၁၃ရက်ဖွား .. စနေသား.. ဗိသုကာ( ၂)

ထိုဗိသုကာသည် အိမ်ပုံစံကို ဒီဇိုင်းမဆွဲ … ပြည်သူ့ တပ်မတော်ကို ဒီဇိုင်းဆွဲ ပုံဖော်ခဲ့သည် …။

ထိုဗိသုကာသည် အဆောက်အအုံကို မတည်ဆောက် … ပြည်ထောင်စုကို တည်ဆောက်ခဲ့သည် …။

ထိုဗိသုကာသည် မြို့ ကွက်များကို နေရာမချ … မြန်မာနိုင်ငံတော်၏ ရပ်တည်မှုကို နေရာတကျ စီမံခဲ့သည် …။

ထိုဗိသုကာသည် ပုံဆွဲခဲတံကိုမကိုင် … သေနတ်ကိုကိုင်ခဲ့သည်….။

တက္ကသိုလ်နေ၀င်းရေးသားသော ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ … ထိုဗိသုကာ၏.. ဘ၀ကို ငြိမ်းချမ်းစွာ ဖြစ်သန်းလိုမှုကို ထင်ဟပ်ပြနေသော စာသားအချို့ ကို အပြာရောင်စာလုံးများဖြင့် ကူးယူဖော်ပြလိုက်ပါသည်…။

ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ် ။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေလွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေးဆရာ လုပ်ချင်တယ် ။ မင်းကလည်း စာရေးဆရာဖြစ်နေပြီဆိုတော့ ငါ့အဖို့  အဖော်လည်းရတာပေါ့။ ငါတို့ ဆရာတပည့် နှစ်ယောက် စာရေးစားရင် ဖြစ်နိုင်ပါလိမ့်မယ်ကွာ ။ တို့ နှစ်ယောက်စလုံး ဗမာလိုရော၊ အင်္ဂလိပ်လိုပါ စာတွေရေးကြမယ်. .။ ဒါမှလဲ ငါ့မိသားစုအတွက် လောက်မယ်။ တကယ်ပါကွာ ငါက တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်။

လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် ဟု စိတ်ကူးထားသော ထိုဗိသုကာသည် လွတ်လပ်ရေးမရခင် … အနားယူခဲ့သည်… အနားယူခဲ့ရသည် …။ ကိုယ်တိုင်စာရေးချင်သော ဗိသုကာသည် နှောင်းလူတို့ ရေးစရာ အကြောင်းအရာများကိုသာ ထားခဲ့နိုင်သည်…။

ထိုဗိသုကာသည် သူဖန်တီး.. ပုံဖော်… တည်ဆောက်ခဲ့သည်များ ပျက်စီးပြိုကွဲမည်ကို အင်မတန် စိုးရိမ်ပေလိမ့်မည် … ။ ထိုဗိသုကာ၏ စေတနာကို သိနားလည်သော သူတို့ သည် ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ကြပေလိမ့်မည် ။ ထိုဗိသုကာ၏ စေတနာကို ဖျက်စီးမှုပြုသူတို့ သည် အဆုံးမရှိသော နာကျင်ခြင်းဖြင့် ဘ၀ကို ဖြတ်သန်းကြရပေလိမ့်မည် ။

ထိုဗိသုကာသည် ပြည်ထောင်စုကြီးတည်မြဲနေသမျှ ထာဝရ တောက်ပနေမည်ဖြစ်သော … ဘယ်တော့မှ မကြွေသော …ကျွန်ုပ်တို့၏ လမ်းပြကြယ် ဖြစ်သည် …။ ။

ထိုဗိသုကာ = ဗိုလ်ချုပ်အောင်ဆန်း ( မသိသောသူများအတွက်)

၁၃ရက်ဖွား စနေသား ဗိသုကာ ( ၁ )

9 Responses

  1. အဲဒီစာအုပ် ဖတ်ချင်သား လေးမရေ…ကျွန်တော် မဖတ်ဖူးသေးဘူး ထင်တာပဲဗျာ။ အွန်လိုင်းပေါ်မှာ လဲ မတွေ့မိသေးဘူး။

