A Story in MTU ( 1 )

ဒိုင်ယာရီ စာမျက်နှာ(၁)။ ။ လွမ်းနေပါသည် …M I T ( MTU)

“နေပူ လေတိုက် ….မြွေပွေးကိုက်သည်

လူမိုက် နေသည် …. M.I.T…”

ဘယ်ပညာရှိက စပ်ဆိုခဲ့လဲတော့ မသိဘူး….။ လေးမတို့ ရဲ့ ကျောင်းတော်ကြီးကို အတိအကျ သရုပ်ဖော်ထားတဲ့ စာချိုးလေးပါ ။ ပူလိုက်တဲ့နေ…..လေကတော့တိုက်ပါရဲ့…..လေပူကြီး…..ရန်ကုန်မှာတိုက်တဲ့လေက အေးတယ်…..မန္တလေးလေကပူပြီးခြောက်သွေ့ တယ်……။ ဒါတောင် ကျောင်းက တောင်ခြေမှာ ရှိနေပေလို့ပေါ့ ……။ တောင်တွေကလည်း အများကြီးဘဲ…..။ ရန်ကုန်သူဆိုတော့ တောင်တွေ မမြင်ဖူးဘူး……..။ တောင်တွေဝန်းရံထားတဲ့ ကျောင်းကြီးမှာ မိသားစုနဲ့  ခွဲပြီး ကျန်ခဲ့ရမယ့် လေးမကို မေမေက အားပေးပါတယ်…..“ မေမေသာဆိုရင်တော့ ဒီတောင်တွေကို ကြည့်ပြီးနေ့တိုင်း ငိုမှာဘဲ”တဲ့…….။ လေးမနေရတဲ့ အဆောင်က မန်းချယ်ရီ…..လေးမအခန်းက Front Row မှာ……နှစ်ယောက်နေရတယ်….။ အင်ဂျင်နီယာလောင်းတွေဆိုတော့ အခန်းဖော်က သင်္ချာဘယ်နှစ်မှတ်ရလဲ ဆိုတဲ့စကားနဲ့  နှုတ်ဆက်တယ်…….။ ၁၀၀ ဆိုတော့ ငါလည်း ၁၀၀ တဲ့…..ဒါဆိုတို့  အခန်းက ၂၀၀ ပေါ့ဆိုပြီး ဘော်ဒါတွေဖြစ်သွားကြတယ်…….။

အဆောင်ကကျောင်းဝန်းထဲမှာဆိုပေမယ့် စာသင်ဆောင်နဲ့ ဝေးတယ်…။ စက်ဘီးနဲ့ မှ အဆင်ပြေတယ်…..။

လေးမက တိုက်ခန်းပေါ်မှာဘဲ ကြီးပြင်းခဲ့ရတဲ့သူ ဆိုတော့ စက်ဘီးမစီးတတ်ဘူး……။ မေမေက စက်ဘီးတော့ ၀ယ်ပေးခဲ့တယ်…။ စက်ဘီးမစီးတတ်တော့ လမ်းလျှောက်ရတယ်……စာသင်ဆောင်နဲ့  အဆောင်ကို သွားလိုက်ပြန်လိုက်နဲ့ ……ခြေထောက်တွေညောင်းပြီး ကိုက်လိုက်တာ…..။ သူငယ်ချင်းတွေကတော့ ခေါ်ပါတယ်……ဒါပေမယ့် လေးမက စက်ဘီးပေါ် ခုန်မတက်တတ်တော့ လေးမထိုင်ပြီးမှ နင်းရတဲ့ သူငယ်ချင်းကို အားနာတယ်……..။ ဒါနဲ့ ဘဲ လေးမစက်ဘီးစီး သင်တယ်…..။ လေးမရဲ့ ဆရာက လေးယောက် လောက်ရှိတယ်…..။ ပွဲကြည့် ပရိတ်သတ်ကလဲ အဆောင်ပေါ်မှာ အပြည့် အားပေးနေတယ်လေ……..။ သူငယ်ချင်းက စက်ဘီးပေါ် ထိုင်ခိုင်းပြီးတော့ သူက နောက်က တွန်းတယ်….။ နင်း…..နင်း ဆိုတော့ အားရပါးရ နင်းလိုက်တာ သူငယ်ချင်းတောင် မလိုက်နိုင်တော့ဘူး…..အပေါ်ကပရိတ်သတ်ကလည်း အားပေးတယ်…….။ လေးမကတော့ချွေးတွေရွှဲ လို့ ….နင်းဆိုလို့  သာနင်းရတာ လက်ကိုင်မှ မနိုင်တာ…..သစ်ပင်နဲ့  တိုက်ပြီးလဲတော့တာပေါ့……ခြေထောက် အရွတ်ယောင်သွားလို့  တပတ်လောက် နားလိုက်ရတယ်………..။ ။

