တွေးမိသည်မှာ …

တနေ့ ညနေခင်းဍ္ဍ် လေးမသည် မီးဖိုချောင်ထဲတွင် ဂျာနယ်တစ်စောင်နှင့်အတူ ချက်ပြုတ်ကြော်လှော်နေ၏ …။

( ဘယ်လိုကြီးတုန်းလို့ မစဉ်းစားနဲ့.. ဟင်းချက်ရင်း ဂျာနယ်ဖတ်နေတာ ..လို့ မှတ်..)

ထို့နောက် ဟင်းအိုးထဲ ရေထည့်ကာ ကြက်သွန်နွှာရင်း စဉ်းစားမိသည်မှာ …..

လူတစ်ယောက်ကို တစ်နေ့  ဆန်နို့ ဆီဗူး တစ်လုံးပဲထား… တစ်ပြည်ကို ၈ ရက် … တစ်ပတ်စားရတယ်ပဲထား

တစ်တင်းခွဲအိတ်ဆိုရင် ၂၄ ပတ် စားရမယ်…

လူတစ်ယောက်ကို ဆန်တစ်အိတ် ၂၄ ပတ် နှုန်းနဲ့  သောင်းချီ သိန်းချီတဲ့ လူတွေကို ဘယ်သူက ရေရှည် တာဝန်ယူမလဲ … ။

ဆန်ကြမ်းက တစ်အိတ် ၂သောင်း … ဆန်ချောက ၅ သောင်း… ဆိုတော့ …။

အထက်ပါအတိုင်း စစ်စစ်ပေါက် တွေးမိသည်မှာ ဂျာနယ်တွင်ပါသော စာတစ်စုကြောင့်ဖြစ်သည် …။

“ အချို့ မှာ မိမိနေရပ်သို့  ပြန်လိုကြပြီး အချို့မှာ စိတ်ဓါတ်တွေကျဆင်းကာ ဒုက္ခသည် စခန်းများနောက်သို့သာ လိုက်လံ စားသောက်နေတော့မည် ” ဟုသိရ ..။ ”

ဒီလိုဆို လူညွန့် တုံးပြီပေါ့ …။ အလှူရှင်တွေရှိလို့ ကျွေးနိုင်တယ်ပဲထား … နိုင်ငံတော်အတွက် နစ်နာပေသည် … လူ့စွမ်းအားဆုံးရှုံးပေတော့မည် … ( အလဲ့ … လေကြီးလေကျယ် တွေးကြည့်တာ … ) …

ထိုသို့မဖြစ်ရန် ထိုသူတို့၏ စိတ်ကို ဦးစွာ ဖေးမပေးရမည် …။

လုပ်ကိုင်စားသောက်နိုင်ရန် စီစဉ်ပေးရမည် …။

အလုပ်ဟုဆိုရာတွင်လည်း သူတို့ မူလက လုပ်ကိုင်ခဲ့သော လယ်အလုပ် .. တံငါအလုပ် ..အစရှိသည့် ကျွမ်းကျင်ပြီးသား အလုပ်များဖြစ်မှသာ အဆင်ပြေလိမ့်မည် …။

လယ်များမှာ ရေငန်ဝင်သောကြောင့် ရေငန်တွင်စိုက်သော စပါးမျိုးကို စိုက်ပျိုးနိုင်ရန် နည်းလမ်းရှာရပေတော့မယ်…။ ထို့နောက် လယ်ယာ အထောက်အကူပြု ကျွဲ… နွားများပံ့ပိုးရမည် …။

နေစရာ အိမ်စီမံပေးရမည် …။ အိမ်အတွက် အဖိုးအခ သတ်မှတ်ပြီး ငွေသွင်းခိုင်းလျှင်လည်း မသင့်မလျော် ဖြစ်ဦးမည်…။ လူတိုင်းအတွက် အိမ်တစ်လုံးစီဆောက်ပေးရလျှင်လည်း ဒေ၀ါလီခံရကိန်း ရှိသည် …။

တော်အိရော်အိ အိမ်မျိုးလည်း ဆောက်ပေးလို့မဖြစ်ပေ …။

ရေမြေအနေအထားပြောင်းသဖြင့် မုန်တိုင်းသည် လမ်းပွင့် သွားပြီ ဖြစ်ရာ နောင်နှစ်တွေ အတွက် အတော်အတန် ခံနိုင်သော အိမ်မျိုး ဖြစ်မှ တော်ပေလိမ့်မည်…။

မြေပိုင်ဆိုင်မှု … လယ်ပိုင်ဆိုင်မှုများ ခွဲခြမ်းစိတ်ဖြာခြင်းအမှု ပြုရမည် … ။

ထိုထိုသို့သော အကြောင်းအရာများကို များများစားစား တွေးတောပြီးသကာလ လေးမသည် ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချပြီးသည့် မျက်နှာထားနှင့် ဇတ်ခနဲထကာ အသံတိတ် ကြွေးကြော်လိုက်သည်မှာ …

“ တော်ပြီ .. ???? ကျရင် ရွေးကောက်ပွဲ မ၀င်တော့ဘူး. ..။ သမ္မတဖြစ်ရင် ဦးနှောက်ခြောက်နေဦးမယ်…။ ငါ့ဟာငါ အေးရာအေးကြောင်း မီးဖိုထဲမှာ ထမင်းချက်နေတာပဲ ကောင်းတယ် … ” ဟူသတည်း …. .။ ။

