ဟိုးတုန်းက ဒုက္ခ.. အခုတော့ဟာသ

ကြွေးရှင် ကြောင်မျိုးက စီပုံးမှာ တညောင်ညောင် အော်လှပြီ… ။ ကြာရင်ကြောင်ကိုက်ခံရတော့မယ်…။ တော်ကြာ စိတ်ဆိုးပြီး နောက်မရေးခိုင်းတော့ရင် ဒုက္ခ…။ အဲဒီခေါင်းစဉ်အတွက် ရေးစရာ အကြောင်းက Feeling 28 မှာ ရေးပြီးသားဖြစ်နေတယ်…။ အကြောင်းအရာအသစ် ရှာမရဘူး ဖြစ်နေတယ်…။ ဒုက္ခ မကြုံဖူးလို့  မဟုတ်ပါဘူး…။ ကြုံဖူးတဲ့ ဒုက္ခက ဟာသမဖြစ်တဲ့ ဒုက္ခတွေ ဖြစ်နေတယ်..။ ပြန်တွေးမိတဲ့ အချိန်တိုင်း နာကျင်နေရတဲ့ ဒုက္ခမျိုးပဲ ပိုင်ဆိုင်ပါတယ်…။  ဒါကြောင့် အဟောင်းလေးကို  ( ဆားချက်တယ်ပဲ ဆိုဆို… ) ပြန်ကူးပေးလိုက်ပါတယ်…။

အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။

ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest room ခဏ၀င်မယ်ဆိုပြီး ၀င်လိုက်ပါတယ်…။

ရေချိုးခန်းထဲရောက်တော့ လက်ထဲက tissue လေး ပြုတ်ကျသွားလို့ ကုန်းကောက်လိုက်တယ်…။

အဲဒီမှာ သွားရော..ကျပ်နေအောင်ချုပ်ထားတဲ့ အကျီင်္က လက်မောင်းချုပ်ရိုးတွေ ပြုတ်ကုန်ရော…။

ငိုမဲ့မဲ့ နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ သတို့သမီးကိုကြည့်ပြီး အားလုံးလန့်သွားပါတယ်…။

အပ်ချည်အ၀ါရှာပြီး ၀တ်ထားတဲ့ အကျီင်္မှာ လက်နဲ့ ကိုယ်ထည်ပြန်တွဲပေးနေတော့ အပ်စူးမှာလည်းကြောက်…

တောင်ရှည်..ခေါင်းပေါင်းနဲ့ သတို့သားကလည်း ပြီးသေးဘူးလား… အချိန်နီးနေပြီ ဆိုပြီး အပေါက်ဝမှာ ရစ်သီရစ်သီလာလုပ်နေတော့ ဇောချွေးတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်…။

မိတ်ကပ်မာမီကတော့ ချွေးပြန်နေတဲ့ မျက်နှာကို မိတ်ကပ်လိုက်ဖို့ရင်း သမီးလေး.. စိတ်လျှော့ထား… ဘာမှ မဖြစ်ဘူး..အေးအေးဆေးဆေးပဲ… လှလှလေးပြုံးနေ လို့ပြောပါတယ်…။

သူတို့ပြင်ဆင်တာပြီးတာနဲ့ စိတ်မြန်တဲ့ သတို့သမီးဟာ ထိုင်မသိမ်းကို မပြီး မိတ်ကပ်ခန်းအပြင်ဘက်ကို ဇိုးဇိုးဇတ်ဇတ်နဲ့ ထွက်လိုက်ပါတယ်…။

ပွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်နေပြီမို့ စတိုင်လ်နဲ့ မလျှောက်နိုင်တော့ပါဘူး…။

မိတ်ကပ်မာမီတစ်ယောက်က ဟဲ့..သတို့သမီး..ဖြည်းဖြည်း ..စိတ်လျှော့….နဲ့ အော်ရှာပါတယ်…။

သတို့သားနဲ့ လက်ချင်းချိတ်လိုက်မှပဲ သူတို့သမီး ဣနြေ္ဒရသွားပါတယ်…။

ခန်းမထဲကို ၀င်ဖို့ လှေကားကဆင်းလာပါတယ်…။

ဗွီဒီယိုရိုက်တဲ့သူက အော်တယ်… စကားလေးပြောပြီး ဆင်းလာပါ..အသက်ဝင်အောင်လို့ပါ တဲ့…

သူကငဲ့ကြည့်ပြီး..

ပျော်လား..

အင်း…အဟင်း…ဟိုလေ …. စူးနေတယ်

ဟင်..ဘာလဲ…ဘာစူးတာလဲ…

ပြုံးပြုံးလေး ခင်ဗျာ တဲ့ ( ဓါတ်ပုံဆရာက အော်နေတယ်)

ဟိုလေ.. ထိုင်မသိမ်းမှာ ထိုးထားတဲ့ ပင်အပ်..ပင်အပ်တွေက ခြေလှမ်း လှမ်းလိုက်တိုင်း စူးနေလို့…

.ဟင်… ဘယ်လိုလုပ်ကြမလဲ

ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ…

အသာလေးထိန်းလျှောက်နော်…မဲ့ရင် ဓါတ်ပုံထဲမှာ မလှဘဲနေမှာနော်… သည်းခံလိုက်နော် …တဲ့…။

အခွေထဲမှာ အသံမပါလို့သာ တော်တော့တာပေါ့…။

လှချင်ပါတယ်ဆိုမှ အဲဒီနေ့က ……။

အော် ….. မင်္ဂလာဆောင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါလားနော်…။

အဲဒီတုန်းက ကျပ်ထုပ်နေတဲ့ သတို့ သမီး ၀တ်စုံအောက်မှာ အသက်ရှူလိုက်ရင် ချုပ်ရိုးတွေ ပြုတ်ထွက်ကုန်မလားလို့  တွေးပူပြီး အသက်တောင် ရဲရဲ မရှူရဲခဲ့တဲ့ ဒုက္ခ…၊ ပင်အပ်စူးလို့  လမ်းလျှောက်ရခက်တဲ့ ဒုက္ခ..၊ အခါတော်… ဆိုတဲ့ သီချင်းသံကြားတော့ ငိုချင်သလိုလို… ဗိုက်နာသလိုလို…ဖြစ်လာတဲ့ဒုက္ခ၊  ပြုံးလိုက်တိုင်း တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတဲ့ ဒုက္ခ… အဲဒီဒုက္ခတွေက အခုကျတော့ ဟာသ … လွမ်းရတဲ့ဟာသ …။ ။

မှတ်ချက်။ ။ မင်္ဂလာဆောင်တာများ. အဲသလောက်တောင် စိတ်လှုပ်ရှားရသလားလို့  လာမပြောနဲ့ …။ အဖြေရှိပြီးသား… သမီးမှ မဆောင်ဘူးတာ……….လို့ ….။ 😛

Advertisements

2008 နောက်ဆုံးည

လွန်ခဲ့သော နှစ်ပေါင်းများစွာရဲ့ နောက်ဆုံးညတွေကို အိပ်ပျော်ရင်း.. ရုပ်ရှင် ကြည့်ရင်း.. ငြိမ်သက်စွာ ဖြတ်ကျော်ခဲ့ပါတယ်..။

ဒီနှစ် ၂၀၀၈ ရဲ့ နောက်ဆုံးညကိုတော့… မအိပ်ဘဲ… ဖြတ်ကျော်ခဲ့ပါတယ်..။ အကြောင်းတိုက်ဆိုင်လို့  ၂၀၀၈ ကို နှုတ်ဆက်တဲ့ နေရာတစ်ခုကို ရောက်ခဲ့ပါတယ်…။ ဘူဖေးပွဲကြီးထဲမှာ လေးမ အကြိုက်တွေက အမယ်စုံ …။ ညနေ ငါးနာရီလောက်ကတည်းက ဆာနေတဲ့ ဗိုက်ကို ရေကလွဲပြီး ဘာမှ မဖြည့်ထားတာ… တန်အောင်ဆွဲတာပေါ့…။ ပထမတစ်ခေါက် … စားပွဲရှည်ပေါ်က ဟင်းတစ်မျိုးစီကို မစားတဲ့ အသားတွေကလွဲရင် တစ်မျိုး နည်းနည်းစီ ထည့်လာခဲ့တယ်…။ သတိရတာ ပေါ့.. လေးမကို သံယောဇဉ်ရှိကြတဲ့ အွန်လိုင်းက မောင်နှမတွေကို သိပ်သတိရတာပေါ့… ဒါကြောင့်… အားလုံး ကိုယ်စား… လေးမ ပိုစားခဲ့ပါတယ်…။ အရည်လား… အချိုရည် က သတ်သတ်ဝယ်သောက်ရမယ်ဆိုလို့ ဟင်းချို ပဲသောက်တယ်… အပိုတော့ ၀ယ်သောက်ဘူး..။ အလကားတိုက်တဲ့ ဘီယာကျတော့ ကြိုက်ဘူး..လေ…( နေရာ ချင်းသာ လဲလိုက်ချင်တယ်… လို့  တွေးနေတယ်မို့ လား.. ) ။

ဒုတိယတစ်ခေါက်… ပထမတစ်ခေါက်က စားထားတဲ့ထဲက အရသာတွေ့ တာလေးတွေ ထပ်ဆွဲလိုက်တယ်…။ တတိယ တစ်ခေါက်… အချိုပွဲ… ရေခဲမုန့် ကို စတော်ဘယ်ရီနဲ့  ချောကလက် တစ်ဝက်စီရော.. ဝေဖာ နှစ်ခု စိုက်… ၀ စေတာတွေ ဘာတွေ.. လုံးဝ ခေါင်းထဲမထည့်ဘူး…။ အကြိုက်ဆုံးအရာတွေ မျက်စိရှေ့ ရောက်နေတာ.. စားမှာပဲ…။ ရေခဲမုန့် ပန်းကန်လေးကိုင်ပြီး ဘေးက “ဘို” ကြီးကို ပြုံးပြလိုက်ရင်း လေးမ နည်းနည်း ရှက်သွားတယ်…။ ရေခဲမုန့် ကြောင့် မဟုတ်ပါဘူး…။ သူက ပင်နီအင်္ကျီနဲ့  ပိုးပုဆိုး ၀တ်ထားတဲ့ “ ဘို” ဖြစ်နေပြီး လေးမက ဂျင်းဘောင်းဘီ နဲ့  နိုင်ငံခြားဖြစ် အင်္ကျံဝတ်ထားတဲ့ မြန်မာမ ဖြစ်နေလို့ ပါ…။ ရှက်ရွ့ံ သိမ်ငယ်စွာ နောက်ဆုတ်လာပြီး ကိုယ့်နေရာရောက်တော့ ဘေးဘီဝဲ ယာ ကြည့်ပြီး စိတ်ကို ဖြေရတယ်…။ ငါဝတ်ထားတာ အများကြီး တော်ပါသေးတယ်… မြန်မာ မဆန်ရုံလေးပါလို့  တွေးရတယ်…။ အခြားသော ရွှေပွဲလာ မြန်မာမိန်းကလေးအများစုရဲ့ ၀တ်စားဆင်ယင်မှုက အရမ်းကို ဟော့ပြီး.. အရမ်းကို ရှော့ … ပါတယ်…။ ဒီလို ၀တ်စားပြင်ဆင်လာမယ့် မိန်းမလေးတွေ ရှိတဲ့ နေရာကို သူ့  တစ်ယောက်ထဲမလွှတ်ဘဲ ဘေးက လိုက်လာမိတာ သိပ်မှန်တယ်လို့ လည်း ကိုယ့်ကိုယ်ကို ချီးကျူးလိုက်သေးတယ်…။

အဲဒီလိုနဲ့  ..ဆိုနေတာတွေ နားထောင်… ပြနေတာတွေကြည့်… စိတ်ပါရင် လက်ခုပ် ထ တီးပြီး … ၁၂ နာရီ ထိုးတော့ ‘HAPPY NEW YEAR’ လို့  အော်လိုက်တယ်…။ ကောင်မလေးတွေကလည်း ‘HAPPY NEW YEAR’.. ကောင်လေးတွေကလည်း ‘HAPPY NEW YEAR’ … လူကြီးတွေကလည်း ‘HAPPY NEW YEAR’ … ဘေးက ကောင်းကင်ကြီးကလည်း ‘HAPPY NEW YEAR’ … …။

ဒီလိုနဲ့ … ၂၀၀၈ ရဲ့ နောက်ဆုံးညကို လွန်မြောက်ပြီး ဘေးမသီ ရန်မခ အိမ်ပြန်ရောက်လာတယ်…။

ဟယ်… အံ့သြစရာ… အိမ်က ထွက်လာတုန်းက ၂၀၀၈ … အိမ်ပြန်ရောက်တော့ ၂၀၀၉ …( မအံ့သြရင်လဲနေပေါ့ ) ။ ။

ကြွေးရှင် ( မောင်မျိုး ) ကိုက်မှာ ကြောက်လို့  ၂၀၀၈ ရဲ့ နောက်ဆုံးညကို ဖွင့်ပြလိုက်ပါတယ်…။

စိတ်ကူးယဉ်ခြင်း

 စိန်ပွင့်လေးတွေလို တဖျတ်ဖျတ်တောက်နေတဲ့ ကြယ်လေးတွေကို မမှီ့ တမှီ  လှမ်းထိလိုက်ရင်း လမင်းကြီးကို မခို့ တရို့ ပြုံးပြလိုက်တယ်…။ မည်းမှောင်နေတဲ့ ညကတီပါနောက်ခံမှာ လေးမ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ပျံလေးက မီးရောင်စုံလင်းလက်လို့  တောက်တောက်ပပလေးဖြစ်နေပါတယ်…။

“မလေးမရေ… စောင့်ပါဦး… နေ့အိပ်မက်လည်း လိုက်မယ်… ”

“ လာလာ… မြန်မြန်.. ကြိုးချပေးလိုက်မယ်.. တက်… တက်… ဟဲ့ … လက်ထဲက စာအုပ်တွေ ထားခဲ့လေ.. လေးတယ်…”

“ မဖြစ်ဘူး… မထားခဲ့နိုင်ဘူး.. ပလုတ်တုတ်စာစောင်တွေ.. နေ့ အိပ်မက် ကဗျာတွေပါတယ်.. ပြီးတော့ ဟိုမဂ္ဂဇင်းတိုက်အတွက် ရေးလက်စ စာမူတွေ .. မမရဲ့..”

“ အဂါင်္ဂြိုဟ်မှာ အေးအေးဆေးဆေး နားပါမယ်ဆိုအေ …”

“ နားချိန်မှာလည်း စာနဲ့  မခွဲနိုင်ဘူး.. မမရဲ့… ဒါနဲ့  အဂါင်္ဂြိုဟ်မှာ ကိုးနတ်ရှင် ကောင်းရဲ့လားမသိဘူးနော်… ဘလော့ဂ်တွေ လည်လို့ မှရပါ့မလား.. မမ.. ဘန်းတာတွေ ဘာတွေများ ရှိလားမသိ..”

“ မပူပါနဲ့ .. မမတစ်ယောက်လုံးပါတာပဲ… အင်တာနက်သာ သုံးလို့ ရရင် ကျန်တာ ဘာမှမပူနဲ့ ..”

“ ဟွန်း.. ဟွန်း.. ဟွန်း.. မင်းဘယ်ပြေးမလဲ မိချိုသဲ… အဟဲ… တီကြွက်တို့က စိတ်ပုတ်တယ်ဗျာ.. အဂါင်္ဂြိုဟ်သွားတာ အနော့်ကိုကျတော့ မခေါ်ဘူး… ဒါပေမယ့် ဘယ်ရမလဲ.. အနော့်မှာ အင်ဖော်မာတွေ ရှိပြီးသား… မျက်စိတွေ .. နားတွေကို  ဖြန့် ကျက်ထားတာ… သိသိခြင်း စုံစီနဖာ အိမ်က အစာတောင်းနေတဲ့ ကြောင်ကို ခွစီးပြီး အမှီလိုက်လာတာ…။ ဟိုဘက်နည်းနည်းတိုး.. အနော်ထိုင်မယ်…။ ဂိုး.. ပြန်ပေတော့..ကြောင်ရေ..။”

“ကိုမျိုး.. ဘိုလို ရောမပြောပါနဲ့ .. အင်ဖော်မာကို .. သတင်းပေးသူ…  ဂိုးကို မြန်မာလို.. သွား.. လို့ ပြောလည်းရတာပဲ..”

“ဆောတီး.. နေ့အိပ်မက်ရယ်… အယ်… ၀မ်းနည်းပါတယ်… တောင်းပန်ပါတယ်… စိတ်မကောင်းပါဘူး.. အဲ.. သိတော့ဘူးဟာ… နောက်ဆို ဘိုလို ရောမသုံးတော့ဘူးနော်… စိတ်ဆိုးနဲ့ ..”

“ မမရေ.. မီ့..ကြောင်ကို မောင်မျိုး လုသွားတယ်… ”

“ ဟယ်… ရွှန်းမီ… လာလာညီမလေး.. ဘာလို့ နောက်ကျနေတာလဲ… ”

“ လမ်းမှာဗိုက်ဆာရင် စားဖို့  ပေါင်မုန့် ဖုတ်နေလို့.. မမရဲ့..”

