Blog ရပ်ဝန်းမှ အလွဲလေးများ ( ၁ )
 ….ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ် ….
( သီချင်းစာသားလေးပါ … ဘယ်သူဆိုသလဲ …မသိဘူး…FM  မှာ နားထောင်လိုက်ရတာ…။ သဘောကျလို့  ပြန်သုံးလိုက်တာ …။)
ဘလော့ဂ်လောက မူပိုင်ခွင့်နဲ့  ပတ်သက်လို့  နည်းနည်း ချရာလုပ်ချင်တယ်…။
ဘလော့ဂ်တွေ မှာ အကြောင်းအရာ အမျိုးမျိုးကို အခြေခံပြီး စာတွေရေးကြတယ်… ကဗျာတွေ ရေးကြတယ် … မူရင်းတွေရှိတယ် … ကော်ပီတွေ ရှိတယ်…။ မူရင်းကတော့ ရှင်းတယ်…။
ကော်ပီမှာ … ဒီလို အမျိုးအစားတွေ တွေ့ ရပါတယ် …။
၁။ ပြည်သူသိ နာမည်ကျော်စာရေးဆရာ … ကဗျာဆရာ များ၏ စာကို ဝေမျှခြင်း … ( အပင်ပန်းခံပြီး စေတနာနဲ့  မျှဝေ ပေးတာ တော်တော် ချီးကျူး ကျေးဇူးတင်မိတယ် )
၂။ သူငယ်ချင်း … မိတ်ဆွေ များ၏ ကဗျာ …စာကို မျှဝေ အသိပေးခြင်း … ( အဲလိုလူတွေက ဒီကဗျာလေး ကူးသွားမယ်နော်လို့ ခွင့်တောင်းတတ်သလို … ဘယ်သူ့ ဆီက ကြိုက်လွန်းလို့  ကူးလာပါတယ် … လို့  ဖော်ပြထားလေ့ရှိပါတယ်…)
၃။ ရေးသူ အမည်မပါဘဲ ( သို့  ) မသေချာဘဲ ကူးယူဖော်ပြခြင်း …
ပြသနာက နံပါတ် ( ၃ ) မှာ …ရှိနေပါတယ်…။ဖြစ်နိုင်ခြေ ၂ မျိုးရှိတယ် …။ ပထမတစ်မျိုးက တစ်ချို့  လူတွေက ငယ်ကတည်းက နှစ်သက်တဲ့ ကဗျာလေးတွေ့ ရင် ကူးထားတတ်တယ်… ကဗျာဆရာနာမည် ပါချင်မှပါမယ်…။ တစ်ချို့ က မိတ်ဆွေတွေက မေးလ်နဲ့ ပို့     ပေးတာ လည်းရှိချင်ရှိမယ်…။  ဒုတိယ တစ်မျိုးကတော့ သူများရေးတာကို ကိုယ်ရေးသလို လို လုပ်ပြီး တင်တာပဲ … အဲဒီ တစ်ခု နားကိုမလည်နိုင်ဘူး… ဘာအတွက်လဲ ??? …။
 ၃ အတွက် ဖြေရှင်းနည်း…
သင်ဘယ်လို ဖြေရှင်းမလဲ ??? …
လွယ်လွယ်လေးပါ …
“ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ်  “ လို့ သာ ဘလော့ဂ်မှာ တင်လိုက်ပါ …။
မြန်မာတွေ မရိုင်းပါဘူး … ။ တောင်းပန်လိုက်ပါ …။ လူသိရှင်ကြား ဘလော့ဂ်မှာ တောင်းပန်လိုက်ပါ … ( မေးလ်ပို့ ပြီး ကြိတ်ရှင်းတာထက် ပိုရိုးသားတယ် လို့  လေးမ ထင်ပါတယ် .. ) ။ လေးလေးစားစား နာမည်နဲ့  တကွပြန်တင်ပေးလိုက်ပါ …။ ဒီလို စနစ်တကျသာ တောင်းပန်ခဲ့ရင် ပြသနာရဲ့ ပွဲကြည့် ပရိသတ်အားလုံးက သင့်ဘက်မှာ ရှိနေကြမှာပါ …။
