SHELTER

တတိယနှစ်ကျောင်းသူ ဘ၀မှာ ပထမဆုံး စပေးတဲ့ project က  Sun Shelter.

ကျောင်းသူကျောင်းသားတွေ  ကျောင်းတက် … ကျောင်းဆင်း … စာသင်ချိန် အကူးအပြောင်း … တစ်ဆောင်နဲ့  တစ်ဆောင် အကူးအပြောင်းမှာ ခေတ္တ နားခိုစရာ နေရောင် ဒဏ် ကာကွယ်ပေးတဲ့ sun shelter  ကို design လုပ်ပါတဲ့ …။

အဲဒီတုန်းက shelter ရဲ့ အဓိပ္ပါယ်ကို အဲဒီလိုပဲ နားလည်လိုက်တယ်…

ဒီထက်ပိုပြီး များများစားစား မသိချင်ခဲ့ဘူး …။

ခုတလော shelter ဆိုတဲ့  အသံတွေ မိုးမွှန်အောင် ကြားနေရတော့မှ shelter အကြောင်း နဖူးပေါ်လက်တင်ပြီိး ပြန်စဉ်းစားမိတယ်…။

 

Shelter ဆိုတာ နားခိုရာ … ခိုလှုံရာ … နေထိုင်ရာ …။

လူသားတွေရဲ့ မရှိမဖြစ် အခြေခံ လိုအပ်ချက်တွေထဲမှာ နေစရာ  လည်းပါတယ် …။ အစားအစာ နဲ့ အ၀တ်လိုပဲ ခိုလှုံစရာနေရာ ကလည်း အရေးတကြီး လိုအပ်ပါတယ်…။

သဘာဝတရားကြီးကတော့ ကျောက်ဂူတွေ … အရိပ်ကောင်းတဲ့ သစ်ပင်တွေ ကို shelter အဖြစ် ကမ္ဘာဦးကတည်းက ဖန်တီးပေးခဲ့ပြီးသားပါ …။  သဘာဝ shelter တွေမှာ အားနည်းချက်တွေ အများကြီးရှိတဲ့ အတွက် အသိဥာဏ်မြင့်မားတဲ့ လူသားတွေဟာ man-made shelter  တွေကို ဖန်တီးလာကြတယ်..။

အစပထမကတော့ ရာသီဥတုဒဏ် ကာကွယ်ဖို့ … သားရဲတိရစ္ဆာန် ဘေး ကင်းဝေးစေဖို့ ….

နောက်တော့ … နောက်တော့ … လူသားတွေရဲ့ မဆုံးနိုင်တဲ့ လိုလားချက်တွေ နဲ့ အတူ shelter ဟာ နာမည်အမျိုးမျိုးနဲ့  modified လုပ်ခံခဲ့ရတာ ဒီနေ့  အထိပါပဲ …။ 

 

 

အိပ်ရုံပဲ ဆိုတဲ့ အဆင့်ထက်ပိုတဲ့ ဘုရားဝတ်ပြုဖို့ … အစားစားဖို့  … ချက်ပြုတ်ဖို့ … စတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပြီးပြည့်စုံစေတဲ့ space  (နေရာ) တွေ ထပ်ပေါင်းထည့်လိုက်တဲ့ အခါ  အိမ်လို့ ခေါ်တဲ့ နေစရာ ဖြစ်လာတယ်…။

လူတွေနေကြတာချင်းတူပေမယ့် အိမ်တွေက မတူကြပြန်ဘူး…။ အလွယ်တကူတွေးရင်  အကြိုက်ချင်း မတူလို့ပေါ့ လို့ ထင်စရာ အကြောင်း ရှိပေမယ့် နောက်ကွယ်မှာ ဒီထက်ကြီးကျယ်တဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်…။

 

ပထမအဆင့်အနေနဲ့  ဒေသမတူရင် … ရာသီဥတုမတူရင် … လူတွေရဲ့ နေထိုင်စားသောက်တဲ့ အကျင့်စရိုက်မတူရင် … ဒေသတွင်း အလွယ်တကူ ရရှိနိုင်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ မတူရင်  ပုံစံတွေ တူလို့မရပါဘူး…။ ဥပမာဆိုရရင် အပူပိုင်းဒေသမှာ ရှိတဲ့ မြန်မာနိုင်ငံမှာ အအေးပိုင်းဒေသကလို မှန်လုံအိမ်တွေ ဆောက်ရင် နေရတာ အဆင်မပြေပါဘူး…။ ငါးပိရည်ကျို … ငါးခြောက်ဖုတ် … တညင်းသီးပြုတ် … ငရုတ်သီး ထောင်းတဲ့ မြန်မာ အိမ်ရှင်မတွေ အတွက် အနောက်တိုင်း မီးဖိုချောင် ကျဉ်းကျဉ်းဟာ စိတ် ကျဉ်းကြပ်စေပါတယ်… ( အိမ်ရှင်မ တော်တော်များများ စတိုင်လ်သစ်နဲ့  ready-made တွေ အသုံးများလာတဲ့ အတွက် ဒီကိစ္စက သိပ်တော့ စိတ်ပူစရာမလိုပါတော့ပါဘူး…)

 

ဒုတိယကတော့  shelter ကို လိုအပ်ရတဲ့ အကြောင်းရင်းခြင်း မတူရင် shelter တွေ မတူတတ်ပါဘူး …။ ဥပမာပေးရရင် သာမာန် လူတစ်ယောက်က security နဲ့  privacy အနည်းငယ် ရှိတဲ့ shelter မှာ နေထိုင်နိုင်မှာဖြစ်ပြီး … ရန်သူတွေ လာတိုက်ခိုက်မှာကို စိုးရွ့ံ နေရတဲ့ ဘုရင်တစ်ပါးကတော့ ရဲတိုက်အကြီးကြီးဆောက်ပြီး နေမှာဖြစ်ပါတယ်…။

 

တတိယ အချက်ကတော့ ငွေကြေး ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ပုံစံကွဲလွဲနေတာ ဖြစ်ပါတယ်…။

