အစား.. အသောက်…

ဒိုင်ယာရီ စာမျက်နှာ ( ၁၃ ) ။ ။ အစားအသောက် …

မုန့်တီသည်ရဲ့ မုန့် တီသုတ်

သူမ နာမည်ကို လေးမ မသိပါ …။ သူ့ ကို မုန့်တီသည် လို့ ပဲ ခေါ်ကြပါသည် …။ သူ …. မုန့် တီကို ဘယ်လိုရောင်းသလဲ လေးမ မမှတ်မိတော့ပါ ( ဟောဒီက မုန့်တီလို့ ပဲ ရောင်းသလား… မုန့်တီ ရမယ်လို့  အော်သလား… ဘာမှမအော်တာလား… မမှတ်မိတော့ ) …။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ဆိုရင် သနပ်ခါး အဖွေးသားလိမ်းပြီး အဆောင်ရှေ့ မှာ သူရောက်နေတတ်ပြီး အဆောင်သူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်… ။

“ မုန့် တီသည် … မုန့်တီ စပ်စပ်လေးတစ်ပွဲ ”

“ကျွန်တော့်ကို ငရုတ်သီး လုံးဝ မထည့်နဲ့ …”

“ မုန့်တီသည် … ခင်ဗျား မုန့် တီကြီးက ဘာလိုနေမှန်းမသိဘူး… စားမကောင်းဘူးဗျာ… ပြင်ပေး…”

“ ဟုတ်လား… လာခဲ့ … အချိုမုန့်  တစ်ပေါက် နှစ်ပေါက် … ပေါက်လိုက်မယ်…”

အဟုတ်ပဲ … ပုလင်းထဲက အချိုမှုန့်  အတောင့်လိုက်ကြီးတွေ ကျလာပြီးရင် မုန့် တီက ကောင်းသွားပြန်ရော…။

လူရှင်းတဲ့ အခါမျိုးမှာတော့….

“ ဒီမှာ မုန့် တီသည် … ကျွန်တော်တို့  ကျောင်းသူတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ… ကျွန်တော်တို့  ကျန်းမာရေးဟာ မုန့် တီသည် အပေါ် အများကြီး မူတည်နေတယ်…”

“အဲဒီတော့ …”

“ ခင်ဗျား မုန့် တီထဲ အချို မှုန့်  မထည့်နဲ့  ဗျာ…”

“ ဘာဖြစ်လို့ တုန်း ကိုယ့်လူ ရဲ့…”

“ အချိုမှုန့် က ကင်ဆာဖြစ်စေတယ်ဗျ… ကင်ဆာဆိုတာ မြန်မြန် သေတဲ့ ရောဂါ ဆိုးဗျ”

“ အချိုမှုန့်  မသုံးရင် ဘာသုံးရမတုန်း…”

“ဒါတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ … ကျွန်တော်မှ ဟင်းမချက်တတ်ဘဲ… ဘယ်သိမတုန်း”

သို့ ပေမယ့်လဲ…. ကျောင်းပြီးတဲ့အထိတော့ အချိုမှုန့်  နဲ့  နယ်ထားတဲ့ မုန့် တီသုတ်ကို တစ်ရှိုက်မက်မက် ၀ါးမျိုခဲ့ပါတယ် …။

“ မုန့် တီသည်… အကြွေးမှတ်ထားလိုက်နော်… နောက်မှပေးမယ်… ။ ခင်ဗျား … အတင်းတော့ မအုပ်နဲ့ နော်…”

“ အမယ်လေး… ကိုယ့်လူရယ်… ကျုပ်က အတင်းမအုပ်တတ်ပါဘူး… ဟိုကောင်မလေးဆို… ကျုပ်ကို မုန့်တီကြွေး ပေးရမှာ ၃၀၀၀ တောင်ရှိပြီ… ကျုပ်က မပြောပါဘူး… ။”

စာမေးပွဲ နီးတဲ့အခါ…..

