေသံ ပေါက်သွားပြီထင်တယ်… ကျွန်တော့်ကို ကျွန်တော်ပြန်ပြောတာပါဗျာ… အသိတရားနဲ့ သတိတရားလွတ်နေတာ ကြာနေပြီ… ကျေးဇူးပဲအစ်မရေ… အတွေးတစ်ခု အမြင်တစ်ခု ရသွားပြီ…။

  16. မမယ်လိုဒီလို ဟိုတွေးဒီတွေး တွေးလိုက်မိသေးတာ ၀န်ခံပါကြောင်း
    ကိုကြီးမှော်လို အထိတ်တလန့် ဖြစ်သွားမိသေးကြောင်း
    အဟီး နောက်ဆုံး ကိုသင်္ကြန်ကြီးမှတ်ချက်ပြုသလို တယ်ခက်တဲ့လူတွေထဲ ပါမသွားအောင် အသာကိုယ်ရှိန်သတ်၊ ဘလော့ကို ဘလော့လိုဖတ်သွားပါကြောင်း 🙂

    အစ်မလေးမရေ နားလည်မှုရစ်ဘီးလေးနဲ့ သံယောဇဉ်ကြိုးတစ်ချောင်း မပြောင်းမလဲရှိနေမယ်ဆိုရင်ဖြင့် အဆင်ပြေနိုင်ကောင်းပါရဲ့ဗျား 🙂

  17. တကယ်ကောင်းတယ် မမလေး
    ဖတ်နေတုန်းမှာ စွန်တကောင် အကြောင်းဆိုတာကို လုံးဝကို မထင်မိဘူး။
    မှတ်ချက်တွေ့တော့မှ….. အင်း ဒါလည်း ဟုတ်ပါလား ဆိုပြီး ဖြစ်သွားတယ်။ 😀

  18. ဟုတ်တယ်နော် အစ်မ ဖတ်ရင်းနဲ့ စဉ်းစားကြည့်နေမိတာ။ ကိုယ်သာ အဲနေရာမှာဆို ဘယ်လိုနေမလဲလို့လေ။ သမီးသာဆိုလည်း နေတတ်တော့မှာမဟုတ်ဘူး။ အကျင့်ဆိုတာတော့မလွယ်ဘူးနော်။

  19. >မ.. မောင်… ဟဲ..ဟဲ.. ဂလို တွေးမိအောင်ကို ကြံစည်ရေးသားထားတာလေ…။ အဲဂလို.. အဲဂလို…။

    >စိုးမိုးလေး… မမခေါင်းဆောင့်သွားပြီ… မြောက်သွားတာ..။

    >ကိုအတာ… ဆရာကြီးကလည်း… ဆရာကြီးက သင်ပေးလိုက်ပေါ့…။

    >ကြေးအိုး… ဟိုပြေးဒီပြေးနဲ့  ကြေးအိုးလေး မောသွားမယ်ဆိုတာ ယုံပါတယ်..။

    >မပန်… စွန်အလုပ်စွန်လုပ်ရင်း စွန်က အတွ န့် တက်ချင်နေသတဲ့…။

    >အနက်ကြီး… ကျေးဇူးတင်ပါတယ်…။ ဒါနဲ့  … ဘိုတင့် ဘော်ဒါဆိုတော့ ဘိုနက်လို့  ခေါ်ရင် ကောင်းမလား…။

    >လွမ်းလုင်… စိတ်နဲ့ ကိုယ်နဲ့  မြဲမြဲ တွဲထားနော်…။ အစ်မလည်း မနည်း စွဲကပ်နေရတယ်..။

    >ဘိုညိမ်း … ရစ်ဘီးအထိန်းကောင်းတဲ့.. စွန်သမားကောင်းတစ်ယောက်လားမသိဘူး…နော်…။

    >ကိုသန့်.. မမလေးရဲ့ စာမျက်နှာမှာ အရင်လို ပြန်တွေ့ ရပြီဖြစ်တဲ့ အတွက် အရမ်းဝမ်းသာတယ်…။ အရင်လို ကိုသန့် ကို ( တက်)ဂျောက်ချလို့ ရောရပြီလား… ။

    >၀င်္ကပါ… သိပ်ဟုတ်တာ ပေါ့ ညီမလေးရယ်…။ နေတတ်တော့မှာ မဟုတ်ဘူး..။

  20. လေးမရေ.. စာဖတ်ရင်းလူကို မျောပါသွားတာပဲ… အစတုန်းကတော့ ကောင်လေးနဲ့ ကောင်မလေးအကြောင်းပဲ ရေးထားတယ်ထင်တာ.. နောက်ဆုံးမှ.. ဒါပေမယ့် အပိတ်လေးက အရမ်းမိုက်တယ်.. 🙂
    လေးမရယ်.. “အသိ” ရှိပြီဆိုမှတော့ လိုက်လုပ်နိုင်မှာပါ။ အရင်ဆုံးက “အသိ” ရှိဖို့ပဲ မဟုတ်လား.. ပြောမယ့်သာ ပြောတာပါ.. အမလည်း စိတ်က ခပ်မြန်မြန်.. ပြင်ရဦးမယ်.. 🙂

  21. တော်သေးတာပေါ့ဗျာ..စွန်ကယ်ပေလို့..း)

  22. လွတ်လပ်မှုတိုင်းမှာ ကန့်သတ်ချက်ရှိတယ်ဆိုတာမျိုးပေါ့ အမရေ။း)

  23. >မနုစံ … ဝေး… အောင်ပြီကွ… အောင်ပြီ… ။ ကောင်လေးနဲ့  ကောင်မလေး လို့  ထင်ရအောင်ရေးထားတာ.. ဟိ…ဟိ…။ အစ်မရေ… စိတ်မြန်တာ ချင်းတူတယ်လား..။အဖော်ရပြီ…။

    >ကိုဒီဝိုင်း… ကယ်မယ့်သူက ရှိပြီးသား…။

    >ကျန်စစ် … ဒါပေါ့… ဒါပေါ့.. အရမ်းလွတ်လပ်တော့လဲ ယောင်ချာချာ ဖြစ်တတ်တာပေါ့…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: