ခြံထဲက …
 ဒီမြေ နဲ့ ဒီခြံကို ကျွန်မတို့ ရဲ့ အိမ်… ကျွန်မတို့ ရဲ့နေရပ်… ကျွန်မတို့  ခေါင်းချမယ့်နေရာလို့  ကျွန်မတို့  အားလုံးက သတ်မှတ်ထားကြတယ်…။ ကျွန်မတို့ ထဲမှာ ဒီခြံမှာမွေးတဲ့ ငယ်မွေးခြံပေါက်တွေရှိပေမယ့် တော်တော်နည်းပါတယ်…။ အများစုကတော့ အိမ်ကြီးရှင်မက တစ်နေရာရာကနေ သယ်ယူလာတဲ့ သူတွေဖြစ်ပါတယ်…။ ကျွန်မကတော့ ဒီခြံမှာ အစွာဆုံး.. အနံ့ အပြင်းဆုံး ညမွှေးပန်း ဖြစ်ပါတယ်…။ ကျွန်မရဲ့ အရိုးအဆစ်တွေက မကြီးလွန်း မငယ်လွန်းတဲ့ အနေတော် အရွယ်အစားမှာ ရှိပြီး အုံနဲ့ ကျင်းနဲ့  ရှိနေတဲ့အပြင် ကျွန်မရဲ့ ရနံ့ ထုတ်နိုင်စွမ်းကို ယှဉ်နိုင်တဲ့သူ ဒီခြံထဲမှာ တစ်ပင်မှ မရှိတဲ့အတွက် ကျွန်မကအရောက်နောက်ကျပေမယ့် စွာတေးပန်း နေရာရခဲ့တယ်…။ ဒါတင်ဘယ်ကမလဲ… အိမ်ကြီးရှင်မက ဟိုတလောက ကျွန်မနားခဏခဏလာပြီး ကျွန်မကို တသသကြည့်တယ်လေ…။ ညမွှေးပန်းရဲ့ရနံ့ ကို နေ့ ဘက်မှာ သတိမထားမိတာ တခြားအာရုံတွေကြောင့်လို့  ရေးထားတာဖတ်ရလို့ … ဟုတ်မဟုတ် အတည်ပြုချင်လို့  ဆိုပြီး ကျွန်မနားကို ခဏခဏလာတယ်…။ မျက်စိကိုမှိတ်… တခြားအာရုံတွေ ဖျောက်.. ကျွန်မနားကပ်ပြီး အားပါးတရ အနံ့ခံရှာတယ်…။ ကျွန်မက သူ့ ကို ကျီစားတဲ့ အနေနဲ့  အနံ့ ကိုလျှော့ထားလိုက်တော့ ဇဝေဇ၀ါနဲ့  မခူးစဖူး ဇာတ်ခနဲ ကျွန်မရဲ့ အပွင့်တချို့ ကို ခူးပြီး သေချာမွှေးကြည့်ပြန်ပါတယ်…။ အဲဒီလိုနဲ့  ကျွန်မနားကို အိမ်ကြီးရှင်မက နေ့ ဘက်လာကပ်လိုက်… ညဘက်လာကပ်လိုက်နဲ့ … နေ့ နဲ့ ည ထုတ်လွှတ်တဲ့  အနံ့ ပမာဏ တူမတူ သုတေသန ပြုနေလိုက်တာ… သူ့ အတွက်တော့ မသိဘူး… ကျွန်မအတွက်တော့ တော်တော်အမြတ်ထွက်လိုက်ပါတယ်…။ အိမ်ကြီးရှင်မ အင်မတန်စိတ်ဝင်စားတာ ခံရတဲ့ ပန်းအဖြစ် အခြားအပင်တွေက ကျွန်မကို လေးစားအားကျကြတယ်…။
ကျွန်မရဲ့ အပင်ခြေရင်းမှာတော့ ညီမငယ်ထွေး စံပယ်ရုံလေး က နေရာချထားခံရပါတယ်…။ သူလေးက ရုံလေးနဲ့ ရှိနေပေမယ့်… အားငယ်တတ်သူလေး ဖြစ်ပါတယ်…။ ကြံဖန်တွေးတော အားငယ်တတ်သူလေး ဖြစ်သည့်အားလျော်စွာ
မညမွှေးရယ်… ညီမတို့ ကို အိမ်ကြီးရှင်မက ခုလို အိမ်နဲ့  အဝေးဆုံး ခြံထောင့်မှာ ပို့ ထားတာ မုန်းလို့ များလားဟင်…”
“အော်… စပယ်မရယ်… အားငယ်တတ်ရန်ကော…။ သူ့ အိပ်ခန်း ပြတင်းပေါက်ကို လှပ်ပြီး ဖွေးဖွေးလှုပ်နေတဲ့ ညည်းကို ပြုံးပြုံးပြတာ ဘယ်သူများလဲ…။ အိမ်ကြီးရှင်မပဲ မဟုတ်လား…။ အိပ်ယာနိုးတဲ့ အချိန်မှာ… ညည်းကိုမြင်ရတာ စိတ်ကြည်နူးတယ်လို့  အိမ်ကြီးရှင်မက ပြောခဲ့သားပဲလေ…။”
“ဒါပေမယ့် မညမွှေးရယ်… ကိုကွမ်းပွှားတို့ ကိုလည်း အိပ်ခန်းပြတင်းက အတိုင်းသားမြင်နေရသားပဲ… သူတို့ ကျတော့ အိမ်နဲ့ အနီးလေးရယ်…။”
“စပယ်မရယ်… ညည်းတို့  ငါတို့ က ကွမ်းပွှားတို့ နဲ့  တူမလား… ။ ငါတို့ က အပွင့်တွေဝေနေအောင်ပွင့် ပြီး တစ်ခြံလုံး သင်းနေအောင် မွှေးကြရတဲ့သူတွေလေ…။ လေတိုက်ခံရမှ ဖြစ်မှာပေါ့…။ လေတိုက်ခံရဖို့ က လေတိုက်တဲ့ အရပ်.. အကာမရှိတဲ့ အရပ်မှာ နေမှပေါ့… ဘာလဲ.. ညည်းက ဒေါ်ကြီင်္းပိတောက်နားမှာ နေချင်လို့ လား..။ အဲဒီအဖွားကြီး လောင်းရိပ်မိပြီး ညည်းအပွင့်မပွင့်နိုင်မှ အိမ်ကြီးရှင်မက ညည်းကို နုတ်ပြီး အဝေးဆုံးပို့ ပစ်မှာ ….။”
“ မိညမွှေး.. ညည်း.. ငါ့ကို အဖွားကြီးလို့  ပြောပြန်ပြီလား… ငါက ဒီခြံမှာ အသက်အကြီးဆုံး… အရင်ဆုံးရှိနေခဲ့တဲ့သူ… အပင်အားလုံးထက် စီနီယာကျတယ်… ညည်းလေးလေးစားစား ဆက်ဆံသင့်တယ်…။
“ဟုတ်ကဲ့ပါ.. စီနီယာ မမရယ်… ညမွှေး.. နောက်ဆို အဖွားကြီး လို့  မခေါ်တော့ပါဘူး..
ရွဲ့ မနေပါနဲ့  မိညမွှေးရယ်…။ အေးလေ.. ငါက ညည်းပြောသလို … အဖွားကြီးပဲ ထားပါတော့… ဒါပေမယ့် အသက်ကြီးပေမယ့် မပျက်စီးသေးဘူးနော.. တန်ခူးလရောက်တိုင်း ပွင့်နိုင်တုန်း.. ပွင့်နေတုန်း…။
ဒါပေမယ့် ကျွန်မတို့ လို ရာသီတိုင်းတော့ မပွင့်နိုင်ဘူးလေ
ဒါတော့ ညည်းဗဟုသုတ ခေါင်းပါးလွန်းရာကျတယ်… ငါတို့ ပိတောက်မျိုးနွယ်ဆိုတာ ရာသီတိုင်းမပွင့်ရဘူး… အချိန်နဲ့  အခါနဲ့  ပွင့်ရတယ်…။ မျိုးနွယ်ရဲ့ ဓလေ့ထုံးစံကို စောင့်ထိန်းရမှာ မျိုးဆက်ရဲ့ တာဝန်ပဲ …။
ဆက်ပါဦးမည်။
မှတ်ချက်။ ။ ဘာကြီးလဲလို့  တွေးမနေပါနဲ့ ..  အပင်တွေ အကြောင်းပါ။
ကျွန်တော် ကျွန်မတို့ နေ့ ….
အစ်မ… ချစ်သူများနေ့  ဘာအစီအစဉ် ရှိလဲ
ဆံပင်တွေကို ပေါင်းတင်ဆေးနဲ့  စိတ်ရှည် လက်ရှည် သုတ်လိမ်း နေတဲ့ မိန်းကလေးက ရင်းရင်းနှီးနှီး စကားစလာချိန်မှာ မင်သက်ပြီး ဘာပြန်ဖြေရမှန်းမသိ …။
ဘာအစီအစဉ်ရှိပါလိမ့် … ဘာအစီစဉ်ရှိပါလိမ့် … ကမန်းကတမ်း ပြန်စဉ်းစားကြည့်တော့ … အိမ်ရှင်းမယ်… ဈေးဝယ်မယ်… တူလေးကို ထိန်းရမယ်…။ ဒါတွေကို အစီအစဉ်လို့  ခေါ်ပါ့မလား… လုပ်နေကျအလုပ်တွေကို အထူးအစီအစဉ်လို့  ပြောစရာအကြောင်းမှ မရှိတာပဲလေ…။
ဟင်… အင်း… ဟင်း…ဟင်း… အဲဒါ အစ်မနဲ့  မဆိုင်တော့ဘူးလေ… လူငယ်တွေနဲ့  ဆိုင်တာ….
တော်တော် ကဘောက်တိကဘောက်ချာနိုင်တဲ့ အဖြေပဲ…။
ခစ်…ခစ်… အစ်မကလည်း … လူငယ် မဟုတ်ဘူးလို့ ပြောရဲသေးတယ်… အစ်မက ခုမှ ၂၇ လောက်ပဲရှိဦးမယ်…
ညီမကို မုန့် ကျွေးမယ်… အစ်မက ၃၀ ပြည့်တော့မှာ…
၃၀ ဆိုလည်း လူငယ်ပါပဲ အစ်မရယ်…
ဟုတ်သားပဲ… ငါ့ကိုယ်ငါ လူငယ်လို့  ခံယူထားရမှာပဲ…ဘာလို့ များ လူငယ်မဟုတ်ဘူးလို့  တွေးမိပါလိမ့် …
အစ်မ.. စာအုပ်ဖတ်ဦးနော်…
အပူပေးတဲ့ စက်ကို ခေါင်းပေါ်မှာ နေသားတကျဖြစ်အောင် ချိန်ပေးရင်း မဂ္ဂဇင်း စာအုပ်တစ်အုပ် လက်ထဲလာထည့်တဲ့ မိန်းကလေးကို ပြုံးပြလိုက်ရင်း မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ မဂ္ဂဇင်းကို အငမ်းမရ လှန်လိုက်တယ်…။
ချစ်သူများနေ့  အထူးလျှော့ဈေး… စုံတွဲများအတွက် အထူးအစီအစဉ် …. ချစ်သူများနေ့  အထိမ်းအမှတ်… ။
…………………………………..
ကို
ဟင်
မနက်ဖြန် ၁၄ ရက်နေ့
အင်း
မိန်းမကကွန်ပြူတာ ဖန်သားပြင်ပေါ်က မျက်နှာခွာပြီး ကျွန်တော့်ဘက်လှည့်ကာ … စိတ်မရှည်သံဖြင့် …
ချစ်သူများနေ့ လေ
… ဟုတ်သားပဲ…
မိန်းမက ဘာမှဆက်မပြောတော့ဘဲ ကွန်ပြူတာဘက် ပြန်လှည့်သွားပါသည်…။
တအောင့်မျှကြာသောအခါ…
မိန်းမကို ချောကလက်လေး ဘာလေး ကျွေးချင်စိတ်မရှိဘူးလား…
ရေခဲသေတ္တာထဲက ယူစားလိုက်လေ…
အသစ်.. အသစ်ပြောတာ.. အသစ်စားချင်တာ…
မိန်းမရယ်… ဒါများ… မနက်ဖြန်ကျတော့ အပြင်ထွက်ရင် ကြိုက်တာ ၀ယ်စားပေါ့… ချောကလက်စားတာများ .. ယောက်ျားကို ဘယ်တုန်းက ခွင့်တောင်းဖူးလို့ တုန်း…
ဟင်… ကို…ဟာလေ… လုံးဝ ရိုမန်တစ်မဖြစ်ဘူး… အရင်တုန်းက ရိုမန်တစ်ဖြစ်တယ်မှတ်လို့  ယူခဲ့မိတာ… ခုကျမှ ရေခဲတုန်းကြီးမှန်း သိတော့တယ်…
ဟား… ဟား… ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ချောကလက် ကျွေးခိုင်းနေတာလား… မိန်းမရယ်… ကလေးကလား အလုပ်တွေ…
ဘာ.. ကလေးကလား.. ဟုတ်လား… ဒါဆို အရင်တုန်းက နှင်းဆီပန်းတွေ ထုပ်ပိုးပြီး လာပေးတာ ဘာလုပ်တာလဲ… ချောကလက်ပေးပြီး … ချစ်သူများနေ့ တွေကို လက်တွဲပြီး ဖြတ်သန်းကြရအောင်လို့  ရေးပေးခဲ့တာတွေက ကစားတာပေါ့.. ဆော့တာပေါ့… ကလေးကလားလုပ်တာပေါ့.. ဟုတ်လား.. ရှင့်သူငယ်ချင်းတွေ မြှောက်ပေးလို့  အဲလို တွေ ကျွန်မကို လာပေးတာ မဟုတ်လား… တကယ့်တော့ ရှင့်ရင်ထဲမှာ အဲလို သိမ်မွေ့ တဲ့ ပေးဆပ်ခြင်းတွေ မရှိခဲ့ဘူး မဟုတ်လား …
ရစ်ပြီ.. ရစ်ပြီဟ… မဟုတ်ပါဘူးကွာ… အဲဒီတုန်းက လူငယ်တွေမဟုတ်လား… အခု ကို တို့  အဲလို လူငယ်ဆန်ဆန် အချစ်တွေနဲ့ …….