“ မုန့် တီသည် .. ကျွန်တော်တို့  စာမေးပွဲတွင်း စားဖို့  ဟင်းကြော် လုပ်ပေးဦး… အစပ်လျှော့နော်…”

“ အေး.. နက်ဖြန်ညနေလာပို့  လှည့်မယ်…”

“ ခင်ဗျားသား… နေအောင်ကို ပို့ ခိုင်းလိုက်လေ…”

“အဟဲ… အဟုတ်ပြောတာဗျ… မုန့်တီသည်… ခင်ဗျားသားက ချောတယ်… ခင်ဗျားကို ယောက္ခမတော်မယ်ဗျာ …”

အဲသလို စခဲ့ရတဲ့ မုန့် တီသည် သားလေးတောင် မိန်းမ ခိုးပြေးသွားရှာပြီတဲ့…။ ရွှေမိရေ… နင့်ကို မစောင့်နိုင်ဘူးတဲ့…။

မက်မန်းဝိုင်

“ ဟေ့.. မိ နဲ့  လေးမ .. မေမြို့ တက်တဲ့ ကောင်တွေဆီက ၀ိုင်တစ်ပုလင်း ဓါးမြတိုက်လာတယ်… ။ သောက်မလား…။”

“ သောက်တော့ မသောက်ဖူးဘူး… ဒါပေမယ့် သောက်ကြည့်မယ်..”

“ အမယ်လေး .. မိဘတွေ သိရင်တော့ ရင်ကျိုးမယ်… ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့  ကျောင်းတက်ဖို့  လွှတ်လိုက်တာ…”

“ ဒါလည်း သင်ယူရမယ့် ပညာပဲလေ… ပညာစုံအောင်သင်မှ ကျေးဇူးဆပ်ရာရောက်တာပေါ့ …”

“ ရော့.. ဒီမှာ အာလူးကြော်… ဒီမှာ ခွက်… စမယ်…”

“ နေဦး… အလောင်းအစားနဲ့  သောက်မယ်… ဒီမှာ အကြွေစေ့… ခေါင်းပန်းလှန်မယ်… တစ်ကြိမ်မှန်ရင် တစ်ခွက်သောက်…”

တစ်ခွက်

နှစ်ခွက်

သုံးခွက်

“အရက်မူးတယ်ဆိုတာ ဘယ်လို ဟာမျိုးလဲ မသိဘူးနော်…။ အိပ်ချင်လာတာလား…။ မိ… ငါ … အိပ်ချင်လာပြီ…။ ငါ.. မူးပြီထင်တယ်နော်…။ ငါ… အိပ်တော့မယ်… မသောက်နိုင်တော့ဘူး…။”

“နင်ကလည်း အဲဒါမူးတာ မဟုတ်လောက်ပါဘူး…။ နေပါဦး…။”

“မရဘူး… အိပ်မယ်.. အရက်မူးရင် ကျွဲခိုးပေါ်တယ် တဲ့…။ မူးရင် စကားတွေ လျှောက်ပြောတယ်ဆို …။ မျိုထားတဲ့ စကားတွေ ထွက်ကုန်လိမ့်မယ်…။ တော်ပြီ.. အိပ်မယ်…။”

အဲဒီတုန်းကတော့ ၀ိုင်ကို သောက်ဖူးတယ်ရှိအောင် သောက်ကြည့်ခဲ့ပါတယ်…။ အခုတော့ နုပျိုတယ်… သွေးလှည့်ပတ်မှုကောင်းတယ် ဆိုလို့  တခါတရံ သောက်ပါတယ်…။ အဲဒီတုန်းကလိုပဲ မမူးခင် မြန်မြန်ရပ်ပြီး အိပ်ပစ်လိုက်ပါတယ်…။ သူ့ ကို ရစ်မိမှာ စိုးလို့ပါ… ။

ယမ်ယမ်ပုစွန်ချဉ်စပ် ကြက်ဥရော

“ ဟူး. ဗိုက်ဆာလိုက်တာ…”

“ ရသာမှန် ယမ်ယမ်…”

“ ပြုတ်လိုက်လေ … ကြာသလားလို့ … ကြက်ဥ တစ်လုံးကျန်သေးတယ်… ထည့်ပြုတ်လိုက်…”

“… ဒေါက်.. ဒေါက်..”