 ပိုင်ရှင်တွေဘက်က ဖြစ်သင့်တဲ့ အခြေအနေ
ဒေါသ ရှေ့ မထားပါနဲ့ …။ အနုပညာဆိုတာ ရင်ဘတ်ကြီးနဲ့  ဖန်ဆင်းထားရတာ ဆိုတာ နားလည်ပါတယ်…။ အနုပညာ သမားတစ်ယောက်ရဲ့ မာန … ကဗျာ ဆရာ တစ်ယောက်ရဲ့ သစ္စာကိုလည်း သဘောပေါက်ပါတယ် …။ ဒါပေမယ့် လက်တုံ့ ပြန်တာ မမြန်ပါနဲ့  …။ တစ်ဖက်လူရဲ့ ဘလော့ဂ်မှာ ယဉ်ကျေးစွာ အသိပေးပါ …။ ဖြေရှင်းချက်ကို စောင့်ပါ …။ ဖြေရှင်းခွင့်ပေးလိုက်ပါ …။ ကျေအေးပါ … ။
 ဖြေရှင်းပြီးသွားတဲ့ ဘလော့ဂ်တွေ
ဘလော့ဂ် တကာ မလည်နိုင်လို့  သိပ်တော့ များများစားစား မသိပါဘူး…။
သတိထားမိလိုက်တာကတော့ moenyo.blogspot.com  မှာ တင်ခဲ့တဲ့ ခေလွန်း (ညီညီ သံလွင်) ရဲ့ကဗျာ  နဲ့  nyeinnyo.blogspot.com ရဲ့ ပိုင်ရှင် ကိုညိမ်းညို ရဲ့ ဆန္ဒသက်သက်ကဗျာကို ကိုလင်းဦး ( စိတ်ပညာ ) မှာ တင်တဲ့ ကိစ္စတွေ … ဖြေရှင်းခဲ့ပုံတွေ … တွေ့ ဖူးပါတယ်…။ သိက္ခာ ရှိတဲ့ ဘလော့ဂ်ဂါတွေ ဖြစ်တဲ့ အတွက် ပြေပြေလည်လည်ပဲ ကျေလည်သွားခဲ့ကြပါတယ် …။
 ဘလော့ဂ်မှာ ကိုယ်တိုင်ရေးဖို့ အချိန်ကလည်းမရ … ဘလော့ဂ်လေး ပုံမှန် လည်ပတ်နေစေချင်တဲ့ စိတ်လေးရှိလို့  စာလေးတစ်ပုဒ်… ကဗျာလေးတစ်ဆုပ်လောက် ကောက်တင်ခဲ့မိမယ်ဆိုရင်  ပိုင်ရှင် နာမည် မသိရင် မသိဘူး… လို့  ရိုးရိုးသားသား ဖော်ပြပါ …။ သိတဲ့သူ    ၀င်ပြောသွားပါလိမ့်မယ်…။ မတော်တဆ ပိုင်ရှင် ပေါ်လာခဲ့ရင်လည်း ပြန် ဖြေရှင်းပေးလိုက်ပါ …။ လွယ်ပါတယ်…။
 ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ်
လို့…. နော်……။
 မှတ်ချက် ။ ။ ဒီပို့စ်ကို ကိုညိမ်းညို ကဗျာ ကိစ္စ ကတည်းက ရေးဖို့ ရည်ရွယ်ထားတာ… ရာသီစာတွေ ရောင်းနေရတာနဲ့ … အဲ…ဟုတ်ပေါင်  seasonal post တွေ ရေးနေတာ နဲ့  ခုမှ ရေးဖြစ်ပါတယ်…။ ရေးမိတော့လည်း အချိန်ကောင်းပဲ … ဘလော့ဂ်ရပ်ဝန်းမှာ  ပွက်ပွက်ညံနေတဲ့ ကိစ္စ တစ်ခုနဲ့  လာတိုက် နေပြန်တယ်…။ ရှင်းအောင်ပြောထားမယ်နော် ..။ ဒီပို့စ်က အဲဒီကိစ္စကို  ဦးတည်တာမဟုတ်ဘူး…..။ အဲဒီကိစ္စကြီးကိုလည်း လုံးဝ… လုံးဝ … လုံးဝ ၀င်ရောက်စွက်ဖက်  လို စိတ် မရှိဘူး …။ ဘလော့ဂ်လောကမှာ ဖြစ်တတ်တဲ့ အလွဲလေးတွေကို တင်ပြရုံသက်သက်ပဲ …။
ဝန်ခံချက် ။ ။ “ အလွဲ” ဟူသော အသုံးကို မောင်မျိုး ( ရင်တွင်းဖြစ် ) ထံမှ ကူးယူပါသည် …။
ပျံသန်းသွားသော …
သူငယ်ချင်းရေ …
နင်ဟာ ပျံသန်းသွားတဲ့ငှက်
ငါက သိုက်မြုံကို မခွာရက်တဲ့ငှက်
နင်ဟာ အတောင်ပါတဲ့ငှက်
ငါက အတောင်ကျိုးတဲ့ငှက်
ငါတို့တွေ သဘာဝမတူကြပေမယ့်…
အချစ်ဆုံးတွေ ဖြစ်ခဲ့ဖူးတယ်…။
မိ … ရွှေမိ … မိစုတ် … ဘဲပေါက်မ …
နင်… အသက် တစ်နှစ်ကြီးသွားပြီ… ၀မ်းသာလိုက်တာ … ဟ..ဟာ…ဟား…
အရင်လို ဆံပင်နီနီလေးဆိုးပြီး နားကွင်းတစ်ဖက်ထဲတပ်ထားတဲ့ ( ဂျစ်ပစီစတိုင်လ် လို့ ငါက ခေါ်တဲ့ ) ချာတိတ်မလေးမဟုတ်တော့ဘူး…။
First year တုန်းက ငါ့အ၀တ်သေတ္တာကို ဆွဲဖွ … ငါ့ရဲ့ အသစ်စက်စက် မြန်မာချည်ထည်လုံချည်လေးတွေကိုကိုင်ကြည့်ပြီး … “ နင်က အရမ်းမြန်မာဆန်တာပဲနော် ” လို့ တအံ့တသြပြောခဲ့တဲ့ ဂျင်းဘောင်းဘီနဲ့ မိ …။
( တကယ်တော့ တက္ကသိုလ်ကျောင်းသူဖြစ်ပြီဆိုပြီး အမေက ထည့်ပေးလိုက်တာ ..ဟ.. )
ကြည့်မရတဲ့ကောင်လေးကို ဆိုင်ကယ်နဲ့ ပွတ်ဆွဲတတ်တဲ့ မိ …။
( မိစုတ် … နင့် ကြောင့် ငါ .. ကျောင်းတုန်းက ရည်းစားမရတာ… ဟွန်း )
သနပ်ခါး ဘဲကြားလိမ်းလို့ စီနီယာမမတွေက သရဲ လို့ခေါ်တဲ့ မိ …။
“ နင်.. ယောက်ျားယူသွားလို့ .. ငါရည်းစားရသွားတာ..” လို့ ဆင်ခြေပေးတဲ့..မိ..။
(… နင့်ဟာနင် ရည်းစားထားတာ ငါ့ကို တရားခံရှာစရာလား… )
“ နင်ရေးတဲ့စာတွေ..ငါနားမလည်ဘူး… ကွန်မန့်တွေ ဖတ်လိုက်မှ နားလည်တယ်လို့..” သြဘာပေးတဲ့…မိ…။
( … ကြားရတာ အားရစရာ .. တေချင်တယ်..)
မိ..မိ..မိ…ရွှေမိ…ပျံသွားပြီ … ဟိုးအဝေးကို… ဆယ်ကျော်သက်က မက်ခဲ့ဖူးတဲ့ အိပ်မက်တွေဆီကို … အတောင်တွေဆန့်ပြီး… ပျံသန်းသွားလိုက်တာ… ငါနဲ့အဝေးကြီးမှာ….။
မှန်တာကို ၀န်ခံရရင် ဆိုင်သူတွေ ကိုယ်စီနဲ့ … ဘ၀တစ်ခုစီနဲ့မို့ … ဟိုးတုန်းကလို … ကျောင်းပိတ်ရက်ခွဲကြရတုန်းကလိုတော့ သိပ်မလွမ်းတော့ဘူး … မိ ရယ်…။
ဒါပေမယ့် .. သတိရနေပါတယ်.. မိရယ် …။
Happy Birthday
… တော်ရာမှာ ပျော်ပါစေ မိ…။ ။
ဟောတော့..