“ပေါင်မုန့်တဲ့.. စားချင်လိုက်တာ.. ပေး..ငါ့ကိုတစ်လုံး…။ ဟင်… နင့် ပေါင်မုန့် ကလည်း အတူးကြီး…”

“ ကိုကြီးပန်လေ… မောင်မျိုးရဲ့… နင်ပဲ ကြိုက်တယ်ဆို..”

“ မမ.. ရှေ့ မှာ .. ရှေ့ မှာ… နတ်သမီးလေးလားမသိဘူး… တောင်ပံလေးခတ်ပြီး လာနေတယ်… လက်ထဲမှာပန်းကန်ပြားလေးနဲ့ …”

“ အားလုံး မာကလာပင်… ပလာတာ စားကြပါဦးရှင်.. မနက်အိပ်ယာထကတည်းက မျက်နှာတောင်မသစ်ဘဲ ထချက်ထားတဲ့ အာလူးပတာတာ.. ကြွက်သားပလာတာပါရှင်…”

“… ဂါဂါ … နင်သွားလည်းမတိုက်လာဘူးမဟုတ်လား… ခေါင်းလည်းဖြီးလာပုံမပေါ်ဘူး..”

“နင်ရော.. ဘယ်လောက် သန့်လို့လဲ.. နင့်ကိုယ်ပေါ်မှာ ယင်ကောင် ၃ ကောင်နားနေတာ နင်သိလား…”

“အယ်… ဟုတ်တယ်… မောင်မျိုးကို ဘာလို့  ယင်နားနေတာတုန်း…”

“ဟီး.. ချမ်းလို့  ရေမချိုးတာ ၁ ပတ်ကျော်သွားပြီ..”

“ဖြောင်း.. ဖောင်း…ဗုန်း..”

“မမ… ရှေ့ မှာ ဗုန်း… ထင်တယ်.. ကြယ်တွေ ပေါက်ကွဲ.. လွှင့်စင်နေတာတွေ့ တယ်…”

“တီကြွက်ရဲ့.. သွားကြည့်ရအောင်ပါဗျာ.. အားလုံးမကြောက်ကြပါနဲ့ .. ဗလကြီး မောင်မျိုးပါတယ်.. အရေးအကြောင်းဆို ခါးကိုတင်းတင်းဆွဲထား…”

“ ဟယ်… ဘိုညိမ်း.. ဘိုတင့်နဲ့ သီဟညိမ်း.. ပဲ … ဟိုဘက်က ကြယ်တွေကို ထိုင်မျှားနေတာ.. မျှားပြာ.. မဟုတ်လား..”

“ ဟာ.. ဟုတ်တယ်.. ဒီကောင်ကြီး.. ဒီရောက်နေတာကိုး… ဟေ့..ပဲဟင်း.. ချက်ကြီး…”

“မင်းတို့  ဒီမှာ.. ဘာလုပ်နေကြတာလဲ…”

“ငါတို့  နူးကလီးယား.. စမ်းသပ်မှုပြုလုပ်နေကြတာ..”

“ ဘိုညိမ်းတို့ က ဘာလို့  ဒီမှာ စမ်းသပ်နေတာတုန်း… ကမ္ဘာမြေပေါ်မှာစမ်းမှပေါ့..”

“ထိခိုက်မှု အနည်းဆုံး… ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်ပါ.. အစ်မ…။”

“အဆင့်မြင့် နည်းပညာတွေ သုံးပြီး တီထွင်ထားတာပေါ့နော်…”

“ ဟုတ်တယ်… အစ်မ… မင်းကျန်စစ် ပေးတဲ့ အကြံအတိုင်း တီထွင်ထားတာ.. မြင့်သလားမမေးနဲ့ .. ဒီနူးကလီးယား မှန်တဲ့ အရာဝတ္ထုက ပထမဆုံးယားမယ်… အတွင်းကလီစာတွေ မခံနိုင်အောင်ယားပြီး သူ့ ဟာသူ ပေါက်ကွဲသွားမယ်…”

“ ဟဲ့.. ပလုတ်တုတ်.. ကြောက်စရာကြီးပါလား… နင်တို့ ဟာတွေ ခဏ ရပ်ထားကြပါဦး.. ငါတို့ ကို မတော်တဆမှန်ကုန်ရင် လမ်းတစ်ဝက်မှာတင် နတ်ပြည်ရောက်ကုန်ဦးမယ်…”

“ ဟား…ဟား.. သိပ်မကြောက်ပါနဲ့  အစ်မရဲ့… ဒီနူးကလီးယားက မိန်းကလေးတွေကိုမှန်ရင် မပေါက်ကွဲပါဘူး… နည်းနည်းလေး ယားရုံလေးယားမယ်.. ယားပြီးရင်တော့ ရည်းစားဖြစ်သွားမယ်… ပစ် တဲ့သူနဲ့  … ဟဲ…ဟဲ…ဟဲ..”

“ ကျွန်တော်တို့ တောင် စမ်းသပ်မှုကို စာရင်းပိုပြပြီး နည်းနည်းစီ တိုထားသေးတယ်… လိုအပ်ရင် အရေးပေါ်သုံးဖို့ …”

“ကြည့်စမ်း… ဘိုတင့်… ဘိုညိမ်း.. တိုင်လိုက်ရမလား… သွားပြောလိုက်မှာနော်… ”

“ ဘိုတင့်ရေ.. အစ်မလေးမကတော့ ဘလော့ဂ်ပေါ်မှာတင်မကဘူး… ဒီနေရာမှာလည်း နိုင်ကွက်ရနေပါလားကွာ… ငါတို့ အဖြစ်ကို ကဗျာရေးကြစို့ …”

“ ဘိုညိမ်းရေ.. ခြေခင်းလက်ခင်းသာတဲ့ တစ်နေ့ ရေးကြတာပေါ့ကွာ… လောလောဆယ်တော့ စာမေးပွဲဖြေနိုင်အောင် စာတွေကို ကဗျာစပ်ပြီး ကျက်ကြဦးစို့ …”

“ ကဲ.. အစ်မတို့  ခရီးဆက်လိုက်ဦးမယ်… ။ မောင်လေးတို့ရယ်… အစ်မတို့  သွားပြီး နာရီဝက်လောက်နေမှ ဆက်စမ်းသပ်နော်.. ။ ”

“ စိတ်ချပါအစ်မရဲ့… ဖွာကနဲ လွှင့်စင်သွားတဲ့ ကြယ်စတွေကို မြင်ပြီး ရင်ဘတ်ထဲမှာ ပိုးဟပ်တွေ ရွစိတက်နေသလို ကဗျာရေးချင်စိတ်တွေ ဖွာလန်ကြဲနေလို့  ရေးလိုက်ဦးမယ်ဗျာ… ရေးပြီးမှ ဆက်စမ်းသပ်မှာ….”

“ အစ်မရေ.. ဟိုမှာ… ပူဖောင်းကြီးတစ်လုံး… လာနေတယ်..”

“ ပူဖောင်းထဲမှာ မျက်မှန်တ၀င်းဝင်းနဲ့  ထိုင်နေတာ ပိစိနဲ့  တူတယ် တီကြွက်ရဲ့…”

“ အဲဒီကောင်လေးကို တို့  ယာဉ်ပျံပေါ် ခေါ်လိုက်စမ်းပါဟယ်… တော်ကြာ မလေးမက ပိစိကို အဖတ်မလုပ်ဘူးလို့  အတင်းအုပ်နေဦးမယ်…”

“ ပိကျိ.. နင်က ပူဖောင်းကြီးနဲ့  စတိုင်လ်ထုတ်တာလား…”

“ ဟုတ်ပါဘူးဟာ… စိတ်ညစ်တာတွေ.. ဒေါသထွက်တာတွေ ပျောက်အောင် ပူဖောင်းမှုတ်ရင်း အရှိန်လွန်ပြီး လူပါ အထဲဝင်သွားတာ…။ ပြီးတော့ ဒီပေါ်လွှင့်လာတာ…။”

“ ဝေး.. ဟေး… ဟေး… အဂါင်္ဂြိုဟ်ပေါ် ရောက်ပြီ… လှလိုက်တာနော်… လာ… လာ.. ဓါတ်ပုံရိုက်ကြမယ်…”

“ ဟဲ့.. ဟိုနားက ကျောက်တုံးကြီးက စကားပြောသလိုပဲ… အသံကြားနေရတယ်… သွားကြည့်ရအောင်…”

“ ရှူး… ခြေသံလုံပါစေနော်…”

“ ကိုကို…ကလေး… ရော့စား… ကိုကို ကိတ်စား… ကလေးရော့ နှုတ်ခမ်းနီဆိုး… ကိုကို… ကလေး…”

“ ဟင်… ဆရာ့အသံနဲ့ တူလိုက်တာ… တီကြွက်ရေ”

“ ကိုကို.. ကိုကို့ ကားမှာ မီးလုံးလှလှလေးတပ်ဖို့ ပဲ စိတ်ဝင်စားနေတာလား… ကလေးနဲ့  ချက်ဖို့  ပျက်နေတာကြာပြီ… အဲ့ကားကို မနာလိုဖြစ်လာပြီ…”

“ ကလေးရယ်… ကိုကိုကလေ ကားလေးကို တအား စိတ်ဝင်စားနေလို့ ပါ… ကလေးနဲ့ ချက်ဖို့  ၂၄ နာရီမှာ ၁ နာရီလေးပဲ ပျက်မိတာပါ..”