“ ဝေ…”

“ ဟဲ့.. အဆောင်မှူး အခန်းတွေ လိုက်စစ်နေတယ်… အောက်ထပ်မှာ တွေ့ ခဲ့တယ်…”

“အေး… အေး.. မိ… နင့် ခေါက်ဆွဲ လက်စဖျောက်… ”

“ ဟဲ့.. နင့်ကက်ဆက်ကို ပိတ်လေ…”

….

“ဒေါက်… ဒေါက်… ၇၉ တံခါးဖွင့်…”

“ ဟုတ်ကဲ့ မမ..”

“အေး.. ဘာလုပ်နေကြတုန်း..”

“ ပုံဆွဲနေတာ … မမ..။ project ရှိလို့ …”

“အေး… မိုးချုပ်ထိမဆွဲကြနဲ့ … အိပ်ရေးပျက်ပြီး အတန်းမတက်နိုင်ဘဲနေမယ်…”

“ ဟုတ်… စောစော အိပ်မှာ..မမ…”

“ နင်တို့  အခန်းထဲက ခေါက်ဆွဲပြုတ်နံ့  ရသလိုပဲ…”

( အဆောင်မှူးကလည်း အနံ့ခံတော်လိုက်တာ)

“မမ စိတ်ထင်လို့ ပါ… မရှိပါဘူး…”

“ ငါ… အခန်းထဲ ရှာ ဦးမှပဲ”

“ ဟုတ်… ရှာပါမမ.. အားနာလိုက်တာ… စာရွက်တွေပွနေလို့ …”

ဟိုရှာ ဒီရှာ ဟိုကြည့်.. ဒီကြည့်… ဘာမှမရှိပါ..။

“အေး.. အေး.. အခန်းထဲမှာ မီးမသုံးနဲ့ နော်… ရေနွေးလိုရင် စားဖိုဆောင်မှာ ညနေကတည်းက ဓါတ်ဘူးနဲ့  သယ်ထား.. ကြားလား…။ ဘယ်အခန်းက ပြုတ်နေလဲ မသိဘူး…။ အနံ့ ရတယ်… တစ်ခန်းခန်းတော့ မိမှာပဲ… သွားဦးမယ်

“ဟုတ်.. မမ”

“လေးမ… တံခါးဂျက် သေချာထိုးပြီးပြီလား…”

“အေး..ပြီးပါပြီ.. မြန်မြန် ထုတ်ပါ.. စားချင်လှပြီ…”

ရွှေမိက ကုတင်အောက်က … စက္ကူဗူးထဲက …. ထမင်းပေါင်းအိုးအလွတ်ထဲက …. ခေါက်ဆွဲပြုတ်ပန်းကန်လေးကို ထုတ်လိုက်ပါတယ်…။

၃ မိနစ်ပဲ.. စောင့်…

တစ်ယောက်တစ်ဇွန်း မြန်မြန်လေး ဖြိုလိုက်တာ ၃ မိနစ်အတွင်းပြိုသွားပါတယ်….။        

ခိုးစားရတဲ့ ခေါက်ဆွဲပြုတ်.. လုစားရတဲ့ ခေါက်ဆွဲပြုတ်… ငတ်နေတုန်း စားရတဲ့ ခေါက်ဆွဲပြုတ်မို့ … အရသာရှိလှသည်…။

လေးမသည် တစ်ခါတစ်ရံ၌ ဘဲဥတွေ… ငါးဖယ်တွေနဲ့ နယ်ထားတဲ့ နန်းကြီးသုတ်ကို စားရင်း ဂေါ်ဖီနဲ့  ပဲမှုန့် ပဲပါတဲ့ အဖြူရောင် မုန့် တီ သုတ်ကို သတိရနေတတ်သလို …

ဝိုင်ဖန်ခွက်လှလှလေးထဲက အနီရောင် အရည်တွေဟာ ပလတ်စတစ်ခွက်အဟောင်းလေးထဲက အနီရောင် အရည်တွေနဲ့   အာနိသင်ချင်း တူမတူ တွေးတောနေတတ်ပြီး ….

