လေးမရဲ့ ရိုက်ချက်
ခြံထဲက စ + ဆုံး  မှာ ပုံတွေတင်ပေးမယ်လို့  အာလူးဖုတ်ပြီးသကာလ အားကုန်နေတဲ့ ကင်မရာလေးအားသွင်းပြီး ကြိုးစားပမ်းစားရိုက်ခဲ့ပါတယ်…။
ရိုက်နေကျမဟုတ်ဘဲ အရိုက်ခံနေကျဆိုတော့ ( ဓါတ်ပုံပြောတာနော် ) ကင်မရာ ရှုထောင့်လေးတွေက သိပ်တော့နေရာမကျ… ။
ဒါပေမယ့် သေချာတာက သဘာဝ အတိုင်းပဲ.. crop လုပ်ရုံက လွဲပြီး ဘာမှ ပြင်မထားတဲ့ သစ်ပင်ပန်းပင်တွေရဲ့ သဘာဝအလှ…။
ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေလဲ ရှိနေပြီဆိုတော့ မပန်ဒိုရာလို ဘန်နာလေး ပြောင်းရင်ကောင်းမလားမသိဘူး..။ ။ 🙂
ခြံထဲက.. ( ဆုံး)
……………………………………….. မျိုးနွယ်ရဲ့ ဓလေ့ထုံးစံကို စောင့်ထိန်းရမှာ မျိုးဆက်ရဲ့ တာဝန်ပဲ…။
မပိတောက် ရယ်… ခင်ဗျား စကားကြားရတော့ ကျွန်တော် ၀မ်းနည်းမိတယ်…။ ကျွန်တော် ဒီနှစ် … မျိုးဆက် တာဝန် မကျေနိုင်ခဲ့ဘူး..။ ကျွန်တော် အသီးမသီးနိုင်ခဲ့ဘူး..။
အဲလိုသာအပြစ်တင်ခံရရင် တစ်ခါမှ ဖြစ်ဖြစ်မြောက်မြောက် မသီးဖူးတဲ့ ကျွန်တော် မာလကာ .. ဒီခြံထဲမှာ ဘယ်ရပ်တည်နိုင်မလဲ… ကျွန်တော်ဆို တစ်ခါလားပဲ အသီးသီးဖူးတယ်..။ အဲဒါတောင် ပိစိညှောက်တောက် မလောက်လေးမလောက်စား အသီးလေးတွေ…။ ဒါပေမယ့် အိမ်ကြီးရှင်မက ကျွန်တော့ကို အပြစ်မတင်ဘဲ ဒီခြံထဲမှာ နေခွင့်ပေးထားသေးတာပဲလေ…။
ဒါကတော့ အိမ်ရှေ့  တမာ… အိမ်နောက် မာလကာ လို့  အယူရှိတဲ့ အိမ်ကြီးရှင်မက ခင်ဗျားကို ဘယ်တော့မှ နုတ်ပစ်မှာ မဟုတ်ဘူး…။ ကိုသင်္ဘော ကို နုတ်ပစ်တာ မတွေ့ ဘူးလား…။ အသီးမသီးတဲ့ အပင်ဆိုပြီး ရှင်းထုတ်ပစ်တာ မတွေ့ ဘူးလား…။
အင်း… အိမ်ကြီးရှင်မက စိတ္တဇ ရှိတာကိုး…။
… အသီးမသီးပေမယ့် အိမ်ရှေ့ မှာ နေရာရတဲ့ သူတွေတော့ ရှိသားဗျ … ။ ကွမ်းနီ တို့  ညီအစ်ကိုတွေဆို အိမ် အ၀င်ဝမှာ မိန့် မိန့် ကြီး…။ အင်း… တန်းဝင်တဲ့ အပင်တွေ.. ဂရိတ်မြင့်တဲ့ အပင်တွေဆိုတော့လည်း သီးတာ မသီးတာ စဉ်းစားစရာ မလိုဘူးပေါ့လေ…။
