ကျောင်းပြေး

ကျောင်းပြေးတတ်ခဲ့ပြီ …။

ကျောင်းပြေးဖြစ်နေပြီ …။

ကျောင်းပြေး မိလေပြီ …။

သူများတွေ စာအံတာကို တိတ်တိတ်ငေးရင်း ဝေးဝေးမှာ လုပ်ချင်တာ လုပ်တတ်ခဲ့ပြီ …။

ကျောင်းကို ဦးတည်ပြေးပြီး စာသင်ခန်းနားရောက်မှ လှည့်ပြေးတတ်တဲ့ ခြေလှမ်းတစ်စုံကို တာဝန်ယူမဲ့သူမရှိပြီ …။

ဒေါင် … ဒင်သံကြားမှ ကျောင်းကို အူယားဖားယား ပြေးတတ်သူအတွက် ခေါင်းလောင်းထိုးမယ့်သူမရှိပြီ …။

ဖတ်သူမရှိတဲ့ စာစီစာကုံးတွေက စာရွက်ပေါ် မရောက်နိုင်ပြီ …။                    

ဟာမိုနီ လိုက်မယ့်သူမရှိတဲ့ သီချင်းတွေက ဗိုက်ထဲကို ခုန်ချသွားကြပြီ …။

ကျောင်းသွားဖော်တွေ အများကြီးကြားက ကျောင်းပြေးဖော်ကို အလျင်စလို ရှာမိသည် …။

ကျောင်းပြေးတစ်ယောက် ရေကန်ဘေးမှာ ငါးမျှားတံ တစ်ချောင်းနှင့် ထိုင်နေတတ်သည် …။

အတွေးတွေကို ငါးစာအဖြစ် ငါးမျှားတံထိပ်တွင် ချိတ်ဆွဲ ခဲ့သည် …။

ကန်ထဲတွင် ငါးတစ်ကောင်မျှမရှိ … ။

နေစောင်းတော့ ရေစိုနေတဲ့ အတွေးတွေကို နေလှန်းပြီး အိမ်ပြန်ခဲ့သည်  … ။

ဤနည်းဖြင့် ကျောင်းပြေးတစ်ယောက် ကျောင်းပြေးခြင်း၌ ခုံမင်နေသည် …။

ကျောင်းပြေးသည် ကျောင်းပြေးလိုသောကြောင့် ကျောင်းပြေးဖော်ကို အလိုရှိသည် …။

ကျောင်းပြေးဖော်တွေ့ ခဲ့လျှင် အတူရွတ်ဆိုဖို့  ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစား အစပျိုးထားသည် …။

“ကျောင်းမတက်ရတာ ပျော်စရာ …

ကျောင်းပြေးရတာ ကောင်းသဗျာ…

ဟ..ဟာ..ဟာ……”                               ။ ။