အော်.. သိပြီ…သိပြီ… ကျွန်မကိုယ်ကျွန်မ လူငယ်တစ်ယောက်မဟုတ်သလို ခံစားနေရတဲ့ အကြောင်းရင်းကို သိပြီ… ။ တရားခံက ရှင်ကိုး… ရှင့်ကြောင့်… ရှင့်စကားတွေ… အပြုအမူတွေအောက်မှာ မှိုင်းမိပြီး ကျွန်မရဲ့ လူငယ်ဘ၀ပျောက်ဆုံးနေတာ…။ ရှင်တရားခံ….ရှင့်ကြောင့်….။
မိန်းမရယ်… ဒေါသမထွက်ပါနဲ့ … ။ ချစ်သူများနေ့ မှာ ချစ်သူတွေက အမှတ်တရလက်ဆောင်တွေ ပေးကြ… ချောကလက်တွေ ကျွေးကြ… ဟုတ်တယ်နော်…။ တို့ နှစ်ယောက်က ချစ်သူအဆင့်ထက် အများကြီး သာသွားပြီ… အိမ်ထောင်ရှင် ဖြစ်သွားပြီ…။.
အဲတော့ ဘာဖြစ်လဲ… မလိုတော့ဘူးပေါ့… ဟုတ်လား..
အိမ်ထောင်ရှင်များနေ့ သာ သတ်မှတ်လိုက်ကြစမ်းပါ… ဟွန်း … ဘယ်အိမ်ထောင်ရှင်မှ လိုက်မမှီအောင် ရိုမန်တစ် ဖြစ်ပြလိုက်စမ်းမယ်….။
အိမ်ထောင်ရှင်များနေ့ ..။ ခစ်… ။ ရှင်ပဲ သတ်မှတ်….။
ကို့ ကို သတ်မှတ်ခိုင်းလို့ ကတော့ တစ်နှစ်မှာ ၃၆၃ ရက်ကို အိမ်ထောင်ရှင်များနေ့ အဖြစ်သတ်မှတ်လိုက်မယ်…။ ဒါမှ ငါ့မိန်းမကို ရိုမန်တစ်ဖြစ်တဲ့ လက်ဆောင်လေးတွေ နေ့ တိုင်း.. ပေးလို့ ရအောင်…။
၃၆၅ ရက်မှာ ၃၆၃ ရက်က အိမ်ထောင်ရှင်များနေ့ ဆိုတော့ ကျန်တဲ့ ၂ ရက်က ဘာလဲ…။
ကျန်တဲ့ ၂ ရက်လား… ၁ရက်က ချစ်သူများနေ့ …။ ၁ ရက်က….
ပြုံးယောင်သန်း လာတဲ့ သူမ မျက်နှာကို ခပ်ပြုံးပြုံး ကြည့်ရင်း…
၁ ရက်က .. ကျန်တဲ့ တစ်ရက်က … အိမ်ထောင်ရှင်ယောက်ျားများ လူပျိုယောင်ဆောင်သောနေ့ … ဟီး.. ဟီး…။
စကားအဆုံးမှာတော့ သူမ ထုနှက်ကုတ်ဖဲ့လို့ ရအောင် ကျောကို အသင့်လှည့်ပေးလိုက်ပါတော့တယ်….။ ။
မှတ်ချက်။ ။ စိတ်ကူးသက်သက်ပါ…။ ၀တ္ထုရေးကြည့်တာပါ…။ ၀တ္ထုတိုပါ….။
ကျောင်းပြေး
ကျောင်းပြေးတတ်ခဲ့ပြီ …။
ကျောင်းပြေးဖြစ်နေပြီ …။
ကျောင်းပြေး မိလေပြီ …။
သူများတွေ စာအံတာကို တိတ်တိတ်ငေးရင်း ဝေးဝေးမှာ လုပ်ချင်တာ လုပ်တတ်ခဲ့ပြီ …။
ကျောင်းကို ဦးတည်ပြေးပြီး စာသင်ခန်းနားရောက်မှ လှည့်ပြေးတတ်တဲ့ ခြေလှမ်းတစ်စုံကို တာဝန်ယူမဲ့သူမရှိပြီ …။
ဒေါင် … ဒင်သံကြားမှ ကျောင်းကို အူယားဖားယား ပြေးတတ်သူအတွက် ခေါင်းလောင်းထိုးမယ့်သူမရှိပြီ …။
ဖတ်သူမရှိတဲ့ စာစီစာကုံးတွေက စာရွက်ပေါ် မရောက်နိုင်ပြီ …။                    
ဟာမိုနီ လိုက်မယ့်သူမရှိတဲ့ သီချင်းတွေက ဗိုက်ထဲကို ခုန်ချသွားကြပြီ …။
ကျောင်းသွားဖော်တွေ အများကြီးကြားက ကျောင်းပြေးဖော်ကို အလျင်စလို ရှာမိသည် …။
ကျောင်းပြေးတစ်ယောက် ရေကန်ဘေးမှာ ငါးမျှားတံ တစ်ချောင်းနှင့် ထိုင်နေတတ်သည် …။
အတွေးတွေကို ငါးစာအဖြစ် ငါးမျှားတံထိပ်တွင် ချိတ်ဆွဲ ခဲ့သည် …။
ကန်ထဲတွင် ငါးတစ်ကောင်မျှမရှိ … ။
နေစောင်းတော့ ရေစိုနေတဲ့ အတွေးတွေကို နေလှန်းပြီး အိမ်ပြန်ခဲ့သည်  … ။
ဤနည်းဖြင့် ကျောင်းပြေးတစ်ယောက် ကျောင်းပြေးခြင်း၌ ခုံမင်နေသည် …။
ကျောင်းပြေးသည် ကျောင်းပြေးလိုသောကြောင့် ကျောင်းပြေးဖော်ကို အလိုရှိသည် …။
ကျောင်းပြေးဖော်တွေ့ ခဲ့လျှင် အတူရွတ်ဆိုဖို့  ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစား အစပျိုးထားသည် …။
“ကျောင်းမတက်ရတာ ပျော်စရာ …
ကျောင်းပြေးရတာ ကောင်းသဗျာ…
ဟ..ဟာ..ဟာ……”                               ။ ။
လမ်းဖောက်တဲ့အခါ
လူတွေဟာ အချိန်တန် အရွယ်ရောက်လာရင် လမ်းရိုးကြီးကို ငြီးငွေ့ လာကြတယ်…။တချို့ လူတွေက လမ်းသစ်ဖောက်ဖို့  သတ္တိကောင်းကြတယ်…။ တချို့ က သတ္တိမကောင်းပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းသစ်ဖောက်လိုက်ကြတယ်..။ တချို့ က လမ်းဖောက်ဖို့ အများကြီး စဉ်းစားဆဲ… စဉ်းစားမြဲ… ဒီလိုနဲ့  နှောင့်နှေး နေကြတယ်…။ တချို့ ကတော့ လမ်းသစ်ဖောက်ချင်ပေမယ့် လိုအပ်ချက်တွေ ပြည့်စုံဖို့ အတွက် ရုန်းကန်နေရတယ်..။ တချို့ ကတော့ လမ်းသစ်ဖောက်ဖို့  သတ္တိ မရှိသေးဘူး…။