ဒိုင်ယာရီစာမျက်နှာ (၂) ။ ။ အဆောင်ရှေ့ က သီချင်းသံ

အဆောင်သူဖြစ်ရတာ ဂီတဖြင့် အိပ်စက်ရသော စည်းစိမ်ကိုရတယ်….။ အဆောင်နဲ့  ပတ်သက်တဲ့ သီချင်းတွေကို အခုထိ အမှတ်ရ နေသေးတယ်….။
ကိုယ်ရည်ရွယ်ထားတာ တဆောင်လုံး……အဆောင်မှူးပါ မကျန်ဘူး…….”
“ အဆောင်က ထမင်းဟင်းတွေ စားမကောင်းရင် စိတ်မပျက်နဲ့ …..အတူနေရတော့မှမင်းကို ချက်ခိုင်း(ကျွေး)မှာ…….” ၊ “ သီဆိုနေမယ် မင်းအတွက် သီချင်းတွေ တညလုံးဘဲ ရှေ့က(အင်းယား) လမ်းမပေါ်မှာကွယ်…..” ၊
ချစ်လေးရေ…..တံခါးဖွင့်တော့ကွယ်…..သောကဟူသမျှ….” ၊

“ ကြိုးစားလိုက်စမ်းကွယ်……master
တန်းဝင် (ဒီတွေနဲ့ အောင်) ဖို့  ဆုတောင်းပေးတဲ့ သူတွေရှိတယ်…..”

စာမေးပွဲတွင်းဆိုရင် ပိုပျော်ဖို့  ကောင်းတယ်……။ ကျောင်းသားတွေက ည ၂ နာရီလောက် စာကြည့်ရင်း အိပ်ငိုက်လာရင် သီချင်းလာဆိုကြတယ်…..။ သူတို့  အိပ်ချင်ပြေလို့  ပြန်သွားတဲ့ အခါကျတော့ လေးမတို့ က အိပ်ငိုက်ပြီး ကျန်ရစ်ခဲ့ရော…….။

ဒိုင်ယာရီ စာမျက်နှာ (၃)။ ။ အမှတ်တရ

ကြုံခဲ့ဖူးသမျှ အောင်စာရင်းတွေထဲမှာ ပထမနှစ် အောင်စာရင်းထွက်တဲ့ညက အမှတ်တရ အဖြစ်ဆုံး…..။
အောင်စာရင်းကလည်း ည ၉ နာရီ ကပ်တယ်…..။ အဆောင်သူတွေ ဘယ်လိုလုပ် ကြည့်လို့  ရမလဲ….။လေးမတို့  က အောင်စာရင်းထွက်မှန်းလဲ မသိဘူး…..လက်ဖက်သုတ်စားပြီး စကားများနေကြတာ……။ည ၉ နာရီကျော်လောက်ကျတော့ bell သံတွေကြားရတယ်……။ ဂစ်တာလာတီးတာ သက်ဆိုင်သူတွေကို အချက်ပေးတယ်မှတ်နေတာ…..။ နောက်တော့ ဘယ်သူကတော့ Roll ဘယ်လောက်နဲ့ အောင်ပါတယ် ဆိုပြီး
ဆိုင်ရာလူကို သတင်းပို့ သံ ကြားရမှ အောင်စာရင်းထွက်မှန်း သိတယ်…….။ စားလက်စ လက်ဖက်သုတ် တောင် ဘယ်လို မျိုချလိုက်မိမှန်း မသိဘူး……၀ရန်တာကို ပြေးထွက်ပြီး ဘယ်သူမှန်းမသိတဲ့ အရိပ်တစ်ခုကို ခုံနံပါတ် ပြောပြီးကြည့်ခိုင်းရတယ်…..(တခြားအချိန်မှာသာ အဲလို ၀ရန်တာက လှမ်းအော်မိရင် အဆောင်မှူးမမရဲ့ ပါးစပ်အောက်မှာ သေလုမျောပါး ဒဏ်ရာရသွားမယ်) ။ Back row ကလူတွေက Front rowအခန်းရှင်တွေဆီ လာပြီး သတင်းနားထောင်ရတယ်…..။ လေးမတို့  အခန်းမှာလဲ လူတွေအများကြီး …ရင်းနှီးတဲ့သူရော…မရင်းနှီးတဲ့သူရောပါတယ်….။ ခုံနံပါတ်တွေ ပြောပြီး အောင်စာရင်းကြည့်ခိုင်းကြတာလေ….။ “ခုံနံပါတ် မတွေ့  ဘူး” ဆိုလို့  ငိုတဲ့သူကငို……။ သွားကြည့်ပေးတဲ့ စေတနာရှင်တွေ ပြန်မလာတော့မှ အခန်းမှာ လူရှင်းပြီး နားရတယ်…..။
အောင်စာရင်း အကြောင်းရေးရင်း စာမေးပွဲ အကြောင်းက ခေါင်းထဲရောက်လာပြန်တယ်…..။
လေးမတို့  စာမေးပွဲဖြေရတာ ကူးချဖို့  မလိုဘူး….unseen ချည်းဘဲမေးလို့ လေ…..။ Open book ဖြေရမယ့် နေ့  ဆိုရင် စာအုပ်တွေ အိတ်နှစ်လုံးစာလောက် ယူသွားလဲ တပုဒ်မှ ကောင်းကောင်း မဖြေနိုင်ဘူး……။ လေးမ သိသလောက်တော့ စာကူးချ ၊ ခိုးချတဲ့ ဓလေ့ အဲဒီတုန်းက မရှိခဲ့ဘူး…….။ ထင်တာနော်…..။
Blog တစ်ခုမှာ အဝေးသင်စာမေးပွဲတွေမှာ စာကူးပွဲ ကြီးလို ဖြစ်နေတဲ့ အကြောင်းဖတ်လိုက်ရတော့
လက်ဖ၀ါးမှာ formula ရေးခဲ့မိလို့  ကျောင်းထုတ်ခံလိုက်ရတဲ့ senior အစ်ကိုတစ်ယောက်ကို သတိရမိပါရဲ့…။