  2. မသိ တသိ သူတစ်ယောက်လာဖတ်သွားတယ်
    စနေသား ဗိသုကာ တစ်ယောက်အကြောင်း
    ကွာတယ် ကွာတယ် ခေတ်တွေက
    မျက်နှာမြင် ချစ်ခင်ပါစေ ဆု နဲ့ မျက်နှာမြင် ဖနောင့်နဲ့ ပေါက်ချင်ပါစေ ဆု 😛

  3. ဗိသုကာသမားတစ်ယောက်အတွက်တော့ ကိုယ်ဆောက်ထားတဲ့ အဆောက်အဦးကို ပြိုကွဲပျက်စီးတာမျိုး မဖြစ်ချင်ကြဘူး တတ်နိုင်သလောက် တည်မြဲအောင် ဆောက်မှာပဲ.. ဗိသုကာ အယောင်ဆောင်တွေကတော့ ဒီလိုမျိုး ဘယ်နားလည်ပါ့မလဲ..

    စာအုပ်ကောင်းကို ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ..

  4. စနေသား ဗိသုကာ ၂ အတွက် ၁နှစ်တိတိစောင့်နေကြောင်းပါဗျာ
    ကျေးဇူးတင်ပါတယ် အစ်မလေးမရေ

    တို့အစ်မကြီးလဲ ဗိုလ်ချုပ်ကောင်းမှုနဲ့ အခုမှပဲ ကျောင်းပြန်တက်တော့တယ် 🙂
    အဆင်ပြေပါစေခင်ဗျာ

  5. ၁၃ ရက်ဖွား စနေသား ဗိသုကာကြီးကို လာရောက် အလေးပြုသွားပါတယ်!

  6. တက္ကသိုလ်နေဝင်းရေးတဲ့ ပြည်ထောင်စု ဗိသုကာ စာအုပ်ကို ဖတ်ဖူးပါတယ်။ ဗိုလ်ချုပ်က တကယ့်ကိုပဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်တာပါ။ အစ်မက ပြန်ရေးပြတော့ ထပ်ဖတ်ရတာပေါ့။ ကျေးဇူး အစ်မရေ…။ ကျောင်းပြေးတဲ့အစ်မကြီး ဗိုလ်ချုပ်မွေးနေ့မှပဲ ကျောင်းပြန်တတ်တော့တယ်။ 😀 😛

  7. ပို့စ်လေးက တိုပေမယ့် ထိမိစူးရှတယ်.

    သတိတရနဲ့ ပို့စ်တင်ဖြစ်တဲ့အတွက် လေးမကို အရင်ကထက်ပိုပြီး လေးစားခင်မင်မိသွားတယ်.

    နောက်နေ့မှ ထပ်လာခဲ့ဦးမယ်ဗျာ..

    Y.

  8. ထိုဗိသုကာကို အမြဲအမှတ်တရရှိနေပါတယ်။
    အရှေ့ကအစ်ကိုတွေ တောင်းဆိုသွားသလိုပဲ စာအုပ်ဖတ်ချင်ပါတယ်။ အပန်းမကြီးဘူးဆိုရင်လေ။
    အဲ့ဒီဗိသုကာ ရောက်ရာဘ၀မှာ ၀မ်းမြောက်စေချင်တယ်။

  9. စနေတွေကို စနေသားသမီး ဂြိုဟ်မွှေတယ်လို့ ပြောတတ်ကြတဲ့ မြန်မာတွေရဲ့ညာဉ်လည်း ရှိတယ်လေ။ ကိုယ်တိုင်က စနေသားသမီးမို့လား… အဲဒါလေးကို ဂရုပြုမိနေတယ်။ ခု မမလေး တင်ပေးတဲ့ပို့စ်လေး၊ အရမ်းသဘောကျတယ်။

Leave a reply to သားကြွက် Cancel reply