 လူတွေဟာ တတ်နိုင်တဲ့ ငွေကြေးပမာဏပေါ်မူတည်ပြီး တဲအိမ် … တိုက်အိမ် … ၂ ထပ်အိမ် … လုံးချင်း… တိုက်ခန်း … စတဲ့ နာမည် အမျိုးမျိုးနဲ့  shelter တွေမှာ နေထိုင်ကြတယ်…။ တချို့ လူတွေကတော့ အသက်ရှင်နေနိုင်ဖို့ shelterလိုအပ်တာလား…. shelter ကောင်းကောင်းနဲ့ နေနိုင်ဖို့ အသက်ရှင် ရုန်းကန်နေရတာလားဆိုတာ ဒွိဟ ဖြစ်နေကြပါတယ်…။

 

 ဘယ်လို ကြောင့် ဘာတွေကွဲလွဲနေပါစေ … shelter ဆိုတာ အကာအကွယ် တစ်မျိုးလို့ အဓိပ္ပါယ်ရပါတယ်…။

ဒါကြောင့် အသင့်အတင့် ကာကွယ်မှု … လုံခြုံမှုပေးနိုင်တဲ့ shelter ဖြစ်ဖို့  လိုအပ်ပါတယ်..။ ရာသီဥတုဒဏ် … အင်းဆက် ပိုးမွှား အကောင်ပလောင် ဒဏ်တွေကို  အတော်အသင့်  ကာကွယ်မှုပေးနိုင်ရပါမယ်…။

 

Shelter ရဲ့   ဦးလှည့်ဘက် ကို သင့်တော်အောင်ရွေးချယ်တာမျိုး … အပေါက်တွေ ဖောက်တဲ့ အခါမှာ ဖြစ်သင့်တဲ့   နေရာ ကို ရွေးချယ်ဖောက်တာမျိုး …. shelter ကို မြေကြီးမှ  အနည်းငယ် မြှင့်ဆောက်တာမျိုး … တွေက  ကုန်ကျစရိတ် သိပ်မပိုတဲ့ ကာကွယ်နည်းတွေ ဖြစ်ပါတယ်…။

 

 shelter မရှိတာနဲ့စာရင် ရှိနေတာက သိပ်ကောင်းပါတယ်…။

 

 shelter ရှိနေတာထက်  အသင့်အတင့် စိတ်ချရတဲ့ shelter ဖြစ်ရင် ပိုကောင်းပါတယ်…။

 

 အသင့်အတင့် စိတ်ချရတဲ့ shelter ထက် အန္တရာယ်တော်တော်များများကို ( မမြင်ရတဲ့ rays တွေကိုပါ ) အစွမ်းကုန် ကာကွယ်နိုင်တဲ့ shelter ဖြစ်ရင် အလွန် ကောင်းပါတယ်…။

 

ဒါပေမယ့်  ဘေးအန္တရာယ် တွေကို ကာကွယ်ရင်း … ဖယ်ခွာရင်းနဲ့ နှစ်သက်စရာကောင်းတဲ့ သဘာဝရဲ့  လက်ဆောင်တွေနဲ့  ကင်းကွာလာပြီး  မီးခြစ်ဆံဗူးထဲက မီးခြစ်ဆံလေးတွေလို … လှောင်အိမ်ထဲက သတ္တ၀ါလေး တွေလို  ဖြစ်မသွားဖို့တော့ ဒီဇိုင်းဆွဲတဲ့  ဗိသုကာက တာဝန်ယူရပါလိမ့်မယ် … ။ ။ 

 

Barcelona Pavilion

12.jpg

ပုံတွေ ကြည့်ချင်ရင် ဒီမှာ

Travertine ကျောက် တွေနဲ့ တည်ဆောက်ထားတဲ့ Podium လို့ခေါ်တဲ့ ခုံမြင့်ကြီးပေါ်မှာ building အကြီးတစ်ခု … အငယ်လေးတစ်ခုနဲ့ ရေကန်လေးတစ်ခုတင်ထားတဲ့ ဒီ composition လေးကို ယာယီဆောက်တဲ့ ပြခန်းလေးလို့ ကျောင်းသူဘ၀က အံ့သြတကြီး သိခဲ့ရတယ်…။ 1929 မှာ Spain နိုင်ငံ Barcelona မှာ ကျင်းပတဲ့ International Exposition မှာ ဂျာမဏီ နိုင်ငံ ကိုယ်စားပြု ပြခန်းအတွက် နာမည်ကြီး ဂျာမန် ဗိသုကာ ပညာရှင် L. Mies van der Rohe က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်တယ်…။

အရင်က အဆောက်အဦတစ်လုံး..ရေကန်တစ်ခုလို့ ထင်ခဲ့မိပေမယ့် online မှာ plan တွေ့လို့ သေချာပြန်ကြည့်လိုက်တော့ ရေကန်နောက်မှာ အခန်းငယ်လေးလို့ပြောလို့ရတဲ့ building သေးသေးလေးတစ်လုံးပါနေတာတွေ့ရတယ်…။

တစ်ခါမှ မရောက်ဖူးတဲ့ အဲဒီပြခန်းလေးရှိရာကို စိတ်ကူးလေးနဲ့ လည်လည်သွားလိုက်တယ်…။

ရှေ့တည့်တည့်ကမပေးဘဲ ဘေးတိုက်ပေးထားတဲ့ လှေကားထစ်တွေကနေ ရေကန်ကို မျက်နှာမူပြီး တက်လာရကတည်း အေးချမ်းလတ်ဆတ်တဲ့ အာရုံတွေကပ်ညှိလို့လေ…။

bp.jpg

Podium ပေါ် ရောက်တဲ့အခါ enclosure ဆိုတဲ့ အကာအရံ ကင်းလွတ်လို့ လွတ်လပ် ကျယ်ပြန့်တဲ့ အမြင့်တနေရာကနေ လမ်းပေါ်ကလူတွေကို စောင်းငဲ့ ကြည့်နိုင်တယ်…။

အမိုးရယ်…အကာရယ်…တိုင်ရယ်ကို …. ဒီအဆောက်အဦမှာ ကွဲကွဲပြားပြား … သီးသီးသန့်သန့် မြင်အောင်ပြထားတာကိုတွေ့ရတယ်…။