သတ္တိရှိဖို့ လိုသလား… သိပ်လိုတာပေါ့.. တကယ်တော့ ပျော်စရာလို့  ထင်ရတဲ့ ဘ၀ သစ်တစ်ခုကို ဦးတည်တဲ့ အဲဒီလမ်းဟာ သိပ်ကိုကြောက်ဖို့  ကောင်းပါတယ်…။ မျှော်လင့်ထားပြီးသားဖြစ်တဲ့ အန္တရာယ်တွေရော… မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေရော လမ်းခရီးမှာ စောင့်နေကြတယ်..။  သာယာတဲ့ဘ၀ဆိုတဲ့ ဦးတည်တဲ့နေရာလည်းရှိတယ်… လမ်းညွှန်တွေလည်း ရှိတယ်…။ ဒါပေမယ့် ကိုယ်တိုင်ဖောက်ကြည့် လျှောက်ကြည့်တဲ့အခါ… ထင်သလောက်မလွယ်မှန်း သိလာရမယ်…။ ဦးတည်တဲ့ နေရာကို ဘယ်တော့ ရောက်မယ်… ဘယ်လို ပုံစံမျိုးနဲ့ ရောက်မယ်… ရောက်နေတဲ့ နေရာက တစ်သက်လုံး ဒီပုံစံပဲဖြစ်နေပါ့မလား.. ဘာကိုမှ ရေရေရာရာ မသိနိုင်တဲ့ စမ်းတ၀ါးဝါးလျှောက်ရမယ့် လမ်းကို ဖောက်တော့မယ်ဆိုရင် သတ္တိရှိရမယ်…။
လက်ထပ်တယ်ဆိုတာ အရင်းနှီးဆုံး တစိမ်းနှစ်ယောက် ပေါင်းစည်းခြင်း လို့ မှတ်ယူလိုက်ပါ…။ ရည်းစားဘ၀မှာ ဟန်ဆောင်လို့ ရပေမယ့် အိမ်ထောင်သည်ဘ၀မှာ ဟန်ဆောင်လို့  မရတော့ဘူး…။ သွေးမတော်သားမစပ် .. ကြီးပြင်းရာ အသိုင်းအ၀ိုင်းချင်းမတူတဲ့ တစိမ်းနှစ်ယောက်.. စိတ်တူကိုယ်တူ… ဖြစ်ဖို့ ဆိုတာ တော်တော်ကြီးကို ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်တယ်…။ နှစ်ယောက်ထဲတင်မပြီးပြန်ဘူး.. သူ့ ဘက် ကိုယ့်ဘက်.. ဆွေမျိုး.. မိဘ.. မိတ်ဆွေ.. အပေါင်းအသင်း.. အများကြီး ပါဝင်ပတ်သက်နေမယ့် ပြဇာတ်တစ်ခုထဲကို ကိုယ်ရောက်သွားပြီလို့ သာ မှတ်လိုက်တော့ …။
၁။ မင်္ဂလာဦးသူသို့ 
စာရေးဆရာတွေ အများကြီးပါဝင်ရေးသားထားတဲ့ ၀တ္ထုတိုလေးတွေ.. စုထားတဲ့ စာအုပ်ဖြစ်တယ်…။ ဆုံးမစာ..ပညာပေးစာတွေ တကူးတက မဖတ်ချင်ရင် ဒီစာအုပ်လေးကို ဖတ်ပါ..။
၂။လက်ထပ်ထိမ်းမြားခြင်းအနုပညာ ( တင်မောင်မြင့် ( မြန်မာပြန်) )
စာအုပ်က နာမည် လှပေမယ့် ဖတ်ရတာ လေးမ တော့ သိပ်မကြိုက်လှဘူး…။
၃။ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင်ချစ်ကြင်နေနည်း ( အတ္တကျော်)
တော်တော်လေး ပြည့်စုံတဲ့ စာအုပ်ပါ…။ ခေါင်းစဉ်ထဲကလိုပဲ ရန်ဖြစ်နည်းပါ ပါတယ်..။ ယောက်ျားနဲ့ မိန်းမဆိုတာ မတူ..မတူ..ဘယ်နေရာမှ ..မတူ လို့  ဒီစာအုပ်မှာ ရေးထားတယ်…။
၎။ ချစ်ဇနီး ချစ်လင် ( သာဓု )
နည်းလမ်းရေးထားတဲ့ စာအုပ်မဟုတ်ပါဘူး…။ ရသစာပေ.. အိမ်ထောင်ရေး..၀တ္ထုတစ်အုပ်ပါ… ။
၅။ အေးအတူ ပူအမျှ ( ဒေါ်ရီကြိန် )
ဆင်ခြင်စရာတွေ ပါဝင်ပါတယ်…။
၆။ အပေးအယူမျှပါစေ ( ဒေါ်ရီကြိန် )
အပေးရော… အယူရော.. မျှမျှတတ ဖြစ်ချင်ရင် ဖတ်ပါ..။
ရ။ ရာသက်ပန်ရွယ် မောင်နှင့်မယ် ( မင်းစည်သူ )
ဒီစာအုပ်အကြောင်း.. မေ့နေတယ်… ပြန်ဖတ်မှသတိရမယ်..။
၈။ ပျိုလေးရည်းစား မောင့်စိတ်ထားနှင့် မောင့်ရဲ့သက်ထား ပျို့ စိတ်ထား ( ဥမ္မာရီ .. မဟာဝိဇ္ဖာ လက္ခဏာ ပါရဂူ )
ဗေဒင်မယုံဘူးဆိုပြီး လစ်လျူမရှုသင့်တဲ့ စာအုပ်ပါ..။ တော်တော်လေး နီးစပ်တိုက်ဆိုင်တာ တွေ့ ရပါတယ်..။ ဘယ်ရာသီဖွားနဲ့  ဘယ်ရာသီဖွား ပေါင်းရင် ဘယ်လို အိမ်ထောင်ရေးမျိုးဆိုတာက စလို့ … ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ စိတ်နဲ့  သဘောသဘာဝ ကိုပါ အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်…။ “တန်ဆေးလွန်ဘေး” ဆိုသလို … လိုသလောက်လေး ယုံကြည်မှတ်သားမယ်ဆိုရင် “ဆေး”  ဖြစ်မှာပါ…။ “ ဘေး” ဖြစ်လောက်အောင်တော့ ယုံကြည်စွဲလန်းစိတ်မထားပါနဲ့ …။
သူငယ်ချင်းရေ…
“ ဖုံကတ္တီပါမှာ စုံညီစွာ ထိုင်ရင်း လက်ဆက်ခဲ့ကြသလို ဘ၀ခရီးလမ်းကို မမောမပန်း မကြမ်းမတမ်းဘဲ လျှောက်လှမ်းနိုင်ကြပါစေ…”
P.S. အော်… မေ့တော့မလို့ … ဟန်းနီးမွန်းခရီးကိုတော့ တစ်သက်စာ မမေ့နိုင်စရာတွေ အပြည့်ဖြစ်နေအောင် သေချာဖန်တီးခဲ့နော်…။
သူမရဲ့ …
သူမနဲ့  ကျွန်တော် ဒီနှစ်တွေမှာ နေ့ တိုင်းလိုလို တွေ့ ဖြစ်ကြတယ်… ။
သူမ အရမ်းနေမကောင်းဖြစ်နေချိန်… ခရီးဝေး ထွက်ချိန်ကလွဲရင် ကျွန်တော်တို့  ၂၄ နာရီမှာ အနည်းဆုံး တစ်နာရီလောက်တော့ ဆုံဖြစ်ကြတယ်…။
သူမက ကျွန်တော့်အပေါ် သံယောဇဉ်ကြီးသလို ကျွန်တော်ကလည်း သူမကို အမြဲတွေ့ ချင်နေမိတယ်…။
သူမ လား…
တော်တော်ဆိုးတဲ့ မိန်းကလေးဗျ… ။
ပညာရပ်က လွဲရင် ကျန်တာတွေ တော်တော် လုပ်ချင်တဲ့ မိန်းကလေး…။