မှတ်ချက်။ ။ ရိုးရိုးလေးဖတ်ပါ ..၊ ပါးပါးလေးတွေးပါ …၊ ၀ိုးတ၀ါး မေ့လိုက်ပါ … ။

မိုးရွာနေသည် ( ၂ )

မိုးဦးကာလ ရောက်တော့မည် ဖြစ်သောကြောင့် မိုးရွာသည်… ။

မိုးနှင့်အတူ မုန်တိုင်းလာသည် … ။

မုန်တိုင်းတွင်လေပါ၏…။

လေနှင့်အတူ လှိုင်းလာ၏ …။

လှိုင်းနှင့် အတူ အိမ်များ … လူများ … တိရစ္ဆာန်များ … ၀မ်းစာများ … အဆင်တန်ဆာများ … ပါသွားလေ၏…။

ပါသွားသောအရာများနောက်တွင် ငိုကြွေးမှုများ … ကြေကွဲမှုများ … ပူဆွေးမှုများ … ဆုံးရှုံးမှုများ ကျန်နေခဲ့၏ …။

ကျန်နေခဲ့သောအရာများအား အမှီပြုဒေါသနှင့် ကျိန်ဆဲမှုများ လှိုင်းထလာပြန်သည် … ။

လောဘသားအချို့ သည် မေတ္တာရှိဟန်ပြ ၍ ကိုယ်ကျိုးရှာနေကြပြန်သည် … ။

နိုင်ငံရေးအမြတ်ထုတ်သူတို့သည် ဂရုဏာရှိဟန်ပြ၍ အမြတ်ထုတ်ရန် ကြံစည်ကြပြန်သည်… ။

အဆုံးသတ်တွင် ကလေးများသည် ပျော်ရွှင်မှု ကင်းမဲ့ကြကုန်၏ … ။

အဖြူရောင်နှလုံးသားများသည် ညစ်ထေးလျက် ငိုကြွေးကြကုန်၏… ။

မိန်းမတစ်ယောက်သည် တစ်ခွေ ၅၀၀ ဟူသော ၂ ခွေ တွဲ..၊ ၃ ခွေတွဲများကို စိုက်ကြည့်ရင်း စီဒီချပ်များကို ထမင်းထုပ်များအဖြစ် စိတ်ကူးယဉ်ကြည့်နေ၏ … ။

ထို့ နောက် မိုးရွာလာသည် … ။

မိုးရာသီ စပြီဖြစ်သောကြောင့် မိုးဆက်ရွာနေသည်… ။

မိုးသည် ဆက်၍ …ဆက်၍ … ရွာနေပေလိမ့်မည်…။ ။


မိုးရွာနေသည် ( ၁ )

ကြီးဒေါ်နှင့် offline

နာဂစ်က … မုန်းစရာကောင်းလိုက်တာ… ဟိုဂျာနယ်မှာရေးထားတာတော့ နာဂစ်ဆိုတာ ပန်းပွင့် လို့  အဓိပ္ပါယ်ရသတဲ့ …။ ပန်းပွင့်မို့ သာ တော်တော့တယ် … ဆင်ရိုင်းသာဆိုရင် မြန်မာပြည် တက်တက်ပြောင်မယ်… ။

ညည်းတို့ က သတင်းစာမှ မဖတ်ဘဲ … သတင်းစာထဲ မုန်တိုင်းတိုက်နေတာ ဧပြီလကတည်းကဆိုပဲ အေ့ …။ ညည်းတို့ က သတင်းစာဆို နာရေးလောက်ပဲ ကြည့်တာကိုး … ။ မိုးလေ၀သ သတင်းမဖတ်တော့ မသိဘူးပေါ့…။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်တာ… ။

ကြိုသိတဲ့သူတွေလည်း ဘာမှပြင်ဆင်မထားပါဘူး… ကြီးဒေါ်ရာ…။ ဘာတွေ ဘယ်လို ပြင်… ဘယ်လိုနေ …ရမယ်ဆိုတာ ဘယ်သူသိသလဲ…ပြော… ။ မုန်တိုင်းမှ မကြုံဘူးတာပဲ..ဟာပဲ..ဟာကို…။

အဲဒီညက မြန်မာ့ရုပ်မြင်သံကြားမှာ မိုးလေ၀သ သတင်းသေချာ နားထောင်ပါ လို့ .. ငါမပြောဘူးလား…။ ညည်းတို့က အမေကျော် ဒွေးတော်လွမ်းတဲ့ဟာတွေ … ။ ကုလားကားတွေ…တရုတ်ကားတွေ … ဘိုကားတွေ ပြတဲ့ 5 Movie ပဲ ကြည့်နေတာကိုး…။

MRTV ကြည့်ပါတယ်..ကြီးဒေါ်ကလဲ …။ “ နင်…၁၈ နှစ်ပြည့်ပြီလား…” ဆိုတဲ့ဟာ လာလို့တောင် အဖွားက “ငါဆို ၁၈ နှစ်ပြည့်ခဲ့တာ ၄ ကျော့တောင်ကျော်ပြီဆိုတော့ ၄ မဲ ပေးရမှာလား…”လို့ မေးလို့တောင် ရယ်ကြရသေးတယ်လေ…။

အေးလေ… ညည်းတို့  ကြည့်တယ်ဆိုတာ … ခဏလေ…။ ခဏကြည့်ပြီး… ပြန်ပြောင်းကြည့်တာ …။ ခုတော့ … ငါသတင်းကြည့်ချင်တယ်နော် … ။ ဟိုပြောင်း ဒီပြောင်းလုပ်ဖို့  မစဉ်းစားနဲ့ …။ ကယ်ဆယ်ရေးတွေ… နေရာချထားတာတွေ အလှူပစ္စည်းပေးတာတွေ … ငါကြည့်ဦးမယ်…။