အခင်းကြမ်း ပေါ်မှာ ထောင့်မှန်ကျထောင်ထားတဲ့ အနက်ရောင် ၊ အ၀ါရောင် နံရံချပ်၊ မှန်နံရံချပ် ၊ ကျောက်နံရံချပ်တွေဟာ အမှီအခိုမဲ့ရပ်တည်နေကြပြီး …ကာတယ်ဆိုတဲ့ အလုပ်တစ်မျိုးပဲ ငါတို့ လုပ်တယ်ဟေ့လို့ အော်ပြောနေကြတယ်..။ ခပ်သေးသေး steel တိုင် တိုင်ကတော့ “ကျွန်တော်တို့က အမိုးနဲ့ ကြမ်းကြားမှာ ဆက်သွယ်ပေးတဲ့ ဆက်သွယ်ရေးသမားတွေပါ ” တဲ့…။

အထဲရောက်တော့ နာမည်ကျော် Barcelona chair အဖြူလေးတွေပေါ်မှာ ဟန်ကျပန်ကျ ထိုင်လိုက်ပြီး ….အပြင်ဘက်က လူရုပ် sculpture ကြီးကို အရသာခံ ငေးကြည့်နေမိတယ်…။ အရုပ်တစ်ရုပ်ကလည်း နေရာတစ်ခုရဲ့ တန်ဖိုးကို အတော်ပြောင်းလဲစေနိုင်ပါလားနော်လို့ တဆက်တည်းတွေးလိုက်မိတယ်…။

တစ်ခါ… ငြိမ်သက်တဲ့ အရောင်တွေကြားထဲမှာ ဘာလို့များ… စူးရှပူလောင်နေတဲ့ အနီရောင် လိုက်ကာကို တပ်ဆင်ထားတာလဲလို့ Mies ကိုမေးချင်တယ်…။

52.jpg

အပြင်ဘက်က ကျောက်ခဲလေးတွေ မြင်နေရတဲ့ ရေကန်လေးဘေးမှာ ခဏထိုင်ပြီး ပြန်လာခဲ့တယ်…။

ပြန်ရောက်ပြီ..ကွန်ပြူတာရှေ့ကို…။ မိုက်တယ်နော်…ပိုက်ပိုက်မကုန်ဘဲ ခရီးထွက်လို့ရတဲ့ ကမ္ဘာ့ရွာကြီးကို ကျေးဇူးတင်တယ်…။

ခေါင်မိုးနိမ့်နိမ့်လေးနဲ့ ခန့်ညားအေးဆေးငြိမ်သက်တဲ့ အလှကိုဖော်ကျူးလို့ ခေတ်မီ တည်ဆောက်ရေး ပစ္စည်းတွေအကူအညီနဲ့ အမိုး..အကာ…ကြမ်း…တိုင် တို့ကို ကွဲကွဲပြားပြား…ရိုးရိုးရှင်းရှင်း … ဒီဇိုင်းလုပ်ပြသွားတဲ့ ဒီအဆောက်အဦလေးဟာ 1959 မှာ အဲဒီနေရာမှာပဲ ပြန်ပြီးတည်ဆောက်ထားရလောက်တဲ့ အထိ အောင်မြင်သွားခဲ့တယ်…။

ပြပွဲပြီးရင် ဖျက်လိုက်မယ့် ယာယီပြခန်းလေးကို အင်မတန်တန်ဖိုးကြီးတဲ့ steel, glass, marble, travertine တွေနဲ့ အခိုင်အမာ တည်ဆောက်ခဲ့တဲ့ ဗိသုကာရဲ့ စိတ်ကုးနဲ့ အကောင်အထည်ဖော်ခွင့်ရခဲ့တဲ့ သူ့ရဲ့ကံကြမ္မာကို အားကျမိတယ်…။

လေးမတို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာ ယာယီပြခန်းတစ်ခုအတွက် ဒီလောက်အကုန်အကျခံပေးမယ့်သူရှိပါ့မလား လို့တွေးနေတဲ့ အာရုံထဲကို “ ပေါ…ချောင်…ကောင်း” လေးဆွဲပေးပါဗျာ/ ရှင် ဆိုတဲ့ အသံတွေက လာလာနှောက်ယှက်နေပြန်တယ်…။

“အလှ”အကြောင်း….ကြားခဲ့ရတဲ့ စနေ ၊ တနင်္ဂနွေ

စနေ
စနေနေ့ က “လေးမ” မြန်မာနိုင်ငံ ဗိသုကာများအသင်းရဲ့ Seminar ကို တက်ရောက်ခဲ့ပါတယ်…။ ပထမပိုင်းမှာ ဆရာဦးထွန်းသန်းက “ကျွန်တော်နားလည်သော ဗိသုကာပညာ ” ၊ ဒုတိယပိုင်းတွင် ဦးကျော်ထွန်းမှ “Sustainable architecture ” ဟူသော စာတမ်းများကိုဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသော ဗိသုကာများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်….။ တက်ရောက်လာသော လူငယ်ဗိသုကာများနှင့် ကျောင်းသူကျောင်းသားများအတွက် အလွန်တန်ဖိုးရှိသော ဗိသုကာ ဘာသာစကားများကို အားပါးတရ နားထောင်ခဲ့ကြရပါသည်…..။ ဗိသုကာတို့  ဖန်တီးပေးရသောအလှ (အမြင်ရသ) ပိုင်းဆိုင်ရာ အယူအဆများကိုလဲ အသေအချာ နားလည်ခဲ့ရပါတယ်….။
J.Ruskin ၏ Architecture is the rightly placing of sculptures and paintings. ဟူသောအယူအဆ ၊ A. Loos ၏ Ornamentation is Crime ဟူသောအယူအဆ ၊ Do not construct the decoration . Decorate the construction . ဟူသော အတွေးအခေါ်များနှင့် အတူ ၊ စွမ်းအင် အလဟသမဖြစ်စေသော ၊
ပတ်ဝန်းကျင် ကို မထိခိုက်စေသော ဒီဇိုင်းများဖြစ်ရန် ဗိသုကာများတွင် တာဝန်ရှိကြောင်း အသိတရားများနှင့် …..Regional character, National character စသောလက်ရာဟန်များ အကြောင်း တွေးတောစရာ တပွေ့ တပိုက်နှင့် …..၁၈ ရာစုနှစ်သည် ကမ္ဘာမှာ ဗိသုကာပညာ အနိုင်ကျင့်ခံခဲ့ရသော အချိန်ဟူသော ဆရာ၏ စကားတခွန်းကို အထပ်ထပ် ကြားယောင်ရင်း ကမောက်ကမ တွေးနေကျ အတွေးတွေနဲ့ ……၊ မြန်မာမှာ လက်ရှိ သွားနေတဲ့ Architecture trend ဟာ Client-architecture ပါလို့  ပြောသွားတဲ့ သုံးသပ်ချက်တခုကို အပြန်ပြန် အလှန်လှန် စဉ်းစားရင်း…..လေးမ အိမ်ပြန်ခဲ့ပါသည်….။
ကြားဖြတ်သတင်း
စနေမနက်က အိမ်တွင် မနက် ၅နာရီက ၀ါဆိုသင်္ကန်းကပ်….ထို့ နောက် ဘုရားတက်…ပြီးနောက် Seminar တက်….ပြန်ရောက်တော့ Post တပုဒ်ဖတ်….Seminar ကပါလာသောအတွေးများ….Post မှပေးသော အတွေးများဖြင့် “လေးမ” ပလန်လက်သွားသောကြောင့် cbox မှာ နေမကောင်းဟု ရေးခဲ့ရခြင်းဖြစ်ပါသည်….။
တနင်္ဂနွေ
ကုမ္ပဏီတစ်ခု၏ Skin care နဲ့ color care ဆိုင်ရာ product အသစ်များ မိတ်ဆက်တဲ့ ပွဲတစ်ခုကို “လေးမ” စပ်စပ်စုစုရောက်ခဲ့ပြန်ပါတယ်…။ စိတ်ဝင်စားစရာ မေးခွန်းလေးတွေနဲ့  မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်သွားပါတယ်….Skin care ပိုင်းကိုပြောတဲ့ အခါ…. “မွဲခြောက်ခြောက်မျက်နှာ…၀က်ခြံတင်းတိတ်ရှိတဲ့ မျက်နှာနဲ့  အသားအရေကြည်လင်တဲ့မျက်နှာ….ဘယ်လိုမျက်နှာကိုမြင်ချင်လဲ….” ဆိုတဲ့ မေးခွန်းတွေနဲ့ 