ဒီလိုမပြောပါနဲ့  ကိုသရက် ရာ …။ အိမ်ကြီးရှင်မမှာ ဒီလို ဂုဏ်မက်တဲ့ သဘော… အပေါ်ယံကြည့်တဲ့ သဘော မရှိပါဘူး…။ အပင်အမျိုးအစား.. အကိုင်းအခက်နဲ့  ကိုယ်နေဟန်ထား… သဘာဝ အနေအထားနဲ့  အပင်လိုအပ်ချက်… မြင်ကွင်းပြေပြစ်မှုတွေ ပေါ်မှာပဲ အခြေခံပြီး ကျုပ်တို့ ကို နေရာချထားတာပါ….။
အင်း.. ဟုတ်ပါတယ်လေ… ဒါကြောင့်… ကျူးဘား အုပ်စုရဲ့ ကလန်ကလားမြှင့်တက်လာတာကို အားလျှော့ဖို့  ဆိုပြီး… တနေ့ ကပဲ ကြိမ်ထန်း ညီအစ်ကိုတစ်တွေ ခေါ်သွင်းလာသေးတယ်…။
ဟဲ့.. ဒါနဲ့ .. နင်တို့  သိလိုက်လား… ဟို အပျိုကြီး ပိန်း အုပ်စုထဲက… မဖြူလေ… ကြိမ်ထန်း အငယ်စားလေးနဲ့  တွဲခုတ်သွားတာလေ…. တွေ့ လိုက်လား… အိမ်ကြီးရှင်မက စပ်ပေးလိုက်တာ…။ ဧည့်ခန်းမှာ တွဲထိုင်နေကြလေရဲ့…။
အဲဒီ မပိန်း တို့ ကတော့ဗျာ… တစ်ယောက်ပြီး တစ်ယောက်ကို တွဲနေတော့တာပါပဲ .. အပျိုကြီးတွေဆိုတော့လည်း ဘယ်သူနဲ့  တွဲသွား.. တွဲသွား.. ကြည့်ကောင်းနေတာပဲဗျို့ …။ ငါးရိုး နဲ့ တွဲလိုက်… ကျောက်ခက် နဲ့ တွဲလိုက်… ဟော… အခုနောက်ဆုံးရောက်တဲ့ ကြိမ်ထန်း ရဲ့ အောက်လက် နုနုလေးတောင် မချန်ဘူးဗျိုး…။
သူများတွေနဲ့ တွဲပေမယ့် သူတို့ ကို အမြဲစောင့်ရှောက်ပေးနေတဲ့ နံဘေးက အရွက်စိမ်းတွေကျတော့ အရေးမလုပ်ဘူးဗျနော်…။
အေးလေ… သူတို့ ပြောတာတော့ ရွာနွားက ရွာနားမြက်မစားဘူးတဲ့… ငါ့အထင်တော့ အနီးမှုန်နေကြတာဖြစ်မယ်….။ ဒီလိုချေးများနေလို့ လည်း အမြဲတမ်း ငေါင်စင်းစင်း တပွင့်တည်း ဖြစ်နေကြ တာပေါ့…။
ဒီမယ်… ဒီမယ်… ကိုသရက်တို့  …မာလကာတို့ …. ကျွန်တော် ကြိမ်ထန်း က ခြံထဲကို နောက်ဆုံးမှ ရောက်လို့ .. တစ်ခုလောက်မေးချင်တယ်ဗျာ….။  ခြံထဲက မိန်းမချောတွေထဲမှာ ဘယ်သူ အလှဆုံးလဲ…။
ကျုပ်မျက်စိထဲမတော့  တစ်ခံလုံးမှာ အတင့်တယ်ဆုံးကတော့ အင်တုံထဲက ခရမ်းရောင်ကြာပန်းလေး ပဲဗျ…။ မိန်းကလေးပီပီသသ အရှက်တရားလေးလည်းရှိတယ်…။ မှောင်လာရင်ပုန်းနေပြီး  နေထိမှ အသာအယာပွင့်အာလာပုံလေးက ဘယ်လောက် ဣနြေ္ဒ ရ လိုက်သလဲ…။
ရေမြင့်လို့  ကြာတင့်တာပါဗျာ…။ ကျွန်တော်ကတော့ မျက်နှာချင်းဆိုင်က မနှင်းဆီ က အလှဆုံးလားလို့ …။ ဆူးတွေနဲ့ လှနေတဲ့ မနှင်းဆီက အရိုင်းပေါ်အယဉ်ဆင့်နေတာဗျ..။ ချွန်မြတဲ့ဆူးနဲ့  သိမ်မွေ့ တဲ့ အလှ ဆန့် ကျင်ဘက်နှစ်ခုကို တွဲမြင်ရတာကိုက စိတ်လှုပ်ရှားစရာဖြစ်နေတာ …။
ဒီခြံထဲက အလှဆုံးပန်းက အိမ်ကြီးရှင်မရဲ့ အချစ်ဆုံးပန်း… သနပ်ခါးပန်း… မဟုတ်ဘူးလား.. ယဉ်ယဉ်လေးနဲ့လှ.. သင်းသင်းလေးနဲ့ မွှေး… လက်တစ်ကမ်းက လူကို မွှေးစေတဲ့ ပန်းလေးလေ….
မဟုတ်ဘူး… မသစ်ခွ က အလှဆုံး…။
ဟား..ဟား.. မညမွှေး .. ခင်ဗျားက အကောင်သေးတော့ အကောင်ကြီးတဲ့ မသစ်ခွကို သဘောကျတာ မဆန်းပါဘူးလေ…။
တကယ်တော့ လူသားမိန်းမတွေမှာ အလှကိုယ်စီရှိကြသလို….         ပန်းတွေ.. အပင်တွေမှာလည်း .. ချစ်စရာ… စွဲမက်စရာ.. တန်ဖိုးထားစရာ… အလှတရားတွေ ကိုယ်စီရှိကြပါတယ်ကွယ်….။ အဲဒီလိုပဲ… အားနည်းချက်… ချို့ ယွင်းချက်လည်း ကိုယ်စီပိုင်ဆိုင်ထားကြတယ်…။ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် တတ်နိုင်သမျှ ထမ်းဆောင်ပြီး… သူတပါးကို ရန်မရှာဘဲ… အဆိပ်မပေးဘဲနေနိုင်ရင်… အလှဆုံး… အဖိုးအတန်ဆုံးပန်း… အပင်.. အဖြစ်နဲ့  ကမ္ဘာကြီးပေါ်မှာ စိတ်သန့် သန့် နဲ့  နေထိုင်သွားနိုင်မယ်ဆိုတာ သေသေချာချာ မှတ်ထားကြကွဲ့ …။ ။     
 ခြံထဲက … ( စ )
မှတ်ချက်။ ။ အဆင်ပြေတဲ့ တစ်နေ့  ဓါတ်ပုံတွေ တင်ပေးပါမယ်…။
ခြံထဲက …
 ဒီမြေ နဲ့ ဒီခြံကို ကျွန်မတို့ ရဲ့ အိမ်… ကျွန်မတို့ ရဲ့နေရပ်… ကျွန်မတို့  ခေါင်းချမယ့်နေရာလို့  ကျွန်မတို့  အားလုံးက သတ်မှတ်ထားကြတယ်…။ ကျွန်မတို့ ထဲမှာ ဒီခြံမှာမွေးတဲ့ ငယ်မွေးခြံပေါက်တွေရှိပေမယ့် တော်တော်နည်းပါတယ်…။ အများစုကတော့ အိမ်ကြီးရှင်မက တစ်နေရာရာကနေ သယ်ယူလာတဲ့ သူတွေဖြစ်ပါတယ်…။ ကျွန်မကတော့ ဒီခြံမှာ အစွာဆုံး.. အနံ့ အပြင်းဆုံး