“သေချာပြီဟ.. မောင်မျိုးရေ… ၁… ၂… ၃… မိပြီဗျို့ … ဒီအတွဲ… အဂါင်္ဂြိုဟ်ပေါ်မှာချိန်းတွေ့ နေတာ ဘလော့ဂ်ပေါ်မှာ ဖွလိုက်မယ်…”

“ လေးမ… ဘာပြောတယ်.. ဖွရဲဖွကြည့်ပါလား… နင့်ဘလော့ဂ် ဘာဖြစ်သွားမယ်…ထင်သလဲ… ဘာဖြစ်သွားမယ်…ထင်သလဲ…”

“ဟုတ်ကဲ့.. လေးမ ဘာမှ မဖွတော့ပါဘူး…”

ထိုစဉ်….

“ဖောင်း” … ပေါက်ကွဲသံတစ်ခုနဲ့အတူ မီးခိုးလုံးကြီး ပေါ်လာပြီး… မီးခိုးငွေ့ များ ပျောက်ကွယ်သွားသောအခါ အနက်ရောင် ၀တ်ရုံရှည်ခြုံထားသော လူတစ်ဦးပေါ်လာသည်…။ ထိုသူက ဆောင်းထားသော ကတော့ချွန်ဦးထုပ်ကိုပင့်ပြီး ခပ်ပြုံးပြုံးကြည့်ကာ “ wordpress plugin လေးတွေ ကလိနေလို့  နောက်ကျသွားတယ်..” လို့  လူမင်းစတိုင်လ်ဖြင့်ပြောသည်…။

“ရပါတယ် မှော်ဆရာရယ်… ဒါနဲ့  အစ်မတို့ကို အဂါင်္ဂြိုဟ်ပေါ်ရောက်ရင် လက်ဆောင်ပေးမယ်ဆို…”

“ပေးပါ့မယ်ဗျာ… ပန်းခြင်းလှလှလေး… ပန်းအိုးလှလှလေးတွေပေးမယ်… မှော်အတတ်နဲ့  ဖန်ဆင်းပေးမှာ… ”

“ဥုံ…. ပေါက်တွေရန်း .. ပန်းတွေရောက်… မြောက်မြောက်ရန်… မြန်မြန်ရောက်… အ..ချလောင်း…”

“ဟယ်… ပန်းခြင်းတွေတော့.. လှလိုက်တာ…အများကြီးပဲ…”

နောက်ဆုံးပန်းအိုးနဲ့ အတူ ပန်းထိုးနေသည့် အစ်မတစ်ယောက်ပါ တွဲပါလာ၏..။

“.. ဟယ်… မနုစံ.. ဒီမှာပန်းအိုးထိုးမလို့ လား… အစ်ကိုမလွှတ်ဘူးထင်လို့  အစ်မကိုမခေါ်တာ..”

“ ဘယ်လိုဖြစ်တယ်.. မသိပါဘူး လေးမရယ်…။ အစ်မက နယူးရီးယားအတွက် ပန်းထိုးကျင့်နေတုန်း… ဒုန်းဆို ကြမ်းပြင်ကြီးတုန်သွားပြီး.. ဒီကိုရောက်လာတာပဲ…”

“ဒါကဒီလိုပါ မနုစံ… ကျွန်တော်က ကမ္ဘာပေါ်မှာ အလှဆုံးပန်းအိုး.. ပန်းခြင်းမှန်သမျှ ဒီကို ရောက်စေလို့ မန်းမှုတ်လိုက်တဲ့အချိန်မှာ အလှဆုံးပန်းအိုးကို ထိုးလက်စဖြစ်နေတဲ့ အစ်မပါ ပါလာတာဖြစ်ပါတယ်ခင်ဗျာ..”

“အော်..ဒီလိုလား.. ဘာပဲဖြစ်ဖြစ်…ရောက်ဖူးသွားတာပေါ့.. ကျေးဇူးတင်ပါတယ်.. မှော်ဆရာ..”

“ မှော်ဆရာ…ရေ.. ကျေးဇူးတင်လက်စနဲ့  ဆက်တင်ရအောင်.. လေးမတို့ ကို အိမ်အမြန်ပြန်ရောက်အောင် ပို့ ပေး ပါကွယ်…။ အစ်မ ညနေစာမချက်ရသေးလို့ …။ ကျန်တဲ့သူတွေ လည်ချင်သေးရင် ဆက်လည်နော်.. လေးမတော့ပြန်တော့မယ်..”

“ပို့ ပေးမယ်..အစ်မ…မျက်စိမှိတ်.. ရောက်ချင်တဲ့ နေရာကို အာရုံပြုကြ… ဥုံ… ဥုံ.. ဥုံ… အ ..ချလောင်း…”

ဖျတ်ခနဲ မျက်စိကိုဖွင့်လိုက်တော့ … ဝေကျနေတဲ့ ထမင်းအိုးက မြင်ကွင်းထဲ ၀င်လာပါတယ်…။ ဖြစ်ပျက်ခဲ့သမျှ.. တကယ်လား.. အိပ်မက်လား… စိတ်ကူးယဉ်တာလား… ဘာမှ သဲသဲကွဲကွဲ မတွေးနိုင်ခင် အရင်ဆုံး အာရုံရတာက ယောင်းမ…ယောက်မ…။ ဘယ်မှာပါလိမ့်… ယောင်းမရေ.. ဘယ်ရောက်နေပါလိမ့်… ဘယ်မှာထားမိပါလိမ့်… ဒွတ်ခပါပဲ.. လိုရင်မတွေ့ ဘူး…။

“ဘတ်..”

နဖူးကို အရိုက်ခံလိုက်ရတာပါ…။ ယောင်းမက တွယ်ထည့်လိုက်တာပါ…။ သူက ထမင်းအိုးဘေးမှာ ခါးထောက်ရင်း ခပ်တည်တည်ပြောလိုက်ပါသေးတယ်…။

“ယောင်းမကိုမရှာနဲ့ … ညည်းရှေ့ မှာ ရှိတယ်..လို့  ပြောထားတယ်မဟုတ်လား… ဘာလို့ ရှာနေတာတုန်း… ပူစရာရှိရင် အပူခံဖို့  ကျူပ်ကစောင့်နေတယ်…” တဲ့…။

ကျေးဇူးပါပဲ … ယောင်းမရယ်…။ ။

လေးမ၏ “စိတ်ကူးယဉ်ခြင်း ”  ဤတွင်ပြီးဆုံးပါပြီ…။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်…။

နေ့အိပ်မက် စိတ်ကူးယဉ်ခိုင်းလို့  အားပါးတရ စိတ်ကူးယဉ်လိုက်မိတဲ့ လေးမရဲ့ ပို့ စ်ထဲမှာ မနှစ်သက်တာလေးများ ပါနေခဲ့ရင်… မုန့် ဝယ်ကျွေး… ပြန်ဖျက်ပေးမယ်…။ နာမည်မရေးထားပေမယ့် အဂါင်္ဂြိုဟ်ခရီးစဉ်မှာ လေးမကို သံယောဇဉ်ရှိတဲ့သူ အားလုံးပါဝင်ခဲ့ပါကြောင်း ထပ်မံဖြည့်စွက်ပါတယ်ရှင်…။

အကြိုက်ဆုံးကဗျာ …

Tag မှ ပို့ စ်တင်တယ်လို့  ပြောရင်လည်း ခံရတော့မှာပဲ …။ ပို့ စ်တင်ရင် Tag Game ကို အရင်တင်တယ်လို့  ပြောရင်လည်း ကျေနပ်လျက်ပါပဲ…။ အဆက်ပြတ်နေတာ ကြာပြီဖြစ်တဲ့ ဘလော့ဂ်မှာ ပို့ စ်တင်ဖို့  စဉ်းစားမိတာနဲ့  မောင်မျိုး ရေးခိုင်းထားတာကို အရင်ရေးမိတယ်…။ အကြိုက်ဆုံးကဗျာ … ။