အတူ “ကိုယ့်ချစ်သူကို အခုဘဲဝယ်ပေးလိုက်ပါ ” လို့  တိုက်တွန်းရင်း မိတ်ဆက်သွားပါတယ်…။ ကောင်ကလေးတွေတော့ မျက်ခုံးလှုပ်စရာပါဘဲ….။ ကောင်မလေးတွေလဲ မချောင်ရှာပါဘူး….ယောက်ျားနဲ့  မိန်းမ အသားအရေချင်းလုံးဝမတူတဲ့ အတွက် ယောက်ျားလေးတွေက Facial Foam (for men) ကို သုံးရမယ့်အကြောင်း သိုင်းသိုင်းဝိုင်းဝိုင်း တင်ဆက်သွားပြန်ပါတယ်…..။ Color care ပိုင်းကတော့ အရောင်တွေခြယ်ပြတာပါ….။ မော်ဒယ်လေးတယောက်ကို ခြယ်ပြတာပါ….။ မခြယ်ခင်နဲ့  ခြယ်ပြီး တော်တော် ရုပ်ကွာသွားတာကိုတွေ့ ရပါတယ်…..။ လေးမ ကတော့ နုနုငယ်ငယ် မော်ဒယ်လေးကို ကြည့်ပြီး “ ငါတော်တော် အိုသွားပြီ ” လို့ တရားရခဲ့ပါတယ်…..။ Skin ကိုတော့ သေသေချာချာ ထိန်းသိမ်းရတော့မယ် ဆိုတဲ့ အတွေးနဲ့  Facial Foam (For men) တဗူး ၀ယ်ပြီး အိမ်ပြန်ခဲ့ပါတယ်….။ ။