လုစားမယ့်သူမရှိတဲ့ ခေါက်ဆွဲပြုတ် ပန်းကန်ကြီးရှေ့ ချပြီး ငူငူကြီး ထိုင်နေတတ်ပါသည် …။ ။

11 Responses

  1. အလွမ်းဓာတ်ခံ ရှိပါတယ်ဆို ပိုဆိုးသွားပြီး ကျောင်းကအကြောင်းတွေ ရေးရလွန်းလို့ လည်း ကိုယ့်အကြောင်းတွေ ပေါ်လှပြီး မျက်မှန်ကလည်း သူ့ မကောင်းကြောင်းတွေဘလော့ဆိုတာကြီးပေါ်မှာရေးနေမှန်းသိလို့ ကတော့ ဘယ်လောက်စိတ်တိုနေမလဲမသိ 🙂

  2. ဖတ်ရတာ လွမ်းစရာကြီးဗျာ. ကော်ဖီမစ်၊ ယမ်ယမ်၊ နေခြည် (မန်းလေးက ထုတ်တဲ့ သနပ်ဖက် ဆေးလိပ်.. အစီခံ ရောက်သည်အထိ ဟိုထိုး၊ ဒီထိုးနဲ့ စီနီယာတွေ မတွေ့အောင် ဖွက်ပြီး အတန်းဖြုတ်တဲ့ အချိန်Toilet တွေဘက် သွားပြီး အနံ့ပေါင်းစုံ ရှုရင်း ၃၊ ၄ ယောက် မျှပြီး ခိုးသောက် ခဲ့ကြတာ၊ အခု သူနဲ့ အဆက်အသွယ် ဖြတ်လိုက်ပြီးပေမယ့် ဒီပို့စ် ဖတ်ပြီး ပြန်သတိရသွားတယ်). ယမ်ယမ်ကတော့ ညဘက် မီးပိတ်ချိန်လို့ အော်သံကြားပြီးတာနဲ့ ကိုယ်ဘေးနားက ဘော်ဒါနဲ့ “ဂေါက်” လို့ခေါ်တဲ့ ရေကို ရှော့ရိုက်ပြီး အမြန်ဆူအောင် လုပ်တဲ့ လျပ်စစ်ပစ္စည်း (သူကလည်း အလုံခြုံဆုံး ဖြစ်အောင် ဖွက်ထားရတယ်) နဲ့ရေနွေးတည်၊ ပြီးတာနဲ့ ယမ်ယမ် ရေချိုးတဲ့ ပလတ်စတစ် ခွက်ထဲကိုထည့်ပြီး ကုတင်ကြားထဲ ပူတာ၊ အေးတာ၊ ကျက်တာ၊ မကျက်တာတွေ မသိပဲ အမြန်မျိုချ. တယ်အရသာ ရှိခဲ့တယ်ဗျာ…

    (အခုတော့လည်း ခေါက်ဆွဲခြောက်တွေ ပြုတ်ပြုတ်ပြီး မစားဖြစ်လို့ အေးခဲ၊ သွန်ပစ်လိုက်ရတဲ့ အကြိမ်တွေ မနည်းတော့ဘူးဗျ.. 😛 )

  3. အပေါ်ကအကိုကြီးပြောသွားတဲ့အတိုင်းပဲ သူပြောသွားတာတွေကို သွားသတိရတယ် 🙂
    အဲ…အစ်မက ၀ိုင်သောက်ပြီး မမူးခင် အမြန်အိပ်လိုက်တော့ မူးတဲ့အရသာကို မသိတော့ဘူးပေါ့ 😛