ကြီးဒေါ်နော် … သူများလှူတာတွေ သွားရေကျမနေနဲ့ …။

တယ်… ညည်းစကားက ဘာတုန်း … အနှောင့်မလွတ်…အသွားမလွတ်နဲ့ …။ ကြည့်စမ်း…….သစ်ပင်တွေဆိုတာ ကုန်ပါရောလား… နောက်နှစ်နွေဆို အတော်ပူတော့မှာ …။ အပူကြောင့် လူတွေသေကြဦးမယ်…။

လူတွေလိုမျိုးသာ သစ်တစ်ပင်ခုတ်ရင်… ထောင်ဒဏ် ဘယ်နှစ်လ… ဒဏ်ငွေ ဘယ်လောက်ဆိုပြီး နာဂစ်ကို ဒဏ်တပ်လို့ရရင် ပိုက်ဆံတွေ အများကြီးရမှာနော်…။

နာဂစ်ကို ဒဏ်တပ်ဖို့စဉ်းစားနေသေးတယ်… နာဂစ်က ဒဏ်ခတ်သွားတာ မတွေ့  ဘူးလား…။

အမယ် … ဘာလို့ နာဂစ်က ဒဏ်ခတ်ရတာတုန်း …။

ညည်းတို့ အင်မတန် ခေါင်းမာတဲ့ဟာတွေမို့လို့ ဒဏ်ခတ်သွားတာလေ…။ ဓါတ်ကြိုးနဲ့မလွတ်တဲ့ သစ်ကိုင်းတွေ ခုတ်ဆိုတာ မခုတ်လို့ သူဝင်ရှင်းသွားတာလေ….။

စလောင်းတွေ ဖြုတ်ဆို …မဖြုတ်လို့ သူဝင်ဖြုတ်ပေးသွားတာလေ ….။

ဒါကတော့ … ကြီးဒေါ်ရယ်… အခွန်ဆောင်စရာမလိုတော့ဘူးဆိုလို့ မဖြုတ်တော့တာလေ…။

နောက်ပြီး… ရှိသေးတယ်… စကားတွေကို … ပြောကောင်းမှန်းမသိ…မပြောကောင်းမှန်းမသိ … ဘန်းစကားဆိုပြီး… လျှောက်လျှောက်ပြောကြတာ … ညည်းတို့ပြောပြောနေတာလေ … “ ဒီဇိုင်းးက လန်တယ်ကွာ .. လန်ထွက်နေတာပဲ..” ဆိုတာလေ…။ ခုတော့ လန်ထွက်ကုန်ပြီမို့လား … အမိုးတွေ ..။

အရင်တစ်ခါ “ သေပြီဆရာ..” ခေတ်စားတုန်းကလည်း ဗုန်းကွဲတယ်လေ …။

ဒါကြောင့် ရှေးလူကြီးတွေက ပြောတာ …“ စကားနောက် တရားပါ ” တဲ့ …။ စကားဆိုတာ ခေတ်စားတိုင်း သုံးလို့ ကောင်းတာမဟုတ်ဘူး…။

ခုခေတ်စားနေတဲ့ စကားက “ အချိန်နဲ့ တပြေးညီ..” တဲ့ ..။ ပြီးတော့ နာဂစ် ပြီးရင် ရာဂျစ်တဲ့ …။ ဆိုင်ကလုန်းပြီးတော့ တိုင်ဖုန်း တဲ့ ..။ လက်ဖက်ရည်ဆိုင်မှာ ပြောနေကြပြန်ပြီ …။

အဲဒါခက်တာပေါ့ … မဟုတ်ကဟုတ်က ဆို အလွန် ပြောချင်ကြတယ် …။ ဟိုနေ့ ကလည်း ငလျင်လှုပ်တော့မယ် ဆိုလို့ ငါ့မှာ အိမ်ပြန်ပြေးရတာ အမောတကောပဲ …။

ကောလဟာလ … အင်မတန် ဖြန့် ချင်တဲ့ဟာတွေမို့လို့ ဆက်သွယ်ရေးစနစ်အားလုံး ပြတ်တောက်သွားရင် ဘယ်လိုနေမလဲ…နေကြည့်ကြစမ်းဟယ်… ဆိုပြီး နာဂစ်က ပညာပေးသွားတာ…။ လျှပ်စစ်ပစ္စည်းအားကိုးလွန်းတဲ့ဟာတွေ လျှပ်စစ်မရှိရင် ရေသုံးဖို့တောင် အဆင်မပြေဘူးဆိုတာ သိအောင်လုပ်သွားတာ …။ မှတ်ကရော…။

ကြီးဒေါ်ကလည်း … အဲလိုမပြောပါနဲ့ ..။ ရွာတွေဆို…သနားစရာ…။ လူတွေ သေကြတာ အများကြီးပဲ …။

ဟုတ်ပါတယ်အေ … ။ ငါကညည်းတို့ကို မြင်ပြင်းကတ်လို့ ပြောနေတာပါ …။ အိုးမဲ့အိမ်မဲ့တွေဖြစ် … မိသားစုဝင်တွေဆုံးရှုံးနဲ့  … ခြောက်ခြားစရာကြီးပါအေ … ။

တိုက်အိမ်တွေက အလွန်ဆုံးဖြစ်ရင် အမိုးလန်..ပြတင်းပေါက်ပြုတ် … ဒီလောက်ပဲဖြစ်တာ…။ သဘာဝတရားကြီးကလည်း မြေနိမ့်ရာလှံစိုက်တယ် နော် …။

ဒါနဲ့ လမ်းထိပ်က သစ်ကိုင်းပုံကြီး မရှိတော့ဘူးနော် ဒေါ်လေး…။

အေးလေ… ရဲဘော်တွေ လာရှင်းသွားကြတာလေ … အရေးဆို သူတို့ပဲ ထွက်ထွက်လာရတာ … ။ တစ်ခါသုံးကျွတ်ကျွတ်အိတ် လက်အိတ်လေး… တစ်ခါသုံးနှာခေါင်းအုပ်ပါးပါးလေးတွေနဲ့ …။ မိုးရွာလာတော့ အခက်အလက်မရှိတော့တဲ့ သစ်ပင်ငုတ်တိုကြီးအောက်မှာ ထိုင်လို့ …။ သနားစရာပါအေ …။

သနားစရာမဟုတ်ပါဘူး ကြီးဒေါ်ရယ်…။ လေးစားစရာပါ … ။ လေးမတို့ အဆင်ပြေအောင် သူတို့က ပင်ပင်ပန်းပန်း ( အမိန့်ကြောင့်ပဲဖြစ်ဖြစ် ..) လုပ်ပေးနေတာလေ…။

အလိုတော် … ဖြစ်ရပြန်ပြီ … ညည်းပဲ အမျိုးမျိုး …။

အော် … မုန်းစရာလုပ်တဲ့သူကိုမုန်းပြီး လေးစားစရာလုပ်တဲ့လူကို လေးစားတာပေါ့ ကြီးဒေါ်ရဲ့ …။ ဒါမှ လူပီသမှာပေါ့ … ။

အင်း… လူတွေဆိုတော့ လူပီသဖို့ကြိုးစားနေကြရတာပေါ့ ….။ ခုဆို နိုင်ငံတကာက လူပီသစွာ လူသားချင်း စာနာထောက်ထားတဲ့အကူအညီတွေ ပေးနေသလို တို့အစိုးရကလည်း လူပီသစွာ အကူအညီတွေလက်ခံရယူ နေပြီဆိုတော့ ၀မ်းသာစရာပဲ …။

ပြည့်အင်အားဟာ ပြည်တွင်းမှာရှိသလို ပြည်ပမှာလည်း ရှိနေတာပဲ နော် … ။

လေးမတို့လည်း လူပီသစွာ လူသားဆန်တဲ့ အလုပ်တွေလုပ်ရဦးမယ် … ။ ကဲ..ကဲ..မနက်ဖြန် ကွမ်းခြံကုန်းက ရွာတွေကိုဆင်းမယ့်အဖွဲ့ နဲ့ပေးဖို့ အ၀တ်တွေ ဆာလာအိတ်ထဲ ထည့်ကြရအောင် …။ ။

ပျံသန်းသွားသော …

သူငယ်ချင်းရေ …

နင်ဟာ ပျံသန်းသွားတဲ့ငှက်

ငါက သိုက်မြုံကို မခွာရက်တဲ့ငှက်

နင်ဟာ အတောင်ပါတဲ့ငှက်

ငါက အတောင်ကျိုးတဲ့ငှက်

ငါတို့တွေ သဘာဝမတူကြပေမယ့်…

အချစ်ဆုံးတွေ ဖြစ်ခဲ့ဖူးတယ်…။

မိ … ရွှေမိ … မိစုတ် … ဘဲပေါက်မ …

နင်… အသက် တစ်နှစ်ကြီးသွားပြီ… ၀မ်းသာလိုက်တာ … ဟ..ဟာ…ဟား…

အရင်လို ဆံပင်နီနီလေးဆိုးပြီး နားကွင်းတစ်ဖက်ထဲတပ်ထားတဲ့ ( ဂျစ်ပစီစတိုင်လ် လို့ ငါက ခေါ်တဲ့ ) ချာတိတ်မလေးမဟုတ်တော့ဘူး…။

First year တုန်းက ငါ့အ၀တ်သေတ္တာကို ဆွဲဖွ … ငါ့ရဲ့ အသစ်စက်စက် မြန်မာချည်ထည်လုံချည်လေးတွေကိုကိုင်ကြည့်ပြီး … “ နင်က အရမ်းမြန်မာဆန်တာပဲနော် ” လို့ တအံ့တသြပြောခဲ့တဲ့ ဂျင်းဘောင်းဘီနဲ့ မိ …။

( တကယ်တော့ တက္ကသိုလ်ကျောင်းသူဖြစ်ပြီဆိုပြီး အမေက ထည့်ပေးလိုက်တာ ..ဟ.. )

ကြည့်မရတဲ့ကောင်လေးကို ဆိုင်ကယ်နဲ့ ပွတ်ဆွဲတတ်တဲ့ မိ …။

( မိစုတ် … နင့် ကြောင့် ငါ .. ကျောင်းတုန်းက ရည်းစားမရတာ… ဟွန်း )

သနပ်ခါး ဘဲကြားလိမ်းလို့ စီနီယာမမတွေက သရဲ လို့ခေါ်တဲ့ မိ …။

“ နင်.. ယောက်ျားယူသွားလို့ .. ငါရည်းစားရသွားတာ..” လို့ ဆင်ခြေပေးတဲ့..မိ..။

(… နင့်ဟာနင် ရည်းစားထားတာ ငါ့ကို တရားခံရှာစရာလား… )

“ နင်ရေးတဲ့စာတွေ..ငါနားမလည်ဘူး… ကွန်မန့်တွေ ဖတ်လိုက်မှ နားလည်တယ်လို့..” သြဘာပေးတဲ့…မိ…။

( … ကြားရတာ အားရစရာ .. တေချင်တယ်..)

မိ..မိ..မိ…ရွှေမိ…ပျံသွားပြီ … ဟိုးအဝေးကို… ဆယ်ကျော်သက်က မက်ခဲ့ဖူးတဲ့ အိပ်မက်တွေဆီကို … အတောင်တွေဆန့်ပြီး… ပျံသန်းသွားလိုက်တာ… ငါနဲ့အဝေးကြီးမှာ….။

မှန်တာကို ၀န်ခံရရင် ဆိုင်သူတွေ ကိုယ်စီနဲ့ … ဘ၀တစ်ခုစီနဲ့မို့ … ဟိုးတုန်းကလို … ကျောင်းပိတ်ရက်ခွဲကြရတုန်းကလိုတော့ သိပ်မလွမ်းတော့ဘူး … မိ ရယ်…။

ဒါပေမယ့် .. သတိရနေပါတယ်.. မိရယ် …။

Happy Birthday

… တော်ရာမှာ ပျော်ပါစေ မိ…။ ။

သင်္ကြန်အကြို … ကာတွန်း

* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)

ဘိလပ်က သယ်ရင်းတို့ရေ… နှစ်သစ်ကူးတဲ့ အတာတန်ခူးမှာ ခွင့်ရလို့ပြန်လာကြရင်ဖြင့် ကိုနက်ချိပ်လို စတိုင်လ်မထွားကြနဲ့နော်…။ ဟီး..ဟီး…စတာပါ…..။ လေးမ ဘော်ဒါတွေထဲမှာ ကိုနက်ချိပ်တွေ မရှိပါဘူး…။

တကယ်တော့…. တလောက နာမည်ကြီး ဘလော့ဂ်တစ်ခုမှာ မြန်မာဆိုတာ … ဘယ်လို..ဘယ်ညာ…ဘာဖြစ်တယ်ဆိုတာကို …မြန်မာတစ်ယောက်က ကဗျာရေးထားတာ ဖတ်ရကတည်းက ရီချင်လို့ ဒီကာတွန်းလေး တင်ပေးချင်နေတာ…။ scan လုပ်ရမှာ ပျင်းနေတာရယ်… သင်္ကြန်နဲ့ ဝေးသေးတာရယ်ကြောင့် မတင်သေးတာ…။ ခုတော့ ဒီကာတွန်းလေး နဲ့ သင်္ကြန်ကို ကြိုဆိုရင်း ကိုယ့်အမျိုးကို … ကိုယ့်လူမျိုးကို … ကိုယ်ကိုယ်တိုင်က အထင်သေးရှုံ့ ချခြင်းတွေ လျော့နည်းပါစေလို့ ရိုးသားစွာ ဆုတောင်းလိုက်ပါတယ်…။ ။

ယနေ့ ရန်ကုန်

ကိုညိုထက် ရေးခိုင်းလို့…။

ယနေ့ ရန်ကုန်မှာ…

ရွှေတိဂုံ

ရင်ပြင်တော်ပေါ်တွင် ဆေးလိပ်သောက်ခြင်း..ကွမ်းစားခြင်း တားမြစ်ထားသောကြောင့် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့….။

ပြည်သူများ ဘေးကင်းစွာ ဘုရားဖူးနိုင်ရန်အတွက် လုံခြုံရေးများ အပြည့်အ၀ ချထားသောကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးခွင့်ရ…။

ဓါတ်လှေကားသို့ လျှောက်လမ်းတွင် တောင်းရမ်းသူ သက်ကြီးရွယ်အိုများ အခြေအနေကြည့်၍ ပြေးပြေးလွှားလွှား သွားသွားလာလာ အလှူခံလျက်ရှိ…။

သက်တမ်း ၁၀၀ ကျော် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်

တိရိစ္ဆာန်အတော်များများ ပရိုမိုးရှင်းဖြင့် မြို့တော်သစ်သို့ ပြောင်းရွှေ့ ….။

ပြောင်းရွှေ့သွားသော အကောင်များနှင့် ပတ်သက်၍ … မျောက်ရွာမှ မျောက်များ သန်းရှာရင်း အတင်းတုပ်လျက်ရှိ….။

မည်သို့ပင် ဖြစ်စေ…. စိမ်းလန်းစိုပြည် အုပ်အုပ်ဆိုင်းဆိုင်းရှိသော ဥယျာဉ်ကြီးသည် ရုံးပိတ်ရက်များတွင် စည်ကားလျက်ရှိနေ….။

ဗိုလ်ချုပ်ဈေး

ဝင်ကြေး ၁၀၀ … ထွက်ကြေး ၁၀၀…(ပါကင်မရလို့ တပတ်ပြန်ပတ်…ပြန်ဝင်ရင်လည်း ၁၀၀ )…။

မုန့်ပဲ သွားရေစာ ရောင်းသူများ… လျှောက်လမ်းများတွင် ပြည့်…။

ပစ္စည်းမှန်…ဈေးမှန် ( ဆစ်နိုင်မှ တော်ရာကျမည် ) အမျိုးအမည်ပေါင်းများစွာ ရောင်းချနေ…။