အာဇာနည်ဗိမာန်


Source: from yanaung.blogspot.com and google search

( အာဇာနည်ဗိမာန်အား ကျွမ်းကျင်ပညာရှင် ရှုထောင့်မှ မဟုတ်ဘဲ သာမာန်ပြည်သူတစ်ဦး အနေဖြင့် ဗိသုကာရှုထောင့်မှ ရှုမြင်ကြည့်ပါသည်……။ )
ရွှေတိဂုံဘုရားရဲ့ ခြေရင်း မြောက်ဘက်မုခ်အနီးမှာ ရှိတဲ့ အာဇာနည်ဗိမာန်ကို “လေးမ” ဘုရားတက်တိုင်း ကားပေါ်ကနေ မြင်သလောက် လှမ်းကြည့်မိနေကျပါ……။ ပြီးတော့ တခုခုကို တွေ့ ရနိုးနဲ့  ရှာမိတတ်တယ်……။ ဘာကိုရှာမိမှန်းလဲ မသိ…….။ ကားဖြတ်သွားတုန်း ကြည့်ရတာဆိုတော့ ကြည့်ရတာလဲ အားမရဘူး……။ ဒီအသက် ဒီအရွယ်အထိ ဗိမာန်ရှိတဲ့နေရာကို တခါမှ မရောက်ဖူးသေးဘူး…….။ တနေ့ တော့ သွားဖြစ်အောင် သွားဦးမည်…….။ အာဇာနည်တွေ အေးချမ်းပါစေ……ငြိမ်းချမ်းပါစေတော့လို့  ဘုရားရိပ်နဲ့  အနီးဆုံးမှာ နေရာပေးခဲ့လေသလား…….။ ရွှေတိဂုံဘုရား ၊ တော်လှန်ရေးပန်းခြံ ၊ သွေးဆေးကန် ၊ လွှတ်တော် ၊ ရင်ပြင် ၊ အာဇာနည်ဗိမာန် စတဲ့ နိုင်ငံရဲ့ အရေးပါတဲ့ အထင်အရ အဆောက်အအုံတွေကို တဆက်တစပ်တည်း တစုတဝေးတည်း ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါမှာပါ……။ ဗိမာန်ကိုတည်ဆောက်ထားတဲ့ မြေနေရာကို ကြည့်မိပြန်တော့ မြေညီမဟုတ်……ကုန်းမြင့်ကလေး……ထို့ ကြောင့် တချို့ က အာဇာနည်ကုန်း ဟုလဲ ခေါ်ခဲ့ကြတယ်……..။ ရှေးမြန်မာတွေက တောင်ကုန်းပေါ်မှာ ဘုရားတည်ကြတယ်…….ဂရိ တွေက ကုန်းမြင့်ပေါ်မှာ temple ဆောက်တယ်……ကုန်းမြင့် မရှိရင် ခုံမြင့် ကြီးပေါ်မှာ ဘုရားကျောင်းတွေ ဆောက်ခဲ့ကြတယ်……။ ရည်ရွယ်ချက်က ကုန်းမြင့်ပေါ်က အဆောက်အဦးပေါ်ကို လွယ်လင့်တကူ မရောက်ဘဲ လှေကားတွေနဲ့  တက်လာစေချင်တာ…….လှေကားတထစ်တက်တိုင်း လေးနက်တဲ့ခံစားချက်တွေ ၊ ဦးညွတ်မှုတွေ ၊ ၀ပ်တွားမှုတွေ ၀င်လာစေချင်တာ……..။ ဗိမာန်ပေါ်ရောက်ဖို့  ဓါတ်လှေကား မရှိဘူး…….ကျယ်ပြန့် တဲ့ လှေကားထစ်တွေကို တထစ်ချင်းတက်လာရတယ်…….။ တက်လာရင်းနဲ့  ဗိမာန်ကို လှမ်းမြင်နေရတယ်…….မြင်နေရင်းနဲ့  လေးစားမှု ၊ ဦးညွတ်မှု ၊ နှမြောတသဖြစ်မှု စတဲ့ ခံစားချက်တွေက ရင်ထဲမှာ တခုပြီးတခု နေရာယူလာနိုင်တယ်……..။ အ၀င်ဝ မုခ်ဦးတွေကလဲ ဦးညွတ်နေတဲ့ပုံစံ အတွင်းကိုကွေးထားတော့ ၀င်လာကတည်းက ဦးညွတ်ပြီးသား……။ ဗိမာန်က ရဲရင့်မှုကို ကိုယ်စားပြုတဲ့ အင်္နီရောင်……..။ အနီရောင် block က ၉ခု….. ထူးထူးခြားခြား block တစ်ခုမှာ ကြယ်ဖြူတစ်ခုရှိနေတယ်…… ။ နိုင်ငံလွတ်လပ်ရေးအတွက် လမ်းပြကြယ်လို့ များ ညွှန်းဆိုချင်သလား……..။ ပြည်သူတို့ ၏ ရင်ထဲတွင် အမြဲလင်းလက်တောက်ပနေမည့် ကြယ်စင် လို့ များပြောချင်တာလား………။ ငယ်စဉ်ကတော့ ဗိုလ်ချုပ်ရဲ့ အရိုးအိုးရှိတဲ့ နေရာလို့  သူများပြောတာကြားဖူးတယ်………။ ဗိသုကာ ဘာသာစကားနဲ့  ပြောရရင်တော့ ကြယ်ရှိနေတဲ့ နေရာဟာ တခြားနေရာတွေထက် ပိုထူးခြားသွားတဲ့ အတွက် ဒီဇိုင်းကို unity ရှိစေတယ်……..။ ဗိမာန်ရဲ့ Form က vertical နဲ့  horizontal effect ကိုညီညွတ်အောင် ပေါင်းစပ်ထားတယ်…..။ ငြိမ်သက်လဲလျောင်းသွားပြီ ဖြစ်ပေမယ့် ရှင်သန်နေတုန်းပဲ ဆိုတဲ့ အဓိပါယ်များလား……။ တကယ်လဲ ရှင်သန်နေခဲ့တာ အနှစ် ၆၀ ရှိသွားပါပြီ……..။ ဆက်လက်ပြီးတော့လဲ ရှင်သန်နေဦးမှာပါပဲ………။ ။

P.S. အဝေးကနေကြည့်ရင်း “လေးမ” ခံစားမိနေကျ အတွေးလေးတွေကို ရေးချရုံသက်သက်ပါပဲ………။ ဒီဇိုင်းထုတ်ခဲ့တဲ့ ဗိသုကာ ဆရာ ဦးဆန်းဦးကတော့ ဒီထက် လေးနက်တဲ့ design concept တွေနဲ့  ပုံစံထုတ်ခဲ့တာပါ…….။

အရောင်များ

Color Wheel

အရောင်တွေကို ဘာလို့ မြင်ရတာလဲ….။ မျက်စိ ကြောင့်ဆိုရင် အဖြေကမှားပါတယ်……မီးပျက်တဲ့ညတွေမှာ အရောင်တွေကို မြင်နိုင်စွမ်းမရှိပါဘူး ….၊ သဘာဝ အလင်း (သို့ ) မီးလုံးမီးချောင်းတွေရဲ့ အလင်းကြောင့် မြင်ရတာပါ…..။ သိပ္ပံနည်းကျကျ ပြောရင်တော့…..အဖြူရောင် အလင်းမှာ ရောင်စဉ် (၇) ခု ( အနီ ၊ လိမ္မော် ၊ အ၀ါ ၊ အစိမ်း ၊ အပြာ ၊ မဲနယ်(ခရမ်းပြာ) ၊ ခရမ်း ) ပါတယ်…..။ အဲဒီအလင်းက အပိတ်မျက်နှာပြင်တစ်ခု ( transparent မဟုတ်ရ ) အပေါ် ကျရောက်တဲ့ အခါ အဲဒီမျက်နှာပြင်က

သူ့ မှာမရှိသေးတဲ့ အရောင်တွေကို စုပ်ယူထားလိုက်ပြီး သူ့ မှာရှိတဲ့ အရောင်ကို ပြန်လွှတ်လိုက်တဲ့ အတွက် မျက်စိက အရောင်တွေကို မြင်ရတာပါ……။ ဒီသဘောတရားလေးကြောင့် အနီရောင်မျက်နှာ ပြင်ကိုကြည့်ရင် အနီရောင် ကိုမြင်ရတာပါ……။
အရောင်တွေဘယ်လို ရလာသလဲ…..။ မူလအရောင် ( primary color ) က သုံးရောင်ထဲပါ (အနီ…အပြာ…..အ၀ါ…)…..။ အနီ နဲ့  အ၀ါရောတော့ လိမ္မော် ၊….အပြာနဲ့ အ၀ါရောတော့ အစိမ်း….၊ .အနီနဲ့  အပြာ ရောတော့ ခရမ်း……ဒီလိုနဲ့ secondary color တွေရလာပါတယ်…..။ Primary နဲ့  secondary color တွေရောလိုက်တော့ ကြားရောင်လို့  ခေါ်တဲ့ tertiary hue (color) တွေရပြန်တယ်…….စိမ်းပြာ….စိမ်းဝါ ဆိုတဲ့ အရောင်တွေပါ…..။
အရောင်တွေကို ဒီလိုခွဲလို့ ရတယ်…….။ အနွေးရောင် ၊ အအေးရောင် ၊ လင်းတဲ့အရောင် ၊ မှောင်တဲ့ အရောင် ၊ ဆန့် ကျင်ဘက်အရောင် ၊ နီးစပ်ရောင်……။ Color wheel မှာ ၀င်ရိုးနှစ်ကြောင်း ဆွဲကြည့်ပါ……။ အ၀ါနဲ့  ခရမ်းကို ဆက်ထားတဲ့ Y ၀င်ရိုးရဲ့ ညာဘက် ( အနီရှိတဲ့ဘက်) က အရောင်တွေက အနွေးရောင် (အပူရောင် )……တခြားတဘက်က အအေးရောင်……။ စိမ်းပြာနဲ့  လိမ္မော်နီ ဆက်ဆွဲထားတဲ့ X ၀င်ရိုးရဲ့ အပေါ်ပိုင်း ( စိမ်း…၀ါ….လိမ္မော် ရှိတဲ့ အပိုင်း) က လင်းတဲ့ အရောင်တွေ……အောက်ဘက်ပိုင်းကတော့ မှောင်တဲ့ အရောင်တွေ…..။ Color wheel မှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ အရောင်တွေက ဆန့် ကျင်ဘက် အရောင်တွေ…… ကပ်လျက်ရှိနေတဲ့ အရောင်တွေက နီးစပ်ရောင်တွေပါ……။
အရောင်တွေက ဘာတွေပေးသလဲ……။ အနွေးရောင်တွေက စိတ်ကို နိုးဆွပေးတယ်……တက်ကြွစေတယ်……။ အေးတဲ့အရောင်က စိတ်ကို ငြိမ်သက်စေသလို သက်တောင့်သက်သာ ရှိစေတယ်……နံရံတွေကို အအေးရောင်သုတ်ထားရင် အခန်းကို ကျယ်သယောင် ထင်ရစေတယ်။ လင်းတဲ့ အရောင်တွေက စိတ်ကိုပျော်ရွှင်စေတယ်…… အခန်းကို ပိုကျယ်တယ်လို့  ထင်ရစေတယ်……။မှောင်တဲ့ အရောင်တွေက အခန်းကို ကျဉ်းစေတယ်…….စိတ်ကိုဝမ်းနည်းစေတယ်…… လေးလံထိုင်းမှိုင်းစေတယ်……..။ ဒီဇိုင်းတစ်ခုမှာ နီးစပ်ရောင်တွေ တွဲသုံးထားရင် မျက်စိထဲမှာ အဆင်ပြေပြီး လိုက်ဘက်ညီတယ် လို့ ခံစားရမယ်…….ဆန့် ကျင်ဘက်အရောင်တွေ တွဲသုံးထားရင်တော့ ထူးခြားပြီး ဆွဲဆောင်မှုရှိတာကို တွေ့ ရမယ်…….။ ဒါတွေက သဘောတရားကို အကြမ်းဖျင်း ရေးပြတာ…….။ အရောင်တွေ တွဲစပ်သုံးတဲ့ အခါ ပညာနဲ့  မွေးရာပါ အာရုံခံစားမှု အနုပညာ ဟန်ချက်ညီအောင် အသုံးချနိုင်ပါမှ လှပတဲ့ ဒီဇိုင်းတွေရမှာ……။
အရောင်များနှင့် “လေးမ”…….။
ဒုတိယနှစ်မှာ ဒီ ရောင်စုံစက်ဝိုင်းကြီး ဆွဲရတော့ “လေးမနဲ့  မိ” မေမေ့ကို လက်ဆောင်စက်ဝိုင်း တစ်ခုပေးခဲ့ ကြသေးတယ်…..။ မေမေက အ၀တ်ဘီရိုမှာ ကပ်ထားပြီး အပြင်သွားခါနီးကျရင် ဘာနဲ့ ဘာနဲ့  တွဲဝတ်ရင်ကောင်းမလဲလို့  စက်ဝိုင်းကိုကြည့်ရတယ်လို့  ပြောတဲ့အခါ ဘ၀င်လေဟပ်ပြီး တော်တော်သဘောကျခဲ့ရတယ်…….။ တခါကတော့ မေမေ ဖယောင်းပုဆိုး

ဝယ်တဲ့အခါ ဒုတိယနှစ်ဖြေထားတဲ့ ဗိသုကာ ကျောင်းသူကြီး “လေးမ” က….“ အ၀ါလေးကလင်းတယ်….လင်းတဲ့အရောင်က အခန်းကို ပိုကျယ်စေတယ်….” လို့ ဆရာလုပ်မိတော့ “ လျှာမရှည်နဲ့ …..အပေအတေ ခံဖို့ အရေးကြီးတယ်…..ငါ….ခဏခဏ မသုတ်နိုင်ဘူး ” လို့  ငြင်းပယ်ခံခဲ့ရပါတယ်……. အဲဒီတော့မှ ဘယ်အရာမဆို အကောင်းနဲ့  အဆိုး ဒွန်တွဲနေတဲ့ အချက်ကို သတိပြု မိခဲ့ပါတယ်……။
ဗိသုကာ တော်တော်များများက ပန်းချီဆွဲတတ်ကြတယ်……၊ အရောင်ခြယ်တတ်ကြတယ်…..။ “ လေးမ” ကတော့ ပန်းချီမဆွဲ အရောင်မစပ်တတ်ဘူး……။ ဒါပေမယ့် အရောင်တွေ ဖတ်တတ်တယ်…..။ “ လေးမ ” ရဲ့ “ ကောင်းကင် ” ကို ဒီလို အရောင်ဖတ်ခဲ့တယ်……။

“ အဖြူမှာ အနီသန်း….၊ အစိမ်းက ရေးရေး ၊ ဖျော့သော အနက်နဲ့  ၊

အဖြူ အပြာ ညိုကာမှိုင်းလို့  အနက်တို့  ဆင့်တော့……၊

ပန်းသွေးရောင်ထ…..ကျွန်မကောင်းကင် လှနေသည် ။ ”
( သူများတွေကတော့ ဘာတွေရေးထားမှန်းသိမှာ မဟုတ်ဘူး…..ရေးတဲ့သူ တစ်ယောက်ထဲဘဲ သိတယ်…… အဲဒါလည်း ပညာဘဲ )
အရောင်တွေအကြောင်း သိသွားပြီဆိုတော့ ၀ါသနာပါရင် Blog မှာအရောင်တွေ စပ်ကြည့်ကြပါဦး……..ပြီးရင် အလည်ခေါ်….လာကြည့်မယ်……။ ။
Reference: Francis D.K.Ching , Interior Design

Architect က ဒါတွေ ပေးတယ်..

သူ…..လူ့ လောကထဲစရောက်တော့မည်……. ။ အမေက သူ့ ကို ဆေးခန်းလေးတစ်ခုမှာ လူ့ လောက ထဲကို စတင်ဝင်ရောက် စေခဲ့တယ်…….။ သူနဲ့ အတူလာတဲ့ သူငယ်ချင်း တချို့ က ဆေးရုံမှာ….. တချို့ က သားဖွားခန်းမှာ…..တချို့ က အိမ်မှာ…….ဒီလိုနဲ့  လူ့ လောကထဲကို နေရာတစ်ခုကို အမှီသဟဲပြုလို့ သူတို့ ရောက်ခဲ့တယ်………။


သူ…..အဖေ့ရဲ့ တိုက်ခန်းလေးထဲမှာ ကြီးပြင်းခဲ့တယ်……။ သူ…..လေးနှစ်သားရောက်တော့ အမေက မူကြို ပို့ တယ်…….။ နောက်တော့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ကျောင်းတွေမှာ သူ…..ပညာတွေ သင်ခဲ့တယ်…….။ နွေရာသီကျောင်းတွေပိတ်တော့ အားကစားရုံ မှာ ကာရာတေး သင်ရတယ်……ရေကူးကန်မှာ ရေကူးရတယ်……။ အဖေ အလုပ်အားတဲ့ ရက်တွေမှာ ကစားကွင်း ၊ ပန်းခြံ နဲ့  တိရစ္ဆာန်ဥယျာဉ် လိုက်ပို့ ပေးတယ်…….။ ဗဟုသုတ ရစေဖို့  ငါးပြတိုက် ၊ အမျိုးသားပြတိုက် စတဲ့ ပြတိုက်တွေလည်း ပို့  ပေးတယ် ……..။

သူ……တက္ကသိုလ် ရောက်တော့ ရည်းစား တစ်ယောက် ရတယ်…..။ မကြာခဏ Class လစ်ပြီး ကောင်မလေးနဲ့  ကော်ဖီဆိုင် ထိုင်တယ်…….ရုပ်ရှင်ရုံ မှာ ရုပ်ရှင်ကြည့်တယ်………။ သူ…..ဘိုင်ချောင်နေတဲ့ အချိန်မှာ ကောင်မလေးက နာမည်ကြီး စားသောက်ဆိုင် တစ်ခုမှာ ထမင်းလိုက် ကျွေးခိုင်းတာ မကျွေးနိုင်လို့ သူ့ ကို ဖြတ်လိုက်တယ်……။

သူ…..convocation hall မှာဘွဲ့ ယူတော့ အဖေနဲ့  အမေမျက်နှာမှာ ပီတိတွေနဲ့ ………။ သူ……ရုံးတစ်ရုံးမှာ အလုပ်ရတယ်…… ပညာစုံပြီးရင် ကြင်ရာစုံဖို့  လိုတယ်ဆိုလို့ အမေပေးစားတဲ့ မိန်းမနဲ့ ခန်းမ တစ်ခုမှာ မင်္ဂလာဆောင်လိုက်တယ်……။ မင်္ဂလာဦး အထိမ်းအမှတ် အနေနဲ့ ဘိုးဘွားရိပ်သာ နဲ့  မိဘမဲ့ ကလေးများဂေဟာမှာ အလှူငွေ လှူခဲ့တယ်…..။

သူ…….Golf ရိုက်တတ်လာတယ်……စနေ ၊တနင်္ဂနွေ သူ ဂေါက်ကွင်းသွားတဲ့အခါ မိန်းမက shopping center/mall , super market တွေမှာ shopping ထွက်တယ်……။ အိမ်စရိတ် လုံလောက်အောင် ကြိုးစားရင်း သူ……ကြံတတ်ဖန်တတ်လာတယ်……။ “အစားမတော် တလုတ်” အတွက်ကြောင့် သူ……တရားရုံးမှာ တရားစွဲခံရတယ်……….။ သူ……ထောင် ( အမှားကိုသိ၍ အမှန်ပြင်နိုင်ရန် ထိန်းကျောင်းပဲ့ပြင်ပေးသော နေရာဟု ဆိုသည် ) ကျတယ်………။ ထောင်ကျနေတုန်း မိန်းမက နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်…….။ မိန်းမကို လေဆိပ်လိုက်ပို့  ချင်လိုက်တာ……။

ထောင်ကလွတ်တော့ မိန်းမစုဆောင်းလာတာနဲ့  မိဘအမွေလေးတွေ စုပေါင်းပြီး Shop house လေးတစ်လုံး ၀ယ်လိုက်တယ်…….။ အောက်ထပ်မှာ ဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာ လူ နေတယ်…….။

ဒီလိုနဲ့  သားသမီးတွေ ရလို့  လူလားမြောက်ကုန်ပြီ……။ သူ…..ဆံပင်ဖြူပေမယ့် သမီး အလုပ်လုပ်တဲ့ Hotel က Fitness center မှာ အမြဲကစားလို့  ကျန်းမာရေး ကောင်းတယ်……..။ မိန်းမကတော့ ရိပ်သာ ခဏခဏ ၀င်တယ်……။