ညမွှေးပန်း ဖြစ်ပါတယ်…။ ကျွန်မရဲ့ အရိုးအဆစ်တွေက မကြီးလွန်း မငယ်လွန်းတဲ့ အနေတော် အရွယ်အစားမှာ ရှိပြီး အုံနဲ့ ကျင်းနဲ့  ရှိနေတဲ့အပြင် ကျွန်မရဲ့ ရနံ့ ထုတ်နိုင်စွမ်းကို ယှဉ်နိုင်တဲ့သူ ဒီခြံထဲမှာ တစ်ပင်မှ မရှိတဲ့အတွက် ကျွန်မကအရောက်နောက်ကျပေမယ့် စွာတေးပန်း နေရာရခဲ့တယ်…။ ဒါတင်ဘယ်ကမလဲ… အိမ်ကြီးရှင်မက ဟိုတလောက ကျွန်မနားခဏခဏလာပြီး ကျွန်မကို တသသကြည့်တယ်လေ…။ ညမွှေးပန်းရဲ့ရနံ့ ကို နေ့ ဘက်မှာ သတိမထားမိတာ တခြားအာရုံတွေကြောင့်လို့  ရေးထားတာဖတ်ရလို့ … ဟုတ်မဟုတ် အတည်ပြုချင်လို့  ဆိုပြီး ကျွန်မနားကို ခဏခဏလာတယ်…။ မျက်စိကိုမှိတ်… တခြားအာရုံတွေ ဖျောက်.. ကျွန်မနားကပ်ပြီး အားပါးတရ အနံ့ခံရှာတယ်…။ ကျွန်မက သူ့ ကို ကျီစားတဲ့ အနေနဲ့  အနံ့ ကိုလျှော့ထားလိုက်တော့ ဇဝေဇ၀ါနဲ့  မခူးစဖူး ဇာတ်ခနဲ ကျွန်မရဲ့ အပွင့်တချို့ ကို ခူးပြီး သေချာမွှေးကြည့်ပြန်ပါတယ်…။ အဲဒီလိုနဲ့  ကျွန်မနားကို အိမ်ကြီးရှင်မက နေ့ ဘက်လာကပ်လိုက်… ညဘက်လာကပ်လိုက်နဲ့ … နေ့ နဲ့ ည ထုတ်လွှတ်တဲ့  အနံ့ ပမာဏ တူမတူ သုတေသန ပြုနေလိုက်တာ… သူ့ အတွက်တော့ မသိဘူး… ကျွန်မအတွက်တော့ တော်တော်အမြတ်ထွက်လိုက်ပါတယ်…။ အိမ်ကြီးရှင်မ အင်မတန်စိတ်ဝင်စားတာ ခံရတဲ့ ပန်းအဖြစ် အခြားအပင်တွေက ကျွန်မကို လေးစားအားကျကြတယ်…။
ကျွန်မရဲ့ အပင်ခြေရင်းမှာတော့ ညီမငယ်ထွေး စံပယ်ရုံလေး က နေရာချထားခံရပါတယ်…။ သူလေးက ရုံလေးနဲ့ ရှိနေပေမယ့်… အားငယ်တတ်သူလေး ဖြစ်ပါတယ်…။ ကြံဖန်တွေးတော အားငယ်တတ်သူလေး ဖြစ်သည့်အားလျော်စွာ
မညမွှေးရယ်… ညီမတို့ ကို အိမ်ကြီးရှင်မက ခုလို အိမ်နဲ့  အဝေးဆုံး ခြံထောင့်မှာ ပို့ ထားတာ မုန်းလို့ များလားဟင်…”
“အော်… စပယ်မရယ်… အားငယ်တတ်ရန်ကော…။ သူ့ အိပ်ခန်း ပြတင်းပေါက်ကို လှပ်ပြီး ဖွေးဖွေးလှုပ်နေတဲ့ ညည်းကို ပြုံးပြုံးပြတာ ဘယ်သူများလဲ…။ အိမ်ကြီးရှင်မပဲ မဟုတ်လား…။ အိပ်ယာနိုးတဲ့ အချိန်မှာ… ညည်းကိုမြင်ရတာ စိတ်ကြည်နူးတယ်လို့  အိမ်ကြီးရှင်မက ပြောခဲ့သားပဲလေ…။”
“ဒါပေမယ့် မညမွှေးရယ်… ကိုကွမ်းပွှားတို့ ကိုလည်း အိပ်ခန်းပြတင်းက အတိုင်းသားမြင်နေရသားပဲ… သူတို့ ကျတော့ အိမ်နဲ့ အနီးလေးရယ်…။”
“စပယ်မရယ်… ညည်းတို့  ငါတို့ က ကွမ်းပွှားတို့ နဲ့  တူမလား… ။ ငါတို့ က အပွင့်တွေဝေနေအောင်ပွင့် ပြီး တစ်ခြံလုံး သင်းနေအောင် မွှေးကြရတဲ့သူတွေလေ…။ လေတိုက်ခံရမှ ဖြစ်မှာပေါ့…။ လေတိုက်ခံရဖို့ က လေတိုက်တဲ့ အရပ်.. အကာမရှိတဲ့ အရပ်မှာ နေမှပေါ့… ဘာလဲ.. ညည်းက ဒေါ်ကြီင်္းပိတောက်နားမှာ နေချင်လို့ လား..။ အဲဒီအဖွားကြီး လောင်းရိပ်မိပြီး ညည်းအပွင့်မပွင့်နိုင်မှ အိမ်ကြီးရှင်မက ညည်းကို နုတ်ပြီး အဝေးဆုံးပို့ ပစ်မှာ ….။”
“ မိညမွှေး.. ညည်း.. ငါ့ကို အဖွားကြီးလို့  ပြောပြန်ပြီလား… ငါက ဒီခြံမှာ အသက်အကြီးဆုံး… အရင်ဆုံးရှိနေခဲ့တဲ့သူ… အပင်အားလုံးထက် စီနီယာကျတယ်… ညည်းလေးလေးစားစား ဆက်ဆံသင့်တယ်…။
“ဟုတ်ကဲ့ပါ.. စီနီယာ မမရယ်… ညမွှေး.. နောက်ဆို အဖွားကြီး လို့  မခေါ်တော့ပါဘူး..
ရွဲ့ မနေပါနဲ့  မိညမွှေးရယ်…။ အေးလေ.. ငါက ညည်းပြောသလို … အဖွားကြီးပဲ ထားပါတော့… ဒါပေမယ့် အသက်ကြီးပေမယ့် မပျက်စီးသေးဘူးနော.. တန်ခူးလရောက်တိုင်း ပွင့်နိုင်တုန်း.. ပွင့်နေတုန်း…။
ဒါပေမယ့် ကျွန်မတို့ လို ရာသီတိုင်းတော့ မပွင့်နိုင်ဘူးလေ
ဒါတော့ ညည်းဗဟုသုတ ခေါင်းပါးလွန်းရာကျတယ်… ငါတို့ ပိတောက်မျိုးနွယ်ဆိုတာ ရာသီတိုင်းမပွင့်ရဘူး… အချိန်နဲ့  အခါနဲ့  ပွင့်ရတယ်…။ မျိုးနွယ်ရဲ့ ဓလေ့ထုံးစံကို စောင့်ထိန်းရမှာ မျိုးဆက်ရဲ့ တာဝန်ပဲ …။
ဆက်ပါဦးမည်။
မှတ်ချက်။ ။ ဘာကြီးလဲလို့  တွေးမနေပါနဲ့ ..  အပင်တွေ အကြောင်းပါ။
ခရေပန်းပြောသော ခရေပန်းအတွေး
ပန်းခရေ
နွမ်းကြွေမှာ
ကျွန်တော် စိုးတာကြောင့်
မခူးရက်
ဖူးလျက်သာနေပါ ခရေ….
ပင်ထက်မှာ ဝေ
ပန်းခရေ
မကြွေနိုင်ရော့လား….
ခြွေလို့ ကြွေကြွေ…
ဝေလို့နေနေ
ပန်းဆိုတာ
နွမ်းကြွေမှာ
သဘာဝပါပဲ….
မယ့်သခင်
ဆွတ်လို့သာ ညွတ်ရရင်ဖြင့်
မယ့်အရှင်
ခြွေလို့သာ ကြွေရရင်ဖြင့်
အပြစ်မဆိုပါ
နှစ်လိုစွာ ဂုဏ်တင့်တယ်လေး
ခရေ့ အတွေး…။ ။
နောက်ဆက်တွဲ။ ။ တချို့မိန်းမတွေက သနပ်ခါးပန်းနဲ့တူသလို တချို့ တွေကျတော့ ခရေပန်းလိုတွေးကြပြန်ရော…။
မှတ်ချက် ။ ။ ခရေကိုခူးလို့မရ..အပင်လှုပ်ပြီးခါချရ..မြေပေါ်ရောက်မှ ကောက်ယူရပါတယ်…။
သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”
ကျွန်မ နာမည် ….. သနပ်ခါးပန်း” လို့ ခေါ်ပါတယ်…..။ကျွန်မရဲ့ အသားက ….. ၀ါဝါ၀င်းဝင်းလေးပါ…..။
ကျွန်မ…..အစိမ်းရောင် အသိုက်အမြုံမှာနေပါတယ်….. ။
အစိမ်းရောင် နန်းတော်ရဲ့ လေသာပြတင်းကနေ အ၀ါရောင် မင်းသမီးလေး ကျွန်မ…. မျက်နှာပြလိုက်တဲ့ အခါ….. တလောကလုံးကလူတွေ ငေးမောကြည့်ကြပါတယ်….။ ကျွန်မကို မြင်ရတဲ့ အခါ သူတို့  ကြည်နူးသွားတတ်ပါတယ်……။ ဒါပေမယ့် ကျွန်မက မလှပါဘူး….. တပွင့်တည်းဆိုရင် ကျွန်မက အကျည်းတန်ပါတယ်…… မနှင်းဆီတို့ …..မသစ်ခွ တို့ လို မတင့်တယ်ပါဘူး……။ ကျွန်မရဲ့ ညီမတွေနဲ့  ၀န်း ရံထားလို့ သာ ကျွန်မမှာ အလှရှိတာပါ…..။
မင်းသမီးလေးလို့  ကိုယ့်ကိုယ်ကို တင်စားထားပေမယ့် ကျွန်မက တော်ဝင်ပန်း မဟုတ်ပါဘူး…..(ပန်းတိုင်းဟာ ကိုယ့်ကိုယ်ကို မင်းသမီး လို့ စိတ်ကူးယဉ် မိတာ ပြစ်မှု မမြောက်လောက်ဘူး ထင်ပါရဲ့……) ကြီးကျယ်ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ ကျွန်မ နေရာ မရပါဘူး…..။ ဒါပေမယ့် ကျွန်မလဲ ပန်းပါဘဲ…..။ ပန်းဆိုတော့ ခြွေသူ…. ပန်သူ… ရှိတာပေါ့လေ….။
ကျွန်မ အနားကဖြတ်သွားတဲ့ လူတိုင်းက မျက်လုံးမှိတ်ပြီး ခပ်လှမ်းလှမ်းကနေ တအားမွှေးကြူသွားကြတယ်….။ ကျွန်မရဲ့ ရနံ့ က မွှေးလှသည်လေ….။ ချစ်စဖွယ်ရနံ့ သင်းသင်းလေးကို ပိုင်ဆိုင်ခွင့်ရတာကိုက ကျွန်မအတွက် ဘုရားပေးတဲ့ “ဆု” ပါ….။ အထူးသဖြင့် မြန်မာလူမျိုးတွေ စွဲမက်တဲ့ အနံ့ ….. နှစ်သက်တဲ့ အနံ့ ဖြစ်နေတာ ကျွန်မအတွက် ကံကောင်းခြင်းပါ……။