ဘာ Mart ညာ mart တွေ

သင်္ကြန် မျက်မှန်..၊ ရေသေနတ်..၊ ဦးထုပ်အမျိုးမျိုး…၊ သီချင်းခွေများ…၊ သင်္ကြန်နှင့် ပတ်သက်သမျှ အတိုအထွာများ ရောင်းချနေ….။

Date expire ဖြစ်ရန် သိပ်မလိုတော့သော စားသောက်ကုန်များကို special discount ဖြင့် ရောင်းချ….။

ကန်တော်ကြီး

ဈေးပွဲတော်… လက်ဝှေ့ ပွဲ…. စတိတ်ရှိုးပွဲများဖြင့် စည်ကားလျက်ရှိသောကြောင့် သစ်ပင်များ..ကုန်းမြင့်လေးများနဲ့ ရေကန်ကြီးက မျက်ရည်စို…( သူတို့အလှမပေါ်လွင်လို့…တဲ့…)

ဘာဆိုင် ညာဆိုင်များပေါများ… ဟိုအမှိုက်..ဒီအမှိုက်…လူအမှိုက်များလည်း…ဟိုတစ်စ..ဒီတစ်စ…။

သို့သော်…ကန်တော်ကြီးသည် လှဆဲ… ကန်ရေပြင်ကို ဖြတ်လာသောလေသည် လတ်ဆတ်ဆဲ…။ ( မယုံရင် တင့်ကားကုန်းဘက်ကိုသွား…)

အင်းယားကန်

အသုတ်နှင့် အကြော်ဆိုင်များ လက်ရာ အလွန် ညံ့ဖျင်း….။

အင်းယားသည် ချစ်သူစုံတွဲတို့ ကွန်းခိုရာ ဟူသော ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းထားဆဲ….။

တက္ကသိုလ်

-တက္ကသိုလ်ကျောင်းများတွင်……စာသင်လျက်ရှိ….။

ဆေးရုံ…ဆေးခန်း

ဆေးရုံ…ဆေးခန်း…ဆရာဝန်…သူနာပြု…ပေါကြွယ်ဝ…( ရှားတာ..ဆေး…)

အနုပညာရပ်ဝန်း

မြန်မာဇာတ်လမ်းများသည် ကိုရီးယားဇာတ်လမ်းများကို တိုးမပေါက်ပေမယ့် မြန်မာအနုပညာရှင်များ၏ သတင်းအတင်း သည် ကိုရီးယားနုပညာရှင်များထက် အားပေးသူများပြား…။

ခုတောင်… နိုင်နိုင်းတစ်ယောက် …အတုမိသွားလို့ဆိုလား…..ဘာလား……။

သီချင်းလောက

အသံချိုချိုအေးအေးပိုင်ရှင်များ ဖြစ်ကြသော ကို ငှက် နှင့် ဦးထီးတို့ ကျောခိုင်းထွက်ခွာ…။

အမှတ်တရ … အလွမ်းပြေ … ပြန်ဆိုခွေများ… ဆက်လက်ထွက်လာနိုင်ဖွယ်ရှိ …..။

စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းများ ( တောဂေါ်လီ နှင့် ဖုတ်လှိုက်ဖုတ်လှိုက် ) ကို မိန်းကလေးများ သဲသဲလှုပ်အားပေး…၊ အားပါးတရ အော်ဆို…။ သင်္ကြန်ရောက်ရင်လည်း လူငယ်တွေ အော်ကြပြန်ဦးမယ်…။

တော်သေးပြီ…။ ကျန်တာတွေကတော့ အားလုံး သိကြတဲ့အတိုင်း…….။ သေချာတာကတော့ ယနေ့ရန်ကုန်ဆိုတာ မနေ့က ရန်ကုန်လို မဟုတ်ဘူးလေ…။ ။

မှတ်ချက်။ ။ ရန်ကုန်မြို့မှာ ဖြစ်ပျက်နေသမျှ အသေးစိပ်ကို http://mothonlay.wordpress.com/ မှာဖတ်ရှုနိုင်ပါသည်..။

သူငယ်ချင်းကောင်း ယောင်းမ ရေ …

ယောင်းမ ရေ …

သူငယ်ချင်းဆိုတာ လောကမှာ တကယ်ရှိသင့်တဲ့အရာ…

သူငယ်ချင်းဆိုတာ ဘာကြောင့်…ဘာ့အတွက် လိုအပ်တယ်ဆိုတာ အကြောင်းပြစရာမလိုတဲ့အရာ…

သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေရတာ အကောင်းဆုံး…

သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေခြင်းက လွဲပြီး ဘာမှ မလိုအပ် …

တကယ်တော့ ယောင်းမရေ… သူငယ်ချင်းဆိုတာ သူငယ်ချင်းပေါ့ဟယ်…။

ယောင်းမ ရေ …

မွေးနေ့ဆိုတာ … မွေးဖွားလာတဲ့နေ့ …

မွေးနေ့ဆိုတာ … တစ်ခုခုစတင်တဲ့နေ့ …

မွေးနေ့ဆိုတာ … အငိုစတင်တဲ့နေ့…

မွေးနေ့ဆိုတာ … ရက်စွဲတစ်ခု…

တကယ်တော့ ယောင်းမရေ… မွေးနေ့ဆိုတာ မွေးနေ့ပေါ့ဟယ်…။

ယောင်းမ ရေ …

သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … အမှတ်တရ ဖြစ်စေတဲ့နေ့…

သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … လက်ဆောင်ပေးရမယ့်နေ့ …

သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … ၀ါးတီးစွဲရမယ့်နေ့ …

တကယ်တော့ ယောင်းမရေ… သူငယ်ချင်းရဲ့မွေးနေ့ဆိုတာ ယောင်းမမွေးနေ့ပေါ့ဟယ်…။

ယောင်းမ ရေ …

ဆုတောင်းတိုင်း ပြည့်ချင်မှပြည့်တဲ့ လောကကြီးမှာ ဆုတောင်းပေးရမှာလဲ သိပ်တော့ အားမရှိလှပါဘူး…

ဒါပေမယ့် ယောင်းမဘ၀ သာယာချမ်းမြေ့ ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် …။ ။

အမှတ်တရ ကစားပွဲ

သို့

ဒိုင်လူကြီး…

ခုမှ သိလို့ ကောက်ရေးလိုက်တယ်…မှီသေးလားဗျို့ ..ည ၁၁း၃၀ ဆိုတာ ဒီညလား။ မနေ့ ညကလား…။ မကြီးမငယ်နဲ့  ၀င်ပြိုင်ရတာ ရှက်တော့ ရှက်သား..။ ဒါပေမယ့် ရည်ရွယ်ချက်လေးကို သဘောကျလို့ ကမန်းကတန်း ၀င်ပြိုင်လိုက်တယ်…။

လေးမ

ဘလော့ဂ်ကို ချစ်သူလို သဘောထားပြီး ရေးရမှာလား…။ ဘလော့ဂ်ကို ပြောတာနော်..။

၁။ တကယ့်ကို လေး “လေး” နက်နက် တွယ်တာခဲ့တယ်…။ မျှော်လင့် “မ” ထားခဲ့တဲ့ သံယောဇဉ်တွေနဲ့  နှောင်ဖွဲ့  ခံခဲ့ရတယ်..။

၂။ သူ “လေး”က ကျွန်မကို ဘယ်လို ခေါ်သလဲ…တဲ့ ။ “မ” ပြောပြဘူး..။

၃။

၁။ တစ်ခါတစ်လေ…စိတ်ကောက်တတ်ပေမယ့်…

၂။ နှစ်ရက်လောက်တော့ မကောက်နိုင်ခဲ့ဘူး…

၃။ သုံးရက်လောက် ဝေးနေရင် တောင် မနေနိုင်အောင်လွမ်း…

၎။ လေးလေးနက်နက် ချစ်တတ်ခဲ့ပြီ…

၅။ ငါးလေးတွေ ရေကူးသင်စရာမလိုသလို … မင်းကြောင့် ကိုယ် ပြုံးတတ်ခဲ့ပြီ…

၆။ ခြောက်ခြားစရာတွေ ကြုံလာတဲ့အခါ …

ရ။ ခုနှစ်စင်ကြယ်ပြောင် အမြီးထောင်အောင် မင်း..ရင်မှာ ကဗျာရေးရင်း…

၈။ ရှစ်မျက်နှာ သက်သေထားလို့ … သစ္စာတွေ ပွားနေမိတယ်…

၉။ ကိုးနတ်ရှင် အလွန်မွှေနှောက်တဲ့ ကောင်၊ ကိုယ် နဲ့ မင်းကြား စည်းခြားချင်တဲ့ကောင်တောင် …

၁၀။ ဆယ်ခါပြန် ဆလံသလောက်အောင် ကိုယ် နဲ့ မင်းကို ခွဲလို့မရရှာ ဘူး…။

….. ဘလော့ဂ်ကို ပြောတာနော်..။

ပြိုင်ပွဲ အကြောင်း အပြည့်အစုံက…

ကျွန်တော်တို့ ဒီနေ့ညမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် ဘလောဒ်ဂါညီအစ်ကို မောင်နှမများ ပျော်ရွှင်စရာ ကစားပွဲလေးတစ်ခု ကျင်းပပါမယ်…

*********************************************************

ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း(၃)ချက် ရှိပါတယ်….

(၁) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့

အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။

(၂) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။

(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့်

အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို

ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်… အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ… ဒါကြောင့် ဘလော့ဒ်ဂါ

ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို

ဘာလက်ဆောင်များပေးကြမလဲ။

အဲ့ဒီ (၃)ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။

(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်

စာသားလေး အဖြစ်ပြောင်းရအောင်။

ဥပမာ… ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။

အချစ်နဲ့ ပက်သတ်မိသမျှ “လွမ်း” ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် နင် “စေ” သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။

*စည်းကမ်းချက်*

ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။

(၂) ချစ်သူ့ အခေါ်ဝေါ်လေး။

ဥပမာ… ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ်

ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။

“မောင်” ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။

အ”မျိုး”မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။

*စည်းကမ်းချက်*

ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။

(၃) ချစ်သူ့လက်ဆောင်။

လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။

ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။

တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့

ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။

ဥပမာ… အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။

(၁)တစ်သက်တာ ထာဝရ

(၂)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်

(၃)သုံးနှစ်သုံးမိုး

(၄)လေးလေးနက်နက် စောင့်ခဲ့ရသူမို့

(၅)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ

(၆)ခြောက်ကပ်စွာ

(ရ)ခွန်အားတွေ မဲ့ပြီး

(၈)ရှစ်ခွင်နယ်တစ်ခုလုံး

(၉)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်

(၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ

တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။

အဲ့လိုပေါ့ဗျာ။

*စည်းကမ်းချက်*

ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။

……………………………………………………………………………..

ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။

ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)တဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ်

ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ

ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့

တစ်နေ့လုံး အမှတ်ပေးမှာပါ။

အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ်

သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။

ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။

အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း

ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။

၁၃ ရက်ဖွား စနေသား..ဗိသုကာ

၁၉၁၅ …ဖေဖော်ဝါရီလ ..၁၃ ရက် မှာ စနေသား မောင်ထိန်လင်း … လူ့လောက ကို စတင် ၀င်ရောက်လို့လာပါတယ်…။

နောင်တစ်ချိန်မှာ ပြည်ထောင်စုဗိသုကာ…လွတ်လပ်ရေးဗိသုကာ ဖြစ်လာမယ့် လေးနှစ်သား မောင်ထိန်လင်းရဲ့ အမှန်တရား မြတ်နိုးမှုကို အမှတ်တရ ကူးပြလိုက်ပါတယ်…။

မောင်ထိန်လင်း၏ မိခင်သည် အိမ်တွင် စပါးများ ၀ယ်လှောင်ထားပြီး ကျေးလက်တောရွာမှ လူများအား တဆင့် ရောင်းသည်..။

တနေ့ ၀ယ်သူများက ဈေးဆစ်ရာ “…ကိုင်း..မင်းတို့ ဒါလောက်လိုချင်နေမှ ငါလျှော့ပေးလိုက်မယ်..။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့  ၀ယ်ထားရတယ်။ ဒါပေမယ့် မင်းတို့ကို ငါးဆယ်ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောရာ.. မောင်ထိန်လင်းက “ ဟာ ..အစ်မကလဲ..မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့  ၀ယ်ထားတာ ကျွန်တော် သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး”…ဟု ခပ်တည်တည် ၀င်ပြောလိုက်လေသည်…။

ထိုသို့သော မောင်ထိန်လင်းသည် အရွယ်ရောက်လာချိန်မှ သေဆုံးချိန်အထိ တဖွဖွ ပြောလေ့ရှိသောစကားမှာ

“ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု..ပဲ ဖြစ်တယ်…”…။ ။

I Pay My Respect to This Architect !!!

ပထမဆုံးလမှာ စိန်ခေါ်ကြသူများ..

ခရစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်န၀ါရီလမှာ လောကကြီးကို “ အူဝဲ..အူဝဲ” လို့ စိန်ခေါ်ခဲ့ကြတဲ့ ….

လေးမနဲ့ မွေးလတူ မြန်မာ ဘလော့ဂါတွေ ( သိသလောက်) ကို စာရင်းပြုစုကြည့်တာပါ…။

၁။ မောင်နိုင်

၂။ မောင်မျိုး

၃။ မလေး

၎။ လေးမ

၅။ သိုးလေး

၆။ မြလွှာ

ရ။ ရွှန်းမီ

 

၈။ပင့်ဂိုးလ်
၉။ ဂျေ

 

ဇန်န၀ါရီလဖွားတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိသလဲဆိုတာ သိချင်ရင် သူတို့ ရေးတဲ့ စာတွေကို ဖတ်ကြည့်ပြီး အကဲခတ်နိုင်ပါတယ်…။

နှလုံးသားက အထိမခံ .. အရမ်းခံစားတတ်…အရမ်းကြေကွဲတတ် … လွမ်းလည်းလွမ်းတတ်တယ် … အလှအပလေးတွေ မြတ်နိုးတတ်တယ်…. တခါတလေ…ရယ်မောတတ်တယ်…။

ငယ်ငယ်က အရမ်းဆော့တတ်ပြီး… အသက်ကြီးလာတော့ နည်းနည်းမှ အငြိမ်မနေ … အွန်လိုင်းပေါ်တက်ပြီးလက်ဆော့နေရမှ ( ဘလော့ရေးတာ ..လည်တာကို ပြောတာနော်..) ထမင်းစားဝင်တယ်…။

ခစ်..ခစ်…မှန်တယ်ဟုတ်….မှားရင်လည်း သည်းခံနော်…။


ဇန်န၀ါရီလဖွား မြန်မာ ဗိသုကာများ

၁။ ဒေါ်မင်းသက်မွန်

၂။ ဒေါက်တာ ဆွေဆွေအေး

၃။ ဦးငွေစိုး

၎။ မချောကလျာ

၅။ မခင်ထက်ထက်ဇော်

၆။ ဒေါက်တာ မန်းသူဇာထွန်း

ရ။ ဒေါက်တာ ဇာဇာဝမ်းမောင်

၈။ မနှင်းရီ

၉။ လေးမ ( သူတစ်ယောက်ကတော့ ဗိသုကာလောကကြီးကို စိန်မခေါ်နိုင်ခဲ့ပါဘူး…။ ဒါပေမယ့် ကိုယ်ပိုင်အိမ်ကလေး တစ်လုံးကို စိတ်တိုင်းကျ ဒီဇိုင်းဆွဲဖို့ ကမ်းလှမ်းထားတဲ့ သူတော့ရှိပါတယ်…။ ပိုက်ပိုက်ပြည့်စုံတဲ့တစ်နေ့ အလုပ်အပ်ပါမယ်တဲ့… ။ လေးမရဲ့ client က ကောင်းကင်ကြီးလေ…)


အခြားလဖွားများလည်း ဇန်န၀ါရီဖွားများနဲ့ အတူ ပျော်ရွှင် ကြည်နူးကြပါစေရှင်…။ ။