ခုချိန်ထိ လေးမ ဖတ်ဖူးတဲ့ ကဗျာ .. နှစ်သက်တဲ့ ကဗျာတွေ တော်တော်များပါတယ်… ။ ခုထိအာရုံထဲမှာ စွဲနေတဲ့ ကဗျာတစ်ပုဒ်ကို အကြိုက်ဆုံးကဗျာအဖြစ် ရွေးချယ် လိုက်ပါတယ်…။

အဲဒီကဗျာကတော့

ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…

လို့  “ ယသော်ဓယာ” ရဲ့ ခံစားချက်ကို ကိုမျိုးဦးဥာဏ်က ဖွဲ့ သီထားတဲ့ “ ယသော်ဓယာ တမ်းချင်း”ပါ..။

ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်… တဲ့…။

မျက်စိထဲမှာ ဗုဒ္ဓ၀င် စာအုပ်ထဲက သိဒ္ဓတ္ထမင်းသား တောထွက်ခါနီး ခန်းစည်းလေးလှပ်ပြီး ယသော်ဓယာကို ကြည့်နေတဲ့ ပုံလေး… ယသော်ဓယာက ကျောခိုင်းထားတဲ့ပုံလေးကို မြင်ယောင်မိတယ်…။ ခြေဆွဲလို့  တားချင်လည်း ဘယ်ရမလဲ…။ မာရ်နတ်တောင် တားလို့ မရတာ… မိန်းမသားတစ်ယောက်ဖြစ်တဲ့ ယသော်ဓယာက သားလေးပွေ့ ပြီး အိပ်ဟန်ယောင်ဆောင်ရုံပဲ စွမ်းနိုင်ရှာ မပေါ့ ….။

အကြိုက်ဆုံးစာသား… စွဲနေတဲ့ စာသားလေးက ….

လွမ်းရုပ်မဖော်ရဲတဲ့ လင်ပစ်တဲ့နန်းမတော်ရယ်ပါ

ကောင်းလိုက်တဲ့ အသုံးအနှုန်း… စကားလုံး ကျစ်ကျစ်လစ်လစ်နဲ့  အင်မတန် အသက်ဝင်တယ်…။ ခင်ပွန်းသည် တောထွက်တရားကျင့်တာကို တငိုငိုတရယ်ရယ်နဲ့  လွမ်းပြနေလို့  ဖြစ်မလား…။ ဒါပေမယ့် ရင်ထဲမှာတော့ လွမ်းရှာမှာပဲ…။ လင်ပစ်တဲ့ နန်းမတော်တဲ့…။ နန်းမတော်ကြီးဆိုတာ အင်မတန် မက်မောစရာ နေရာပဲ… ချမ်းသာပြည့်စုံ…သြဇာကြီးလို့  မက်မော အားကျစရာ အနေအထားပေမယ့်… ယသောဓယာကတော့ လင်ပစ်တဲ့ နန်းမတော်ပါတဲ့…။ လင်ယောက်ျားရဲ့ ချစ်ခင်ဂရုစိုက်… ကာကွယ်စောင့်ရှောက်မှုခံရတဲ့ သာမန် ဆင်းဆင်းရဲရဲ မိန်းမ တစ်ယောက်နဲ့  တောင် မယှဉ်ဝံ့တော့အောင် ခံစားနေရတဲ့ နန်းမတော်ကြီး လို့  လေးမ ခံစားရပါတယ်….။

လေးမ ငယ်ငယ်ကတည်းက ယသော်ဓယာကို မိန်းမသားချင်း ကိုယ်ချင်းစာမိခဲ့တဲ့သူဖြစ်တဲ့အတွက် ဒီကဗျာကို အရမ်းနှစ်သက်မိပါတယ်…။ အပေါ်မှာရေးထားတာတွေက ကဗျာဖတ်ပြီး လေးမရဲ့ အမြင်ပါ…။ လေးမရဲ့ တစ်ဖက်သတ်အတွေးနဲ့  ကဗျာဆရာရဲ့ မူရင်း ခံစားချက်.. ရည်ရွယ်ချက်နဲ့  လွဲချော်ခဲ့သည်ရှိသော် ခွင့်လွတ်ပါ…။

နောက်ဆုံး ရလိုက်တဲ့ အသိကတော့… လောကကောင်းကျိုးအတွက်… စတေးခဲ့ရတဲ့ နှလုံးသားတွေကို မှတ်တမ်းတင်သင့်တယ်.. ဆိုတဲ့ အသိပါပဲ…။ ။

ယသော်ဓယာတမ်းချင်း

မေတ္တာသွန်းမြှား မယ်တော့အပါးနတ်ထံသွားအောင်
စွမ်းလွန်းအရှင်အများမြင်တယ်
တင်းတိမ်ကွယ် နှလုံးငယ်အရာဟောင်းကို
ရောင်မဲ့ ကိုယ်ပွားငယ်စူးနဲ့တွယ်လို့ အကျွန်ပဲသိတယ်….
ယှဉ်တွဲနှစ်ကိုယ် နန်းရိပ်ခိုလို့ ပျော်ခွင့် (၁၃)ရာသီက
ပုထုစဉ်နှမတွေးဝယ် တမတ်တာမျှမရှိဘူးရယ်..

ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…

အနုငယ်ရှေးအစ ဆုထူးပန်ဘ၀ကတည်းက
ငါးခိုင်ကြာမျှဝေလို့ ပေးဆပ်မှုတွေနဲ့ချစ်ရသူပါမောင်..

သံယောဇဉ် အသင်္ချေ မမြင်နေစေတော့သခင်
ပစ္စုပ္ပန်မေတ္တာရဲ့ ငဲ့ကွက်တဲ့ နှုတ်ဆက်အနမ်းကို
ခံစားချင်စမ်းတယ်..

ခွန်းမသနိုင်တဲ့ ရိုင်းကြမ္မာငင် အံကြိတ်ရင်ခွင်
နှလုံးတခွင်မှာတော့ မျက်ရည်မိုးစွေမဆုံးတယ်..
တကြောသံသယာမျောဖော် ဆန္ဒလောက်သော်မျှအခွင့်မရသူ
ကန္တိကကိုကျောသပ်လို့ ပြောမထွက်တဲ့ဝမ်းနည်းမှုတွေနဲ့
အနော်မာဟိုဘက်ကမ်းမှာ နှလုံးကွဲကျန်ပါစေ
ရဲသွေးယို ခြေလှမ်းနဲ့ ဖ၀ါးထပ်ချပ်လိုက်ချင်တယ်…

တရိပ်ခို သယမ္ဘူလွတ်ကြောင်းကို
မခွာအတူရေစုံကမ်းလို့
ပန်းခြားအကြင်နာနဲ့ ပါရမီဝန်တော်ထမ်းလိုတယ်…
ဒွေးတော်အနမ်း အမောင်တမ်းသလို သွေးတော်ကိုဖြစ်ခံနိုင်ဘူး
ဆန္ဒတော်မျိုသိပ်လျက်နဲ့ တိတ်တိတ်လေး ကျန်ခဲ့ရတယ်..

ဖြည့်ဆည်းနေကျအသင်္ချေ အခွင့်သွေအဆုံးသတ်မှာ
လွမ်းရုပ်မဖော်ရဲတဲ့ လင်ပစ်တဲ့နန်းမတော်ရယ်ပါ..
ခွင့်မကြုံအပြုံးနဲ့ငိုလို့ လမ်းဆုံးမှာရပ်ကျန်ခဲ့ဘူး
မောင်တောပျော်သလို နန်းတော်ကမယွင်းတူတယ်…

ရွှေပြည်တော်မြန်း လှမ်းတဲ့အ၀င်ခရီးမှာ
မောင့်ရိပ်တိုင်းလို မေတကိုယ်သာလျှင်ဖြစ်ချင်တယ်…
မောင်… အနေကဇာဂါထာကျူးတော့
အပါးက သာဓုခေါ်ခွင့်မရတာ တစ်သက်တာမျှမချိဘူးမောင် ။

မုန်းကြည့်ပါသည်

ကိုဟန်သစ်ငြိမ် ဒီတစ်ခါရေးခိုင်းတာ တကယ်ခေါင်းစားသွားတယ်…။ လေးမ ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက် သိပ်မရှိပါဘူး…။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ရတာတွေ အများကြီးရှိနေပေမယ့် မုန်းတယ်လို့  ပြောရမှာ ကိုယ့်ကိုယ်ကို အားနာတယ်…။ သိပ်တော် သိပ်ကောင်းနေလို့ တော့မဟုတ်ပါဘူး…။ ဟာ.. ဟ… လေးမ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်ပြည့်အောင် မနည်း စဉ်းစားရတယ်… သူများကို မုန်းတဲ့ အချက်တွေချည်းပဲ တန်းစီထွက်လာတယ်… သေရော.. ခက်ဘူးလား…။