ကျွန်မ တော်ဝင်ပန်းမဖြစ်တာ ၀မ်းမနည်းပါဘူး…. အကျည်းတန်တာကိုလဲ မသိမ်ငယ်ပါဘူး….. အဖော်တွေရှိမှ တင့်တယ်ရတာကိုလဲ အားမငယ်ပါဘူး…..။ ကျွန်မ ကြေကွဲ ရတဲ့ အကြောင်းရင်းက တစ်ခုတည်း……တစ်ခုတည်းပါပဲ…..။ အဲဒီတခုက ကျွန်မကိုတော်တော်ဝမ်းနည်းစေတယ်…..။ အဲဒီတစ်ခုကြောင့် ကျွန်မ အသည်းတွေ နာလှတယ်……။ အဲဒါက………………………………………………………………
ရှင်တို့ ကြားဖူးမှာပါ…. သနပ်ခါးပန်းက ပန်သူမမွှေးဘူး….. လက်တကမ်းကလူ မွှေးတယ် ” ဆိုတာလေ…..။ ကျွန်မကို ချစ်လှချည်ရဲ့…. မြတ်နိုးလှချည်ရဲ့ ဆိုပြီး ပန်ဆင်ထားတဲ့သူက ကျွန်မရဲ့မွှေးရနံ့ ကိုမရဘူး…. ကျွန်မရဲ့ တန်ဖိုးကို မသိရှာဘူး…..။ သိပေမယ့် ဒါဟာတန်ဖိုးလို့  မယူဆတာလဲ ဖြစ်နိုင်ပါတယ်…..။ အဝေးကလူ…. နံဘေးကလူ…. လက်တကမ်းကလူတွေကတော့ ကျွန်မက ရနံ့ မွှေးတဲ့ ပန်းကလေးတဲ့…….။ ဘာပဲဖြစ်ဖြစ်ပါလေ…. ကျွန်မက ပန်းပဲ…. အမြတ်တနိုးနဲ့  ပန်ဆင်ခံရတာကိုက ကျေနပ်စရာပါ…..။ တန်ဖိုး ဘယ်လောက်သတ်မှတ်လဲ….. ဘယ်လိုသတ်မှတ်လဲ ဆိုတာ အရေးမကြီးပါဘူး….. ကျွန်မက ရောင်းကုန်ပစ္စည်းတစ်ခုမှမဟုတ်ဘဲ…….။ ကျွန်မက “သနပ်ခါးပန်း” လေ…..။ ။
နောက်ဆက်တွဲ ။ ။ မိန်းမတွေဟာ သနပ်ခါးပန်းနဲ့ တူပါတယ်….။ ဂုဏ်သိက္ခာ….၊ ကိုယ်ကျင့်တရား…. ဆိုတဲ့ အဖော်တွေ ၀န်းရံထားမှတင့်တယ်ပါတယ်……။ ပိုင်ဆိုင်သူက တန်ဖိုးမသိဘဲ…. ဘေးလူ နှစ်သက်တဲ့ တန်ဖိုးတွေလဲ ရှိနေတတ်ပါတယ်….။
ဝန်ခံချက် ။ ။ လပြည့်နေ့ က “လေးမ” စိုက်ထားတဲ့ သနပ်ခါးပင်က ပန်းတွေပွင့်တော့ ဓါတ်ပုံရိုက်ထားမိပြီး သူ့ အကြောင်းရေးမယ်လို့  စိတ်ကူးထားခဲ့တယ်…..။ အပျင်းထူနေတာနဲ့  မရေးဖြစ်ခဲ့ဘူး….။ ဒီနေ့  မအိမ့်ချမ်းမြေ့ရဲ့ “တန်ဖိုး” ဆိုတဲ့ post လေးကိုဖတ်ပြီး comment မှာ အာချောင်ခဲ့မိလို့  လေးမရဲ့ လက်ချောင်းတွေ keyboard ပေါ်မှာ အသက်ဝင်လာပြီး ဒီ postကိုရေးဖြစ်ပါတယ်…..။