Thingyan Experience

သင်္ကြန်.. ။ သင်္ကြန် ရောက်တော့မည်..။

ပျော်သည် … မျှော်သည် …။

သင်္ကြန်ရောက်ရင်ပျော်သည်… နှုတ်ခမ်းနီဆိုးရတာ ပျော်သည်… အ၀တ်အစား ထွင်ဝတ်ရတာပျော်သည်… ရေတွေ စိုရွှဲသွားရတာ ပျော်သည်… ရေစိုအောင် လောင်းရတာ ပျော်သည် … ။

သင်္ကြန်ရဲ့ အနှစ်သာရကို အနှစ်သာရမှန်း သတိမထားမိသော်လည်း ပျော်သည်.. ပျော်ခဲ့သည်… ။

ထိုစဉ်က ကျွန်မ အသက် ၁၅ နှစ်…။

၃ ရက်စာသင်္ကြန်ပွဲတော်အတွက် ၀တ်စုံ ၆ စုံ စဉ်းစား ပူဆာရသည်…။ မနက်တစ်ပိုင်း.. ညနေတစ်ပိုင်း … မဏ္ဍပ် မှာ ရေပက်လျှင် ၀တ်ရန်ဖြစ်သည်…။ အသစ်ကတော့ တစ်စုံသာရသည်…။

လမ်းထိပ် မဏ္ဍပ်က ကက်ဆက်သံထွက်လာတာနဲ့  လူက လှုပ်ရွလှုပ်ရွ… အမေ့မျက်နှာကို ကွက်ကြည့်ကွက်ကြည့် လုပ်မိတော့… တစ်မနက်လုံး အမေမငြိုငြင်အောင် အိမ်အလုပ်ကူလုပ်ထားတဲ့ မျက်နှာထောက်ထားပြီး…

ရေဆော့ချင်သွားဆော့.. ပိုက်နဲ့ ပက်… လမ်းမပေါ်မတက်နဲ့ … ခဏနေ အမေလိုက်ခဲ့မယ်…

ဘေးဘက်မှာ ကြယ်သီးတွေ အများကြီးပါတဲ့ မိုးပြာရောင်ဂျင်းဘောင်းဘီ၊ ရှပ်အကျီင်္အနီကွက်ဖျော့ဖျော့ကို အောက်ဆုံးကြယ်သီး တစ်လုံးဖြုတ်ပြီး ခါးမှာ စုချည် … နှုတ်ခမ်းကို နီပုတ်ပုတ်ဆိုးပြီး.. တခြမ်းစောင်းဆံပင် ( အခုခေတ်စားနေတဲ့ အီမို စတိုင်လ်နဲ့  သိပ်မကွာတဲ့စတိုင်လ်မျိုး.. နောက်ကို တိုတိုလေးထားပြီး ရှေ့ ဆံပင်ကို တစ်ခြမ်းစောင်း အရှည်ထားတဲ့ ပုံစံမျိုးပါ.. အဲဒီတုန်းက တော်တော် ခေတ်စားခဲ့တဲ့ စတိုင်လ်ပါ) ကို သေသေသပ်သပ်ဖြစ်အောင် သေချာဖီး … မှန်ထဲမှာ ကြည့်လိုက်တော့ စတိတ်ရှိုးဆိုဖို့  စင်ပေါ်တက်တော့မယ့် အဆိုတော်တစ်ယောက်လို စိတ်ကြီးဝင်သွားပြန်တယ်…။

အမေက ပိုက်နဲ့ ဘဲ ပက်လို့ မှာပေမယ့် ပိုက်မရခဲ့ရင် အငြိမ်ထိုင်မနေနိုင်သူမို့ ရေဖလားတစ်လုံးဆွဲပြီး အိမ်ပေါ်က ပြေးဆင်းခဲ့ပါတယ်..။

မဏ္ဍပ်ရဲ့ ပထမဆုံး လှေကားထစ်ကို ခြေလှမ်းလိုက်တဲ့ အခါ ရေအေးအေးတဖလားနဲ့  ရွှဲရွှဲစိုအောင် အလောင်းခံလိုက်ရပါတယ်…. ရေဖလားပိုင်ရှင် ရဲ့ အပြုံးကို ခေါင်းစောင်းချပြီး ကျလာတဲ့ တစ်ခြမ်းစောင်း ဆံပင်တွေနဲ့  အကာအကွယ်ပြုရင်း ကျွန်မက အရပ်ပုတဲ့သူဆို လုံးဝ စိတ်မ၀င်စားပါဘူး အစ်ကိုကြီးရယ်လို့  အသံတိတ်ရေရွတ်လိုက်ပါတယ်..။

ပက်..ပက်… ရေတွေကုန်အောင် ပက်…

ရေပက်ခံကားပေါ်မှာ လှုပ်ရွ ကခုန်နေတဲ့ လူတွေကို ပက်သည်…။ သရဲရုပ်မျက်နှာဖုံးနှင့် လူများကို ပက်သည်…။ ချစ်သူ့  ရင်ခွင်ထဲ အတင်းတိုးပုန်းနေသော ပျိုပျိုမေများကို မရ ရအောင် ပိုက်နှင့်ထိုးသည်…။ ရေခဲရေနဲ့  ပြန်ပက်မည့်သူများ ကို ခေါင်းမဖော်နိုင်အောင် ပက်သည်… ။

