ဘလော့ဂ် ရပ်ဝန်းမှာ တစ်နှစ်တာ …

Blogspot …. wordpress … iblogger … ဘယ်ရွာကိုပဲပြောင်းပြောင်း ဘယ်အိမ်မှာပဲနေနေ … လေးမ အတွက်တော့ ဘလော့ဂ်ရပ်ဝန်း မှာ ထင်ရာစိုင်းနေခဲ့တာ တစ်နှစ်ကြီးများတောင် ပြည့်သွားပြီ..။

၂၀၀ရ မေလကုန်ခါနီးက စခဲ့တာဆိုတော့ ၂၀၀၈ မေလကုန်ခါနီးဆိုရင် တစ်နှစ်ပေါ့ …။

ဒါပေမယ့် မေလဆန်းမှာပဲ အမှတ်တရပိုစ့်လေးတင်လိုက်ပါတယ်…။

ဘာလို့လဲဆိုတော့ သိတော်မူကြတဲ့အတိုင်း ဒီက connection က အစိုးမရဘူးလေ..။ မေလရောက်ပြီဆိုတော့ ( မိုးတွေကရွာ .. မုန်တိုင်းကရှိ…အဲ…အဲဒါ..ကို ဆိုလိုတာပါ…) connection က ပြုတ်ချင်ပြုတ်မှာ … ရေအောက်က cable ကြိုးတွေက ပျက်ချင်ပျက်မှာ … server က ဒေါင်းချင်ဒေါင်းမှာလေ…။

လေးမက တစ်နှစ်ပြည့် အမှတ်တရအနေနဲ့  သူငယ်ချင်းတွေရဲ့ ကွန့် မန့် လေးတွေကို ( အားလုံးပေါင်း ၉၃ – ၅) slide show လေး လုပ်ထားတာဆိုတော့ မတင်ရရင် ကလိ… ကလိ နဲ့ တော်တော် အခဲမကျေ ဖြစ်မိမှာ …။

အဲလို ကိုယ့်စိတ်ကိုယ် အတွင်းကျကျသိလို့ လကုန်ထိမစောင့်တော့ဘူး… ။ မေဒေး နေ့ မှာပဲ Happy Bitrhday လုပ်လိုက်တယ်…။

Happy Birthday , one-year old my Virtual World !!!

P.s. မုန့်ကျွေးရန် ပက်ကျံ မရှိပါ..။

ဝန်ခံချက် ။ ။ မလေး(မအိမ့်ချမ်းမြေ့ ) ဘလော့ဂ်မှာ comment တွေကို slide show လေးလုပ်ထားတာကြည့်ပြီး အရမ်းသဘောကျလို့ မလုပ်တတ်လုပ်တတ်နဲ့ အတုခိုးပါသည်..။

ဟောတော့..

ဟော… ဟော…ဟောတော့…

ပို့စ်လည်းမတက်ပါလား …

*******************************************************

မင်္ဂလာပါ

နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုနိုင်ကြပါစေရှင်…

လာလည်တဲ့သူအားလုံးကို ရေခဲရေနဲ့ပက်တယ်…အိုးမဲသုတ်တယ်.. ဒါပဲ…

ခင်မင်စွာဖြင့်

လေးမ

********************************************************

လေးမ အင်တာနက်နဲ့ ခဏဝေးမှာမို့  ၁၂ ရက်နေ့မှာ အဲဒီလိုလေး အော်တို တက်လာအောင် စီမံခဲ့ပေမယ့် လေးမ တို့များ သူများကို ရေပက်ဖို့ ကံမပါလိုက်ပုံများကတော့ ကမ္ဘာအတုမှာတောင် ရေပက်ခွင့် မရရှာပါဘူး…။

တွေးတစိမ့်စိမ့်နဲ့ ပီတိဖြစ်နေရာက ဒီကနေ့ အင်တာနက်ရှေ့ကိုအရောက် ဒေါက်ဆို ဘလော့ဂ်ကို ၀င် … ဘယ်သူတွေ အိုးမည်းထိသွားသလဲလို့ ပြုံးစိစိနဲ့ကြည့် … ရေစိုပြီး အိုးမဲထိသွားသူက လေးမ ပါ…။ ပို့စ်က မတက်တော့ ဘယ်သူ့ ကိုမှ ရေမလောင်းလိုက်ရတော့ဘူးပေါ့နော်…။ ဒါပေမယ့် ရေလာလောင်းသွားတဲ့ သူငယ်ချင်းတွေ ကို တွေ့ ရတော့ ပျော်မိတယ်…။ မုန့်လုံးရေပေါ် လာမကျွေးတာတော့ စိတ်ဆိုးတယ်ဗျို…။

လေးမပျောက်လို့ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေ …

နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေးတဲ့ သူငယ်ချင်းတွေ … ( ဆုမွန်တောင်းချင်တဲ့ သူတွေ..။ ဟိ..ဟိ..ဆိုင်သူတွေ မလုံမလဲ ဖြစ်စေသတည်း)

ရေလောင်း … အိုးမဲသုတ် … မီးသတ်ပိုက်နဲ့ပက် … မုန့်စားဖို့ခေါ်တဲ့ သူငယ်ချင်းတွေ…

အားလုံး..အားလုံး… ဘာဆုလိုချင်သလဲပြော … ပြောတဲ့ဆု … ပြည့်စေသတည်း…။ ။

<!–

ကျောက်ဆောင် … ပင်လယ်…နှင့် မိန်းကလေး…

သူ့ ရင်ခွင်မှာ ဆော့ကစားနေကြတဲ့ လူတွေကို ကြည့်ပြီး ကြည့်နူးနေတုန်း “ ပင်လယ်ကြီးရေ… ကျွန်မ ရောက်လာပြန်ပြီ ” ဆိုတဲ့ နှုတ်ဆက်သံတိုးတိုးနဲ့အတူ သူ့ကိုချစ်သော … သူက ချစ်သော မိန်းကလေး သူ့ ဆီရောက်လာခဲ့ပြန်တယ်…။

ပင်လယ် ကျောက်ဆောင်ရေ … မိန်းကလေး ရောက်လာပြီဟေ့…

( ကျောက်ဆောင်ရဲ့ ခြေထောက်ကို လှိုင်းနဲ့ တစ်ချက်ပုတ်လိုက်ရင်း စကားစလိုက်တယ်)

ကျောက်ဆောင် အေးကွ … ဒီလထဲမှာ မိန်းကလေးလာမယ်ဆိုတာ ငါအာရုံရနေပြီးသားကွ… ဘယ့်နေ့မှန်းသာမသိတာ…

မိန်းကလေးတောင် အတော်ရင့်ကျက်လာပြီနော်… မှတ်မိသေးတယ်ကွာ…. ငါတို့ဆီကို မိန်းကလေး စရောက်လာတုန်းက ၁၅ နှစ်သမီးလေး… ဂါဝန်လေးနဲ့ ကျောပိုးအိတ်သေးသေးလေးလွယ်ထားတယ်…

သားအမိနှစ်ယောက်ထဲ သူများတွေနဲ့ လိုက်လာတာဆိုတော့ ကမ်းစပ်မှာပဲ ရေစိမ်ခိုင်းလို့ စိတ်ကောက်နေသေးတယ်လေ…

ဟုတ်ပ… နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေတာလေ… ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အမေကို စူပုတ် ကောက်ချိတ်နေတဲ့ပုံတွေချည်းပဲ…

အဲဒီတုန်းက ငါ့ကျောပေါ်တက်ပြီး ဓါတ်ပုံရိုက်တော့ မိန်းကလေးရဲ့ နေကာမျက်မှန်လေး ကျပျောက်သွားသေးတယ်နော်…

အေးကွာ… ငိုမဲ့မဲ့ ဖြစ်နေလို့ ငါရှာကြည့်ပါသေးတယ်… လှိုင်းတွေက အတော် အစအနောက် သန်တာကွ … ဒီနေ့ထိ ဖွက်ထားတယ်…

မိန်းကလေး … ငါတို့ဆီကို လာတဲ့နှစ်တွေထဲမှာ ဘယ်တစ်ခေါက်က အပျော်ဆုံး ဖြစ်မလဲ.. မှန်းကြည့်စမ်း… ပင်လယ်…

၂၀၀၂ က အပျော်ဆုံးဖြစ်မယ်… သေချာတယ်… အဲဒီတစ်ခေါက် သူအပျော်ဆုံးဘဲ…

သင်္ကြန်အတက်နေ့ကြီး … သူ့အမေရယ်… အစ်မ တွေရယ်… မိရယ်… လာတဲ့နှစ်မဟုတ်လား…

အဲဒီတုန်းက မိရယ်.. မိန်းကလေးရယ်… သောင်ပြင်ပေါ်မှာ .. ဆော့နေလိုက်ကြတာ … သဲတွေနဲ့ ပေပွနေတာပဲ …

ဗိသုကာကျောင်းသူတွေဆိုပြီး သဲအိမ်ဆောက်ကြတာလေ… ဟား..ဟား… အိမ်က ရေကူးကန်တောင်ပါသေး…

သောင်ပြင်ပေါ်မှာ ဟိုယိုင်… ဒီယိုင်နဲ့ စက်ဘီးစီးတော့ မိက လိုက်ထိန်းပေးရသေးတယ်

သောင်ပြင်ပေါ်မှာ အားပါးတရ ထိုင်ချပြီး အုန်းရည် ထိုင်သောက်နေကြတဲ့ ပုံလေး ခုထိ မြင်ယောင်နေသေးတယ်… ခုတော့ မိန်းကလေးက တန်ဖိုးကြီး အ၀တ်အစားတွေ သဲပေမှာ စိုးရိမ်တတ် နေပြီလား မသိဘူးနော် …

အဲဒီတုန်းကလေ … ဘောကွင်းပေါ် ပက်လက်လှန်ပြီး လှိုင်းစီးလို့ … ကောင်းကင်ကြီးကို မော့ကြည့်ပြီး သီချင်းတွေ အော်ဆိုနေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ငါအရမ်းပျော်တာပဲ… ။ လှိုင်းငြိမ်သွားရင်…“ လှိုင်းကြီးကြီး လာပါဗျို့… ” လို့ အော်ပြီး စိန်ခေါ်ကြသေးတယ်… ကြည့်ရင်း အရမ်းအသည်းယားလာလို့ လှိုင်းအကြီးစားလွတ်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်အောင်ကို လုပ်ပစ်လိုက်တာ…

မှောက်သွားတော့လည်း မဖြုံပါဘူး … ရေမွန်းနေတဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်နေလိုက်ကြသေး…

နောက်နှစ်… မိန်းကလေး လာတော့ ဘေးမှာ ကောင်လေးတစ်ယောက်ပါလာတယ်…

အင်း… မိန်းကလေးရဲ့ ဟန်းနီးမွန်းခရီးပေါ့ …. တို့ဆီလာတဲ့ ဟန်းနီမွန်းစုံတွဲအတော်များများက နှစ်ယောက်ထဲ လာတာများတယ်နော်…။ သူတို့ကျမှ အုပ်စုလိုက်ကြီး….

တကယ်ဆို အဲဒီတစ်ခေါက်က မိန်းကလေးရဲ့ ကမ်းခြေလာတဲ့ နှစ်တွေထဲမှာ အပျော်ဆုံးနှစ်ဖြစ်ရမှာ … ဒါပေမယ့် .. မိန်းကလေး မပျော်လိုက်ရရှာဘူး….

ဟား… ဟား… ဘယ်ပျော်ရမလဲကွ … မိန်းကလေးက အချစ်ကို သက်သေပြမှားတာကိုး…

ဟား … ဟား … ပင်လယ်စာမစားတဲ့ မိန်းကလေးကို “…ချစ်ရင် ဂုံးတစ်ကောင် စားပြပါ…” လို့ သူငယ်ချင်းတွေက တောင်းဆိုတော့ သတ္တိရှိရှိနဲ့ ဂုံးအဖတ်လေးတစ်ဖတ်စားပြလိုက်တာ… ဟား…ဟား… တစ်ညလုံး အန်လိုက် … ဗိုက်နာလိုက်နဲ့ နောက်တစ်နေ့ နေ့လည်အထိ အိပ်ရာထဲမှာ ခွေနေရတာလေ…

ကောင်လေးကတော့ ဘော်ဒါတွေနဲ့ အပြင်မှာ ပျော်လို့ပေါ့….

၂၀၀၆ သင်္ကြန်တုန်းကလည်း ကောင်လေး သူငယ်ချင်းတွေနဲ့ အတူရောက်လာသေးတယ်နော်…

အင်း …အခုအတူလာတဲ့ မိတ်ဆွေတွေနဲ့ပဲလေ…။

*****************

ဟေး ပင်လယ်… ကြည့်စမ်း… စောစောစီးစီး မိန်းကလေး တစ်ယောက်ထဲ ကမ်းစပ်ဆင်းလာပါလား… လက်ထဲမှာကင်မရာနဲ့ … ကျွတ်ကျွတ်အိတ်နဲ့….

အော်… ခရုလာကောက်တာကွ … မနေ့ညနေက .. မနက်စောစော ခရုထကောက်ရအောင်နော်လို့ ကောင်လေးကို ပူဆာနေသံကြားတယ်…

ကောင်လေးက မနိုးဘူးထင်တယ် … ကောင်လေးလည်း ဒုက္ခပဲ… စိတ်ကူးယဉ်တတ်တဲ့ … တစ်ခါတစ်ခါကဗျာဆန်ချင်တဲ့ မိန်းကလေးကို လက်ထပ်ထားရတာ … ကဗျာမဆန်ချင်တဲ့ သူ့အတွက် တစ်ခါတစ်ခါတော့ သိပ်စိတ်အနှောက်အယှက်ဖြစ်မှာပဲ…

ဟော…လာပြီ..လာပြီ…ငါ့နားရောက်လာပြီ…စကားပြောတော့မယ်ထင်တယ်…

ပင်လယ်ကြီးရေ … ညတုန်းက အိပ်မရလို့ ထွက်ကြည့်သေးတယ်… သိလား…

မှောင်မည်းပြီး လှိုင်းတွေက တ၀ုန်းဝုန်းနဲ့ ခေါ်နေလို့ ကြောက်လို့ ပြန်ဝင်သွားတာ…

ပင်လယ်ကြီးကတော့ အရင်အတိုင်း ပြာနေတာပဲနော် … ရေကလည်း ကြည်နေတုန်းပဲ … မနေ့က ရေစိမ်ရင်း ခရုငုံ့ရှာသေးတယ် … သိလား…

ပင်လယ်ကြီးထဲမှာ လှိုင်းစီးရတာ မ၀သေးဘူး… ဒါပေမယ့် ပြန်ရတော့မယ်…

သူ့ကို စိတ်ကောက်မလို့… သိလား… ဘာမှန်းလည်းမသိဘူး … ပင်လယ်ကိုလာပြီး မြို့မှာ ရတဲ့ဟာတွေ လာလုပ်နေတယ်…

စဉ်းစားကြည့်လေ… Tennis ရိုက်တာ …. အကြာကြီးအိပ်နေတာ ….swimming pool ထဲရေကူးတာ … အဲ့ဒါတွေက ကမ်းခြေကိုမလာလည်း မြို့မှာ လုပ်လို့ရနေတာပဲလေ…

ပင်လယ်ကြီးထဲမှာ လှိုင်းစီးတာ … ကမ်းစပ်မှာ ဖိနပ်မပါဘဲလမ်းလျှောက်တာ … မနက်စောစော ခရုကောက်ပြီး လတ်ဆတ်တဲ့လေကိုရှူတာ … သောင်ပြင်ပေါ်မှာ လှဲအိပ်တာ … အဲဒါတွေက မြို့မှာ မရနိုင်လို့ ဒီကို လာရတာလေ… ဟုတ်ဘူးလားလို့ …

“ … ရေ ”

“ လာပြီ…”

“ သွားပြီ..ပင်လယ်ကြီးရေ … တာ့တာ…”

ကြည့်ပါလား… အဲဒီမိန်းကလေး စပရင် မျက်နှာ… ခုနကတော့ ပြောနေလိုက်တာ.. စိတ်ကောက်ဦးမလို့တဲ့…

ခေါ်တော့လည်း ပြေးသွားလိုက်တာပြုံးနေတာပဲ…

မိန်းမတွေက ဒီလိုပဲ … သိရခက်တယ် … မာယာများတယ်… ပြောင်းလဲလွယ်တယ် …

ဒါကြောင့် ပင်လယ်နှင့်တူသောမိန်းမများတို့ … မြစ်တို့၏ မာယာတို့ဆိုပြီး ခိုင်းနှိုင်းကြတာနေမှာ…ဟား..ဟား…ကျောက်ဆောင်နှင့်တူသော မိန်းမများဆိုတာမရှိဘူးလေ…

အမယ်… ဂျူး ပြောတာ ဒီသဘောမဟုတ်ပါဘူးကွ… တော်ပြီ.. ဒီကိစ္စ နောက်မှ ဆွေးနွေးမယ်… ။ မိန်းမတွေကို

ကျောက်ဆောင်နဲ့တူသောမိန်းမများ လို့လည်း ပြောလို့ရတယ် … လောကဓံအလှည့်အပြောင်းကို မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်… ကျောက်ဆောင်လိုပဲ ကြံ့ကြံ့ခံရင်ဆိုင်တယ်…ခင်ပွန်းအတွက်… သားသမီးအတွက်ဆိုရင် ဘယ်လောက်ပဲ လှိုင်းတွေကြမ်းပါစေ … မယိုင်လဲအောင် ရှေ့ကနေ မားမားမတ်မတ်ကာဆီးပေးတတ်ကြသေးတယ်…

ဒါဆို ငါတို့ရဲ့ မိန်းကလေးက ဘာနဲ့တူမလဲ …

မင်းနဲ့လည်းတူတယ် … ငါနဲ့လည်းတူတယ် …

မိန်းကလေးရေ နောင်နှစ်မှာလည်း မင်းကို ဆီးကြိုချင်ပါသေးတယ် … မင်းနဲ့တူတဲ့ နောက်ထပ် လူသားလေးတစ်ဦးနဲ့အတူပေါ့…. ခုတော့ပြန်ပေဦးတော့ …

ဟေ့…မင်းပြောတာ ကြားတယ်ထင်တယ်…မိန်းကလေး လှည့်ကြည့်တယ်… သူပြုံးပြသွားတယ်တွေ့လား…

ရှက်ပြုံးလေးကွ …

မဟုတ်ဘူး… အားမရှိတဲ့အပြုံး…

ဟာ….မင်းကလည်း

မင်း…နဲ့…ငါ…အပြုံးကို နားလည်ပုံချင်းမတူပါဘူးကွာ….။ ။


လူပျောက်ကြော်ငြာ

တွေ့ရင်ပြောကြပါကွယ် … မုန့်ဝယ်ကျွေးပါမယ်…

လက်ခံထားတဲ့သူကို… @&*^%$#

ကြာသပတေးနံနှင့် စသော …. လေးမ အလည်အပတ် သွားတတ်သော ဘလော့ဂ်များမှ …. အိမ်ရှင် ၅ ဦး ပျောက်ဆုံးနေပါသဖြင့် တွေ့ များတွေ့ခဲ့ရင်… … virtual world ..က လေးမက သတိရနေတယ်လို့ ပြောပေးကြပါ…နော်…။

၁။ ဘုရင့်နောင်

၂။ ပုဂံသား

၃။ မိုးညို

၎။ ပေါက်ပေါက်ဆုပ်

၅။ မိုးချစ်သူ

ပြတင်းပေါက်

ဒီနေရာမှာ အစက ပြတင်းပေါက်မရှိခဲ့ပါ …။

ဒီဇိုင်းဆွဲသည့် ဗိသုကာက ပြတင်းပေါက် ထည့်ဆွဲဖို့မေ့ခဲ့တာလား… တမင် ချန်ထားခဲ့တာလား… မသေချာပါ…။

သူ့အတွက်တော့ ဒီနံရံပိတ်ကြီးကို မြင်နေရတာ ပိတ်လှောင် မွန်းကျပ်လွန်းလှသည်…။ နံရံပိတ်ကြီးကြောင့် သီးခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားရသည်….။ ချစ်သော ကမ္ဘာလောကကြီးရဲ့ ရင်သွေးတွေနဲ့ စည်းခြားနေသလို ခံစားရသည်….။ နံရံပိတ်ကြီးကြောင့် … သူ..ပို အထီးကျန်သွားသည်…။

သူတောင့်တလွန်း၍ ထင်သည်…။ နံရံပေါ်မှာ ပြတင်းပေါက် တစ်ပေါက် … ရောက်လာသည်…။ ထိုပြတင်းပေါက်သည် … ဖွင့် မရသော ပြတင်းပေါက် ဖြစ်ပုံရသည်…။ သူမက ထိုပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ပါ…။ ဘာပဲဖြစ်ဖြစ် အထီးကျန်နေတဲ့ သူ့အတွက်တော့ ပြတင်းပေါက်တစ်ပေါက်ရှိနေခြင်းက အဓိပါယ်ရှိစေသည်…။ မြင်ကွင်းတွေကို မြင်နိုင်သည်လေ…။ ပြတင်းပေါက်က တဆင့် မြင်ရတဲ့ မြင်ကွင်းတွေက သူမျှော်လင့်ထားတဲ့ … လိပ်ပြာလေးတွေ..ပန်းလေးတွေ… စမ်းချောင်းလေးတွေ မဟုတ်ဘဲ … ထမင်းဆာနေသော ကလေးငယ်များ … ငိုကြွေးနေသော ဇနီးသည်များ … ရုန်းကန် လှုပ်ရှားနေသော ခြေထောက်များ … မညီမညာ ချိုင့်ခွက်တွေပေါ်မှာ ပြေးလွှားနေကြသော ခွေးလေခွေးလွှင့်များ ဖြစ်နေကြသည်…။ သို့သော် သူအရင်ကလောက် အထီးမကျန်တော့ပါ … မြင်ကွင်းတွေက တနေ့တစ်မျိုး မရိုးရအောင် စိတ်ဝင်စားစရာကောင်းလှသည်…။ အရောင်ပြောင်းနေတဲ့ လူတွေရဲ့ မျက်နှာတွေကို စိမ်ပြေနပြေ ထိုင်ကြည့်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်သွားသည်…။ ပြတင်းပေါက်က တဆင့် မြင်ကွင်းတွေကိုကြည့်နေရင်း သူ နောက်တဆင့် တပ်ချင်လာပြန်သည်…။ ပြတင်းပေါက်ကို ဖွင့်လို့ရရင် သိပ်ကောင်းမှာပဲ …။ ဖွင့်ကြည့်ချင်လိုက်တာ…။ ဖွင့်လိုက်ရင် အသံတွေကြားရမှာ…။ မြင်ကွင်းတွေက ပိုပြီး အသက်ဝင် လာမှာပဲလို့ အခါခါတွေးမိပြန်သည်…။

သူ့လိုလားချက်တွေကို သိနေသည့်အလား… သူမက ပြတင်းပေါက်ကို ဖွင့်လို့ရအောင် လုပ်လိုက်သည်…။ သူ့အတွက် ပြတင်းပေါက်တွေ ဖွင့်ပေးလိုက်သည်….။ သူ … ၀မ်းသာ အားရ… ပစ်စလတ်ခတ် အားပါးတရ… အသက်ရှူသွင်းလိုက်တယ်… လေအစစ်ကို သူရှူကြည့်ချင်တာကြာပြီလေ….။ ဖူး……ဘာနံ့ကြီးလဲ….ပုပ်အဲ့အဲ့ မြောင်းပုပ်နံ့က သူ့ အသက်ရှူ လမ်းကြောင်းထဲ တိုးဝင်လာသည် …. ။ လမ်းဘေး အကင်ဆိုင်လေးရဲ့ ညော်နံ့ကလည်း မြောင်းပုပ်နံ့ကို အံတုရင်း နှာခေါင်းထဲ တိုး ၀င်လာပြန်သည်…။ သူ… ၀မ်းနည်းသွားသည်…။ လေပြေလေးက သူမျှော်လင့်ထားတဲ့ မွှေးရနံ့တွေ ကို သယ်မလာခဲ့…။ ပုပ်သိုးတဲ့ အနံ့တွေနဲ့ ရုပ်ဆိုးတဲ့ အသံတွေကို သယ်ဆောင်လာခဲ့သည်…။ အလို … လေပြေ တစ်ချက်အဝှေ့မှာ သူ့မျက်လုံးတွေ ကျိန်းစပ်သွားပြန်သည်… လေငြိမ်သွားတော့ သူ့ကိုယ်ပေါ်မှာ ဖုန်အလိမ်းလိမ်း ကပ်ကျန်နေခဲ့သည်…။

သူ…တွေးခဲ့မိတယ်….

ပြတင်းပေါက်သာရှိခဲ့ရင်…

အမြင်ကျယ်လာမယ်… ငှက်ကလေးတွေရဲ့ တေးဆိုသံကို ကြားခွင့်ရမယ်….

လေပြေလေညှင်း..ပန်းရနံ့လေးတွေက သူ့နှာဖျားကို ထိခတ်ကျီစယ်ကြလိမ့်မယ်….

လောကကြီးရဲ့ ရင်သွေးလေးတွေကို နှုတ်ဆက်ကျီစယ်ရင်း နေလုံးကြီး ထွက်လာတာ..၀င်သွားတာကို အရသာခံနိုင်လိမ့်မယ်… မိုးစက်ကလေးဆော့ကစားပြီး သက်တန့်လေးတွေ ကကြိုးဆင်ကြတာကိုလည်း တွေ့ရလိမ့်မယ်….လို့….။

သူ မတွေးခဲ့မိဘူး…

ပြတင်းပေါက်သာရှိခဲ့ရင်…

ဖုန်ဝင်လာမယ်…. အနံ့ဆိုးတွေ .. ညော်နံ့တွေ ၀င်လာမယ်… အကျည်းတန်မြင်ကွင်းတွေ … ကွဲအက် ဆူပွက်နေတဲ့ အသံတွေလည်း ၀င်လာနိုင်တယ်…ဆိုတာကို….။

ဒါပေမယ့် ပြတင်းပေါက်ကို အုတ်သားတွေနဲ့ ပြန်ပိတ်ပြီး နံရံပိတ်ကြီးတစ်ခု ဘယ်တော့မှ ပြန်မဖြစ်စေချင်ဘူး…

ဖုန်တက်ရင် ဖုန်သုတ်မယ်… အကျည်းတန်မြင်ကွင်းတွေကို စာနာပေးနိုင်အောင်… ကျင့်သားရအောင် ကြိုးစားမယ်….။ မကြားချင်တဲ့ အသံတွေအတွက် နားပိတ်ထားမယ်…။ အနံ့ဆိုးတွေ ၀င်လာတဲ့ခဏ အသက်အောင့်ထားလိုက်မယ်….။

တကယ်ပါ… ပြတင်းပေါက်တစ်ပေါက်ရှိနေတာကိုပဲ လိုချင်ပါတယ်…။ ။

အရုပ်စင်ပေါ်က အရုပ်ကလေး တစ်ရုပ်အတွက် ပြတင်းပေါက်တစ်ပေါက် ရှိနေခြင်းဟာ အထီးကျန်မှုရဲ့ လွတ်မြောက်ရာပါပဲ…။ ။

အကြောင်းကြားစာ

လေးမ တစ်ယောက် ပို့စ်လည်းမတင်…အိမ်လည်း သိပ်မလည်…. cbox မှာလည်း တစ်ယောက်ချင်း ပြန်မပြော … ။ ဘာများဖြစ်နေပါလိမ့်လို့များ…တစ်ယောက်တစ်လေလောက်… လေးမကို သတိရပေးနေမလား…။

အကယ်ဒမီပွဲရှိနေတာနဲ့… လေးမ အလုပ်များနေတယ်လို့ ထင်နေမလား…။

ဟဲ…။ မဟုတ်ပါဘူး…။ လေးမတို့ အလုပ်မှာ ဘီလူးကြီး သောင်းကျန်းနေတာနဲ့ လေးမ တစ်ယောက် အရင်ကလို အလုပ်ချိန်မှာ internet သုံးလို့မရတော့ပါဘူး…။

အိမ်ပြန်ရောက်ရင်လည်း အရမ်းပင်ပန်းပြီး ခဏလောက်လှဲလိုက်တာနဲ့ အိပ်ပျော်သွားရော…။ တရေးနိုးတဲ့ အချိန်က ည ၁၁ နာရီ…ဆိုတော့…ဆိုတော့…ဆိုတော့….။

ဒါပေမယ့်… ပျောက်ကျားစနစ်နဲ့ လေးမ ဆက်လက် ရှင်သန်နေလိမ့်မည် ဟု… အသိပေးအပ်ပါသည်…မိတ်ဆွေတို့….။ ။

အခွံလဲခြင်း

အသစ်တွေ ဘယ်လိုပြောင်းပေမယ့် အဟောင်းကိုဖြင့်တလည်လည်… ဖြစ်နေတဲ့ လေးမတစ်ယောက် ဒီနေ့တော့ဖြင့် လိုအင်ဆန္ဒတွေပြည့်ဝခဲ့ပါပြီ …။

Blogspot မှာ သုံးခဲ့တဲ့ template ပုံစံနဲ့ အနီးစပ်ဆုံး တူအောင် လုပ်ပေးသွားတဲ့ လေးမတို့ရွာက လူပျိုကြီး သုံးယောက်နေတဲ့ စပ်မိစပ်ရာ အိမ်မှ ခေါင်သူကြီး မောင်သင်္ကြန် ( နာမည်ကို ငယ်ချင်ယောင်ဆောင်ထားပေမယ့် … လေးမကတော့ ကိုအတာပဲခေါ်တယ်) ကို အရမ်းကျေးဇူးတင်မိပါတယ်…။ ကောင်မလေးငယ်ငယ်ချောချောချစ်စရာလေးနဲ့ မြန်မြန်လေး လက်ဆက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်…။

ဘက်မလိုက် အရောင် သုံးရောင်ဖြစ်တဲ့ ခဲရောင်၊ အနက်ရောင် ၊ အဖြူရောင် နှင့် လေးမ၏ အသုံးအဆောင်အများစုပိုင်ဆိုင်တဲ့ အပြာရောင် …တို့နဲ့အတူ လေးမ ချစ်သော disney princess များနှင့်ဖွဲ့  စည်း ထားတဲ့ လေးမရဲ့ blog လေးကို ဒီနေ့ ဘယ်နှစ်ကြိမ်မှန်းမသိအောင် ၀င်ကြည့်နေမိပါတယ်ရှင်…။ ။

ပန်းချီကား

ပန်းချီကားတွေကို သဘောကျပါသလား…။

အများစုက သဘောကျတယ်လို့ဖြေကြမှာပါ…။

ဘာလို့သဘောကျတာလဲဆိုရင်ရော…. ။

လှလို့ .. စုတ်ချက်ကောင်းလို့… အရောင်စပ်ထားတာ ကောင်းလို့ ….တကယ့်အစစ်အမှန်တစ်ခုလို ခံစားရလို့ … ရသ တစ်ခုခုပေးနိုင်လို့ … ဖြေစရာတွေ အများကြီး…။

ဒါဆို … ပန်းချီကားတွေကို ကြည့်တတ်တယ်ပေါ့နော်…။

“ ကြည့်ကားကြည့်၏ … သို့သော် ..မမြင်ပါ ” ဆိုတဲ့ လူတွေများ တပုံကြီး…။

ထားပါတော့လေ … မြင်တာမမြင်တာ …နားလည်ခံစားနိုင်စွမ်းရှိတာ မရှိတာတွေ ဆန်းစစ်မနေတော့ပါဘူး…. ။

နှစ်သက်လက်ခံတယ်ဆိုရင်ပဲ ပန်းချီကားတွေက ပြုံးနေတတ်ပါတယ်…(ပန်းချီဆရာကတော့ ပြုံးချင်မှ ပြုံးမှာ…)။

ကိုယ်နေတဲ့နေရာလေး… ဒါမှမဟုတ်… ကိုယ် ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ ပန်းချီကားလေးတွေကို မြင်နေရရင် ဘယ်လိုများနေမလဲ…။

ခံစားမှုတစ်ခုခုတော့ ပေးစွမ်းနေမှာ သေချာပါတယ်…။

ပန်းချီကား တချို က ဂုဏ်တက်စေမယ် … စိတ်အေးချမ်းစေမယ်… စိတ်ပျော်ရွှင်စေမယ်… သိမ့်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေကို လှုပ်နှိုးပေးလိမ့်မယ်….

တချို က စိတ်ကိုကြမ်းတမ်းလာစေမယ်… စိတ်ရိုင်းတွေကို နိုးဆွပေးမယ် … ရူးသွပ်သွားနိုင်လောက်တဲ့ ပန်းချီကားတွေလည်းရှိလိမ့်မယ်…

အမျိုးမျိုး ယူဆလို့ရတဲ့ …ခန့်မှန်းရခက်တဲ့ အတွေးတွေကို ပွားထွက်လာစေတဲ့ ပန်းချီကားတွေ လည်းရှိလိမ့်မယ်…။

သေချာတာကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ပန်းချီကားတစ်ချပ်ရှိနေခြင်းဟာ အဓိပ္ပါယ်တစ်ခုခုရှိနေမယ် … ရသ တစ်ခုခု ပေးနေမယ်ဆိုတဲ့ အချက်ပဲ…။


အခန်းနံရံမှာ ပန်းချီကား ချိတ်ဆွဲထားဖို့ လူတိုင်း နှစ်သက်စိတ်ဝင်စားကြမှာပါ။

ဘာလို့လဲဆိုတော့ လူဖြစ်နေလို့ပါဘဲ …။ လူဆိုတာ ခံစားတတ် …သာယာတတ်တဲ့ သတ္တ၀ါဖြစ်နေလို့ပါပဲ…။

ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတာကရှင်….

( တချို့..တချို့တွေကလွဲရင် ) လူတွေကလေ….သူတို့တွေကလေ… ပန်းချီကားတွေကို တန်ဖိုးကြီးကြီးပေးပြီး မ၀ယ်ချင်ကြဘူး….တဲ့ ။

လက်ဆောင်ရတဲ့ ပန်းချီကားကို ၀မ်းသာအားရချိတ်ဆွဲတတ်ကြပေမယ့်…. အလကားနီပါးရတဲ့ ပန်းချီကားကို ပျော်ပျော်ရွှင်ရွှင် ချိတ်ဆွဲကြပေမယ့် …

ဈေးပေါပေါနဲ့ ရလာတဲ့ ပန်းချီကားကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲတတ်ကြပေမယ့်

စားလို့မရ..၀တ်လို့မရ … စီးပွားရေးတစ်ခုအတွက် ကြီးမားတဲ့ အရင်းအနှီးတစ်ခုလည်းမဟုတ်တဲ့ ပန်းချီကားတစ်ချပ်အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရတော့မယ်ဆိုရင်တော့ အလွန်အမင်း တွန့်ဆုတ် တွေဝေသွားတတ်ကြပါတယ်….။ ။

“တချို့ ယောက်ျားတွေကလေ… တချို့မိန်းမတွေကလေ … ဘ၀ကို အဓိပ္ပါယ်ရှိစေမယ့် လက်တွဲဖော်တွေကို လက်တွဲဖို့အတွက် … ကိုယ့်ယုံကြည်ချက် … ပတ်ဝန်းကျင် …အသိုင်းအ၀ိုင်း… အချိန် … လွပ်လပ်မှုတွေကို ပေးဆပ်လိုက်ရမှာ တွန့်ဆုတ်တွေဝေနေကြတယ် …” လို့ ပန်းချီကားတစ်ချပ်က တိုးတိုးလေး လာပြောသွားတယ်…။ ။

Online ပေါ်က ညီမလေး…

ဟဲ့..ပေါက်ပေါက်…ဘာတွေလုပ်…

ချက်နေတာ..ချက်နေတာ…မမရဲ့…

ဘယ်သူနဲ့တုန်း

သူငယ်ချင်းနဲ့…

အမယ်…ကြည့်စမ်း… ဟိုတစ်ယောက်က ဘာရေးထားတာတုန်း…

Q လို့ရပြီနော်..အားတယ်…တဲ့..။

FAQ ဆိုရင်တော့ Frequently Asked Questions လေ..။ အဲတော့ question မေးလို့ရပြီ..အားတယ်လို့ပြောတာလား…သူက ဂုရုကြီးလား…။

ဟား…ဟား..ဟား…အဖွားကြီး… ဒါကြောင့် မမကို ခေတ်မမီဘူးလို့ပြောတာ … ကျူလေ..ကျူ..ကျူတာ..သိပြီလား… ။ ကျူတာကို ရှင်းပြရဦးမှာလား … အီတာ…အီတယ်ဆိုတာက အီကြာကွေး…

ငါသိပါတယ်ဟဲ့ … သူက ကျူကို Q နဲ့ရေးထားလို့ နည်းနည်းကြောင်သွားတာပါ…။ အောင်မယ်..အကောင်စုတ်က ကြီးကျယ်လို့ … သူ့ကိုများ ကျူရဦးမတဲ့ … မပြောနဲ့..သူ့ကို…။ ရှင်းထုတ်လိုက်…။

ပေါက်ပေါက်…နင်အွန်လိုင်းမှာ ရည်းစားထားဖို့တော့ မကြံစည်နေပါဘူးနော်…။

ဒါတော့ ဘယ်ပြောနိုင်မလဲ မမရဲ့…။ တချို့ကိစ္စတွေက ကြံစည်မထားလဲ ဖြစ်သွားနိုင်တာပဲလေ…။

အန်

ဒီမယ်…မမ…။ ခေတ်ကပြောင်းသွားပြီ… အချိန်ကရှားသွားပြီ… မမတို့ခေတ်တုန်းကလို ကျောင်းသွားကျောင်းပြန် စက်ဘီးလေးနဲ့ နောက်က တကောက်ကောက်လိုက်ဖို့ အခွင့်အရေးမရှိဘူး…။

ဟုတ်တယ်

မနက် ၆ နာရီ ဖယ်ရီမှီအောင်ပြေးတက်လာတဲ့ စုတ်တိစုတ်ဖွားမိန်းကလေးကို ဖယ်ရီပေါ်ကကျောင်းသားချင်းက စိတ်မ၀င်စားဘူး …။

ဒါပေါ့

ကြပ်ညပ်နေတဲ့ ဖယ်ရီပေါ်မှာ အိပ်ငိုက်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် တက္ကသိုလ်ကျောင်းက ငွေလမင်း ဆိုတာရှားသွားပြီ…။ အဓိပတိလမ်းက စောင့်ပြီး ကံ့ကော်ပွင့်တွေ ဆက်သတဲ့ ခေတ်လည်းမဟုတ်တော့ဘူး…။ ကြိုက်တဲ့ပုံ ကို free e-card လေး ပို့ပြီး ချစ်ခွင့်ပန်တဲ့ခေတ် … ။ အချိန်ကုန်သက်သာတယ်လေ …။

အင်း .. ဒါလဲဟုတ်တာပဲ

အပြင်မှာဆိုရင် သူငယ်ချင်းတွေ နဲ့ အာရိုက်ဖို့ နေရာ ဆိုတာ လိုတယ်…။ ဦးချစ်ဆိုင်မှာ ထိုင်ရင် …Boat club မှာ ထိုင်ရင် … ကန်တင်းမှာ ထိုင်ရင် ပိုက်ပိုက်ကုန်တယ်….။ ကိုယ်သဘောကျနေတဲ့သူနဲ့ စကားပြောချင်ရင် …တွေ့ ချင်ရင် ဘော်ဒါတွေကို အကြံအဖန်လုပ်ခိုင်းရ..မုန့်ကျွေးရနဲ့ ..ရှုပ်တယ်… ပိုက်ပိုက်ကုန်တယ်….။ အွန်လိုင်းမှာက data တွေရှာရင်း software တွေ download လုပ်ရင်း အချိန်ကို အအားမထားဘဲ စကားတွေ အများကြီး ပြောလို့ရတယ် …။ ဒီခေတ်မှာ ဘာလုပ်လုပ် အမြတ်ထွက်အောင်လုပ်နိုင်မှ လူတော်..။

ဟုတ်သလိုလိုတော့ရှိသား

နောက်တစ်ချက်က ဂျီတော့သုံးတိုင်း မဟုတ်တာလုပ်တာမဟုတ်ဘူး…။ နိုင်ငံရပ်ခြားမှာ မိတ်ဆွေတွေရတယ်… အသိပညာတွေ ..အတွေ့ အကြုံတွေ ဖလှယ်လို့ရတယ်….။ ဖုန်းနဲ့ ခေါ်တာထက် အများကြီး သက်သာတယ်…။ တချိန်တည်း …တပြိုင်တည်း မိတ်ဆွေ သုံးလေးယောက်နဲ့ စကားပြောလို့ရတယ်…။

ဒါတော့ ထောက်ခံတယ်ဟေ့

ဖူးစာပါလို့ဆုံသွားတော့ရောဘာဖြစ်လဲ … အလိမ်မခံရရင်ပြီးတာပဲ … ။ အွန်လိုင်းမှာတွေ့ …ဖူးစာဆုံပြီး… ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်သွားတဲ့ စုံတွဲတွေ အများကြီးပဲ….။

အလိမ်ခံရပြီး ဒုက္ခရောက်တဲ့ ဇာတ်လမ်းတွေလည်းရှိတယ်လေ…

ဒါကတော့ အသိတရားနဲ့ ကိုယ့်ကိုယ်ကို ထိန်းရမှာပေါ့ …။ ဆင်ခြင်တုံတရားမရှိတဲ့သူကတော့ အွန်လိုင်းမသုံးလည်း အလိမ်ခံရမှာပဲ….။

အေး..ဟုတ်တယ်

ဟား..ဟား…ဒါနဲ့ မမဘာလာလုပ်တာလဲ…ကိစ္စရှိလို့လား….

အင်းးးးး……ငါဘာလာလုပ်တာပါလိမ့်…မေ့တောင်မေ့သွားပြီ….။ အော်…နင့်အမေလေ…နင့်ကို စိတ်ပူလို့ အွန်လိုင်းမှာ ရည်းစားထားမှာစိုးလို့…. ငါ့ကို ညီအစ်မချင်း သတိပေးသင့်တာ သတိပေးပါဦးဆိုလို့ ဆရာလာလုပ်တာလေ….။

အော်…ဂလိုလား…ပြောလေ..မမ…ဘာပြောမှာလဲ….

အင်း….ဘာပြောမှာလဲဆိုတော့ အင်း…….. online ပြဲဖစ်ဖြစ် ….offline ပဲဖြစ်ဖြစ် အသိတရား ထိန်းသိမ်းနိုင်စွမ်း ဆင်ခြင်တုံတရားတွေ ရှိပါစေဆိုတာပဲမှာတော့မယ်…. ။ အော်…. ဒါနဲ့ ပေါက်ပေါက် …မမကို သုံးသပ်ပြသလိုမျိုး နင့်အစ်ကို ကို သွားမပြောနဲ့နော် …။ ငါ့ကိုပိုးကြေးပန်းကြေးနဲ့ ကဒ်တွေ..အရုပ်တွေ..မုန့်တွေ ၀ယ်ပေးခဲ့ရတာ ပြန်တွေးပြီး နှမြောနေမှာ စိုးလို့ …။ ။

မှတ်ချက် ။ ။ မြှောက်ပေးခြင်း ၊ ကဲ့ရဲ့ခြင်း စိုးစဉ်းမျှမရှိ….မည်သည့် အသွင်မျှမဆောင်ပါ…။

ပုံတူလေး …

စေတန်ဂေါဒ့်ဆီက ဒါလေး ယူလာပြီး ဆော့နေတာ…။ ပျော်စရာလေး…။ ဆော့ကြည့်ပါလား…။

avatar-3.jpg

ဒါဘယ်သူ့ ပုံလဲ…သိလား…။

avatar-2.jpg

ဒါက လေးမ လက်ရှိပုံနဲ့  အညိုဆိုးပြီး ညှပ်လိုက်ရင် ဘယ်လိုနေမလဲလို့ စမ်းသပ်တဲ့ပုံ…။ မဆိုးဘူးနော်…။ ဆော့ကြည့်ပါလား…။ ။