ကျွန်တော်က သူ့ ကို ဒီအခြေအနေထက်ပိုတော်တဲ့ ပိုထက်တဲ့ မိန်းကလေး ဖြစ်စေချင်တာ… ။ စာလုပ်ရအောင်ပါလို့  ပြောတာလည်း မလုပ်ပြန်ဘူး…။ သူလုပ်ချင်တာ ပေးမလုပ်ရင် ကျွန်တော့်နား မကပ်တော့ဘူးတဲ့… မခေါ်တော့ဘူးတဲ့ ဗျာ …။
ကျွန်တော်လား…
နောက်ဆုံးတော့လည်း သူမ သဘောကို လိုက်လျောရတာပါပဲ… ကျွန်တော်က သူမ စိတ်ချမ်းသာနေတာကိုပဲ မြင်ချင်တဲ့သူကိုး…။
အဆော့ကလည်း မက်သားဗျ…
ကျွန်တော့်မှာ သူမ အတွက် ဂိမ်းမျိုးစုံကို စုဆောင်းပေးထားရတယ်… ။
သူမကြိုက်တဲ့ ဂိမ်းတွေ ဆော့ပေးနေရင် ကျွန်တော့်နားကကို မခွာတော့ဘူး…။
အပျင်းကလည်း ထူသဗျာ… မှတ်ဥာဏ်က မကောင်းရတဲ့ထဲ အပျင်းက လည်း ကြီးသေးတော့ ကျွန်တော့်မှာ သူမ ကိစ္စတော်တော်များများကို အလွတ်ကျက်ထားပေးရတယ်…။ သူမက မေးလိုက်လို့  ကျွန်တော်က ချက်ချင်းမဖြေနိုင်ရင်လည်း စိတ်တိုသေးတာ….။ ကြောက်ရ၏…။
သူမ သိချင်တာတွေကလည်း အများသား.. ။ ကျွန်တော် မသိတဲ့အရာတွေအတွက် သိတဲ့ သူတွေဆီ ခေါ်သွားပေးရသေး… ။ ခေါ်သွားတာ ကြာရင်လည်း သူမက ဆူဆောင့်ချင်ပြန်ရော …။ သူမ သူငယ်ချင်းတွေဆီ သွားချင်ရင်လည်း လိုက်ပို့ ရတယ် …။
သူမက စကားနည်းတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော့်ကိုတော့ သူမရဲ့ အတွေးတွေ … ခံယူချက်တွေ .. ခံစားချက်တွေ ပြောပြတတ်တယ်…။
ကျွန်တော်ကတော့ သူမရဲ့ ပြုံးလိုက်.. မဲ့လိုက်… ရယ်လိုက်.. မောလိုက်… လွမ်းလိုက်… ဆွေးလိုက်… စကားလုံးတွေ အတွက် နားထောင်သူ သက်သက်ပါပဲ …။
သူမက ကျွန်တော့်ကို တခါတလေ အော်ငေါက် ရိုက်ပုတ်တတ်သေးတယ်…။
ကျွန်တော်လား… .. ဘာမှ ပြန်မလုပ်ပါဘူး… ငြိမ်ခံနေလိုက်တာပဲ .. ကိုယ့်အပြစ်နဲ့  ကိုယ်ကိုး… ကျွန်တော်က ဂဂျီဂဂျောင် အူတိအူကြောင် လုပ်နေတော့ သူမက စိတ်မရှည်ဘူးပေါ့…။
ဟင့်အင်း… မမုန်းပါဘူး.. ကျွန်တော်တို့  နှစ်ယောက် ဘယ်တော့မှ မုန်းသွားကြမှာမဟုတ်ဘူး..။
သေချာတာပေါ့….။
သူမက ကျွန်တော့် အပေါ် သံယောဇဉ်အတော်ကြီးတာ… ကျွန်တော့်ကို ယုံကြည်ချက်တွေ တပွေ့ တပိုက်ကြီးနဲ့  တရင်းတနှီး ဆက်ဆံနေရှာတာ… ။ တစ်ခါတစ်လေ ကျွန်တော် ငိုချင်တယ်… ကျွန်တော့်ကို အလုံးစုံ မယုံပါနဲ့  လို့  ကျွန်တော် အော်ပြောလိုက်ချင်တယ်…။ ဒါပေမယ့် သူမရဲ့ ဓါတ်ပုံတွေ … သူမနှစ်သက်တဲ့ သီချင်းခွေတွေကို ရင်မှာပိုက်ပြီး သူမခေါ်လိုက်တိုင်း အသင့်ဖြစ်နေဖို့ ပဲ ကျွန်တော် ကြိုးစားပါတယ်…။
အော်.. ဘာတော်လဲ… ဟုတ်လား… တော်စပ်ပုံလား…
သူငယ်ချင်းပါ … သူမက ကျွန်တော့်ရဲ့ သူငယ်ချင်း… ကျွန်တော်က သူမရဲ့ သူငယ်ချင်းပါ … ။
အော်.. ကျွန်တော်လား… ဘယ်သူလဲ… ဟုတ်လား…
ဟား… ဟား…
ကျွန်တော်က
သူမရဲ့
ကွန်ပြတာ … လေ… ။ ။
လွတ်လပ်ခြင်း
ကျွန်မ လွတ်လပ်သွားပြီ …
ကျွန်မ လွတ်မြောက်ခွင့်ရခဲ့ပြီ …
သူ.. ကျွန်မကို စွန့် လွှတ်လိုက်ပြီ…
မဟုတ်ဘူး… ကျွန်မက သူ့ ကို စွန့်ခွာခဲ့တာ …
ဒီလိုနေ့ မျိုးကို ကျွန်မ စောင့်နေခဲ့တာ သိပ်ကြာပြီ … ကျွန်မကို သိပ်ထိန်းချုပ်လွန်းတဲ့ သူ့ ဆီမှာ ကျွန်မ မွန်းကြပ်နေခဲ့တာ ကြာခဲ့ပြီ… ။ သူ့ စိတ်နဲ့  ကျွန်မကိုယ်ဖြစ်ခဲ့ရတာ ကြာခဲ့ပြီ …။ လက်တွဲစကတော့ ဒီလိုညနေခင်းတွေမှာ သူနဲ့ အတူ ရှိနေရတာ… သူ ပျော်အောင် …သူခိုင်းသမျှ.. လုပ်ပေးနေရတာ ကျွန်မ သိပ်ကျေနပ်ခဲ့ပါတယ် …။
ဒါပေမယ့်တဖြည်းဖြည်းနဲ့  ကျွန်မ ကိုယ်ကျွန်မ ပျောက်ဆုံးလာခဲ့တယ်…။ ကျွန်မ ကိုယ် ကျွန်မ ( ကျွန်မစိတ်.. ခံစားချက်… ဆန္ဒ … ပျော်ရွှင်မှု ) ရှာမတွေ့ တော့မှာ ကျွန်မ သိပ်ကြောက်လာတယ် … ။ ကျွန်မ အရင်က သိပ်ထက်မြက်တယ်လေ… ကျွန်မ က လှတယ် … တော်တယ်… လွတ်လပ်စွာ သွားလာနေထိုင်တတ်တယ်… အခု .. သူ့ လက်ထဲရောက်မှ … သူ့ ဆန္ဒနဲ့  ရှင်သန်နေရတယ်…။ သူမသွားနဲ့ ဆိုရင် ကျွန်မ မသွားရဘူး… ပြန်ခဲ့တော့ဆိုရင် ကျွန်မ ပြန်ရတယ် … အခုသွားဆိုရင်လည်းသွားရတယ်… သွားရင်းလာရင်း မိတ်ဆွေတွေနဲ့  ဆုံမိ… စကားလက်ဆုံကျမိရင်လည်း … သူက ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်တယ် …။
ဒီနေ့ တော့ ကျွန်မရဲ့ ထိန်းချုပ်ခံရမှုတွေ အားလုံး အဆုံးသတ်သွားပါပြီ …။ လမ်းသရဲပုံစံ … ခပ်ကြမ်းကြမ်း ကောင်လေး တစ်ယောက်က သူနဲ့ ကျွန်မကြားက သံယောဇဉ်ကြိုးကို တိခနဲ ပြတ်သွားအောင် ဆွဲဖြတ်လိုက်တယ်…။
ကျွန်မ ပျော်လိုက်တာ …။ သူ့ ရဲ့ နှမြောတသစွာ ကျွန်မကို ငေးကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မစိတ်တွေ ယိုင်လဲမသွားခင် ကျွန်မ အမြန်ဆုံးပြေးထွက်ခဲ့ပါတော့တယ်…။
အခုတော့လွတ်လပ်ပေါ့ပါးလိုက်တာလေ … သူခွင့်မပြုခဲ့တဲ့ နေရာတွေ ကို ကျွန်မသွားတယ် …။ လမ်းတစ်လျှောက် တွေ့ သမျှ အရာ အားလုံးနဲ့ ကျွန်မ မိတ်ဆွေဖွဲ့ တယ်…။ စကားပြောတယ်…။ ကျွန်မကိုယ်ကျွန်မ ပြန်ရှာတွေ့ လိုက်ရတယ်…။ ကျွန်မ သိပ်ပျော်တယ်…။ ကျွန်မသွားချင်ရာ သွားတယ်… ပြောချင်ရာပြောတယ် … ပျော်ချင်သလိုပျော်တယ်….။ ငါ့ကိုယ်ငါ ပိုင်ဆိုင်ပြီဟေ့ လို့  အသံတိတ် ဟစ်ကြွေးနေမိတယ် … ။
မှောင်ရီပျိုးလာတဲ့အချိန်မှာ ကျွန်မရဲ့အပျော်တွေဟာ အလင်းနဲ့ အတူ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာတယ်…။ အမှောင်ဝင်လာရင်… ကျွန်မ ဘယ်ကို ပြန်ရမှာပါလိမ့် … အရင်ကတော့ ဒီအချိန်ဆို သူ့ ရင်ခွင်မှာ မှီပြီး ကျွန်မ အိမ်ပြန်နေကျ..။ အခုတော့ ကျွန်မမှာ နားခိုရာ မရှိတော့ဘူး…။ အေးစက်စက် အမှောင်ထုအောက်မှာ ကျွန်မတစ်ယောက်ထဲ ယောင်ချာချာ ဖြစ်နေခဲ့ပြီ …။
မနက်ဖြန်ရော … ကျွန်မ ဘယ်တွေသွားပြီး… ဘာတွေလုပ်ရမှာပါလိမ့် … သူ့ ရဲ့လမ်းညွှန်မှုနဲ့  ကျင့်သားရနေခဲ့တဲ့ကျွန်မအတွက် ကိုယ်ပိုင်ဆန္ဒနဲ့  ဆုံးဖြတ်ချက်ဆိုတာ အတော်ခက်ခဲတဲ့ အရာပါလား…။ ကျွန်မ မျက်ရည်ကျလာခဲ့တယ်… တကယ်ဆို ကျွန်မ ပျော်နေရမှာမဟုတ်လား … ။ ခိုကိုးရာမဲ့နေတဲ့ ခံစားချက်တွေနဲ့  ကျွန်မ အသက်ရှူကြပ်လာတယ်…။ ကျွန်မဟာ တစ်ယောက်ထဲ မနေတတ်တော့ပါလား…။ သူမပါဘဲ ခရီးမဆက်နိုင်တော့ပါလား…။
ကျွန်မ ဘ၀ဟာ အခုမှ တကယ်ကို သေဆုံးသွားပါပြီ …။ မနက်ဖြန်ကို ကျွန်မ ဘယ်လိုရင်ဆိုင်ရမလဲ…။
ကျွန်မတို့ အတူရှိခဲ့ဖူးတဲ့ ဒီ မြက်ခင်းပေါ်မှာ ကျွန်မ ငြိမ်သက်စွာ လဲလျောင်းရင်း အသစ်တစ်ယောက်နဲ့  ပျော်နေမယ့်သူ့ ကို ငေးမော ကြည့်နေရမလား…. ကောင်းကင်မှာ ပျံဝဲနေတဲ့ ရောင်စုံစွန်လေးတွေ နဲ့  သက်ဆိုင်သူကိုယ်စီကို ကြည့်ရင်း မနာလို ဖြစ်နေရမလား…။ သူနဲ့ အတူ ရှိနေတုန်းက ကောင်းကင်မှာ လှလှပပလေး မော်ကြွားနိုင်ခဲ့တဲ့ ကျွန်မက အခုတော့ အသုံးမ၀င်တော့တဲ့ စက္ကူစုတ် တစ်ရွက် ဖြစ်သွားခဲ့ပြီလား…။
တစ်ယောက်ယောက်က ကောက်ယူသွားရင်တော့ ငါ ကောင်းကင်ပေါ် ပျံဝဲနိုင်မှာပါလို့  ကိုယ့်ကိုယ်ကို အားပေးမိပြန်တယ်…။ ကောက်ယူတဲ့ သူဟာ သူသာဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးလေးနဲ့  မနက်ဖြန်အတွက် ကျွန်မ အသက်ရှူဖို့  ကြိုးစားနေပါတယ် ….။ ။
မှတ်ချက်။ ။ စွန် ရာသီရောက်ပြီဖြစ်လို့  ကောင်းကင်မှာ စွန်တွေ ပျံဝဲနေကြတယ်…။ ကြိုးဖြတ်ခံလိုက်ရတဲ့ စွန်လေး တစ်ခုနေရာက စိတ်ကူးယဉ်ကြည့်ထားပါတယ်…။ တဆက်တည်းမှာပဲ ယောက်ျားတွေဟာ မိန်းမတွေကို စွန်ကြိုးကစားသလို အလျှော့အတင်းနဲ့  ထိန်းချုပ်ရတယ်ဆိုတဲ့ ဘယ်နေရာမှာ ဖတ်ဖူးမှန်းမသိတာလေး သတိရလို့  စွန်လေးကို မိန်းမတစ်ယောက်ပုံစံရေးမိပါတယ် … ။ ဒါပေမယ့် တကယ်တမ်းပြောချင်တာကတော့ စိတ်ဆိုတာ လွတ်လပ်တိုင်းမကောင်းပါ… အသိတရားဆိုတဲ့ ချုပ်ကိုင်မှုလေးနဲ့  ဒွန်တွဲနေသင့်ပါတယ် … ဆိုတဲ့ အတွေးလေးပါ…။ လေးမအတွက်တော့ အတော်လေး ခက်ခဲနေသေးတဲ့ အရာပါပဲ …။ ထိန်းချုပ်ဖို့ နေနေသာသာ မြန်လွန်းတဲ့ စိတ်နောက်ကို အသိ..နဲ့  သတိက လိုက်လို့  မမီနိုင်ဘူးဖြစ်နေတယ်…။
ရေ … ရေ … ရေ ပေးပါ
ရေ … လူ့ ဘ၀မှာ နေ့ စဉ်သုံး … သူမရှိရင် အဆင်မပြေ … ။ ရေ ကို ပုံစံအမျိုးမျိုးနဲ့  လို အပ်နေကြသည် …။ လိုအပ်နေတဲ့ နေရာမှာ ရေက ပုံစံအမျိုးမျိုးနဲ့  ဖြည့်ဆည်းပေးနေရသည် … ။
ကျွန်တော့် ဘ၀မှာ ရေ ကြောင့် ဆန္ဒပြခဲ့ဖူးတယ် လို့  ပြောရင် ခင်ဗျားတို့  အံ့သြသွားကြမလား … ။တကယ်ပါ … ကျွန်တော် ရေ အတွက် တိုက်ပွဲ ၀င်ခဲ့ဖူးပါတယ် …။
အထက်အညာဒေသ … ရေရှားတဲ့ ဒေသ .. ခုခေတ်လို တံဆိပ်အမျိုးမျိုးနဲ့ ရေသန့် လို့ စာတမ်းထိုးထားတဲ့ ရေသန့်ဗူးတွေ ဖောဖောသီသီ မရှိသေးတဲ့ အချိန်မှာ ကျွန်တော်တို့  နယ်က စာသင်ကျောင်းတွေမှာ ကျောင်းသားတွေအတွက် သောက်ရေကို ကျောင်းက စီမံပေးကြတယ် … ။ ကျောင်းသားတွေက အလှည့်ကျ ရေဖြည့်ရတယ် …။ တွင်းရေကို ပိုက်နဲ့  သွယ်ပြီး ရေစစ်ကန်မှာ တဆင့်ခံပြီး လှောင်ထားပေးတာကို ကျောင်းသားတွေက ရေ အိုးနဲ့  အလှည့်ကျ သယ်ကြရတယ်… ။ တစ်နေ့  … ကျွန်တော့်ရဲ့ အလယ်တန်း ကျောင်းသားဘ၀ရဲ့ ရက်စွဲတစ်ခုမှာ … ကျောင်းမှာ သောက်ရေ အခက်အခဲ ဖြစ်သွားတယ်…။ ရေတွင်းကြောင့်လား .. ရေစစ်ကန် ကြောင့်လား .. ကျွန်တော် သေချာ မမှတ်မိတော့ပါ …။ ကျွန်တော်မှတ်မိသည်ကတော့ ကျောင်းသူကျောင်းသားများအတွက် ရေ ပြတ်လပ် သွားသည်မှာ တစ်ပတ်ခန့်  ကြာမြင့် သွားသည် …။ ကျွန်တော်တို့  နယ်မှာ အိမ်က ရေဗူး.. နှင့် ကျောင်းတက်သော အလေ့အကျင့် ကလည်းမရှိ … အနီးအနားရွာများမှ လာရောက် ပညာသင်ယူရသော ကျောင်းသားများလည်း ရှိသဖြင့် ရေ ပြတ်လပ်သော ပြသနာ ကြောင့် ကျောင်းသားများ အလွန် ဆင်းရဲဒုက္ခရောက်ကြရသည် …။
ရေပြတ်လပ်မှု တစ်ပတ်ပြည့်တဲ့ နေ့ … ကျွန်တော် မေ့မရတဲ့ နေ့  … အဲဒီနေ့  နေ့လယ်ခင်း ထမင်းစားဆင်းချိန်မှာ ကျွန်တော်တို့  ပဉ္စမတန်း စာသင်ခန်းထဲကို ကျောင်းသားကြီး ငါးယောက်ခန့်  ၀င်လာပါတယ် …။
“ အားလုံး … နားထောင်ပေးပါ”
အရပ်မြင့်မြင့် မျက်ခုံး ကောင်းကောင်း … နဲ့  ကျောင်းသားကြီးရဲ့ အောင်မြင်ခန့်ညားတဲ့ အသံဝါကြီးနဲ့  အရောင်တောက်နေတဲ့ မျက်လုံးတွေ အောက်မှာ ကျောင်းသားတွေ အားလုံး ငြိမ်ကျသွားပါတယ် …။
“ ညီလေး .. ညီမလေးတို့  … မင်းတို့ မှာ ရေ … သောက်စရာ ပါလား..”
“ မပါပါဘူး” သံပြိုင် အော်လိုက်ကြတယ်..။
“ ငါတို့ ကျောင်းမှာ ရေပြတ်လပ်နေတာကြာပြီဆိုတာ မင်းတို့ အသိပဲ …”
“ ငါတို့  ကျောင်းသားတွေ ရေငတ်နေတာ .. သည်းခံနေလာခဲ့တာ တစ်ပတ်ရှိသွားပြီ … ငါတို့ ရဲ့ ဆရာဆရာမတွေကလည်း ထိရောက်အောင် မစွမ်းဆောင်ပေးနိုင်ဘူး…။ ဒီတော့ ငါတို့  ခံစားနေရတာကို ကျောင်းအုပ်ဆရာကြီးကို တင်ပြဖို့ လို တယ်…။ တစ်ဦးတစ်ယောက်တည်း သွားပြောရင် အရေးတယူ ဆောင်ရွက်ပေးမှာမဟုတ်ဘူး…။ ဒီတော့ ငါတို့  အများစုရဲ့ ဆန္ဒကို အများစုကိုယ်တိုင် ဖော်ထုတ်ပြသရမယ်…။ မင်းတို့ သိထားရမှာက ငါတို့ ဟာ ကျောင်းအုပ်ဆရာကြီးကို ကလန်ကဆန်လုပ်တာ မဟုတ်ဘူး… ငါတို့ ရဲ့ အခက်အခဲကို ရိုးသားစွာ တင်ပြတာဖြစ်တယ်…။ ဒီတော့ မင်းတို့ ရဲ့ အမူအယာဟာ ရိုးသား ယဉ်ကျေးဖို့  လိုတယ်…။ ကျောင်းလွှတ်ချိန်ရောက်ရင် ကျောင်းအုပ်ဆရာကြီး ရုံးခန်းရှေ့ မှာ ငါတို့ ရဲ့ အခက်အခဲကို သွားတောင်းဆိုကြမယ်…။ ငါတို့ နဲ့ အတူ လိုက်မယ့် ညီငယ် .. ညီမငယ်တွေက ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့ စာကို သေချာ ကျက်မှတ်ခဲ့ပါ …”
သင်ပုန်းပေါ်မှာ ကျောင်းသားတစ်ယောက်ရေးပေးသောစာကို ကျွန်တော် သေချာ လိုက်ကူးလိုက်ပါသည် …။ ထိုကျောင်းသားကပဲ ကျောင်းသားအားလုံးကူးပြီးချိန် လောက်မှာ ပြန်ဖျက်သွားပါသည် …။
ညနေပိုင်း စာသင်ချိန်များသည် ကျွန်တော့်အတွက် ကုန်ခဲလှပါသည် …။ ဆရာမ၏ သင်ကြားမှုများသည် ကျွန်တော့်ရဲ့ လှုပ်ရှားနေတဲ့ စိတ်ကို တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခြင်းမရှိ …။ ကူးယူထားသောစာကို မေ့မသွားအောင် စိတ်ထဲက ကြိမ်ဖန်များစွာ ရွတ်ဆိုနေခဲ့သည် …။
ဒီလိုနဲ့  ညနေ ကျောင်းဆင်းချိန်မှာ ကျွန်တော် အပါအ၀င် အတန်းသား တော်တော်များများ အခန်းရှေ့ တွင် ကျောင်းသားကြီးများကို စောင့်နေခဲ့ကြသည် …။ ကျောင်းသားကြီးများဦးဆောင်ပြီး ကျောင်းအုပ်ဆရာကြီး ရုံးခန်းရှေ မှာ နေရာ ယူလိုက်ကြသည် …။
ဆရာကြီး၏ အခန်းတံခါး စေ့ထားကြောင်း ကျွန်တော် သတိထားမိခဲ့သည် …။
အားလုံးနေရာ တကျဖြစ်သွားချိန်တွင် …
“စ..”
“ရေ … ရေ … ရေ ပေးပါ
ရေ ကြည်ပြတ်လို့  မနေနိုင်
ခွေယိုင်လို့ သာ လဲ ပါပေါ့
ရုံးခန်းထဲက ဆရာကြီး ( အသံကိုဖိ … အံကြိတ်ကာ အော်မိသည် )
ကျောင်းသားတွေကို ထွက်ကြည့်ပါဦး..” ( အသံကို မိုင်ကုန်တင်ကာ အော်လိုက်ကြသည်)
ကျောင်းအုပ်ဆရာကြီး ရုံးခန်းထဲက ထွက်လာမည်လောဟု ကျွန်တော် ယောင်ယမ်းကာ မျှော်ကြည့်မိသေးသည် ..။
ကျောင်းဝန်ထမ်းများက ကျွန်တော်တို့ ကို ကြည့်ပြီး ကြံရာမရသည့် မျက်နှာများဖြင့် ရုံးခန်းထဲသို့  ၀င်သွားကြသည် …။ ကျွန်တော်တို့  ၅ ခေါက်မျှ အော်ပြီးချိန်တွင် ဒု – ကျောင်းအုပ်ထွက်လာကာ ရေ.. အမြန်ဆုံး အဆင်ပြေစေရမည် ဖြစ်ကြောင်း ပြောဆိုကာ ကျွန်တော်တို့ ကို အိမ်ပြန်စေခဲ့သည် …။
အခု ကျွန်တော့် အသက် ၅၀ ကျော်ခဲ့ပြီ…။ အလယ်တန်း ကျောင်းသားဘ၀ က အဖြစ်ကို ပြန်တွေးကာ ကျွန်တော်ပြုံးမိသည် …။ တဆက်တည်း ကျွန်တော့်ကိုယ်ကျွန်တော် အံ့သြမိပြန်သည် …။ အဲဒီတုန်းက ကျောင်းအုပ်ဆရာကြီးက ကြိမ်လုံးနဲ့  ထွက်ရိုက်မှာ … မိဘထံ တိုင်စာပို့ မှာ … နောက်ဆုံး ကျောင်းထုတ်ခံရမှာ… အဲဒါတွေကို စိုးရိမ်ကြောင့်ကြခြင်းမရှိဘဲ အရေးဆိုခဲ့မိတဲ့ အတွက် အံ့သြမိသည် …။ လက်ရှိမှာ ၉ တန်းကျောင်းသား ကျွန်တော့်သားကို ကျောင်းစာကိုသာ စိတ်ဝင်တစားသင်ယူရန်.. အခြားမည်သည့် အရေးကိုမှ စိတ်မ၀င်စားရန် ကျွန်တော် တတွတ်တွတ် ဆုံးမနေတတ်သည် မဟုတ်ပါလား…။ ကျွန်တော့်သားကလည်း ဆယ်တန်းအောင်လျှင် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ … ကောင်မလေးများနဲ့  ချက်တင်းထိုင်ဖို့  … ဆရာ..ဆရာမ အလစ်.. မှာ နားကပ်တစ်ဖက်ကို ခိုးတပ်ဖို့  … ပိတ်ရက်မှာ dancer သင်တန်းတက်ဖို့  က လွဲလို့  ကျွန်တော်စိုးရိမ်သော ကိစ္စရပ်များကို ယောင်လို့ မှ စိတ်မ၀င်စားသည့် အတွက် ကျွန်တော် ရင်အေးစွာ … ရင်လေးစွာ သက်မချရပေါင်းလဲ မနည်းတော့ …။
ကျွန်တော့်မှာ အလယ်တန်း ကျောင်းသားဘ၀တုန်းကလို သတ္တိမျိုး ရှိမနေတော့တာ သေချာပါသည်…။ အဲဒီတုန်းကလို အခြေအနေမျိုး … အခုနေကြုံကြိုက်လာလျှင် … ကျွန်တော် တောင်းဆိုဝံ့ပါတော့မလား … ။ ကျွန်တော်သည် ရေသောက်စရာမရှိလျှင် ကိုယ့်တံထွေးကိုယ် မျိုချကာ ကြိတ်မှိတ် သည်းခံနေနိုင်မည်လား … တရားသဘောပါပဲလို့  သဘောထားကာ ဖြစ်ပျက် .. ရှုမှတ်နေမိမည်လား… ငယ်ရွယ်သော လူငယ်လေးများကို .. တောင်းဆိုကြပါ.. တောင်းဆိုကြပါ … ဘေးကနေ အားပေးနေပါတယ်… လို့  တိုက်တွန်းမိမည်လား… မသေချာပါ …လူဆိုတာ အသက်ကြီးလာလေ… သတ္တိနည်းလာလေ… အတ္တကြီးလာလေ… ကိုယ့်ကိုယ်ကို ချစ်တတ်လာလေပဲ… ဟုမှတ်ယူရမည်လား… အသက်ကြီးလာလေ… ဆင်ခြင်တုံတရား ပြည့်ဝလာလေ… တွေးခေါ်စဉ်းစားတတ်လာလေ … အရာရာကို နားလည်ပေးနိုင်ဖို့ … တရားနဲ့ ဖြေနိုင်အောင် ကြိုးစားတတ်လာလေ လို့ ပဲ… မှတ်ယူလိုက်ရမလား … ကျွန်တော် မဝေခွဲတတ်ပါ …။ ကျွန်တော် မသိပါ …။ ကျွန်တော် သိတာကတော့ လောလောဆယ် အတွေးတွေနဲ့  ကျွန်တော် ရေငတ်နေပါသည်…။
ရေ … ရေ … ရေ ပေးပါ … .။ ။