ဒိုင်ယာရီစာမျက်နှာ (၄)။ ။စာသင်ခန်းမှာ …

စာသင်ခန်း အကြောင်းစဉ်းစားမိတော့…..
အတန်းရှေ့မှာ အုပ်စုလိုက်ထိုင်ပြီး ကျောင်းသူတွေကို စတတ်တဲ့ ကျောင်းသားတွေ…..
(မကြားချင်ယောင်ဆောင်၊ မပြုံးမိအောင်ထိန်း…ခပ်တည်တည်ဆက်လျှောက်…ဒါမှအင်ဂျင်နီယာကျောင်းသူ…)
ခုံတွေ ၊ နံရံတွေပေါ်က ပိုင်ရှင်မဲ့ စာသားတွေ…..(အဲဒီတုန်းက ကျောင်းသားတွေ ခု online မှာဘယ်နှစ်ယောက် လက်ဆော့နေကြလဲ သိချင်စမ်းပါဘိ….)
အခန်းထဲမှာ ၀ဲပျံနေတဲ့ စက္ကူမြှားလေးတွေ……(အကြမ်းတွက်ရန် အသုံးဝင်သည်….)
သင်ပုန်းပေါ်က စာတွေ….ကဗျာတွေ…..ရန်ဖြစ်သံတွေ…..(ရန်ကုန်သား ပဲသိပ်များ….မကောင်းပြောလဲ အကောင်းထင်….ဖီလင်တွေတက် အိပ်ရေးပျက်….ဒီလိုစာလေးတွေပေါ့)
ဒီအကြောင်းတွေ စဉ်းစားမိတော့ ဘာရယ်မဟုတ်ဘူး…..ကောက်ခြစ်ခဲ့ဖူးတဲ့ (ဘယ်သူမှ မသိလိုက်တဲ့) ကဗျာ တပိုင်းတစလေးက မှတ်ဥာဏ်ထဲမှာ ၀ိုးတ၀ါးပေါ်လာတယ်…..
လေးမရယ်….. Blog ထဲမှာနေပါရစေဆိုလို့  ရေးချလိုက်တော့မယ်…..အဆုံးမရှိ အစမရှိ ဘာမှန်းလဲမသိတဲ့ စာတိုစာစလေးပါ……….။ ။

“တချိန်က…
ငါ့ရင်ကို လှုပ်ခတ်….ငါ့စိတ်ကို ထိထ်လန့် စေ…ခဲ့
သူ့ အပြုံးကို ငါငေး….သူ့ စိတ်ကိုတွေးရင်း ….နဲ့ 
ငါ့အာရုံ ပျက်ပြား….ငါ့နှလုံးသား ကြွေသွားခဲ့……………….”

ဒိုင်ယာရီစာမျက်နှာ (၅)။ ။ အချစ်ဆုံး ‘မိ

အဆောင်မှာ“မိ” နှင့် ဆုံသည်….ညီအစ်မလို ချစ်ခဲ့ကြသည်….၅ နှစ်လုံး အမြဲမခွဲဘဲ တွဲခဲ့ကြသည်…..။ “မိ” က ကျိုင်းတုံမှာမွေး ၊ ကျိုင်းတုံမှာကြီးတဲ့ တောင်ကြီးသူလေး……။ ရှမ်းစကားကောင်းကောင်းတတ်တယ်…..။ ဟထိုးသံ မပါတဲ့ အသံဝဲ၀ဲလေးကို စရင်းနောက်ရင်း ခင်သွားကြတာ…..။ အဆောင်မှာ ရှမ်းတွေက အများကြီး……။ သူတို့ ချင်း စကားပြောရင် ရှမ်းလိုပြောကြတယ်…..သူတို့  ပြောသမျှ ဘာမှနားမလည်ဘဲ မျက်လုံး ကလယ်ကလယ်နဲ့  နားထောင်နေရတာ မခံချင်လို့  “လေးမ” ရှမ်းစကားသင်ခဲ့တယ်……အလွန် အရေးပါတဲ့ စကား ၈ ခွန်းပြောတတ်တယ်…….။ ပထမနှစ်တုန်းက “လေးမ” နဲ့  “မိ” က တခန်းထဲ မဟုတ်ဘူး…..။ သူက“လေးမ” တို့  အပေါ်ထပ်မှာ…..။ သူ့  အခန်း ၀ရန်တာမှာ အဆောင်သူတွေထုံးစံ အတိုင်း မှန်သရဲ (glass spirit ) ခေါ် ပြီး ဗေဒင် မေးတဲ့ညကစပြီး ကြောက်လွန်းလို့  တယောက်ထဲ မအိပ်ရဲဘူးဆိုပြီး လေးမ ဆီရောက်လာတာ….( ငါ တော့ဖော်ကောင်လုပ်နေပြီ “မိ” ရေ) ။ ဒုတိယနှစ်မှာ အဆောင်မှူးကို ပြောတော့ ကျောင်းပြီးတဲ့ အထိတခန်းတည်း နေကြရတယ်…..။ စတွဲခဲ့တုန်းက ၃ ယောက်…..။ “မိ” ရဲ့ Dreamဆိုင်ကယ် ကို သုံးယောက်စီးပြီး ( လေးမ က အလယ်က) ကျောင်းတက်ခဲ့ကြတာ…..။ “လေးမ” တို့ ကို သင်္ချာဆရာက “ရဲဘော် သုံးကျိပ်” လို့  ခေါ်တယ်….။ နောက် မေဂျာခွဲတော့ မေဂျာတူတဲ့ “လေးမ” နဲ့  “မိ” ဘဲ အတွဲများတော့တယ်……။ Nick name လေးကတော့ရပါသေးတယ်….ချစ်လှစွာသော ဆရာမက “ပေတလူး နှစ်ကောင်” တဲ့……..။ ( “မိ” ရေ……နင် ဟိုကောင်ကို ဆိုင်ကယ်နဲ့  ပွတ်ဆွဲလိုက်တာ YTU အထိသတင်းမွှေး တဲ့ အကြောင်း ငါထည့်မရေးပါဘူး……။ နင့်ကိုပေးတဲ့ ရည်းစားစာကို ငါတို့  ပေါက်ကရတွေ လျှောက်ရေး copy ၁၀ စောင်ကူးပြီး လျှောက်ကပ်တဲ့ အကြောင်းလဲ ချန်ခဲ့ တော့မယ်…..နင်ငါ့ကို စိတ်မဆိုး ရဘူးနော်….)

ဒိုင်ယာရီစာမျက်နှာ (၆)။ ။ ပျော်ခဲ့သည် (ပထမပိုင်း)