  4. အပေါ်က နောင်တော်ကြီးနဲ့
    ညီလေးဘိုတင့် 😛 ပြောသွားသလိုပဲဗျ

    အနော်တို့က ဘ၀တူတွေကိုးခင်ဗျ 😀
    ဘယ်လိုပြောရမှန်းမသိဝူးးးး
    လွမ်းသွားတာတော့ သေချာတယ်အစ်မလေးမရေ
    လွမ်းလို့ ပြန်ဖြစ်ချင်လားဆိုရင်တော့ အဟဲ ကြောက်…ကြောက်

  5. လွမ်းစရာပဲ မလေးမရယ်။ မလေးမအစား လွမ်းတောင် လာပြီ။

  6. ခေါက်ဆွဲပြုတ်ပန်းကန်ကြီးရှေ့ချပြီး ငူငူကြီးထိုင်နေတတ်တယ် အဲဒါလေးဖတ်ပြီး တမျိုးပဲ ခံစားလိုက်ရတယ် တခါတလေလဲ ဘဝမှာ ဘာမှမဆုံးရှုံးရသေးသလိုနဲ့ အမှတ်တမဲ့ပျောက်သွားတာတွေ အများကြီး ပျောက်မှန်းသတိမထားခင်တုန်းကတော့ နေသာသလို အဲဒီအရေးမပါတာလေးတွေ ပျောက်မှန်းသိသွားတော့ ရင်ထဲမှာ ပြောမပြတတ်အောင် ဟာတာတာကြီး အင်မတန်စိတ်ဓာတ်ထက်သန်ပြင်းရှပြီး အင်မတန်စိတ်ပျော့စိတ်လွယ်သော စာရေးသူလို့ အရင်က မမကိုမွန်ဝေဖန်ခဲ့တာ အခုဒီစာဖတ်ပြီး အဲဒါကို တခါထပ်ပြောမယ်

  7. ရှာလို့တွေ့ပြီ။ link to the past ဘာမတူသလဲ ဆိုတာ။ ခု သိပြီ။
    နောက်ထပ် link တွေ ချိတ်ပါဦးဟာ။ ဖတ်ရတာ မဝဘူး။
    အပေါ်မှာ “ မွန် ” ရေးသွားသလိုပဲ နာ့စိတ်ထဲမှာလည်း ….ယောင်းမရယ် ။

    ကျေးဇူး

  8. မမတို့ကျောင်းတတ်တုန်းကပျော်စရာကြီးနော်။ လုစားရတဲ့အစားအသောက်တွေကိုတော့ လွမ်းသားပဲ။ အတန်းထဲမှာပဲ မုန့်စုစားတာ နည်းနည်းလေးဆိုတော့ လုစားကြရတာ..
    လွမ်းသွားပြီ……

  9. လွမ်းစရာကြီးနော်။
    ကျောင်းတုန်းက အချိန်တွေကို ပြန်တမ်းတတိုင်း စာကျက်ချိန်ကို ခဏအတိတ်မေ့ထားတယ်။ စာတွေတော့ ပြန်လုပ်ရတာ ပျင်းလယ်။

  10. စိုးမိုးတို့ လည်းအခုထိလုစားကြတုံးဘဲ.. 😛

  11. လေးမရေးထားတာ ဖတ်ပြီး အရင်တုန်းက သူငယ်ချင်းတွေနဲ့ အတူသွား အတူစားခဲ့တာ တွေ သတိရမိတယ်.. အဆောင်မနေဖူးတော့ အဆောင်ကျောင်းသူဘ၀ကို မရဖူးလိုက်ဘူး.. အမက အဆောင်မှာ နေရင်း ကျောင်းတက်ချင်တာ.. ကျောင်းကိုလွမ်းသွားပြီ ညီမလေးရေ..

    အော်.. ၀ိုင်သောက်တဲ့နေရာလေးဖတ်ပြီး အမနဲ့ တူတယ်ဆိုလို့ သတိရမိသေးတယ်.. အဟဲ.. အမကတော့ အရမ်းရစ်တာ.. 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: