ခြံထဲက.. ( ဆုံး)
……………………………………….. မျိုးနွယ်ရဲ့ ဓလေ့ထုံးစံကို စောင့်ထိန်းရမှာ မျိုးဆက်ရဲ့ တာဝန်ပဲ…။
မပိတောက် ရယ်… ခင်ဗျား စကားကြားရတော့ ကျွန်တော် ၀မ်းနည်းမိတယ်…။ ကျွန်တော် ဒီနှစ် … မျိုးဆက် တာဝန် မကျေနိုင်ခဲ့ဘူး..။ ကျွန်တော် အသီးမသီးနိုင်ခဲ့ဘူး..။
အဲလိုသာအပြစ်တင်ခံရရင် တစ်ခါမှ ဖြစ်ဖြစ်မြောက်မြောက် မသီးဖူးတဲ့ ကျွန်တော် မာလကာ .. ဒီခြံထဲမှာ ဘယ်ရပ်တည်နိုင်မလဲ… ကျွန်တော်ဆို တစ်ခါလားပဲ အသီးသီးဖူးတယ်..။ အဲဒါတောင် ပိစိညှောက်တောက် မလောက်လေးမလောက်စား အသီးလေးတွေ…။ ဒါပေမယ့် အိမ်ကြီးရှင်မက ကျွန်တော့ကို အပြစ်မတင်ဘဲ ဒီခြံထဲမှာ နေခွင့်ပေးထားသေးတာပဲလေ…။
ဒါကတော့ အိမ်ရှေ့  တမာ… အိမ်နောက် မာလကာ လို့  အယူရှိတဲ့ အိမ်ကြီးရှင်မက ခင်ဗျားကို ဘယ်တော့မှ နုတ်ပစ်မှာ မဟုတ်ဘူး…။ ကိုသင်္ဘော ကို နုတ်ပစ်တာ မတွေ့ ဘူးလား…။ အသီးမသီးတဲ့ အပင်ဆိုပြီး ရှင်းထုတ်ပစ်တာ မတွေ့ ဘူးလား…။
အင်း… အိမ်ကြီးရှင်မက စိတ္တဇ ရှိတာကိုး…။
… အသီးမသီးပေမယ့် အိမ်ရှေ့ မှာ နေရာရတဲ့ သူတွေတော့ ရှိသားဗျ … ။ ကွမ်းနီ တို့  ညီအစ်ကိုတွေဆို အိမ် အ၀င်ဝမှာ မိန့် မိန့် ကြီး…။ အင်း… တန်းဝင်တဲ့ အပင်တွေ.. ဂရိတ်မြင့်တဲ့ အပင်တွေဆိုတော့လည်း သီးတာ မသီးတာ စဉ်းစားစရာ မလိုဘူးပေါ့လေ…။
ဒီလိုမပြောပါနဲ့  ကိုသရက် ရာ …။ အိမ်ကြီးရှင်မမှာ ဒီလို ဂုဏ်မက်တဲ့ သဘော… အပေါ်ယံကြည့်တဲ့ သဘော မရှိပါဘူး…။ အပင်အမျိုးအစား.. အကိုင်းအခက်နဲ့  ကိုယ်နေဟန်ထား… သဘာဝ အနေအထားနဲ့  အပင်လိုအပ်ချက်… မြင်ကွင်းပြေပြစ်မှုတွေ ပေါ်မှာပဲ အခြေခံပြီး ကျုပ်တို့ ကို နေရာချထားတာပါ….။
အင်း.. ဟုတ်ပါတယ်လေ… ဒါကြောင့်… ကျူးဘား အုပ်စုရဲ့ ကလန်ကလားမြှင့်တက်လာတာကို အားလျှော့ဖို့  ဆိုပြီး… တနေ့ ကပဲ ကြိမ်ထန်း ညီအစ်ကိုတစ်တွေ ခေါ်သွင်းလာသေးတယ်…။
ဟဲ့.. ဒါနဲ့ .. နင်တို့  သိလိုက်လား… ဟို အပျိုကြီး ပိန်း အုပ်စုထဲက… မဖြူလေ… ကြိမ်ထန်း အငယ်စားလေးနဲ့  တွဲခုတ်သွားတာလေ…. တွေ့ လိုက်လား… အိမ်ကြီးရှင်မက စပ်ပေးလိုက်တာ…။ ဧည့်ခန်းမှာ တွဲထိုင်နေကြလေရဲ့…။
အဲဒီ မပိန်း တို့ ကတော့ဗျာ… တစ်ယောက်ပြီး တစ်ယောက်ကို တွဲနေတော့တာပါပဲ .. အပျိုကြီးတွေဆိုတော့လည်း ဘယ်သူနဲ့  တွဲသွား.. တွဲသွား.. ကြည့်ကောင်းနေတာပဲဗျို့ …။ ငါးရိုး နဲ့ တွဲလိုက်… ကျောက်ခက် နဲ့ တွဲလိုက်… ဟော… အခုနောက်ဆုံးရောက်တဲ့ ကြိမ်ထန်း ရဲ့ အောက်လက် နုနုလေးတောင် မချန်ဘူးဗျိုး…။
သူများတွေနဲ့ တွဲပေမယ့် သူတို့ ကို အမြဲစောင့်ရှောက်ပေးနေတဲ့ နံဘေးက အရွက်စိမ်းတွေကျတော့ အရေးမလုပ်ဘူးဗျနော်…။
အေးလေ… သူတို့ ပြောတာတော့ ရွာနွားက ရွာနားမြက်မစားဘူးတဲ့… ငါ့အထင်တော့ အနီးမှုန်နေကြတာဖြစ်မယ်….။ ဒီလိုချေးများနေလို့ လည်း အမြဲတမ်း ငေါင်စင်းစင်း တပွင့်တည်း ဖြစ်နေကြ တာပေါ့…။
ဒီမယ်… ဒီမယ်… ကိုသရက်တို့  …မာလကာတို့ …. ကျွန်တော် ကြိမ်ထန်း က ခြံထဲကို နောက်ဆုံးမှ ရောက်လို့ .. တစ်ခုလောက်မေးချင်တယ်ဗျာ….။  ခြံထဲက မိန်းမချောတွေထဲမှာ ဘယ်သူ အလှဆုံးလဲ…။
ကျုပ်မျက်စိထဲမတော့  တစ်ခံလုံးမှာ အတင့်တယ်ဆုံးကတော့ အင်တုံထဲက ခရမ်းရောင်ကြာပန်းလေး ပဲဗျ…။ မိန်းကလေးပီပီသသ အရှက်တရားလေးလည်းရှိတယ်…။ မှောင်လာရင်ပုန်းနေပြီး  နေထိမှ အသာအယာပွင့်အာလာပုံလေးက ဘယ်လောက် ဣနြေ္ဒ ရ လိုက်သလဲ…။
ရေမြင့်လို့  ကြာတင့်တာပါဗျာ…။ ကျွန်တော်ကတော့ မျက်နှာချင်းဆိုင်က မနှင်းဆီ က အလှဆုံးလားလို့ …။ ဆူးတွေနဲ့ လှနေတဲ့ မနှင်းဆီက အရိုင်းပေါ်အယဉ်ဆင့်နေတာဗျ..။ ချွန်မြတဲ့ဆူးနဲ့  သိမ်မွေ့ တဲ့ အလှ ဆန့် ကျင်ဘက်နှစ်ခုကို တွဲမြင်ရတာကိုက စိတ်လှုပ်ရှားစရာဖြစ်နေတာ …။
ဒီခြံထဲက အလှဆုံးပန်းက အိမ်ကြီးရှင်မရဲ့ အချစ်ဆုံးပန်း… သနပ်ခါးပန်း… မဟုတ်ဘူးလား.. ယဉ်ယဉ်လေးနဲ့လှ.. သင်းသင်းလေးနဲ့ မွှေး… လက်တစ်ကမ်းက လူကို မွှေးစေတဲ့ ပန်းလေးလေ….
မဟုတ်ဘူး… မသစ်ခွ က အလှဆုံး…။
ဟား..ဟား.. မညမွှေး .. ခင်ဗျားက အကောင်သေးတော့ အကောင်ကြီးတဲ့ မသစ်ခွကို သဘောကျတာ မဆန်းပါဘူးလေ…။
တကယ်တော့ လူသားမိန်းမတွေမှာ အလှကိုယ်စီရှိကြသလို….         ပန်းတွေ.. အပင်တွေမှာလည်း .. ချစ်စရာ… စွဲမက်စရာ.. တန်ဖိုးထားစရာ… အလှတရားတွေ ကိုယ်စီရှိကြပါတယ်ကွယ်….။ အဲဒီလိုပဲ… အားနည်းချက်… ချို့ ယွင်းချက်လည်း ကိုယ်စီပိုင်ဆိုင်ထားကြတယ်…။ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် တတ်နိုင်သမျှ ထမ်းဆောင်ပြီး… သူတပါးကို ရန်မရှာဘဲ… အဆိပ်မပေးဘဲနေနိုင်ရင်… အလှဆုံး… အဖိုးအတန်ဆုံးပန်း… အပင်.. အဖြစ်နဲ့  ကမ္ဘာကြီးပေါ်မှာ စိတ်သန့် သန့် နဲ့  နေထိုင်သွားနိုင်မယ်ဆိုတာ သေသေချာချာ မှတ်ထားကြကွဲ့ …။ ။     
 ခြံထဲက … ( စ )
မှတ်ချက်။ ။ အဆင်ပြေတဲ့ တစ်နေ့  ဓါတ်ပုံတွေ တင်ပေးပါမယ်…။