လေးမရဲ့ မုန်းစရာ ၁၀ ချက်ကို ရှုစားကြပါရှင်..။ သူများတွေဘက်ကကြည့်ရင် လေးမမှာ မုန်းစရာအချက်တွေ ဒီထက်မက ရှိနေမှာပါ…။ လေးမကိုယ် လေးမ ပြန်ကြည့်တော့ ဒီလောက်ပဲ မြင်ပါတယ်…။

***** ၁။ အပျင်းထူခြင်း ( လေးမ ပျင်းလို့ ရရင် ရသလောက် ပျင်းပါတယ်ရှင်… တစ်နေ့ သေမှာပဲမို့  ရည်မှန်းချက်တွေလည်း သိပ်ကြီးကြီးမထားပါဘူး… အဲဒီ အကျင့် မုန်းစရာကောင်းပါတယ်… အကျင့်ဆိုးပါ.. )

***   ၂။ စကားမပြောလိုခြင်း ( ပြောဖို့ လိုတဲ့ အကြောင်းအရာကို သိုင်းသိုင်းဝိုင်းဝိုင်း ပြောတတ်ပေမယ့် … အလှူ..မွေးနေ့ .. ဧည့်ခံပွဲတွေမှာ လေးမ အမြဲ စိတ်အိုက်ရပါတယ်… အဲလိုနေရာတွေမှာ အာလပသလာပလို့ ခေါ်မလားမသိဘူး… အဲဒါတွေပြောပြီး ရယ်မော ခေါင်းငြိမ့်တဲ့ အရည်အချင်းမှာ အညံ့ဆုံးပါ..)

**    ၃။ ထမင်းမစားလိုခြင်း ( လေးမ မြန်မာမ ဖြစ်ပေမယ့် ထမင်းမကြိုက်ပါဘူးရှင်… ၀တ်ကျေတန်းကျေ ထမင်းစားနေတဲ့ ကိုယ့်ကိုယ်ကို အမြင်ကတ်ပါတယ်… မုန့်ပဲသရေစာ နှစ်ခြိုက်ပါတယ်.. )

**    ၄။ အစပ်မစားနိုင်ခြင်း ( အပူုအစပ်စားရင် အဆီကျတယ်.. ပိန်တယ်လို့  သိရပြီးကတည်းက အစပ်မစားနိုင်တဲ့ ကိုယ့်ကိုယ်ကို မုန်းမိတာပါပဲရှင် )

*****၅။ စိတ်ပျော့ခြင်း ( အရာတော်တော်များများကို ပြေပြေလည်လည်တွေး အရှုံးပေးတတ်တာ စိတ်ပျက်မိပါတယ်)

*      ၆။ ခါးခါးသီးသီး နာကျည်းတတ်ခြင်း ( လေးမ မုန်းမိတဲ့ သူတိုင်း နာမည်ပျက်သွားကြတာ… တိုက်တိုက်ဆိုင်ဆိုင် ၅ ယောက်လောက်ကြုံပြီးတဲ့အခါ ခါးခါးသီးသီး နာကျည်းတတ်တာ အကုသိုလ်တစ်ခု ပြုမိသလိုများဖြစ်နေသလားလို့  …။ အခုတော့ ဒီအကျင့်ကို ဖျောက်ပြီး မမုန်းမိအောင် .. ပြေလည်အောင်.. တွေးတတ်ဖို့  ကြိုးစားနေပါတယ်…)

***   ရ။ အားကစား ၀ါသနာမပါခြင်း ( ကိုယ်တိုင်လည်းမလုပ်… သူများလုပ်တာလည်း မကြည့်တော့… လေးမ… ကျန်းမာရေးနဲ့  မညီညွတ်ဘူး.. ဒီအကျင့်လည်း မုန်းစရာပဲ )

*      ၈။ ဆံပင်ညှပ်ဆိုင် မကြာခဏ သွားလိုခြင်း ( ဆံပင်ကိုတော့ အမျိုးမျိုးလုပ်ချင်နေတာပဲ… ညှပ်လိုက်.. ကောက်လိုက်…ဖြောင့်လိုက်… ဘာမှ မလုပ်ဖြစ်ရင် ဆံပင်ပေါင်းတင်တယ်… ဖယောင်းသွင်းတယ်… ဆံပင်ဆိုင်မရောက်တဲ့ လ … ဆိုတာမရှိဘူး… အဲဒီအကျင့်က ပက်ကျံ ကုန်သပေါ့ရှင်.. )

***   ၉။ အ၀တ်အစား မရွေးချယ်တတ်ခြင်း ( လေးမနဲ့  လိုက်ဖက်တဲ့ အ၀တ်အစား ဒီအသက်အရွယ်ရောက်နေတာတောင်… ဗိသုကာတစ်ယောက် ဖြစ်နေတာတောင်… မရွေးချယ်တတ်လို့  စိတ်ပျက်ရပါတယ်… ဘယ်သူဝယ်ပေး.. ရွေးပေးသလဲဆိုတော့… အမေ ၂ ယောက်နဲ့  ကိုကောင်းကင် ပါ…)

**** ၁၀။ တစ်ယောက်ထဲ နေလို ချိန် များခြင်း ( တစ်ယောက်ထဲ သက်မဲ့တစ်ခုခုနဲ့ ( ကွန်ပြူတာ.. စာအုပ်..) နေရတာ သိပ်ကြိုက်ပါတယ်… အဲဒီအတွက် သူက မငြိုငြင်ပေမယ့် ကိုယ့်ကိုယ်ကို ငြိုငြင်မိပါတယ်…)

ခင်မင်စွာနဲ့  လေးမကို ရေးခိုင်းတဲ့ ကိုဟန်သစ်ကို ကျေးဇူးတင်ပါတယ်…။ ဘာလို့ တင်သလဲဆိုတော့ သူများတွေ ရေးထားတာဖတ်ဖြစ်တိုင်း “ ငါဆိုရင် ဒီလို ရေးမိမှာ..” “ ငါရော ဘယ်လို စဉ်းစားမှာပါလိမ့်..” “ ကျွန်မကတော့ ဒီလိုထင်တယ်.. ရှင်…” ဆိုတဲ့ အတွေးလေးက အမြဲကပ်ပါလာနေကျ ဖြစ်နေလို့ .. အဲဒီအတွေးတွေ ရေးချခွင့်ရအောင် ဖန်တီးပေးတဲ့ သူကို ကျေးဇူးတင်တာပါ…။ သူများတွေ ရေးနေတဲ့ ခေါင်းစဉ်တစ်ခုအောက်ကို ဘယ်သူမှ မဖိတ်ခေါ်ဘဲ ၀င်ရေးရမှာ ရှက်စရာကောင်းတဲ့အတွက် ဖိတ်ခေါ်တဲ့သူရှိတာ ဂုဏ်ယူပါတယ်…။

လေးမ ရေးတဲ့ စာကို ခင်မင်စွာ လာရောက် ဖတ်ရှုသွားကြသူများကို ကျေးဇူးတင်ပါသည်…။ ။

 

ဖြည့်စွက်ချက် ။ ။ * လေးတွေက comment မှာ လေးမနဲ့  တူတဲ့ အချက်တွေ ပြောပြသွားတဲ့ လူတွေကို ကိုယ်စားပြုတာပါ…။ အားရှိစရာကြီး လေးမ ရဲ့ မုန်းစရာကောင်းတဲ့ အရည်အချင်းတွေက လေးမ တစ်ယောက်ထဲမှာပဲ ရှိနေတာမဟုတ်ပါလား…ဟေး..ဟေး…။

တွေ့ ဆုံ အကြွေးပေးခန်း

အိမ်ရှေ့မှာ Notice စာရောက်နေတယ်…။ တက်စ်ထားတယ် လမကုန်ခင်ရေးပေးပါ နော့် 😛 …. တဲ့ …။ ပြောင်ပြသွားလိုက်သေး… မခန့်တာပြောပါတယ်…။ ဘာအကြောင်းရေးရမှာလဲ… သွားကြည့်တော့ နောက်တီးနောက်တောက်နဲ ဘာ Tag လည်းတော့ မသိပါ …. တဲ့ …။ လူကြီးကို နောက်ပြန်ပြီ …။ သူရေးထားတာ ဖတ်ကြည့်တော့ ကြယ်ပွင့်များနှင့်တွေ့ ဆုံခြင်းလိုလို ဆိုပါလား…။ အဟိ… ဂလို ဆိုတော့လည်း ရေးရပေမပေါ့ ….။ အောက်ဆုံးမှာတော့ “ အပျင်းထူနေတဲ့ အစ်မလေးမ ဆိုပါလား……။ ဘယ်လိုလုပ်သိသွားပါလိမ့်နော် …။ လမကုန်ခင် မြန်မြန် ရေးပေးမှ ဖြစ်မယ်…။ တော်ကြာ နာမ၀ိသေသန ဆိုးဆိုးတွေ အတပ်ခံနေရဦးမယ်…။

ငွေကြယ်ပွင့် လေးမ နှင့် ဂျာနယ်အလစ်သမား မောင်မျိုး တွေ့ ဆုံ အကြွေးပေးခန်း

(၁)
မေး ……….လေးမ (တဂ်ခံရတဲ့သူ ) နဲ့ မောင်မျိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်
ဖြေ………..
အင်တာနက် ရင်ပြင်ပေါ်မှာ ပြေးပြေးလွှားလွှား သွားသွားလာလာလုပ်ရင်း ခင်မင်ခဲ့တဲ့ မိတ်ဆွေတွေပါ ။

(၂)
မေး……….သူ့အပေါ် လေးမရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
ဖြေ………
1 ရုပ်ရည်ကတော့…… ခပ်ပိန်ပိန် … ကောင်လေးတစ်ယောက်ပါ… နှုတ်ခမ်းမွှေးပါပါတယ်… မယုံရင် သူ့ ဘလော့ဂ်မှာ ကြည့်ပါ… ဓါတ်ပုံတင်ထားပါတယ် …။
2 ရေးတဲ့စာက …… အေးကြည်မ ဆိုတဲ့ ကောင်မလေးကို ဘလော့ဂ်မှာ ဖန်တီးပြီး အင်မတန် အနိုင်ယူတတ်ပါတယ် …။ သူ့ အကြောင်း ကို ရိုးသား ပွင့်လင်းစွာ ရေးပြတတ်ပါတယ်…။
3 ရယ်စရာကောင်းတဲ့ အချက်က …… သူ့ ရဲ့ အလွဲတွေ ဖြစ်ပါတယ်….။
4 မကောင်းတဲ့ အချက်ကတော့ တခါတရံ ဘလော့ဂ်ဂါ မိတ်ဆွေ တချို့ နဲ့  စိတ်ကောက်တတ်ပါတယ်….။
5 နောက်ဆုံးထင်မြင်ချက်ကတော့ …. လူချစ်လူခင် အရမ်းများတဲ့ ဘလော့ဂ်ဂါ ဖြစ်ပါတယ်…။
(၃)
မေး….အမှတ်တရ အဖြစ်ဆုံး လေးမ အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ဖြေ…..
မနှစ်က ဇန်န၀ါရီလမှာ မေးလ်နဲ့  လက်ဆောင် ပို့ လိုက်တာပါ…။
(၄)
မေး……အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ဖြေ….
တီကြွက်ရေ့ …. ….
(၅)
မေး………သူသာ ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ဖြေ….
ဒီမေးခွန်း … ဆင်ဆာဖြတ်ပါတယ်…။ ဘလော့စပေါ့ ဘန်းခံရတာကိုသာ ကျော်ဝင်လို့ ရမယ်…။ ဒီမေးခွန်းကြောင့် ကောင်းကင်ကြီး လေးမကို အင်တာနက် သုံးခွင့်ဘန်းလိုက်ရင် ကျော်ဝင်လည်းမရတော့ပါ…။

(၆)
မေး….. ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ဖြေ….-

(၇)
မေး………သူက လေးမ ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
ဖြေ………
သူ့ ဘလော့ဂ် မလည်ဘူးပေါ့…။( ဘလော့ဂ် မလည်တိုင်းတော့ ရန်သူ မဟုတ်ဘူးနော်. အတွေး မမှားနဲ့  နော်)
(၈)
မေး….ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
ဖြေ….
ရန်စလာရင် ရန်သူဖြစ်သွားမယ် …။
(၉)
မေး…. သူ့အတွက် လေးမ ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
ဖြေ….
လောလောဆယ် သူရေးခိုင်းတာ ရေးပေးတယ်…။
(၁၀)
မေး….. သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
ဖြေ….
လူရိုးလေးပါ… ။ ဟီး…( ထင်ရတာပဲ.. သမင်သားမစားဘူးလို့ …. ပြောတာပဲ) ။ ညီမလေးတွေ စိတ်ကူးမလွဲကြနဲ့  နော်….။
(၁၁)
မေး….. ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) လေးမအပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ဖြေ….
အကောင်းပြောရင် ကျေနပ်စရာလို့  မြင်ပြီး … မကောင်းပြောရင် ရယ်စရာလို့  မြင်ပါတယ်…။
(၁၂)
မေး… ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ လေးမ ရဲ့ characteristic လေးပြောပြပါလား ?
ဖြေ…
လွတ်လွတ်လပ်လပ်တွေး တဲ့ အကျင့် …။
(၁၃)
မေး…. ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ဖြေ…..
လွတ်လွတ်လပ်လပ် မရေးရဲတဲ့ အကျင့် ….။
(၁၄)
မေး….ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
ဖြေ….
စိတ်ရော လူရော ပေါ့ပေါ့ပါးပါး ရှိတဲ့ လူစားမျိုး ။
(၁၅)
မေးးး … ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ဖြေ…
နှလုံးသားအာဟာရ ဒါနပြုကြတာ ကျေးဇူးတင်ပါတယ်…။ ကျန်းမာရေးဂရုစိုက်ပါ…။

မောင်မျိုးရေ… သတိတရ ရေးခိုင်းတာလေးကို ကျေးဇူးတင်စွာ ရေးပြီးပြီမို့  ဆက်ပျင်း.. ဆက်ပျောက် … လိုက်ဦးမယ်နော်…။

P.S. နောက်.. ဂျောက်ချရမယ့်သူ စဉ်းစားဆဲ…နော်…. အာရုံရရင် ဂျောက်ချမယ်…။ ဟော စဉ်းစားမိပါပြီ.. မီ… ပါ.. ရွှန်းမီ… ပါ… စုံစီနဖာ စာမျက်နှာက ရွှန်းမီ ကို ဂျောက်ချပါတယ်…။

အချစ် ဆိုသည်မှာ …

ကိုဟန်သစ်ငြိမ် က သုံးကိုယ်ခွဲပြီး အချစ်အကြောင်း အပြင်းအထန် ဆွေးနွေးပြီး သကာလ … ကျန်တဲ့ သူတွေကိုလည်း သူခိုးသေဖော်ညှိ .. အဲ.. ဟုတ်ပေါင်… ကျန်တဲ့သူတွေလည်း အချစ်အကြောင်း ဆွေးနွေး ရင်ဖွင့်နိုင်ကြပါစေတော့ရယ်လို့  စေတနာ ရှေ့ထားပြီး တစ်အုပ်တစ်မကြီး ဆက်ရေးခိုင်းပါတယ် …။

လေးမ ရေးပါပြီ…။

အချစ်ရှိတဲ့သူဆိုတော့ အချစ်အကြောင်း ပိုင်ပိုင်နိုင်နိုင်ကြီး မသိပေမယ့် ကောင်းကောင်း ဆွေးနွေးနိုင်ပါတယ် … ။ ချစ်တတ်တဲ့ … အချစ်ငတ်တဲ့…. ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေက အချစ်ကို သူတို့ အမြင်နဲ့  အမျိုးမျိုး ဖွဲ့ ဆိုခဲ့ကြတယ်…။ အဲဒီအမြင်တွေကို မကိုးကား တော့ဘူး… ရိုးသားစွာနဲ့ ပဲ အချစ်ကို ဘာသာပြန်ကြည့်ပါမယ် …။ နိဒါန်းပျိုးနေတာနဲ့  အတော်ကြာနေပြီ…။ (ဘယ်ကစရမှန်းမသိလို့  အချိန်ဆွဲနေတာပါ )။

၁။ မိဘချစ်… သားသမီးချစ်

၂။ ကိုယ့်ကိုယ်ကိုချစ်

၃။ မောင်နှမချစ်

၎။ သူငယ်ချင်းချစ်

၅။ တစိမ်းချစ် ( သို့) ချစ်သူချစ်

၆။ လင်မယားချစ် ( သို့ ) အိမ်ထောင်သည်အချစ်

သေချာ ရေတွက်ကြည့်မယ်ဆိုရင် မြောက်များစွာသောအချစ်တွေနဲ့  လူတွေ “ကန်း” နေကြပါတယ်…။ “ ကန်း” တယ်ဆိုတာ ဘာသာရေးရှုထောင့်က ကြည့်ပြီး “ ကန်း” … တယ်.. “လုပ်ရမယ့်အလုပ်တွေကို မလုပ်ဘဲ… ချစ်နေကြတယ်”… လို့ ပြောတာပါ…။ ဒီစကား ဒီနေရာမှာရပ်မှ…။ တော်ကြာ ဘော်ဒါတွေ ရိပ်သာပြေးကုန်လို့  လေးမတစ်ယောက်ထဲ ဘလော့ဂ် မျက်မဲကြီးထဲမှာ ကျန်နေခဲ့ဦးမယ်…။

အချစ်ဟာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်သလို … မသင်ယူဘဲ တတ်မြောက်ခဲ့ကြတဲ့ အရာပါပဲ…။ ဒါပေမယ့် ချစ်တတ်အောင်တော့ သင်ယူခဲ့ကြရပါတယ်…။ မသိမသာတစ်မျိုး… သိသိသာသာ တစ်မျိုးနဲ့  ချစ်တတ်အောင် သင်ယူခဲ့ကြပါတယ် …။ အချစ်ခံရခြင်း အားဖြင့်လည်း သင်ယူခဲ့ကြသလို …. အချစ်ပေးခြင်း အားဖြင့်လည်း သင်ယူခဲ့ကြရပါတယ်…။ ချစ်တတ်အောင် မသင်ယူခဲ့ဘဲ အချစ်ကို လက်တည့် စမ်းရင်တော့ အမုန်းနဲ့  မျက်ရည်တွေသာ များများရပါလိမ့်မည်…။

အချစ် ၁ ကနေ ၄ အထိက မိရိုးဖလာ အချစ် ပုံစံ ဖြစ်တဲ့အတွက် အငြင်းပွားစရာ ဘာမှ မရှိပါဘူး…။ နံပါတ် ( ၅ ) အချစ် ကတော့ အင်မတန် ထူးဆန်းတဲ့ အတွက် … ငြင်းခုံဆွေးနွေးစရာ ဖြစ်လို့  နေပါတယ်…။ ကိုဟန်သစ်တောင် “အချစ်မှာ မျက်စိရှိမရှိ” ကို မျက်မှန်ကြီးတပ်ပြီး ဆွေးနွေးတာ အဖြေမထွက်ပါဘူး…။

လေးမရဲ့ အမြင်ကို ရေးရရင်တော့ နံပါတ် ( ၅ ) အချစ်ဟာ …. “တိမ်” နဲ့ တူပါတယ်…။

လက်ထပ်ခြင်းဆိုတာနဲ့  နိဂုံးမချုပ်မခြင်း အဲဒီတိမ်က လွင့်မျော နေနိုင်ပါတယ်…။ အချိန်မရွေးနေရာ ရွှေ့  နိုင်သလို အချိန်မရွေး နောက်တစ်ယောက်ကို ချစ်လို့ ရပါတယ်…။ ကန့် ကွက်ကြသလား…။ ဟုတ်ပါတယ်… ကန့် ကွက်ချင်စရာပါပဲ… နောက်တစ်ယောက် ပြောင်းချစ်တာ သစ္စာမဲ့တဲ့ လုပ်ရပ် လို့  လေးမ တို့ သတ်မှတ်ထားကြတာကိုး….။ တကယ်တော့ ကိုယ်နဲ့  အဆင် မပြေနိုင်လို့  … ကိုယ်မချစ်နိုင်တော့လို့ … နောက်တစ်ယောက်ပြောင်းလိုက်တာဟာ…. လက်ထပ်ပြီးမှ အဆင်မပြေလို့  ကွဲကြရတာနဲ့  စာရင် အများကြီး သိက္ခာရှိပါတယ်….။

အချစ်ဟာ တိမ် တွေလိုပဲ အသွင် သဏ္ဍာန် အမျိုးမျိုးနဲ့  ရပ်တည်နေနိုင်ပါတယ်…။ ပေးဆပ်တဲ့အချစ်… ရယူတဲ့အချစ်… ကြမ်းတမ်းတဲ့ အချစ်… သိမ်မွေ့ တဲ့အချစ်… အလိုလိုက်တဲ့ အချစ်… ဗိုလ်ကျတဲ့ အချစ် … ထိန်းချုပ်တဲ့ အချစ်… အဲသလို ပုံစံအမျိုးမျိုးနဲ့  ရှိနေမှာပါ…။

ရာသီဥတု အခြေအနေကို လိုက်ပြီး တိမ်တွေ အရောင်ပြောင်းသလို တစ်ဖက်လူရဲ့ တုံ့ ပြန်မှုနဲ့  အခြေအနေကို လိုက်ပြီး အချစ်ဟာ အရောင်ပြောင်းနိုင်ပါတယ်…။

တစ်ခါတစ်လေမှာ တိမ်တွေဟာ မိုးစက်တွေ အဖြစ်အသွင်ပြောင်းပြီး တိမ် ဘ၀ အဆုံးသတ်သွားသလို…. အချစ်တွေ မျက်ရည်အဖြစ် ပြောင်းလဲပြီး အဆုံးသတ်သွားတတ်ပါတယ်…။

မိုးစက်တွေ ငွေ့ ရည်ဖွဲ့ ပြီး တိမ် အဖြစ်ကို ပြန်ရောက်နိုင်သလို…. ကာလတစ်ခုကြာပြီးတဲ့ နောက်မှာ အချစ်ဟာ အသစ်တဖန် မွေးဖွား လာနိုင်ပါသေးတယ်…။

တိမ်တွေကို မြင်နေရပေမယ့် ပွေ့ ဖက်ဖမ်းဆုပ်ထားလို့  မရ သလို အချစ်ဟာလည်း ဖမ်းဆုပ်ချုပ်ကိုင်ထားဖို့  သိပ်ခက်ပါတယ်…။

ဘယ်လောက် ဆန်းကြယ်တဲ့ အချစ်လဲနော်…။ အဲဒီ ဆန်းကြယ်တဲ့ အချစ်ကို တချို့ တွေက ငွေအတွက်.. ဂုဏ်အတွက်.. ဆန္ဒအတွက် … မိသားစုအတွက်… ခုတုံးလုပ်လာကြတဲ့အခါ အချစ်ဆိုတဲ့ ဝေါဟာရဟာ ပျက်ရယ်ပြုချင်စရာကြီး ဖြစ်လာခဲ့တယ် …။ အချစ်ရဲ့ ဂုဏ်သိက္ခာဟာ မေတ္တာတရားရဲ့ ဂုဏ်ကို မယှဉ်နိုင်ဘူးဖြစ်လာပြန်တယ်…။

ဒါကြောင့် အိမ်ထောင်ရှင်အများစုဟာ… အိမ်ထောင်သည်ဘ၀မှာ “ တိမ်” နဲ့ တူတဲ့ အချစ်ကို ဂူ သွင်းလိုက်ကြပြီး… မေတ္တာ… စေတနာ… သံယောဇဉ်… နားလည်မှုတွေနဲ့  တည်ဆောက်ထားတဲ့ ကောင်းကင်” နဲ့  တူတဲ့အချစ်ကို တည်ဆောက်ကြပါတယ်…။ ဒါပေမယ့် ဂူသွင်းထားတဲ့ အချစ် ကိုလည်း… အမှတ်ရစရာအဖြစ် မကြာခဏ ငဲ့ကြည့်ပေးရပါတယ်…။

နေ့ ဘက်မှာ ရှိသလို ညဘက်မှာလည်း ရှိနေတဲ့ … ရာသီတိုင်းမှာ အမြဲရှိနေတဲ့ ကောင်းကင်ကြီး ကြံ့ခိုင် သလို အိမ်ထောင်သည်အချစ်ဟာ ကြံ့ခိုင်ရပါမယ်…။ ဘယ်တော့မှ ပျောက်ကွယ်မသွားရပါဘူး…။ ကောင်းကင်ကြီးဟာ သူ့ ရဲ့ အရိပ်အောက်မှာ သက်ရှိသက်မဲ့ အားလုံးကို အုပ်မိုးထားနိုင်သလို … အေးအတူ ပူအမျှ … အခြေအနေတိုင်းမှာ မပျောက်မပျယ်တဲ့ အချစ်တွေ တည်ဆောက်ရင်း အိမ်ထောင်သည် အချစ်တွေနဲ့  ပြသာနာတိုင်းကို ချုပ်ကိုင်အုပ်မိုး နိုင်ရပါမယ်..။

အချစ်ဆိုသော အရာကို (အခုချိန်အထိ) လေးမ… အဲသလို နားလည်ထားပါတယ်…။ ။

ကိုသင်္ကြန် ၊ ကို ညိုထက်ညို ၊ ရာဟုမလေးရဲ့ကိုကို ( ဘိုတင့် ) တို့ကရော “ အချစ်ဆိုသည်မှာ…” ဘာလို့  ရေးကြမလဲ သိခွင့်ရှိရင်… သိချင်ပါတယ်…။