အဆောင်မှာ မိဝေးဖဝေး နေရပေမယ့် “လေးမ” တို့ က ပျော်ပျော်ဘဲ…..။ ရောက်စတုန်းကသာ အိမ်သား တယောက်ယောက် မွေးနေ့  ဆိုရင်လွမ်း…..၊ သီတင်းကျွတ်ဆိုရင် အိမ်ပြန်ချင်….၊ စားမကောင်းတိုင်း ဖုန်းဆက်…..( မုန့် တွေမှာတာ)….၊ အိပ်မရတိုင်း စာရေး……။ နောက်တော့ အသားကျသွားလိုက်တာ အိမ်ကတောင် အဆက်အသွယ် မလုပ်လို့  စိတ်ပူရတယ်…..။ မပျော်ဘဲ နေပါ့မလား….ပွဲတွေကများမှများကိုး….။ မေဂျာလိုက် Fresher Welcome တွေလုပ်ကြတယ်…..အငြိမ့်တွေပါတယ်….ပြဇာတ်တွေပါတယ်…တေးသရုပ်ဖော်တွေ ပါတယ်…..(ရန်ကုန်သားနဲ့  မန္တလေးသူ ၊ ဘွေးတုပ် ၊ သျှောင်ပေစူး ဒါတွေက MTU ရဲ့ နာမည်ကျော် တေးသရုပ်ဖော်တွေ) ကျောင်းသားတွေရဲ့ model show ပါတယ်…..သီချင်းတွေပါတယ်….။ မင်းသားမင်းသမီး မပါဘဲ ကိုယ့်ကျောင်းသူ ကျောင်းသားတွေနဲ့ ချည်း ပွဲကျ နေကြတာ…။ တခါက“ဒွေး” ကျောင်းမှာ ဗီဒီယို လာရိုက်တယ်…. Mechanical welcome နဲ့  ဆုံလို့  ဖိတ်လိုက်တော့ သီချင်းလာဆိုပေးတယ်…..နာမည်ကြီး မင်းသားကို လက်ခုတ်တီးနေရပေမယ့် “ဒွေး” ဆင်းရင်တက်မယ့် ယောင်ပေစူးနဲ့  ပါးကွက် ကွက်ပြီး ပုဆိုးကို စလွယ်သိုင်းထားတဲ့ လေးခွ နဲ့  ကျောင်းသားတွေ ဆီပဲ မျက်စိကရောက်နေ ကြတယ်……။ Welcome ပြီးတော့ အဆောင်ရဲ့ annual dinner မှာ ပျော်ကြပြန်ရော…..ယောက်ျားလေးဆောင်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် တက်ရောက်လာတဲ့ ကျောင်းသားတွေကို သင်္ကြန်အကြို ရေလောင်း အိုးမဲသုတ်လွှတ်ရတာ အရသာရှိမှရှိ ( “လေးမ” ပါဘူး…သူများတွေ သုတ်တာ)….ရေများရေနိုင် မီးများမီးနိုင် ပေါ့…..။ လွတ်လပ်ရေးနေ့ ….ပြည်ထောင်စုနေ့ ဆိုရင် လည်း ထမင်းစားဆောင်ထဲမှာ ည ၁၂ နာရီလောက်အထိ တ၀ုန်းဝုန်းနဲ့  ကစားကြတာ…..။ သီတင်းကျွတ် ရောက်တော့ မီးထွန်းပွဲတော် ကျင်းပတာပေါ့…..တဆောင်လုံး မီးတွေထွန်းကြတယ်…..မီးပန်းတွေဖောက်ကြ ……မီးပုန်းပျံတွေလွှတ်ကြ……..။ တန်ဆောင်မုန်း လပြည့်ည ကျတော့ အခန်းတကာ လှည့်ပြီး မုန့် လိုက်စားကြတယ်….တနှစ်ကတော့ သူငယ်ချင်း ဟဲဟိုးသူက တစ်ယောက် တစ်ရာစီ ကောက်ပြီး အသုတ်စုံ လုပ်ကျွေးတယ်……ပထမဆုံးကြုံတဲ့ တန်ဆောင်မုန်းညက “လေးမတို့  ရဲဘော်သုံးကျိပ်” က သရဲလိုလုပ်ပြီး လိုက်ခြောက်တယ်….မျက်နှာမှာပေါင်ဒါ အဖြူတွေ ပုတ်….၊ နှုတ်ခမ်းနီအနီ ရဲရဲ ကို နှုတ်ခမ်းသားထက်ပိုချဲ့ ဆိုး….၊ မျက်ခုံးမွှေး ဆွဲတံနဲ့  နဖူးနဲ့  ပါးမှာ ချုပ်ရိုးပုံစံဆွဲ ( child play ထဲကလို)……ဆံပင်စုတ်ဖွားနဲ့  လိုက်ခြောက်တာ…..သရဲလုပ်ရတာ မောသွားတော့ အခန်းကို ပြန်…တံခါးဂျက်ချပြီး အလုပ်ကြီးအကိုင်ကြီး လုပ်ရပြန်တယ်….ရောင်စုံတွေနဲ့  ကာတွန်းပုံတွေဆွဲ….ပေါက်ကရ စာတွေ ရေး…..သူများတွေ အိပ်ချိန်ကျမှ အခန်းတံခါးတွေမှာလိုက်ကပ်…..။ ပျော်မှပျော်ဘဲ….။ ။