ရေပက်ခံကားကို သဲကြီးမဲကြီး ပက်နေတုန်း ရေပက်ခံလိုက်ရသည်..။ ခေါင်းပေါ်က ရေတွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး မျက်နှာတစ်ခုလုံး ရွှဲရွဲ စိုသွားသည်…။

ဟဲ့.. အချင်းချင်းမပက်နဲ့ လေ… ကားတွေကို ပက်လေ…

ဘေးက အစ်မကြီးက ပိုက်နဲ့  လှမ်းပက်တဲ့ တရားခံ ကောင်လေးကို လှမ်းအော်လိုက်ပေမယ့် ထိုကောင်လေးက စပ်ဖြဲဖြဲ…။ ခဏနေတော့ ပိုက်နဲ့  လှမ်းပက်ပြန်တယ်…။ နှုတ်ခမ်းကိုက်ပြီး မျက်လုံးပြူးပြတော့ ထိုကောင်လေးက မသိချင်ယောင်ဆောင်နေသည်…။ နောက်တစ်ခါမှာ သည်းမခံနိုင်လို့  ပိုက်နဲ့  ပြန်ပက်မိတော့ ကြားလူတွေက မြေဇာပင်ဖြစ်ရသည်…။

ရေပက်ခံကားကို ကောင်းကောင်းမပက်ရဘဲ မဏ္ဍပ်ပေါ်က အချင်းချင်းပက်တဲ့ ရေတွေအောက်မှာ ကြွက်စုတ်တစ်ကောင်လို ရွှဲရွှဲစို..လာတဲ့အခါ… ကောင်လေးနဲ့  ကျွန်မကြားက ရေစိုခံနေရတဲ့လူတွေကို အားနာလာတဲ့ အခါ… ရေပိုက်ကို လွှတ်ချပြီး မဏ္ဍပ်နောက်မှာ ထိုင်နေလိုက်တော့သည်…။ အမေရောက်လာပြီး ပြန်တော့မလားမေးတော့ ဆော့ချင်သေးတယ်လို့  ပြောပြီး ပြန်မလိုက်သွား…။ မဏ္ဍပ်နောက်မှာ လူကြီးတွေနဲ့ အတူထိုင်ပြီး စိမ်ပြေနပြေ မုန့် စားရင်း ကောင်လေးကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့သည်…။ ညနေ ၆ နာရီ… ရေပိတ်လိုက်တော့ ကောင်လေးက ရေမရှိတော့တဲ့ ပိုက်နဲ့  ထိုင်နေတဲ့ ကျွန်မကို လှမ်းပက်ဟန်ပြုပြီး စပြန်တယ်..။ တစ်ချက်မဲ့ ပြလိုက်ပြီး ထိုင်နေရာက ထလိုက်တယ်…။ ကောင်လေးရှိရာကို တစ်လှမ်းချင်း… ခပ်အေးအေး… လျှောက်သွားပြီး….

ဂေါက်… ဂေါက်.. ဂေါက်….

ကဲ… မှတ်ပလား… မပက်နဲ့လို့  ပြောနေတာ… ပက်ချင်ဦး…

လက်ထဲက ပလတ်စတစ်ဖလားနဲ့  ကောင်လေးကို ခပ်ပြင်းပြင်းလေး ၃ ချက်ဆင့်ခေါက်ပြီး

… ဟဲ့…ဟဲ့.. ရန်မဖြစ်နဲ့ ..

ဆိုတဲ့ လူကြီးတွေရဲ့ အသံကို သွေးအေးအေးနဲ့  ကျောခိုင်းခဲ့ပါတယ်…။ လှေကားအဆင်းမှာ အလာတုန်းက ရေလောင်းခဲ့တဲ့ အစ်ကိုကြီးရဲ့ အံ့သြတဲ့ အကြည့်တွေကို မသိကျိုးကျွန်ပြုပြီး ခပ်တည်တည် ဆက်လျှောက်ခဲ့တယ်…။ အဲဒီနေ့ ကစလို့  ဇိုးဇိုးဇတ်ဇတ်နဲ့  လက်သံပြောင်တဲ့ ကျွန်မကို ကောင်လေးက မစရဲတော့သလို… အစ်ကိုကြီးလည်း ရေမလောင်းတော့ပါ…။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ… ကျွန်မ ပျော်ရွှင်ခဲ့တဲ့ သင်္ကြန်ပွဲတွေမှာ သူတို့ ရဲ့ ပုံရိပ်တွေမပါဝင်တော့သလို ကျွန်မအာရုံထဲမှာလည်း သူတို့  ရှိမနေတော့ပါဘူး…။ သင်္ကြန်ပွဲတွေက တစ်နှစ်ပြီးတစ်နှစ် မှန်မှန်လည်ပတ် ကုန်ဆုံးသွားတာနဲ့ အတူ ရင့်ကျက်ခြင်းကို တစ်နစ်ပြီးတစ်နှစ်… နှစ်တိုးနဲ့  ကျွန်မလက်ခံခဲ့ရပါတယ်…။ ဘယ်လောက်ပဲ ရင့်ကျက်လာပါစေ… သင်္ကြန်ကို ကျွန်မမျှော်ပါတယ်… ပျော်ပါတယ်…။ ။

Advertisements