တနေ့ တော့…….Fitness center မှာ ဆုံတဲ့ မိတ်ဆွေတွေနဲ့  Bar မှာ သွားသောက်တယ်…….။ မိုးသောက်ယံမှာ ရုတ်တရက် ဦးနှောက်သွေးကြော ပျက်ပြီး သူ…….သေဆုံးခဲ့တယ်…..။ သချိုင်းမှာ သူ့ ကို ဂူသွင်းတယ် ( အရင်ကတည်းက ကိုရီးယားကား တွေကြည့်ပြီး အားကျလို့  ဂူလုပ်ပေးဖို့ မှာထားပြီးသား ) ……။ သူ……ဂူထဲမှာ ကျေနပ်စွာ အနားယူ နေတယ်…….။ ၃ ရက်လောက်နေတော့ သချိုင်းရွှေ့ ရမယ့်သတင်းကြားတယ်…….။ သေတာတောင် အရိုးမဆွေးသေးဘူး နေရာရွှေ့ ရမယ်ဆိုတော့ သူ…….တော်တော် စိတ်ဆိုးသွားတယ်……။ ဘယ်သူ့ ကြောင့်လဲ ဆိုတာ သူစုံစမ်းလိုက်တယ်……။ တရားခံကို သိလိုက်ရတယ်……။

အဲဒီညက……မြို့ သစ်ပုံစံ( Town Planning ) ဆွဲတဲ့ ဗိသုကာကြီးရဲ့ အိပ်ခန်းထဲကို သူဝင်သွားလိုက်တယ်……..။ အိပ်ပျော်နေတဲ့ ဗိသုကာကြီးကို အားရပါးရ လည်ပင်းညှစ် လိုက်တယ်……..။ မျက်လုံးပြူးကြီးနဲ့  ချွေးပြန်နေတဲ့ ဗိသုကာကြီးကို သူ့  မကျေနပ်ချက်တွေ ပြောပြီး အားရတော့ ပြတင်းပေါက်ကနေ ပေါ့ပေါ့လေး သူ ပြန်ထွက်လိုက်တယ်…….။ ပြန်အထွက်မှာ မနည်းအားယူပြီး ပြောလိုက်တဲ့ ဗိသုကာကြီးရဲ့ အသံကို သဲ့သဲ့ ကြားလိုက် ရတယ်……….။

“…….မင်း…..လူ….မှား…..နေ…..တယ်……” ။ ။


(လူသားတို့  မွေးဖွားချိန်မှ သေဆုံးချိန် အထိ ဗိသုကာတို့  ဖန်တီးသော လက်ရာများနှင့် ကင်းကွာ၍ မရပါ….)
—————————————————-
Architect က ဒါတွေ design လုပ်ပေးရပါတယ်
1. Residential Buildings
2. Education
3. Health
4. Office
5. Transport
6. Commerce
7. Entertainment & cultural
8. Religion
9. Social welfarre
10. Landscaping
11. Interior design
12. Industrial design
13. Town planning & urban design

ရေတံခွန်ပေါ်က အိမ်ကလေး……

Kaufmann မိသားစု ရဲ့ အပန်းဖြေ စံအိမ်လေးကို တောအုပ်လေးထဲက ရေတံခွန်လေးနားမှာ ဆောက်ချင်ပါသတဲ့……သာမာန်ဗိသုကာ ဆိုရင်တော့ ရေတံခွန်ကို မျက်နှာမူပြီး ဆောက်မှာပေါ့….ခုဟာက modern architecture ရဲ့ဖခင်ကြီး Frank Lloyd Wright ဆိုတော့ တမူထူးခြားတဲ့ စိတ်ကူးနဲ့  ရေတံခွန်ပေါ်မှာဆောက်ခဲ့တယ်……လူဆိုတဲ့လူတွေက ရေကိုမြင်ရင် ပျော်တယ်….၊ ရေသံကြားရင် သိမ်မွေ့  (စိတ်နှလုံး နူးညံ့ သိမ်မွေ့ ခြင်း) တယ်…..ရေနဲ့  ထိရရင် လန်းဆန်းတယ်……။ ဒီအိမ်လေးမှာ ရေကိုမြင်ရမယ့် တဆက်တည်း တတန်းတည်းဖောက်ထားတဲ့ ပြတင်းပေါက်ကျယ်ကြီးတွေ…….. ၀ရန်တာကျယ်ကြီးတွေ ပါဝင် ပါတယ်……။ အိမ်အောက်ကစီးဆင်းနေတဲ့ ရေစီးသံကို အိမ်ထဲမှာဘယ်နေရာကဖြစ်ဖြစ် ကြားနေရတယ်…..။ ဧည့်ခန်းတွင်းက လှေခါးလေးအတိုင်း ဆင်းသွားရင်တော့ အသံကြား လှမ်းမြင်နေရတဲ့ စမ်းချောင်းလေးရှိရာကိုရောက်နိုင်ပါတယ်…..။

လူတွေဟာ သဘာဝကို ချစ်မြတ်နိုးကြတယ်…..မတတ်သာလို့  မှန်လုံအိမ် ၊ ကွန်ကရစ် အုတ်တိုက်ထဲမှာ နေကြရပေမယ့် ဖြစ်နိုင်ရင် သဘာဝပတ်ဝန်းကျင်နဲ့  နီးစပ်ချင် ကြတယ်…..။ ဗိသုကာက ဒီအိမ်လေးကို ပတ်ဝန်းကျင်နဲ့  တသားတည်းဖြစ်နေအောင် ပုံစံထုတ်ထားတယ်……။ ပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်တုံး ကျောက်ခဲ တွေနဲ့  အိမ်အတွင်း အပြင်ကို မွမ်းမံထားပြီး ပတ်ဝန်းကျင်ကို အလွယ်တကူ လှမ်းမြင်နေနိုင်တဲ့ အတွက် အိမ်ထဲမှာနေရတဲ့ အိမ်သူအိမ်သားတွေအဖို့  ရေတံခွန် နောက်ကွယ်က ကျောက်လှိုဏ်ဂူထဲမှာ နေရသလို ခံစားရမှာပါ……။ အိမ်ပုံစံကိုလည်း ရေတံခွန်ပုံကို အခြေခံထားပါတယ်……။

ဒီအိမ်လေးက အရင်က အပန်းဖြေစံအိမ်လေး……

အခုတော့ ကမ္ဘာကျော်သော အိမ်ကလေး ၊ ပြတိုက်ဖြစ်သွားသော အိမ်ကလေး ၊ ငွေရှာပေးသော အိမ်ကလေး……၊ အဲဒီ အိမ်ကလေးက Fallingwater House……..။ ။