ဒိုင်ယာရီ စာမျက်နှာ (၆)။ ။ ပျော်ခဲ့သည် (ဒုတိယပိုင်း)

တန်ဆောင်တိုင်မှာ ရှမ်းအသင်းက ဦးစီးပြီး မီးပုံးပျံ တွေလုပ် ကြတယ်…… မိန်းကလေးဆောင် ၀င်းထဲ ရှမ်းအကနဲ့  လာဖျော်ဖြေကြတော့ အဆောင်မှူးမမ မှာ တံခါးလည်း ဖွင့်ပေးရသေး……မုန့် ဖိုးလည်း ပေးရသေး…….ယောက်ျားမရပါစေနဲ့ လို့ လည်း အော်ခံရသေး ( မုန့် ဖိုးပေးတာ နဲလို့ တဲ့) ……..။ ကထိန်လှည့် တော့လဲ လိပ်ပြာပုံတွေ ဘာတွေ ချိုးပြီး အိုးစည်ဒိုးပတ်နဲ့  ကကြ ၊ ခုန်ကြ………။ ရွှေတိုင်း (စစ်ကိုင်းတိုင်း) အသင်းရဲ့ “ရှင်ဥပဂုတ္တ ဖောင်မျှောပွဲ” ကလည်း တန်ဆောင်တိုင်မှာဘဲ……..( ဟိုနေ့ က မှားရေးလိုက် မိတယ်)…….ကျောင်းရှေ့က ၁၀ ပေမြောင်း ( ရေပေးဝေသောမြောင်း ) ထဲမှာ “ရှင်ဥပဂုတ္တဖောင်” နဲ့ အတူ ငှက်ပျောအူပေါ် ဆီမီးခွက်လေးတွေ တင်ပြီး မျှောကြရတာ……..။ ၆နာရီ ကျော်ရင် အပြင်ထွက်ခွင့် မရှိတဲ့ အဆောင်သူတွေ အတွက် ဒီလိုနေ့ မျိုးဆို အထူးအခွင့်အရေး အနေနဲ့  ၈နာရီခွဲ လောက်အထိ အပြင်မှာနေလို့  ရတယ်………..။ ဒီဇင်ဘာ အားကစားလမှာတော့ ဘော်လီဘော ၊ ကြက်တောင် ၊ Table Tennis ၊လွန်ဆွဲပွဲ ၊ ဘောလုံး စတဲ့ပြိုင်ပွဲတွေမှာ အားပေးကြ…….ရန်ဖြစ်ကြ ရတယ်……… အထူးသဖြင့် ဘောလုံးပွဲ ……….၊ ယောက်ျားလေးတွေ ကန်တဲ့ ဘောလုံးအတွက်နဲ့  မိန်းကလေးတွေ မခေါ်နိုင် မပြောနိုင် ဖြစ်ကြရတယ်………။ အဆောင်မှာ ပထမနှစ် နဲ့  ဒုတိယနှစ် စိတ်ဝမ်း ကွဲ …….ရန်ဖြစ်…..စောင်းပြော…….နောက်တော့ ပါချုပ်ရုံးရောက်…..၀န်ခံကတိထိုး…….။
ပြန်တွေး ကြည့်ရင်ရီစရာကောင်းသလိုရှက်စရာလည်းကောင်းတယ်…..။
မန္တလေး ဆောင်းက သိပ်အေးတာ……ဒါကြောင့် အချုပ်တန်းဆရာဖေက “ ချမ်းပုံမှာ ကမ်းကုန် ရစ်တာမို့ ….မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်တော့” လို့  စပ်ဆိုခဲ့ တာဖြစ်မယ်………။ ဒါပေမယ့် ဘယ်လောက် အေးအေး ……ဒီဇင်ဘာ ၂၅ ဆိုရင် ခရစ်ယန်ကျောင်းသားတွေက (ချင်းလူမျိုးများတယ်) အဆောင်ဝင်းထဲမှာ သီချင်းလာဆို ကြတယ်……။ “လေးမ” တို့  အဆောင်သူတွေကလည်း အနွေးထူထူဝတ်ပြီး ၀ရန်တာ မှာ ထွက်နားထောင်ကြတယ်……..။ သီချင်းဆိုပြီးရင် သူတို့ ပါလာတဲ့မုန့် တွေပစ်ပေးတယ်…….. “လေးမ” တို့ ကလည်း ရှိတဲ့မုန့် တွေ ပြန်ပစ်ပေးကြတယ်……….ကျောင်းသားဘ၀မှာ ဘာသာ၊ လူမျိုး ခွဲခြားမှုဆိုတာမရှိဘူး……….။ ပြာသိုတပို့ တွဲ…..ထမနဲထိုးတယ်…… ထမနဲချင်းအတူတူကို ဟိုအဆောင်၊ ဒီအဆောင် လဲစားကြတယ်………။ ဘာပွဲမှမရှိတဲ့လမှာ ကျောင်းသားတွေ ငြိမ်ကုပ်ပြီးစာလုပ်နေကြမယ်လို့  ထင်ပါသလား……….လုံးဝမငြိမ်ပါ……..။ ( ပြည်နယ် နှင့် တိုင်းအလိုက် ကိုယ့်ဘာသာ ဖွဲ့ ထားကြသော) ကိုယ့်အသင်းနဲ့ ကိုယ်မေမြို့ တက်ကြတယ်………BE Fall မှာ ကျောင်းသားတယောက် ရေနစ်တော့ ပါချုပ်က မေမြို့ တက်ခွင့်ပိတ်လိုက်တယ်……..အပျော်လွန်တော့လည်း အန္တရာယ်များတယ်……..။မေမြို့  မတက်ရ တော့ တောင်တက်ကြတယ်……..ကျောင်းနားမှာရှိတဲ့ ( မြခနောက် ၊ စိန်ခနောက် ၊ ပတ္တမြားခနောက် ၊ ထူးမဂူ ၊ ရွှေဟသာင်္ဂူ ၊ ၀င်္ကပါဂူ…..) တောင်တွေကို တက်ကြတာ……..စားနပ်ရိက္ခာ ၊ ဖျော်ဖြေရေးဂစ်တာ…….. အစုံအလင်နဲ့  တောင်တက်ကြတယ်……….။ ဒီလိုနဲ့ ……… စာမေးပွဲကြီး ရောက်လာတယ်……….စာမေးပွဲဖြေတော့လဲ ပျော်ပျော်ဘဲ………သိသလောက်ဖြေ………ရသလောက်ရေး…….၊
သူများလည်း ကိုယ့်လို မဖြေနိုင်ဘူးဆိုရင်……၀မ်းသာ……….။
ဒီလို…….ဒီလို……..ပျော်ခဲ့ကြပါသည်………။ ။

Advertisements

10 Responses

  1. Special Features တစ်ခုပါပဲဗျာ.. ကျောင်းတုန်းက ရင်ခုန်သံတွေ ကျွန်တော်ပါ ပြန်ရသွားတယ်.. မျက်လုံးထဲမှာ မြင်ယောင်မိတဲ့ အထိ အရေးအသားက ဆွဲဆောင်သွားတယ်ဗျ….အရမ်းကောင်းတယ်ဗျာ.. ဒါကြောင့်လဲ Menu Bar မှာ တင်ထားတာကိုး.. 🙂

    (ကျွန်တော်တော့ သူ့ (Drawing Paper) ကို အခုထိ ဘူးနှင့် ထည့်ပြီး မိုးရွာရင် ပြေးလွားနေရတုန်း.. အိပ်ရေးလဲ ပျက်တုန်း. 😀 )

  2. အားးးးးးးးးးး

    လွမ်းသွားတယ်ကွာ…

    ရေးဦးမယ်. လေးမရေ… ရေးဦးမယ်…

    မုဒ်ဝင်သွားပြီ…

    သိုင်းကျူး. ပြန်ညွှန်းလိုက်မယ် သိလား..

    Y.

  3. မလေးမရေ ဘာလို့ ဒါကို ခုမှဖတ်မိလည်းမသိဘူး…. အရမ်းကောင်းတယ်ဗျာ… အဲဒီကျောင်းထဲ ခဏခဏ အလည်ရောက်လို့ ပြေးတောင်သတိရလိုက်သေးတယ်… ရေးသားမှုကတော့ ကလောင်သွားထက်တယ်ဆိုရမှာပဲ.. အဆုံးထိကို အတော်စိတ်ဝင်တစားနဲ့ဖတ်နေမိတယ်.. ဖတ်ပြီးတော့ ဘကြီးဘုန်းကြီးကျောင်းကို လွမ်းတယ်ဗျာ…

  4. >မှော်ဆရာ… ဘလော့ စရေးတော့ ကျောင်းတုန်းက အမှတ်တရတွေ ရေးမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ် …။ တစ်ချိန်တုန်းက တန်ဖိုးထားရကောင်းမှန်းမသိခဲ့တဲ့ ကျောင်းသားဘ၀ ကို အမှတ်တရ ပြန် စဉ်းစားမိတိုင်း ချရေးထားတာလေးတွေပါ..။ မှော်ဆရာက ဘာမေဂျာလဲ…။

    >ကိုရန်အောင် … ကိုရန်အောင်ရေးလိုက်ရင် လေးမ ပိုလွမ်းသွားပြီး ထပ်ရေးချင်ပြန်ဦးတော့မယ်…။

    >အဇ္ဈတ္တပြခန်း … အရမ်းကိုကျေးဇူးတင်ပါတယ်… MTU ထဲ ခြေရှုပ်ခဲ့ပုံရတယ်.. နော်.. ဟီး.. စတာပါရှင်…။

  5. perfect ပဲဗျာ။ အိမ်ပြန်ပြေးချင်စိတ်လည်း ပေါက်သလို ကျောင်းသားဘ၀ကိုလည်း ပိုလွမ်းမိတယ်။ အဲဒီကျောင်းကြီးဟာ ကျွန်တော့်ကျောင်းမဟုတ်ပေမယ့် ကျွန်တော့်ငယ်ဘ၀ပုံရိပ်တွေဟာ အဲဒီကျောင်းကြီးနဲ့လည်း ပက်သက်နေတယ်။

    ခင်မင်စွာဖြင့်

    CMS

  6. အခုမှ ဒီပို့စ်လေးကိုဖတ်မိတယ်…MTU မှာမတက်ရပေမယ့်.. အတွဲဆုံးသူငယ်ချင်း ၂ယောက်က MTUကိုရောက်သွားတော့ သူတို့ပြောတာလေးတွေကြားဖူးနားဝပေါ့….သူတို့ပြောတာ “မစွံရင်ရန်ကင်းတောင်တက် “ဆိုလား………..:P

  7. ထွက်လာမယ့် ကာယဗလမောင်ပုံကြီးကိုကြောက်ပေမယ့် မန့်ခဲ့ဦးမယ်…
    မလေးမ အရမ်းစာရေးကောင်းတယ်..A Story in MTU ကိုတော်တော်ကြိုက်တယ်..

  8. လေးမရေ၊ အရေးအသားကတော့ အလန်းဗျ။ ကျောင်းကို တော်တော် လွမ်းသွားပီ။ အာခီဌာန ပုံတွေ ရှိသေးရင် တင်ပေးပါလားဗျာ။ ဌာန အနောက်ဘက်က ဇီးသီးပင်ကြား သွားသွား ပုန်းပြီး အိပ်ခဲ့တာကို ကွန်မန့် ပွတ်ရင်း သတိရသွားပီ။

  9. ယူတို့ ကတော့အလွမ်းတွေနဲ့ ပျော်စရာတွေအများကြီးပေါ့
    ကိုတို့ ဘ၀ကပြေးလွှားရင်းနဲ့ ပြီးဆုံးရကျောင်းသားဘဝ

  10. ပျော်စရာကြီးဗျာ… ဘေးလူအနေနဲ့ တောင် ဖတ်ရင်းကြည်နူးရတယ်… ကိုယ်တိုင်မရခဲ့တဲ့ အဲလို တက္ကသိုလ်ကျောင်းသားဘ၀၊ အဆောင်ကဘ၀လေးတွေအကြောင်းဖတ်ရင် အရမ်းအားကျတာပဲ… ခုလဲ ‘၈၂ အင်းလျား’ သီချင်း youtube မှာနားထောင်မိရင်း အရင်တုန်းက တက္ကသိုလ်ကျောင်းသားဘ၀ကို သွားရေယိုနေမိတာ… အဲသီချင်ရှာဖို့  google မှာ သီချင်းစာသားရိုက်ထည့်ကြည့်ရင်းနဲ့  အစ်မရဲ့  blog ကို ရောက်လာတာပါ… အားကျတယ်ဗျာ… တကယ်ပါ… ကျွန်တော်ကတော့ ငယ်ငယ်ထဲက ‘ဂျီဟောသူ’ ဖတ်ပြီး အင်ဂျင်နီယာရူးရူးခဲ့ပေမဲ့ ကျွန်တော်တို့ ခေတ်ကျတော့ YIT ရော YTU ရော မရှိတော့လို့  အစ်မတို့ လို ကံမကောင်းခဲ့ဘူး…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: