Thingyan Experience
သင်္ကြန်.. ။ သင်္ကြန် ရောက်တော့မည်..။
ပျော်သည် … မျှော်သည် …။
သင်္ကြန်ရောက်ရင်ပျော်သည်… နှုတ်ခမ်းနီဆိုးရတာ ပျော်သည်… အ၀တ်အစား ထွင်ဝတ်ရတာပျော်သည်… ရေတွေ စိုရွှဲသွားရတာ ပျော်သည်… ရေစိုအောင် လောင်းရတာ ပျော်သည် … ။
သင်္ကြန်ရဲ့ အနှစ်သာရကို အနှစ်သာရမှန်း သတိမထားမိသော်လည်း ပျော်သည်.. ပျော်ခဲ့သည်… ။
ထိုစဉ်က ကျွန်မ အသက် ၁၅ နှစ်…။
၃ ရက်စာသင်္ကြန်ပွဲတော်အတွက် ၀တ်စုံ ၆ စုံ စဉ်းစား ပူဆာရသည်…။ မနက်တစ်ပိုင်း.. ညနေတစ်ပိုင်း … မဏ္ဍပ် မှာ ရေပက်လျှင် ၀တ်ရန်ဖြစ်သည်…။ အသစ်ကတော့ တစ်စုံသာရသည်…။
လမ်းထိပ် မဏ္ဍပ်က ကက်ဆက်သံထွက်လာတာနဲ့  လူက လှုပ်ရွလှုပ်ရွ… အမေ့မျက်နှာကို ကွက်ကြည့်ကွက်ကြည့် လုပ်မိတော့… တစ်မနက်လုံး အမေမငြိုငြင်အောင် အိမ်အလုပ်ကူလုပ်ထားတဲ့ မျက်နှာထောက်ထားပြီး…
ရေဆော့ချင်သွားဆော့.. ပိုက်နဲ့ ပက်… လမ်းမပေါ်မတက်နဲ့ … ခဏနေ အမေလိုက်ခဲ့မယ်…
ဘေးဘက်မှာ ကြယ်သီးတွေ အများကြီးပါတဲ့ မိုးပြာရောင်ဂျင်းဘောင်းဘီ၊ ရှပ်အကျီင်္အနီကွက်ဖျော့ဖျော့ကို အောက်ဆုံးကြယ်သီး တစ်လုံးဖြုတ်ပြီး ခါးမှာ စုချည် … နှုတ်ခမ်းကို နီပုတ်ပုတ်ဆိုးပြီး.. တခြမ်းစောင်းဆံပင် ( အခုခေတ်စားနေတဲ့ အီမို စတိုင်လ်နဲ့  သိပ်မကွာတဲ့စတိုင်လ်မျိုး.. နောက်ကို တိုတိုလေးထားပြီး ရှေ့ ဆံပင်ကို တစ်ခြမ်းစောင်း အရှည်ထားတဲ့ ပုံစံမျိုးပါ.. အဲဒီတုန်းက တော်တော် ခေတ်စားခဲ့တဲ့ စတိုင်လ်ပါ) ကို သေသေသပ်သပ်ဖြစ်အောင် သေချာဖီး … မှန်ထဲမှာ ကြည့်လိုက်တော့ စတိတ်ရှိုးဆိုဖို့  စင်ပေါ်တက်တော့မယ့် အဆိုတော်တစ်ယောက်လို စိတ်ကြီးဝင်သွားပြန်တယ်…။
အမေက ပိုက်နဲ့ ဘဲ ပက်လို့ မှာပေမယ့် ပိုက်မရခဲ့ရင် အငြိမ်ထိုင်မနေနိုင်သူမို့ ရေဖလားတစ်လုံးဆွဲပြီး အိမ်ပေါ်က ပြေးဆင်းခဲ့ပါတယ်..။
မဏ္ဍပ်ရဲ့ ပထမဆုံး လှေကားထစ်ကို ခြေလှမ်းလိုက်တဲ့ အခါ ရေအေးအေးတဖလားနဲ့  ရွှဲရွှဲစိုအောင် အလောင်းခံလိုက်ရပါတယ်…. ရေဖလားပိုင်ရှင် ရဲ့ အပြုံးကို ခေါင်းစောင်းချပြီး ကျလာတဲ့ တစ်ခြမ်းစောင်း ဆံပင်တွေနဲ့  အကာအကွယ်ပြုရင်း ကျွန်မက အရပ်ပုတဲ့သူဆို လုံးဝ စိတ်မ၀င်စားပါဘူး အစ်ကိုကြီးရယ်လို့  အသံတိတ်ရေရွတ်လိုက်ပါတယ်..။
ပက်..ပက်… ရေတွေကုန်အောင် ပက်…
ရေပက်ခံကားပေါ်မှာ လှုပ်ရွ ကခုန်နေတဲ့ လူတွေကို ပက်သည်…။ သရဲရုပ်မျက်နှာဖုံးနှင့် လူများကို ပက်သည်…။ ချစ်သူ့  ရင်ခွင်ထဲ အတင်းတိုးပုန်းနေသော ပျိုပျိုမေများကို မရ ရအောင် ပိုက်နှင့်ထိုးသည်…။ ရေခဲရေနဲ့  ပြန်ပက်မည့်သူများ ကို ခေါင်းမဖော်နိုင်အောင် ပက်သည်… ။
ရေပက်ခံကားကို သဲကြီးမဲကြီး ပက်နေတုန်း ရေပက်ခံလိုက်ရသည်..။ ခေါင်းပေါ်က ရေတွေ ပိုးပိုးပေါက်ပေါက်ကျလာပြီး မျက်နှာတစ်ခုလုံး ရွှဲရွဲ စိုသွားသည်…။
ဟဲ့.. အချင်းချင်းမပက်နဲ့ လေ… ကားတွေကို ပက်လေ…
ဘေးက အစ်မကြီးက ပိုက်နဲ့  လှမ်းပက်တဲ့ တရားခံ ကောင်လေးကို လှမ်းအော်လိုက်ပေမယ့် ထိုကောင်လေးက စပ်ဖြဲဖြဲ…။ ခဏနေတော့ ပိုက်နဲ့  လှမ်းပက်ပြန်တယ်…။ နှုတ်ခမ်းကိုက်ပြီး မျက်လုံးပြူးပြတော့ ထိုကောင်လေးက မသိချင်ယောင်ဆောင်နေသည်…။ နောက်တစ်ခါမှာ သည်းမခံနိုင်လို့  ပိုက်နဲ့  ပြန်ပက်မိတော့ ကြားလူတွေက မြေဇာပင်ဖြစ်ရသည်…။
ရေပက်ခံကားကို ကောင်းကောင်းမပက်ရဘဲ မဏ္ဍပ်ပေါ်က အချင်းချင်းပက်တဲ့ ရေတွေအောက်မှာ ကြွက်စုတ်တစ်ကောင်လို ရွှဲရွှဲစို..လာတဲ့အခါ… ကောင်လေးနဲ့  ကျွန်မကြားက ရေစိုခံနေရတဲ့လူတွေကို အားနာလာတဲ့ အခါ… ရေပိုက်ကို လွှတ်ချပြီး မဏ္ဍပ်နောက်မှာ ထိုင်နေလိုက်တော့သည်…။ အမေရောက်လာပြီး ပြန်တော့မလားမေးတော့ ဆော့ချင်သေးတယ်လို့  ပြောပြီး ပြန်မလိုက်သွား…။ မဏ္ဍပ်နောက်မှာ လူကြီးတွေနဲ့ အတူထိုင်ပြီး စိမ်ပြေနပြေ မုန့် စားရင်း ကောင်လေးကို မျက်ခြေမပြတ်စောင့်ကြည့်နေခဲ့သည်…။ ညနေ ၆ နာရီ… ရေပိတ်လိုက်တော့ ကောင်လေးက ရေမရှိတော့တဲ့ ပိုက်နဲ့  ထိုင်နေတဲ့ ကျွန်မကို လှမ်းပက်ဟန်ပြုပြီး စပြန်တယ်..။ တစ်ချက်မဲ့ ပြလိုက်ပြီး ထိုင်နေရာက ထလိုက်တယ်…။ ကောင်လေးရှိရာကို တစ်လှမ်းချင်း… ခပ်အေးအေး… လျှောက်သွားပြီး….
ဂေါက်… ဂေါက်.. ဂေါက်….
ကဲ… မှတ်ပလား… မပက်နဲ့လို့  ပြောနေတာ… ပက်ချင်ဦး…
လက်ထဲက ပလတ်စတစ်ဖလားနဲ့  ကောင်လေးကို ခပ်ပြင်းပြင်းလေး ၃ ချက်ဆင့်ခေါက်ပြီး
… ဟဲ့…ဟဲ့.. ရန်မဖြစ်နဲ့ ..
ဆိုတဲ့ လူကြီးတွေရဲ့ အသံကို သွေးအေးအေးနဲ့  ကျောခိုင်းခဲ့ပါတယ်…။ လှေကားအဆင်းမှာ အလာတုန်းက ရေလောင်းခဲ့တဲ့ အစ်ကိုကြီးရဲ့ အံ့သြတဲ့ အကြည့်တွေကို မသိကျိုးကျွန်ပြုပြီး ခပ်တည်တည် ဆက်လျှောက်ခဲ့တယ်…။ အဲဒီနေ့ ကစလို့  ဇိုးဇိုးဇတ်ဇတ်နဲ့  လက်သံပြောင်တဲ့ ကျွန်မကို ကောင်လေးက မစရဲတော့သလို… အစ်ကိုကြီးလည်း ရေမလောင်းတော့ပါ…။
နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ… ကျွန်မ ပျော်ရွှင်ခဲ့တဲ့ သင်္ကြန်ပွဲတွေမှာ သူတို့ ရဲ့ ပုံရိပ်တွေမပါဝင်တော့သလို ကျွန်မအာရုံထဲမှာလည်း သူတို့  ရှိမနေတော့ပါဘူး…။ သင်္ကြန်ပွဲတွေက တစ်နှစ်ပြီးတစ်နှစ် မှန်မှန်လည်ပတ် ကုန်ဆုံးသွားတာနဲ့ အတူ ရင့်ကျက်ခြင်းကို တစ်နစ်ပြီးတစ်နှစ်… နှစ်တိုးနဲ့  ကျွန်မလက်ခံခဲ့ရပါတယ်…။ ဘယ်လောက်ပဲ ရင့်ကျက်လာပါစေ… သင်္ကြန်ကို ကျွန်မမျှော်ပါတယ်… ပျော်ပါတယ်…။ ။
ကျွန်တော် ကျွန်မတို့ နေ့ ….
အစ်မ… ချစ်သူများနေ့  ဘာအစီအစဉ် ရှိလဲ
ဆံပင်တွေကို ပေါင်းတင်ဆေးနဲ့  စိတ်ရှည် လက်ရှည် သုတ်လိမ်း နေတဲ့ မိန်းကလေးက ရင်းရင်းနှီးနှီး စကားစလာချိန်မှာ မင်သက်ပြီး ဘာပြန်ဖြေရမှန်းမသိ …။
ဘာအစီအစဉ်ရှိပါလိမ့် … ဘာအစီစဉ်ရှိပါလိမ့် … ကမန်းကတမ်း ပြန်စဉ်းစားကြည့်တော့ … အိမ်ရှင်းမယ်… ဈေးဝယ်မယ်… တူလေးကို ထိန်းရမယ်…။ ဒါတွေကို အစီအစဉ်လို့  ခေါ်ပါ့မလား… လုပ်နေကျအလုပ်တွေကို အထူးအစီအစဉ်လို့  ပြောစရာအကြောင်းမှ မရှိတာပဲလေ…။
ဟင်… အင်း… ဟင်း…ဟင်း… အဲဒါ အစ်မနဲ့  မဆိုင်တော့ဘူးလေ… လူငယ်တွေနဲ့  ဆိုင်တာ….
တော်တော် ကဘောက်တိကဘောက်ချာနိုင်တဲ့ အဖြေပဲ…။
ခစ်…ခစ်… အစ်မကလည်း … လူငယ် မဟုတ်ဘူးလို့ ပြောရဲသေးတယ်… အစ်မက ခုမှ ၂၇ လောက်ပဲရှိဦးမယ်…
ညီမကို မုန့် ကျွေးမယ်… အစ်မက ၃၀ ပြည့်တော့မှာ…
၃၀ ဆိုလည်း လူငယ်ပါပဲ အစ်မရယ်…
ဟုတ်သားပဲ… ငါ့ကိုယ်ငါ လူငယ်လို့  ခံယူထားရမှာပဲ…ဘာလို့ များ လူငယ်မဟုတ်ဘူးလို့  တွေးမိပါလိမ့် …
အစ်မ.. စာအုပ်ဖတ်ဦးနော်…
အပူပေးတဲ့ စက်ကို ခေါင်းပေါ်မှာ နေသားတကျဖြစ်အောင် ချိန်ပေးရင်း မဂ္ဂဇင်း စာအုပ်တစ်အုပ် လက်ထဲလာထည့်တဲ့ မိန်းကလေးကို ပြုံးပြလိုက်ရင်း မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ မဂ္ဂဇင်းကို အငမ်းမရ လှန်လိုက်တယ်…။
ချစ်သူများနေ့  အထူးလျှော့ဈေး… စုံတွဲများအတွက် အထူးအစီအစဉ် …. ချစ်သူများနေ့  အထိမ်းအမှတ်… ။
…………………………………..
ကို
ဟင်
မနက်ဖြန် ၁၄ ရက်နေ့
အင်း
မိန်းမကကွန်ပြူတာ ဖန်သားပြင်ပေါ်က မျက်နှာခွာပြီး ကျွန်တော့်ဘက်လှည့်ကာ … စိတ်မရှည်သံဖြင့် …
ချစ်သူများနေ့ လေ
… ဟုတ်သားပဲ…
မိန်းမက ဘာမှဆက်မပြောတော့ဘဲ ကွန်ပြူတာဘက် ပြန်လှည့်သွားပါသည်…။
တအောင့်မျှကြာသောအခါ…
မိန်းမကို ချောကလက်လေး ဘာလေး ကျွေးချင်စိတ်မရှိဘူးလား…
ရေခဲသေတ္တာထဲက ယူစားလိုက်လေ…
အသစ်.. အသစ်ပြောတာ.. အသစ်စားချင်တာ…
မိန်းမရယ်… ဒါများ… မနက်ဖြန်ကျတော့ အပြင်ထွက်ရင် ကြိုက်တာ ၀ယ်စားပေါ့… ချောကလက်စားတာများ .. ယောက်ျားကို ဘယ်တုန်းက ခွင့်တောင်းဖူးလို့ တုန်း…
ဟင်… ကို…ဟာလေ… လုံးဝ ရိုမန်တစ်မဖြစ်ဘူး… အရင်တုန်းက ရိုမန်တစ်ဖြစ်တယ်မှတ်လို့  ယူခဲ့မိတာ… ခုကျမှ ရေခဲတုန်းကြီးမှန်း သိတော့တယ်…
ဟား… ဟား… ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ချောကလက် ကျွေးခိုင်းနေတာလား… မိန်းမရယ်… ကလေးကလား အလုပ်တွေ…
ဘာ.. ကလေးကလား.. ဟုတ်လား… ဒါဆို အရင်တုန်းက နှင်းဆီပန်းတွေ ထုပ်ပိုးပြီး လာပေးတာ ဘာလုပ်တာလဲ… ချောကလက်ပေးပြီး … ချစ်သူများနေ့ တွေကို လက်တွဲပြီး ဖြတ်သန်းကြရအောင်လို့  ရေးပေးခဲ့တာတွေက ကစားတာပေါ့.. ဆော့တာပေါ့… ကလေးကလားလုပ်တာပေါ့.. ဟုတ်လား.. ရှင့်သူငယ်ချင်းတွေ မြှောက်ပေးလို့  အဲလို တွေ ကျွန်မကို လာပေးတာ မဟုတ်လား… တကယ့်တော့ ရှင့်ရင်ထဲမှာ အဲလို သိမ်မွေ့ တဲ့ ပေးဆပ်ခြင်းတွေ မရှိခဲ့ဘူး မဟုတ်လား …
ရစ်ပြီ.. ရစ်ပြီဟ… မဟုတ်ပါဘူးကွာ… အဲဒီတုန်းက လူငယ်တွေမဟုတ်လား… အခု ကို တို့  အဲလို လူငယ်ဆန်ဆန် အချစ်တွေနဲ့ …….
အော်.. သိပြီ…သိပြီ… ကျွန်မကိုယ်ကျွန်မ လူငယ်တစ်ယောက်မဟုတ်သလို ခံစားနေရတဲ့ အကြောင်းရင်းကို သိပြီ… ။ တရားခံက ရှင်ကိုး… ရှင့်ကြောင့်… ရှင့်စကားတွေ… အပြုအမူတွေအောက်မှာ မှိုင်းမိပြီး ကျွန်မရဲ့ လူငယ်ဘ၀ပျောက်ဆုံးနေတာ…။ ရှင်တရားခံ….ရှင့်ကြောင့်….။
မိန်းမရယ်… ဒေါသမထွက်ပါနဲ့ … ။ ချစ်သူများနေ့ မှာ ချစ်သူတွေက အမှတ်တရလက်ဆောင်တွေ ပေးကြ… ချောကလက်တွေ ကျွေးကြ… ဟုတ်တယ်နော်…။ တို့ နှစ်ယောက်က ချစ်သူအဆင့်ထက် အများကြီး သာသွားပြီ… အိမ်ထောင်ရှင် ဖြစ်သွားပြီ…။.
အဲတော့ ဘာဖြစ်လဲ… မလိုတော့ဘူးပေါ့… ဟုတ်လား..
အိမ်ထောင်ရှင်များနေ့ သာ သတ်မှတ်လိုက်ကြစမ်းပါ… ဟွန်း … ဘယ်အိမ်ထောင်ရှင်မှ လိုက်မမှီအောင် ရိုမန်တစ် ဖြစ်ပြလိုက်စမ်းမယ်….။
အိမ်ထောင်ရှင်များနေ့ ..။ ခစ်… ။ ရှင်ပဲ သတ်မှတ်….။
ကို့ ကို သတ်မှတ်ခိုင်းလို့ ကတော့ တစ်နှစ်မှာ ၃၆၃ ရက်ကို အိမ်ထောင်ရှင်များနေ့ အဖြစ်သတ်မှတ်လိုက်မယ်…။ ဒါမှ ငါ့မိန်းမကို ရိုမန်တစ်ဖြစ်တဲ့ လက်ဆောင်လေးတွေ နေ့ တိုင်း.. ပေးလို့ ရအောင်…။
၃၆၅ ရက်မှာ ၃၆၃ ရက်က အိမ်ထောင်ရှင်များနေ့ ဆိုတော့ ကျန်တဲ့ ၂ ရက်က ဘာလဲ…။
ကျန်တဲ့ ၂ ရက်လား… ၁ရက်က ချစ်သူများနေ့ …။ ၁ ရက်က….
ပြုံးယောင်သန်း လာတဲ့ သူမ မျက်နှာကို ခပ်ပြုံးပြုံး ကြည့်ရင်း…
၁ ရက်က .. ကျန်တဲ့ တစ်ရက်က … အိမ်ထောင်ရှင်ယောက်ျားများ လူပျိုယောင်ဆောင်သောနေ့ … ဟီး.. ဟီး…။
စကားအဆုံးမှာတော့ သူမ ထုနှက်ကုတ်ဖဲ့လို့ ရအောင် ကျောကို အသင့်လှည့်ပေးလိုက်ပါတော့တယ်….။ ။
မှတ်ချက်။ ။ စိတ်ကူးသက်သက်ပါ…။ ၀တ္ထုရေးကြည့်တာပါ…။ ၀တ္ထုတိုပါ….။
၁၃ရက်ဖွား .. စနေသား.. ဗိသုကာ( ၂)
ထိုဗိသုကာသည် အိမ်ပုံစံကို ဒီဇိုင်းမဆွဲ … ပြည်သူ့ တပ်မတော်ကို ဒီဇိုင်းဆွဲ ပုံဖော်ခဲ့သည် …။
ထိုဗိသုကာသည် အဆောက်အအုံကို မတည်ဆောက် … ပြည်ထောင်စုကို တည်ဆောက်ခဲ့သည် …။
ထိုဗိသုကာသည် မြို့ ကွက်များကို နေရာမချ … မြန်မာနိုင်ငံတော်၏ ရပ်တည်မှုကို နေရာတကျ စီမံခဲ့သည် …။
ထိုဗိသုကာသည် ပုံဆွဲခဲတံကိုမကိုင် … သေနတ်ကိုကိုင်ခဲ့သည်….။
တက္ကသိုလ်နေ၀င်းရေးသားသော ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ … ထိုဗိသုကာ၏.. ဘ၀ကို ငြိမ်းချမ်းစွာ ဖြစ်သန်းလိုမှုကို ထင်ဟပ်ပြနေသော စာသားအချို့ ကို အပြာရောင်စာလုံးများဖြင့် ကူးယူဖော်ပြလိုက်ပါသည်…။
ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ် ။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေလွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေးဆရာ လုပ်ချင်တယ် ။ မင်းကလည်း စာရေးဆရာဖြစ်နေပြီဆိုတော့ ငါ့အဖို့  အဖော်လည်းရတာပေါ့။ ငါတို့ ဆရာတပည့် နှစ်ယောက် စာရေးစားရင် ဖြစ်နိုင်ပါလိမ့်မယ်ကွာ ။ တို့ နှစ်ယောက်စလုံး ဗမာလိုရော၊ အင်္ဂလိပ်လိုပါ စာတွေရေးကြမယ်. .။ ဒါမှလဲ ငါ့မိသားစုအတွက် လောက်မယ်။ တကယ်ပါကွာ ငါက တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်။
လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် ဟု စိတ်ကူးထားသော ထိုဗိသုကာသည် လွတ်လပ်ရေးမရခင် … အနားယူခဲ့သည်… အနားယူခဲ့ရသည် …။ ကိုယ်တိုင်စာရေးချင်သော ဗိသုကာသည် နှောင်းလူတို့ ရေးစရာ အကြောင်းအရာများကိုသာ ထားခဲ့နိုင်သည်…။
ထိုဗိသုကာသည် သူဖန်တီး.. ပုံဖော်… တည်ဆောက်ခဲ့သည်များ ပျက်စီးပြိုကွဲမည်ကို အင်မတန် စိုးရိမ်ပေလိမ့်မည် … ။ ထိုဗိသုကာ၏ စေတနာကို သိနားလည်သော သူတို့ သည် ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ကြပေလိမ့်မည် ။ ထိုဗိသုကာ၏ စေတနာကို ဖျက်စီးမှုပြုသူတို့ သည် အဆုံးမရှိသော နာကျင်ခြင်းဖြင့် ဘ၀ကို ဖြတ်သန်းကြရပေလိမ့်မည် ။
ထိုဗိသုကာသည် ပြည်ထောင်စုကြီးတည်မြဲနေသမျှ ထာဝရ တောက်ပနေမည်ဖြစ်သော … ဘယ်တော့မှ မကြွေသော …ကျွန်ုပ်တို့၏ လမ်းပြကြယ် ဖြစ်သည် …။ ။
ထိုဗိသုကာ = ဗိုလ်ချုပ်အောင်ဆန်း ( မသိသောသူများအတွက်)
၁၃ရက်ဖွား စနေသား ဗိသုကာ ( ၁ )
ကျွန်မမှာ… ရှိတယ်…
ကျွန်မမှာ… လေးမမှာ… ရှိတယ်…။ မခေါ်ဘဲ ရောက်လာတဲ့ သူတွေ.. ရှိတယ်…။ မတောင်းဘဲ ပေးတဲ့ လက်ဆောင်တွေ ရှိတယ်…။ မကျွေးဘဲ … စားတဲ့ သူတွေ ရှိတယ်…။ 🙂
သူတို့ တွေ … ခေါင်းချင်းရိုက် … လက်ချင်းခတ်… ဒူးချင်းတိုက်ပြီး ကြံစည်ထားကြတယ်…။
သူတို့ တွေ … ဘလော့ဂ် ငါးနေရာမှာ သတင်းတွေ့ ပြီး.. တွေ့ တဲ့ နေရာမှာ ဆုတောင်းပေးသွားကြတယ်…။
သူတို့ တွေ … သတင်းရတာနဲ့  စီပုံးကို အပြေးလာပြီး လက်ဆောင်စကားတွေ ဆိုကြတယ်…။
သူတို့ တွေ… ပေးကြတယ်… ပေးသွားကြတယ်… သူတို့ ကို ပစ်ထားတဲ့… ဘာမှ အသိမပေးတဲ့… လေမုန့် လေးတောင် ကျွေးဖော်မရတဲ့… အဲဒီ အမျိုးသမီးကိုလေ… ခင်မင်စွာ… သတိရစွာ… ။ သူတို့ တွေ အားလုံးကို ကျေးဇူးတင်တယ်…။ သူတို့ တွေရှိနေတဲ့အတွက် ပျော်ရွှင်ကြည်နူးခဲ့ရတယ်…။
သူတို့ တွေဆိုတာ …… အမှတ်တရ ပို့ စ်ရေးပေးတဲ့… ဘိုညိမ်း.၊ ဘိုတင့် ၊ မောင်မျိုး.၊ ရွှန်းမီ၊ မွန် …။
သူတို့ ကပြောတယ်..  ကမ္ဘာတုထဲက ကြွက်ဂိုဏ်းချုပ် တဲ့..။
မလေးမကြိုက်တဲ့ အရုပ်မလေး
ဒီနေ့ကတော့ ကျနော် တို့ရဲ့ ချစ်လှစွာသော အစ်မကြီးလေးမ ကြွက်ဂိုဏ်းချုပ်ရဲ့ မွေးနေ့ပါ။ အစ်မရင်းတစ်ယောက်လို လေးစားခင်မင်ဖို့ကောင်းပြီး ပျော်ပျော်နေတက်တဲ့ သူမအတွက် ကျနော်တို့ ညီကိုမောင်နှမတွေက ထူးထူးခြားခြားလေးဖြစ်အောင် စုပေါင်းရေးသားခဲ့ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ဘလော့ပေါ်မှာလည်းတင်ထားပြီး သူမအတွက် ကိုယ်ပိုင်ခံစားချက်လေးတွေနဲ့ စုပေါင်းစပ်ပေါင်းရေးထားတာလေးပါ ။ မလေးမ Happy Birthday 🙂
“ ၀မ်ဆွေ့ ၀မ်ဆွေ့ ၀မ်ဝမ်ဆွေ့”
ဂိုဏ်းသားများမှ ဂိုဏ်းချုပ်သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်း မေတ္တာပို့ပါတယ်ခင်ဗျာ ။
ဒုဂိုဏ်းချုပ် (ခ) ကြွက်ကြီးညိမ်းညို
ကျနော်တို့မှာ ကမ္ဘာအတုထဲက အစ်မကြီးတစ်ယောက်ရှိပါတယ်။ ကျနော်တို့က ဂိုဏ်းချုပ်ကြီးလို့ ချစ်စနိုးခေါ်ကြပါတယ်။
ထူးခြားတဲ့ ရှုထောင့်ကနေ တွေးဆခံစားရတာကို နှစ်ခြိုက်သူ၊ ဇ၀နဉာဏ်ရွှင်သူ၊ ကိုယ်ပိုင်စာရေးဟန်သီးသန့်ရှိသူ ကျနော်တို့ အစ်မကြီးဟာ
သူ့ရဲ့ ကမ္ဘာတုလေးထဲမှာ သူ့အနုပညာလက်ရာတွေကို သပ်သပ်ရပ်ရပ် ခင်းကျင်းပြသလေ့ ရှိပါတယ်။ ခင်မင်ဖော်ရွှေတတ်သူမို့ အစ်မကြီးရဲ့အိမ်ကလေးဟာ ချစ်မိတ်ဆွေသူငယ်ချင်းများနဲ့ အမြဲစည်ကားနေလေ့ ရှိပါတယ်။ အစ်မကြီးက ကွန့်မန့် အရေးကောင်းသူလဲ ဖြစ်ပါတယ်။ သူ့ကွန့်မန့်ကို ဖတ်ရတဲ့အခါတိုင်း အော်… ငါရေးထားတာလေးကို သေသေချာချာ ဖတ်ပေးသွားတာပါလား ဆိုတဲ့ ခံစားမှုမျိုး သေချာပေါက် ဖြစ်ပေါ်စေတာပါ။ ပြဿနာများနဲ့ ကြံတွေ့တဲ့အခါတိုင်း အသင့်အတင့် နှလုံးသွင်းဆင်ခြင်နိုင်တဲ့ အစ်မကြီးရဲ့ စိတ်နေစိတ်ထားကို အားကျအတုယူမိပါတယ်။
အပြာရောင်ကျောပိုးအိတ်ကလေး၊ သနပ်ခါးပန်းကလေးတွေရဲ့ပိုင်ရှင်ဟာ သူ့ရဲ့ ကောင်းကင်ကြီးကိုလဲ သိုသိုဝှက်ဝှက်ကလေးနဲ့ ကြွားတတ်သူ ဖြစ်ပါတယ် 😛 ဗိသုကာသခင်မတစ်ဦးဟာ ရာဇ၀င်ချင်းရာများကိုလဲ ခြေရာကောက်တတ်သူ ဖြစ်ပါတယ်။ တစ်ခါတစ်ခါကျပြန်တော့ ကဗျာပတ်တီးတွေနဲ့ လောကရဲ့အနာတွေကို ကျပ်စည်းပေးတတ်ပြန်ပါတယ်။ ချစ်ခြင်းသီနွဲ့ ဆိုတေးလဲဖွဲ့တတ်ပြန်ပါရဲ့။
စိတ်ရင်းကောင်းတဲ့ အစ်မလေးမတစ်ယောက် ချစ်တဲ့ကောင်းကင်ကြီးနဲ့အတူ သားတစ်ရာမြေးတစ်ဖျာရတဲ့အထိ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ရွှင်ပြုံးချမ်းမြေ့စွာနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနိုင်ပါစေခင်ဗျာ။ ကျနော်တို့ အစ်မကြီးအတွက် ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေးဖြစ်ပါစေ 🙂 🙂
အတွင်းရေးမှူး ကြွက်ကိုတင့်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။
ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။
ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။
ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။
သားကြွက်
အတုကမ္ဘာထဲက တီကြွက်
ခင်မင်ခဲ့တဲ့ အမှတ်တရတွေကို
ပြောဖို့လိုသလားး
အဖြူရောင်စာမျက်နှာပေါ်က သံယောဇဉ်တွေအတွက်
အားပေးခဲ့ဖူးတဲ့ မှတ်ချက်စကားလေးတွေအတွက်
မပြုံးပဲမနေနိုင်အောင် အပြန်အလှန် စနောက်ခဲ့ကြတဲ့ နေ့ရက်တွေအတွက်
တစ်လုံး နှစ်လုံး စာစီကုံးဖို့ မလိုဘူးဆိုတာ
ပြောဖို့လိုသလား
ဂေါ်မစွံ ဂီလာန အခွံကြောင်မျိုးလို့ နာမည်လှလှတွေပေးလို့
အားကျမခံ ဒေါ်အာပလာမေသန်းပု၊
အာလာဒင် စနှိုးဝှိုက် အကယ်ဒမီ ၅ ထပ်ကွမ်းပေးခဲ့တာတွေကို
မှတ်မိသေးလား
ကမ်းကပ်တော့မယ့်
ဘလော့လှေငယ်ကို လှမ်းဆွဲခဲ့တယ်
ကြွက်တွင်းပေါက်ကလေးကနေ
ရောက်အောင်တိုးထွက်ခဲ့တဲ့ ဂိုဏ်ချုပ်ကြီးပေါ့
ပြောရင် ယုံမှာလား
သံယောဇဉ်ကြိုးတွေကို ဒီလိုတစ်စချင်းဆီ
ဆွဲဖြည်လိုက်တော့ လက်တမ်းရေးချလိုက်တဲ့ စာကြောင်းတွေက
တီကြွက် အတွက် အမှတ်တရဖြစ်ရင် ကျေနပ်ပြီး
ကြည့်စမ်း ကြည့်စမ်း ဒီကြွက်စုတ် ကိုယ့်အဒေါ်ကို စကားပြောတာက လား?? လား?? လား?? နဲ့ မသိတဲ့သူတွေက ထင်ကြအုံးမယ် အကြွေးတောင်းနေတာလား ရန်ဖြစ်နေတာလားလို့း) ။ ကျနော်က ဒီဘလော့ရပ်ဝန်းကို ခြေမချခင်တည်းက ကြွက်တွင်းပေါက်ထဲကနေ ဘလော့တွေလိုက်လည် မာနကတော့မသေးဘူးရယ် ကိုယ့်ကို စကားပြန်ပြောတဲ့ ဘလော့မှ နောက်နေ့သွားတယ် စကားပြန်မပြောတဲ့သူဆို ပျင်းလို့ ဘာမှမရေးခဲ့ပဲ တိတ်တိတ်လေးပဲ ခိုးဖတ်တော့တယ် ။ ဒါပေမယ့် တီကြွက်တော့ ခြွင်းချက်ပေါ့ ဆီပုံးက ဂျစ်ကန်ကန် ရီပလိုင်းလေးကြောင့် အားတက်ပြီးနောက်နေ့ကစ ခုချိန်ထိ နက်သုံးဖြစ်တိုင်း သူ့ဘလော့ကိုတော့ အမြဲဝင်ဖြစ်တယ်။ စိတ်ကူးလေးတွေကို ပုံဖော်ပြီး ပျော်စရာကောင်းတဲ့ စာတွေ အမြဲရေးခဲ့သူ ။ စိတ်ညစ်နေတဲ့ အချိန်တောင် သူ့ရဲ့ကော့မန့်လေးတွေကိုဖတ်ပြီး ပြုံးမိတယ်။ကျနော့် ဘလော့လေးမှာ စရေးတဲ့ အချိန်ကစပြီး ဒီနေ့ထိ မပျက်မကွက် မှတ်ချက်လေးတွေပေးနေတဲ့ ပင်တိုင်အားပေးသူ ရဲဘော်ရဲဘက်တစ်ယောက်ပါ ။ ကောင်ကင်ကြီး အကြောင်း ဖော်ကျူးထားတာကလည်း စာဖတ်တဲ့သူတွေကို ကြည်နူးစေတာပါပဲ ( အမှန်ကတော့မသိမသာကြွားတာပါ 😛 )။ ကြွက်ဂိုဏ်းသားတွေဆုံဖြစ်တိုင်း စကားဝိုင်းထဲမှာတော့ ဂိုဏ်းချုပ်က မပါမပြီး ဇတ်လိုက်ကျော်ကြီးပေါ့ ။ အပြာရောင် ကျောပိုးအိတ်ထဲက လူသားလေးတစ်ယောက်အကြောင်းနဲ့ ကျနော်တို့ကို အားတက်စေခဲ့သလို ရန်ကုန်သတင်းပုံစံနဲ့ မျောက်တွေ သန်းရှာပြီး အတင်းတုတ်နေတာတဲ့အကြောင်းတွေနဲ့ ပျော်စေခဲ့သူပါ။ ချောင်းသားက ပြန်လာတော့ မုန့်ဝယ်ခဲ့မယ်ဆိုပြီး ခရုခွံတွေပဲဝယ်ခဲ့တယ် ။ တီကြွက်ရေ့ လေကြောရှည်တော့ စာတွေကများနေပြီး အောက်ကကြွက်မကလည်း ၁၀ ကြောင်းဆိုပြီးရေးထားလိုက်တာ ပို့စ်တစ်ပုဒ်တောင်ပြည့်တော့မယ် သားကြွက်ပြောမှာတွေ သူကပြောသွားပြီး အဲ့တော့ကား တိုတိုနဲ့တုတ်တုတ်ပဲ ပြောတော့မယ် မွေးနေ့မှာ အရမ်းအရမ်းကိုပျော်ပြီး ကောင်းကင်ကြီးနဲ့ ပိုပိုတိုးလို့ချစ်နိုင်ပါစေဗျာ ပြီးတော့ ချစ်စရာကောင်းတဲ့ သားသားမီးမီး လေးတွေလည်း ၂ ဒါဇင်လောက် နဲ့ ပျော်စရာကောင်းတဲ့ မိသားစု လေးကို အမြန်ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ အယ်……………မေ့တော့မလို့ တီကြွက်က လေးမဆိုတာ ကမ္ဘာတုမှာပဲရှိတယ်ဆိုပေမယ့် သားကြွက်တို့မောင်နှမတွေအားလုံးက ကမ္ဘာစစ်မှာလည်း ခင်မင်ခွင့် ရချင်ပါကြောင်း အသံတိတ်ပြောချင်ပါတယ် 🙂
မွေးနေ့လက်ဆောင် ကောင်းကင်ကြီးဆီက အနမ်းလက်ဆောင်တောင်းနေတယ် ရှက်လည်းရှက်ဘူး 😛
ကြွက်နတ်သမီးလေး မွန်
“ကမ္ဘာအတုထဲမှာ နေထိုင်တဲ့ တိမ်စိုင်ငယ်ဟာ သူမဖြစ်တယ်။
ရေမှုန်ရေမွှားတွေစုပြီး တိမ်ယောင်ဆောင်နေတဲ့ တိမ်တိုက်ကလေးဟာ ဘယ်လောက်ပဲ
သူမစိတ်တွေ မှိုင်းညို့နေပါစေ အမြဲတစေ ငွေနားကွပ်ထားတတ်တယ်။ သူမမှာ
ခိုတွယ်စရာ ကောင်းကင်အစစ်တစ်ခုရှိနေတဲ့အတွက် ကမ္ဘာအတုလေးထဲမှာ
သူမခဏတာပဲပျော်တယ်”
တိမ်တိုက်ကလေးဟာ နေရောင်အောက်မှာဆို ပုန်းအောင်းနေတတ်တဲ့အတွက် သူမလေးကို
ဘယ်အခါမှ တိတိကျကျပုံဖော်လို့မရခဲ့ဘူး။ သူမနှစ်သက်တဲ့ ဒစ်စနီကာတွန်းထဲက
အရုပ်မကလေးတွေလို ချစ်စရာကောင်းမယ် အပြစ်ကင်းစင်မယ် ပြုံးပျော်နေမယ်လို့
ယုံကြည်ရတဲ့ အဲဒီ့တိမ်တိုက်ကလေးဟာ တစ်ခါတစ်လေ မိုးတွေရွာချတယ်။ ဥပမာ
ကမ်းနားသစ်ပင်လို မခင်နှင်းဆီလို ကဗျာမျိုးနဲ့ပေါ့။ တစ်ခါတစ်လေလဲ
ပူနေတဲ့နေတွေကိုကာပြီး အေးမြမှုတွေပေးတတ်တယ်။ သူတို့လိုပျော်မိသည်
ရူးသူများမဖတ်ရတို့လို စာလေးတွေနဲ့ ပြုံးသွားအောင် တိမ်တိုက်လေးက
တတ်နိုင်တယ်လေ။ တစ်ခါတစ်လေလဲ သူလေ ပျောက်ချင်းမလှပျောက်ပြီး
အတိတ်လမ်းတွေကို ပြန်လျှောက်နေပြန်ရော။ ပုဂံခေတ် အင်းဝခေတ်ထိကို
လွင့်သွားတော့တာပဲနော် တိမ်တိုက်ကလေးရေ။
သူမလေးက ပုန်းပုန်းနေတတ်ပေမယ့် စိတ်ကောင်းလေးဝင်ပြီးတော့
သူ့အကြောင်းတစိတ်တဒေသလေးတွေကို တိုးတိုးလေး လာပြောတတ်တာတွေလဲ ရှိသေးတယ်။
သူမခိုဝင်မှေးစက်ရာ ကောင်းကင်ကြီးကတော့ တိမ်တိုက်လေးရဲ့ စကားသံလေးတွေမှာ
မပါမပြီးပေါ့။ တိမ်တိုက်ကလေးက အရှုပ်တွေအမှိုက်တွေဆို
ဟားတိုက်ပစ်တတ်သေးတာလေ။ မိုးရွာနေသည် ယနေ့ရန်ကုန်တို့ အွန်လိုင်းပေါ်က
ညီမလေးတို့လို ပို့စ်မျိုးတွေဆို သူမရဲ့သရော်ဓာတ်က အဲ့ဒီလို။
ကိုပြူးနဲ့မပြုံးတို့လို ချစ်စရာဇာတ်ကောင်လေးတွေကို ခေါ်ခေါ်လာပြီး
မွန်တို့ကိုအပြုံးမိုးရွာချအောင် တတ်နိုင်တဲ့ တိမ်တိုက်ကလေးမို့
နောက်တစ်ခါ ကျောက်ဆောင် ပင်လယ်ကြီးဆီ မိန်းကလေးသွားတဲ့အခါ
ခေါ်သွားဖြစ်မယ့် သူမအသေးစားလေးတွေကိုလဲ ကိုပြူးနဲ့မပြုံးလို့ ချစ်စနိုး
နာမည်ပေးဖို့ မွန်က တိတ်တိတ်လေး တွေးရယ်နေခဲ့မိဖူးတယ်။
“အတုတွေထဲမှာ နေထိုင်
အမြင်တွေကို ဖုံးကွယ်
အလင်းတွေထဲကနေ ပုန်းအောင်းနေခဲ့တိုင်း
သံယောဇဉ်အစစ်တွေမဟုတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ”
ဘာဂါလေးလို့ လာလာခေါ်ပြီး အမြဲအားပေးတွဲခေါ်ခဲ့ပါတယ်။ တစ်ခါတစ်လေ
သူမပျောက်ကွယ်နေခဲ့ပေမယ့် ဘာဂါလေးကိုတော့
မျက်ခြေပြတ်မသွားခဲ့ဘူးဆိုတာသိတော့ သိပ်အံ့သြမိတယ်။ သူမရဲ့
ဆဌမအာရုံများလား။ သူမချစ်တဲ့ သံယောဇဉ်ရှိတဲ့သူတွေရဲ့နောက်မှ
အရိပ်ကလေးလိုလိုက်နေတတ်တဲ့ သိပ်ကိုချစ်ဖို့ကောင်းတဲ့
ဂရုတစိုက်အကျင့်လေးကို ပိုင်ဆိုင်ပါတယ်။ သူတပါးရင်ထဲအထိ
ထွင်းဖောက်မြင်နိုင်တာကလဲ သူမရဲ့အရည်အချင်းပဲလေ။ တစ်ခါတစ်လေ
နားလည်ပေးနိုင်လွန်းတဲ့ မျှဝေခံစားတတ်လွန်းတဲ့ နှလုံးသားလေးကို
လေးစားမိခဲ့ရတယ်။
ထူးထူးခြားခြားသတိထားမိခဲ့တာ တစ်ခုရှိခဲ့တယ်။ သူမရဲ့ကမ္ဘာလေးထဲမှာ
လေးမတော့စိတ်ညစ်လိုက်တာ ဆိုတဲ့အသံမျိုးလေး တစ်ခါမှမကြားခဲ့ရဘူး။
မငိုနဲ့ဘာဂါလေးရေလို့ အားပေးခဲ့ပေမယ့် သူမကိုယ်တိုင်က စိတ်ဓာတ်ကျ
ကြေကွဲအားငယ်မနေတတ်တာ သူမရဲ့ကံကောင်းခြင်းတွေထဲက တစ်ခုပဲလား။
လူတကာရဲ့ချစ်ခင်မှုကိုခံစားရသလို ချစ်စရာ အားကျစရာ ဘဝလေးတစ်ခုကို
တည်ထောင်ထားနိုင်လိုက်တာ အင်းးး သူမနဲ့သူမရဲ့ကောင်းကင်ကြီးဟာ
မွန့်အိပ်မက်ထဲက မင်းသားမင်းသမီးတွေကို ဖြစ်လို့။ ဘာဘီနာရီလေးတေ၊ွ
အမေးအဖြေ၊ ကိုနဲ့လေးလို့ခေါ်တာတွေ၊ ကမ်းကြိုလာတဲ့လက်တစ်ဖက်ကို
လှမ်းခိုလိုက်ပါတယ်ဆိုတဲ့ အရေးအသား၊
ကျောင်းတုန်းကမုန့်ဝယ်ကျွေးတယ်ဆိုတာကအစ ဟိုး အိပ်မက်ထဲက
မြင်းခွါရွက်သုပ်ပန်းကန်အထိ အားကျစရာ ပီတိဖြစ်စရာကြီးတွေကို
ဖြစ်နေတော့တယ်။
“တစ်ခါတစ်ရံ မသိတာတွေက ပိုပြီးခံစားကြည်နူးနေစေတတ်သတဲ့
သူမဟာ ကိုယ့်အတွက်တော့ ထုပ်ပိုးထားတဲ့ လက်ဆောင်လေးတစ်ခုလို
စိတ်လှုပ်ရှားပျော်ရွှင်ကြည်နူးခွင့်တွေကို ပေးနေခဲ့တာပါ
ဒါပေမယ့် ဒီလက်ဆောင်ထုပ်ကလေးနာမည်ကိုက မသိခြင်းလက်ဆောင်တဲ့
ဂါဂါနဲ့ သူမအကြောင်း သုံးနာရီလောက်ဖုန်းပြောခဲ့ဖူးတယ်။ ဂါ နင်တို့တွေကို
ခင်ပေမယ့် ငါအပြင်မှာအတွေ့ချင်ဆုံး ဘလော့ဂါက မမလေးမပဲ
လို့မကွယ်မဝှက်ပြောပြခဲ့ဖူးတယ်။ မဖြစ်နိုင်မှန်းသိရဲ့နဲ့
မွန်ပြန်ရောက်ချိန်မှာ သူမစိတ်ကူးအတိုင်း ဒီဇိုင်းဆင် ဆောက်လုပ်ထားမယ့်
သူမနဲ့ကောင်းကင်ကြီးတို့ရဲ့ ဂေဟာလေးမှာ သူမတို့ချစ်သူနှစ်ဦးနဲ့
ကလေးမလှလှသေးသေးလေးတစ်ယောက်(အဲဒီအချိန်ရှိနေမယ့် ကလေးလေးကိုပါ
ကြိုတင်စိတ်ကူးထားတာ) ကိုမြင်တွေ့ရတယ်လို့ စိတ်ကူးရှည်ရှည်တွေ
ယဉ်ခဲ့ဖူးတယ်။ တိမ်ပြာပြာတွေအောက် စကားတွေပြောကြမယ့် မောင်နှမတွေထဲမှာ
ကြွက်ဂိုဏ်းချုပ်က မပါမပြီးပါတယ်။ မတွေ့နိုင်ခဲ့ကြရင်တောင်
အမည်တပ်လို့မရတဲ့ ဖြူဖြူစင်စင်ခံစားချက်လေးတစ်ခုနဲ့ သူမအကြောင်း
နောက်နှစ်တော်တော်ကြာအောင် သတိတရတွေးတောနေမိမယ်။
သူမကတော့ မွန့်ကို မသိခြင်းတွေထဲက ခိုင်မြဲမှုတွေပေးတတ်တယ်။ မရေရာခြင်းထဲက
သေချာယုံကြည်မှုတွေပေးခဲ့တယ်။ မမြင်နိုင်တဲ့ သံယောဇဉ်တွေနဲ့
ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အားအင်တချို့ကို
မွန့်လက်ထဲတနည်းတဖုံထည့်ပေးခဲ့ပါတယ်။ ကျိတ်ပြီးဝမ်းနည်းတတ်တဲ့
မွန့်အကျင့်အတိုင်း သူမမွန့်ကိုလင့်မထားတုန်းက တော်တော်ကြာကြာ
တိတ်တိတ်လေးခံစားနေခဲ့ရဖူးတယ်။ ကိုညိမ်းညိုတို့ကြွက်ဂိုဏ်းတည်ထောင်ပြီး
ဆော့နေကြတုန်းက သူမနဲ့တခြားမောင်နှမတွေ မွန့်ကိုမခေါ်ပဲဆော့နေကြလို့
တယောက်ထဲစိတ်ကောက်နေဖူးတယ်။ ဦးမောင်တင့်က မွန်ရေ နင်နဲ့မလေးမကတော့
တူတူပဲ ကောမန့်ပေးလိုက်ရင်ရော တွေးလိုက်ရင်ရေးလိုက်ရင်ရော သိပ်တတ်တယ်လို့
တစ်ခါမှတ်ချက်ချတုန်းက သူမနဲ့အနှိုင်းခံရတဲ့အတွက်
အကြီးအကျယ်ဂုဏ်ယူနေခဲ့ဖူးတယ်။ ဘာကြောင့်မှန်း ရှင်းမပြတတ်ပေမယ့် သူမဟာ မွန့်ဘဝရဲ့ ပြယုဂ်တစ်ခုလို
စွဲမြဲကျန်ရစ်နေတတ်တယ်။
“သူမရောက်လာတယ်
သူမပျောက်သွားတယ်
သူမတိတ်တိတ်ကလေးရှိနေတယ်
သူမတနေရာရာကနေ စောင့်ကြည့်နေတယ်
သူမဘယ်တော့မှ နှုတ်ဆက်မသွားဘူးလို့ပဲ ပရမတ်တရားတွေကို ဆန့်ကျင်ပြီး ယုံကြည်နေတယ်
ဟေးး ဂါဂါ တွေ့လား ဟိုးတိမ်တိုက်ကလေးရဲ့ နောက်မှ သူမပုန်းနေတယ် ပြီးတော့
သူမငါတို့တွေကို ကြည့်နေတယ်”
ချစ်သောမမလေးမ အမှတ်တရဖြစ်ပါစေ
ချစ်တဲ့ ဘာဂါလေး မွန်
ကြွက်ရွှန်းမီ
သို့ . . .. မွေးနေ့ရှင် မလေးမ
မမြင်ဖူးပေမယ့် အကျွမ်းတ၀င် ရှိလှတဲ့ ပုံရိပ်မှာ သနပ်ခါးပန်းရနံ့တွေ ပါတယ် . ..
မခင်နှင်းဆီ သီချင်းသံ ပါတယ် .. .
မိုးပြာရောင်ကို နှစ်သက်တတ်ပြီ . .. ရံဖန်ရံခါ ကောင်းကင်ကြီး ညိုမှိုင်းနေရင် သူမလည်း တုံ့ဆိုင်းနေတတ်တယ်။ တခါတရံမှာတော့ သူမရဲ့  စိတ်အင်အားတွေနဲ့ တိမ်ညိုညစ်များကို မောင်းထုတ်ပစ်နေပါလိမ့်မယ်။
သူငယ်ချင်းတွေကို ပျော်ရွှင်စေတတ် ခင်မင်တတ်တဲ့ စေတနာ အပြည့်ပါတဲ့ စကားလုံးတွေ သီကုံးတတ်တဲ့ မလေးမကို လေးစားအားကျမိပါတယ်။
မလေးမရဲ့ စာတွေ ဖတ်ရတာ တီးလုံးသံမြည်တဲ့ ရတနာသေတ္တာလေးကို ဖွင့်ကြည့်ရတာနဲ့ တူတယ်။
သေတ္တာထဲက ကနေတဲ့ မင်းသမီးရုပ်လေးလို Virtual World မှာ မြင်ရတဲ့ မလေးမကို ပုံဖော်ကြည့်မိတယ်။
musical box ဖွင့်လိုက်ရင် သီချင်းသံမြည်ပြီး မင်းသမီးရုပ်လေး က,နေသလို မလေးမရေးတဲ့ စာတွေကို ဖတ်လိုက်ရင် ကဗျာဆန်တဲ့ အနုပညာတစ်မျိုးကို အလိုလို ခံစားနေရတယ်။ မလေးမရဲ့ ဘလော့နဲ့ တူတဲ့ သီချင်းသေတ္တာလေးက သိပ်ကို အသက်ဝင်ပါတယ်။
မှော်ဝင်သေတ္တာထဲက နတ်သမီးနဲ့ တူတဲ့ မလေးမကို ခင်မင်ခွင့်ရတာ ဘလော့ဘ၀ရဲ့ ပျော်စရာ တစ်ခုပါပဲ။
တစ်လတည်း မွေးတဲ့ အစ်မကို ခပ်ဆင်ဆင်တူတဲ့ စရိုက်တွေကြောင့် အချိန်တိုအတွင်း တွယ်တာခင်မင်မိခဲ့ပါတယ်။ သူငယ်ချင်း သံယောဇဉ် ကြီးတာတွေ၊ ရန်ဖြစ်ရမှာ ကြောက်တတ်တာတွေ၊ ကိုယ်ချစ်တဲ့သူတွေကို နားလည်ပေးတတ် အလျော့ပေးတတ်တာတွေကြောင့် အောင်မြင်ပျော်ရွှင်ရသလို တခါတရံ နာကျင်ရတယ်။ သံယောဇဉ် ကြီးပေမယ့် တသီးတခြား အေးအေး နေတတ် တွေးနေတတ်လို့ စိမ်းကားတယ်လို့ ထင်ခံရတတ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီရာသီဖွားတွေဟာ အလွယ်တကူ အားမလျှော့ဘဲ လုပ်စရာတွေ ဖြစ်အောင် လုပ်တတ်တယ်။ ကိုယ့်ပိုင်စိတ်စွမ်းအား မြင့်သလို သူငယ်ချင်းတွေကိုလည်း အားပေးကြင်နာတတ်တဲ့ မလေးမ ဟာ အသက်တစ်နှစ်ပိုကြီးလာတာကိုလည်း ကြံဖန်ဂုဏ်ယူပြီး ပျော်နေဦးမှာပါ။
ပျော်စရာ ရှာကြံတွေးပြီး ပျော်အောင်နေတတ်တဲ့ မလေးမ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။ တကယ်တော့ မွေးနေ့ တစ်ရက်ထဲ မဟုတ်ပဲ နေ့တိုင်း မွေးနေ့ရှင်တစ်ယောက်လို ပျော်ရွှင်နေစေချင်ပါတယ်။ မလေးမ စိတ်ညစ်တာတွေလည်း ရှိရင် ပေါ့ပါးသွားအောင် ရင်ဖွင့်ပြီး ဘလော့မောင်နှမတွေကို ဆက်လက်လမ်းပြနိုင်ပါစေ လို့ ဆုတောင်းလိုက်ပါတယ်။
ချစ်ခင်ရသော မလေးမ ဆက်ရေးမယ့် စာတွေကို
မလွတ်တမ်း ဖတ်ချင်နေသေးတဲ့
(ရွှန်းမီ)
သူတို့ တွေဆိုတာ … Happy Birthday!  ပါ အစ်မရေ. မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ချစ်သောသူနဲ့ ပျော်ပျော်ရွင်ရွင်၊ အောင်အောင်မြင်မြင်၊ အားလုံး ပြည့်စုံချမ်းမြေ့ပြီး ခရီးသွားနိုင်ပါစေ
လေးစားချစ်ခင်စွာ
— မှော်ဆရာ
12 Jan 09, 16:26
ဖြိုးငယ်: Happy BD ပါ အမ .. ပျော်ရွှင်ပါစေ
12 Jan 09, 15:11
JulyDream: Happy birthday to you, sister!
12 Jan 09, 13:56
sin dan lar: Happy Birthday to u, :g
12 Jan 09, 12:30
အိမ့်ချမ်းမြေ့: လေးမ… ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။
12 Jan 09, 11:23
SoeMoe: Happy Birthday MAMA.. :heart: :bye :heart: :lau
12 Jan 09, 11:23
ပုံရိပ်: မလေးမရေ ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ။
12 Jan 09, 09:42
မောင်မျိုး: ကိုညိမ်းညို ။ကိုတင့်၊ မောင်မျိုး၊ မီ နဲ့ မွန် တို့ ဘလော့တွေမှာ မလေးအတွက် အမှတ်တရပို့စ်များတင်ထားကြောင်းး :P မုန့်ဟင်းခါးချက်ကျွေးနော့် ။
12 Jan 09, 09:38
မိ: ပျော်ရွှင်သောမွေးနေ့နှင့်အတူ ပျော်စရာတွေ တပုံတပင်ကြီး နင့်အနားကို ရောက်လာပါစေဟာ နင့်ကို လွမ်းနေတယ် မိ
12 Jan 09, 08:07
သားကြွက်: : Happy Birthday !!! :dri:
12 Jan 09, 05:20
THS: Happy Birthday !!!! :) :D
စုံတွဲလာ ဆုတောင်းတဲ့ သူတွေကလည်း ရှိသေး…
mtj: စုန်းမလေးနဲ့ တူတူလာဆုတောင်းပေးပါတယ် :)
12 Jan 09, 17:06
mtj: THS ဘလော့ဂ်မှာ ကောမန့်ပေးထားတယ် လေးမရေ… ပျော်ရွှင်ပါစေ
12 Jan 09, 17:02
စုန်းမလေး: ပျော်ရွှင်ဖွယ်ရာကောင်းသော မွေးနေ့ဖြစ်ပါစေ ချစ်မ…အမြဲသတိတယရှိနေပါတယ်.. ချစ်မ အမြဲပျော်ရွှင်ဖို့ ဆုတောင်းတယ်နော်…
ဝေလေး: မမရေ မွေးနေ့မှာ ပျော်ရွင်ပါစေနော်. နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစုနဲ့ ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေကြောင်း :)
ကြေးအိုး: ချစ်မမွေးနေ့မှာ ဘလော့ဝင်မရဖစ်နေလို့ အီးကဒ်လေးပို့လိုက်တယ် ရလား
ဝှိုက်: မလေးမ မွေးနေ့လား Happy Birthday ပါနော် မွေးနေ့ကပြီးပြီထင်နေတာ အဲ့ဒါကြောင့် ပြန်လာဆုတောင်ပေးတာ ပျော်ရွှင်ပါစေရှင်
13 Jan 09, 16:40
ကြွက်မီ: Happy Birthday to you!!! :-)
အပြုံးပန်း: အွန်လိုင်းနဲ့ ရှစ်ရက်လောက် အဆက်ပြတ်သွားလို့ အခုမှပဲ လေးမရဲ့ စာတွေ ကမန်းကတန်း လာဖတ်ရတော့တယ်။ သုံးဆယ်ထဲကိုရောက်ပြီပေါ့။ ရာဇ၀င်ကောင်းတွေ များများချန်ထားနိုင်ပါစေ။
လင်းဒီပ: ရောက်လာပါတယ်..ကောင်းသောမွေးနေ့ပါ..
မှော်ဆရာ၊ ဖြိုးငယ် ၊ ကိုဂျူလိုင်၊ ပုံရိပ်၊ မလေး၊ စိုးမိုးလေး၊ မောင်မျိုး၊ ဘိုတင့် ၊ ဘိုညိမ်း၊ မစန်ဒါ၊ စုန်းမလေးနှင့် ကိုကို ၊  ဝေလေး ၊ ကြေးအိုးလေး.၊ ၀ှိုက်၊ မမ အပြုံးပန်း၊ မီ၊ မပန်ဒိုရာ ၊ ဝေလေး ၊ကိုလင်းဒီပ၊ ဘိုတင့်၊အစ်မ မနုစံ.. အားလုံးကို ကျေးဇူးတင်ပါတယ်..။ အဝေးကနေ ဖုန်းဆက် ဆုတောင်းပေးတဲ့ ချစ်သူငယ်ချင်း မိ.. နဲ့  အဝေးက ကဒ် ၆ ခု ပို့ ပေးတဲ့ သူငယ်ချင်း.. အားလုံးကို အမှတ်တရ သိမ်းရင်း ပို့ စ်အဖြစ်တင်လိုက်ပါတယ်…။
နောက်ဆက်တွဲ။ ။
နောက်ထပ် ဘာရသေးလဲ.. ဟုတ်လား.. ရှင်… ကောင်းကင်ကြီး ဆီကလား… သိချင်လို့ လား… ဘာမှမတောင်းပါဘူး… ဟင့်အင်း.. ဘာမှ မရပါဘူး .. အော်… မယုံဘူးလား… တကယ်… အင်း.. မောင်မျိုး.. ရေးထားလို့  သတိရသွားပြီး.. ဟိုလေ..ဟို… အင်း ၂၉ ခါ .. ဖြတ်… ( မီးပျက်သွားပြီ ) … :P။ ။
လမ်းဖောက်တဲ့အခါ
လူတွေဟာ အချိန်တန် အရွယ်ရောက်လာရင် လမ်းရိုးကြီးကို ငြီးငွေ့ လာကြတယ်…။တချို့ လူတွေက လမ်းသစ်ဖောက်ဖို့  သတ္တိကောင်းကြတယ်…။ တချို့ က သတ္တိမကောင်းပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းသစ်ဖောက်လိုက်ကြတယ်..။ တချို့ က လမ်းဖောက်ဖို့ အများကြီး စဉ်းစားဆဲ… စဉ်းစားမြဲ… ဒီလိုနဲ့  နှောင့်နှေး နေကြတယ်…။ တချို့ ကတော့ လမ်းသစ်ဖောက်ချင်ပေမယ့် လိုအပ်ချက်တွေ ပြည့်စုံဖို့ အတွက် ရုန်းကန်နေရတယ်..။ တချို့ ကတော့ လမ်းသစ်ဖောက်ဖို့  သတ္တိ မရှိသေးဘူး…။
သတ္တိရှိဖို့ လိုသလား… သိပ်လိုတာပေါ့.. တကယ်တော့ ပျော်စရာလို့  ထင်ရတဲ့ ဘ၀ သစ်တစ်ခုကို ဦးတည်တဲ့ အဲဒီလမ်းဟာ သိပ်ကိုကြောက်ဖို့  ကောင်းပါတယ်…။ မျှော်လင့်ထားပြီးသားဖြစ်တဲ့ အန္တရာယ်တွေရော… မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေရော လမ်းခရီးမှာ စောင့်နေကြတယ်..။  သာယာတဲ့ဘ၀ဆိုတဲ့ ဦးတည်တဲ့နေရာလည်းရှိတယ်… လမ်းညွှန်တွေလည်း ရှိတယ်…။ ဒါပေမယ့် ကိုယ်တိုင်ဖောက်ကြည့် လျှောက်ကြည့်တဲ့အခါ… ထင်သလောက်မလွယ်မှန်း သိလာရမယ်…။ ဦးတည်တဲ့ နေရာကို ဘယ်တော့ ရောက်မယ်… ဘယ်လို ပုံစံမျိုးနဲ့ ရောက်မယ်… ရောက်နေတဲ့ နေရာက တစ်သက်လုံး ဒီပုံစံပဲဖြစ်နေပါ့မလား.. ဘာကိုမှ ရေရေရာရာ မသိနိုင်တဲ့ စမ်းတ၀ါးဝါးလျှောက်ရမယ့် လမ်းကို ဖောက်တော့မယ်ဆိုရင် သတ္တိရှိရမယ်…။
လက်ထပ်တယ်ဆိုတာ အရင်းနှီးဆုံး တစိမ်းနှစ်ယောက် ပေါင်းစည်းခြင်း လို့ မှတ်ယူလိုက်ပါ…။ ရည်းစားဘ၀မှာ ဟန်ဆောင်လို့ ရပေမယ့် အိမ်ထောင်သည်ဘ၀မှာ ဟန်ဆောင်လို့  မရတော့ဘူး…။ သွေးမတော်သားမစပ် .. ကြီးပြင်းရာ အသိုင်းအ၀ိုင်းချင်းမတူတဲ့ တစိမ်းနှစ်ယောက်.. စိတ်တူကိုယ်တူ… ဖြစ်ဖို့ ဆိုတာ တော်တော်ကြီးကို ခက်ခဲတဲ့ အခြေအနေလည်း ဖြစ်တယ်…။ နှစ်ယောက်ထဲတင်မပြီးပြန်ဘူး.. သူ့ ဘက် ကိုယ့်ဘက်.. ဆွေမျိုး.. မိဘ.. မိတ်ဆွေ.. အပေါင်းအသင်း.. အများကြီး ပါဝင်ပတ်သက်နေမယ့် ပြဇာတ်တစ်ခုထဲကို ကိုယ်ရောက်သွားပြီလို့ သာ မှတ်လိုက်တော့ …။
၁။ မင်္ဂလာဦးသူသို့ 
စာရေးဆရာတွေ အများကြီးပါဝင်ရေးသားထားတဲ့ ၀တ္ထုတိုလေးတွေ.. စုထားတဲ့ စာအုပ်ဖြစ်တယ်…။ ဆုံးမစာ..ပညာပေးစာတွေ တကူးတက မဖတ်ချင်ရင် ဒီစာအုပ်လေးကို ဖတ်ပါ..။
၂။လက်ထပ်ထိမ်းမြားခြင်းအနုပညာ ( တင်မောင်မြင့် ( မြန်မာပြန်) )
စာအုပ်က နာမည် လှပေမယ့် ဖတ်ရတာ လေးမ တော့ သိပ်မကြိုက်လှဘူး…။
၃။ ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင်ချစ်ကြင်နေနည်း ( အတ္တကျော်)
တော်တော်လေး ပြည့်စုံတဲ့ စာအုပ်ပါ…။ ခေါင်းစဉ်ထဲကလိုပဲ ရန်ဖြစ်နည်းပါ ပါတယ်..။ ယောက်ျားနဲ့ မိန်းမဆိုတာ မတူ..မတူ..ဘယ်နေရာမှ ..မတူ လို့  ဒီစာအုပ်မှာ ရေးထားတယ်…။
၎။ ချစ်ဇနီး ချစ်လင် ( သာဓု )
နည်းလမ်းရေးထားတဲ့ စာအုပ်မဟုတ်ပါဘူး…။ ရသစာပေ.. အိမ်ထောင်ရေး..၀တ္ထုတစ်အုပ်ပါ… ။
၅။ အေးအတူ ပူအမျှ ( ဒေါ်ရီကြိန် )
ဆင်ခြင်စရာတွေ ပါဝင်ပါတယ်…။
၆။ အပေးအယူမျှပါစေ ( ဒေါ်ရီကြိန် )
အပေးရော… အယူရော.. မျှမျှတတ ဖြစ်ချင်ရင် ဖတ်ပါ..။
ရ။ ရာသက်ပန်ရွယ် မောင်နှင့်မယ် ( မင်းစည်သူ )
ဒီစာအုပ်အကြောင်း.. မေ့နေတယ်… ပြန်ဖတ်မှသတိရမယ်..။
၈။ ပျိုလေးရည်းစား မောင့်စိတ်ထားနှင့် မောင့်ရဲ့သက်ထား ပျို့ စိတ်ထား ( ဥမ္မာရီ .. မဟာဝိဇ္ဖာ လက္ခဏာ ပါရဂူ )
ဗေဒင်မယုံဘူးဆိုပြီး လစ်လျူမရှုသင့်တဲ့ စာအုပ်ပါ..။ တော်တော်လေး နီးစပ်တိုက်ဆိုင်တာ တွေ့ ရပါတယ်..။ ဘယ်ရာသီဖွားနဲ့  ဘယ်ရာသီဖွား ပေါင်းရင် ဘယ်လို အိမ်ထောင်ရေးမျိုးဆိုတာက စလို့ … ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ စိတ်နဲ့  သဘောသဘာဝ ကိုပါ အကြမ်းဖျင်း မှတ်သားနိုင်ပါတယ်…။ “တန်ဆေးလွန်ဘေး” ဆိုသလို … လိုသလောက်လေး ယုံကြည်မှတ်သားမယ်ဆိုရင် “ဆေး”  ဖြစ်မှာပါ…။ “ ဘေး” ဖြစ်လောက်အောင်တော့ ယုံကြည်စွဲလန်းစိတ်မထားပါနဲ့ …။
သူငယ်ချင်းရေ…
“ ဖုံကတ္တီပါမှာ စုံညီစွာ ထိုင်ရင်း လက်ဆက်ခဲ့ကြသလို ဘ၀ခရီးလမ်းကို မမောမပန်း မကြမ်းမတမ်းဘဲ လျှောက်လှမ်းနိုင်ကြပါစေ…”
P.S. အော်… မေ့တော့မလို့ … ဟန်းနီးမွန်းခရီးကိုတော့ တစ်သက်စာ မမေ့နိုင်စရာတွေ အပြည့်ဖြစ်နေအောင် သေချာဖန်တီးခဲ့နော်…။
ယနေ့ရန်ကုန် ( ၂ )
ယနေ့ရန်ကုန် ( ၂ )
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
သမိုင်းနဲ့  စကားပြောသူတွေအတွက်
နာဂစ်ဟာ ခေတ်တစ်ခေတ် ဖြစ်ခဲ့တယ်
နာဂစ် မတိုင်ခင်က …
နာဂစ်တုန်းက …
နာဂစ်ပြီးကတည်းက…။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
ရောင်းမကောင်းလို့ လား … ရောင်းကောင်းဖို့ လား
ဈေးပွဲတော်တွေ.. ပရိုမိုးရှင်းတွေနဲ့
ရာသီမစခင်က
ရာသီတုန်းက
ရာသီကုန်ကတည်းက …။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ…
Capital နဲ့ Ocean မှာ
promotion area တွေနဲ့  အမြတ်ထွက်နေချိန်
ဗိုလ်ချုပ်ဈေးက တစ်နာရီ ၂၀၀ နဲ့ 
အသက်ဆက်နေခဲ့တယ် … ။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ
ကန်တော်ကြီး ဘူဖေးပွဲကြီးထဲ
အဆိုတော် သရုပ်ဆောင် ဇာတ်မင်းသား အမယ်စုံလှတယ်
ကြိုက်တတ်ရင်တော့ ၀င်ကြေး ၃၀၀ …အပြင်
အပိုဆောင်းခဲ့ပေါ့ …။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
သားသည် မအေတွေက
နို့မှုန့် ထဲ မယ်လမင်း ပါတာလောက်တော့
ကျုပ်တို့ က အရေးမလုပ်ပါဘူး
ထမင်းရည်ထဲ အဆိပ်မပါတာဘဲ
စိတ်အေးနေရပါတယ်တဲ့…။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
ပဲသမားတွေတော့
ခွက်ခွက်ကိုလန်လို့ 
နဖူးကွဲတဲ့သူနဲ
ဒူးပြဲတဲ့သူနဲ့ …။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
အင်တာနေရှင်နယ် လေဆိပ်ကြီးက
ပွဲခင်းကြီးလို စည်ကားနေတာ
စီးပွားပျက်ရာသီ မစခင်က..
ရာသီတုန်းက..
ရာသီပြီးကတည်းက … ။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
ဝမ်းရေးအတွက် လမ်းဘေးကလူတွေက
မာယာဗရပွနဲ့ 
ဘာသာဘာဝ ကျက်စားနေကြတာ
၂၀၀ရ မတိုင်ခင်က …
၂၀၀ရ တုန်းက …
၂၀၀ရ ပြီးကတည်းက…။ ။
မှတ်ချက်။ ။ ၂၀၀ရ နေရာတွင် နှစ်သက်ရာ ခုနှစ် အစားသွင်းနိုင်သည်…။
ဖွင့်ဆိုချက်
Capital = သာကေတမှ hypermarket
Ocean = ကိုးမိုင် တရုတ်သချိင်္ုင်းနေရာတွင် ဆောက်ထားသော supermarket
လမ်းဘေးကလူ = သူတစ်ပါးကို စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ချမ်းသာခြင်း၊ မေတ္တာတရား… ဘာမှမပေးနိုင်ဘဲ.. မိမိအတွက်သာ အားလုံးတောင်းခံနေသူ…။
အမေးအဖြေ
ကြာပြီလား
မကြာသေးပါဘူး…
မကြာသေးဘူးလား…
နည်းနည်းတော့ကြာပြီ
ဘယ်လောက်ရှိပြီလဲ
၅ နှစ်ပါ
ဘယ်တုန်းကပြည့်သွားတာလဲ
နိုဝင်ဘာလထဲမှာပဲ
ပျော်လား
အပျော်အတွက် လက်တွဲခဲ့တာမှမဟုတ်ဘဲ
စိတ်ချမ်းသာလား
ချမ်းသာတယ်
အဆင်ပြေတယ်မဟုတ်လား
ပြေပါတယ်…
ရန်ဖြစ်ဖူးလား
ဖြစ်ဖူးတယ်
ခဏခဏပဲလား
တစ်ခါ
ဘာလို့  ရန်မဖြစ်တာလဲ
ရန်ဖြစ်ရတာ ပင်ပန်းလို့ 
အားလုံးကျေနပ်စရာတွေချည်းပဲလား
မကျေနပ်တာတွေလည်းရှိတယ်…
မကျေနပ်တာကို ဘယ်လိုလုပ်လဲ
ကျေနပ်အောင်နေလိုက်တယ်
၅ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ မှာ ဘာဖြစ်ချင်လဲ
သူ့ ဆီက လက်ဆောင်တစ်ခုခု လိုချင်တယ်…
သူက ပေးမယ်ထင်လား..
မထင်ဘူး…
တောင်းလိုက်ပါလား
မတောင်းဘူး
လက်ဆောင်မရရင် ဘယ်လိုလုပ်မလဲ
ကျွန်မကပဲ လက်ဆောင်ပေးလိုက်ပါ့မယ် …
ဒီစာဖတ်နေတဲ့သူတွေကို တစ်ခုခုပြောပါဦး
တကယ်ချစ်ခဲ့ပါတယ် ဆိုတာကတော့ လုပ်ဇာတ်မဟုတ်ပါဘူး ပရိတ်သတ်ကြီးရယ် … ။ ။