ဟော… ဟော…ဟောတော့…
ပို့စ်လည်းမတက်ပါလား …
*******************************************************
မင်္ဂလာပါ
နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုနိုင်ကြပါစေရှင်…
လာလည်တဲ့သူအားလုံးကို ရေခဲရေနဲ့ပက်တယ်…အိုးမဲသုတ်တယ်.. ဒါပဲ…
ခင်မင်စွာဖြင့်
လေးမ
********************************************************
လေးမ အင်တာနက်နဲ့ ခဏဝေးမှာမို့  ၁၂ ရက်နေ့မှာ အဲဒီလိုလေး အော်တို တက်လာအောင် စီမံခဲ့ပေမယ့် လေးမ တို့များ သူများကို ရေပက်ဖို့ ကံမပါလိုက်ပုံများကတော့ ကမ္ဘာအတုမှာတောင် ရေပက်ခွင့် မရရှာပါဘူး…။
တွေးတစိမ့်စိမ့်နဲ့ ပီတိဖြစ်နေရာက ဒီကနေ့ အင်တာနက်ရှေ့ကိုအရောက် ဒေါက်ဆို ဘလော့ဂ်ကို ၀င် … ဘယ်သူတွေ အိုးမည်းထိသွားသလဲလို့ ပြုံးစိစိနဲ့ကြည့် … ရေစိုပြီး အိုးမဲထိသွားသူက လေးမ ပါ…။ ပို့စ်က မတက်တော့ ဘယ်သူ့ ကိုမှ ရေမလောင်းလိုက်ရတော့ဘူးပေါ့နော်…။ ဒါပေမယ့် ရေလာလောင်းသွားတဲ့ သူငယ်ချင်းတွေ ကို တွေ့ ရတော့ ပျော်မိတယ်…။ မုန့်လုံးရေပေါ် လာမကျွေးတာတော့ စိတ်ဆိုးတယ်ဗျို…။
လေးမပျောက်လို့ စိတ်ပူပေးကြတဲ့ သူငယ်ချင်းတွေ …
နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းပေးတဲ့ သူငယ်ချင်းတွေ … ( ဆုမွန်တောင်းချင်တဲ့ သူတွေ..။ ဟိ..ဟိ..ဆိုင်သူတွေ မလုံမလဲ ဖြစ်စေသတည်း)
ရေလောင်း … အိုးမဲသုတ် … မီးသတ်ပိုက်နဲ့ပက် … မုန့်စားဖို့ခေါ်တဲ့ သူငယ်ချင်းတွေ…
အားလုံး..အားလုံး… ဘာဆုလိုချင်သလဲပြော … ပြောတဲ့ဆု … ပြည့်စေသတည်း…။ ။
<!–
ငိုချင်း
သူ့မယား ငိုခဲ့လျှင် ( အဟမ်း..အဟမ်း..)
ကိုးနတ်ရှင်ကြီးက ပျာယီးပျာယာ….
ဟိုအရေး ဒီအရေး မတွေးမမျှော်…
ဖြတ်ခနဲဆို တက်လိုက် ကျလိုက်…
ဒက်ခနဲဆို ရပ်လိုက် ဖြတ်လိုက်…
Proxy ကို multi ထားပေမယ့်
ဂျာမဏီကို ထော်လာဂျီမောင်းသွားရသလိုပဲ
loading… loading…. ဟင်း…ဟင်း..
အမယ်မင်း…အဟင့်..အဟင့်…
ဘယ်တော့များမှ
မျက်နှာငွေလ ရွှင်ပပနှင့်
လေးမ ၀မ်းမြောက်ရပါအံ့…။ ။
မှတ်ချက်။ ။ ဘကြီး ဦးပုညရေ… စာလုံးတွေ ယူသုံးထားတာ ဆူနဲ့နော်…။
သူငယ်ချင်းကောင်း ယောင်းမ ရေ …
ယောင်းမ ရေ …
သူငယ်ချင်းဆိုတာ လောကမှာ တကယ်ရှိသင့်တဲ့အရာ…
သူငယ်ချင်းဆိုတာ ဘာကြောင့်…ဘာ့အတွက် လိုအပ်တယ်ဆိုတာ အကြောင်းပြစရာမလိုတဲ့အရာ…
သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေရတာ အကောင်းဆုံး…
သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေခြင်းက လွဲပြီး ဘာမှ မလိုအပ် …
တကယ်တော့ ယောင်းမရေ… သူငယ်ချင်းဆိုတာ သူငယ်ချင်းပေါ့ဟယ်…။
ယောင်းမ ရေ …
မွေးနေ့ဆိုတာ … မွေးဖွားလာတဲ့နေ့ …
မွေးနေ့ဆိုတာ … တစ်ခုခုစတင်တဲ့နေ့ …
မွေးနေ့ဆိုတာ … အငိုစတင်တဲ့နေ့…
မွေးနေ့ဆိုတာ … ရက်စွဲတစ်ခု…
တကယ်တော့ ယောင်းမရေ… မွေးနေ့ဆိုတာ မွေးနေ့ပေါ့ဟယ်…။
ယောင်းမ ရေ …
သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … အမှတ်တရ ဖြစ်စေတဲ့နေ့…
သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … လက်ဆောင်ပေးရမယ့်နေ့ …
သူငယ်ချင်းရဲ့ မွေးနေ့ဆိုတာ … ၀ါးတီးစွဲရမယ့်နေ့ …
တကယ်တော့ ယောင်းမရေ… သူငယ်ချင်းရဲ့မွေးနေ့ဆိုတာ ယောင်းမမွေးနေ့ပေါ့ဟယ်…။
ယောင်းမ ရေ …
ဆုတောင်းတိုင်း ပြည့်ချင်မှပြည့်တဲ့ လောကကြီးမှာ ဆုတောင်းပေးရမှာလဲ သိပ်တော့ အားမရှိလှပါဘူး…
ဒါပေမယ့် ယောင်းမဘ၀ သာယာချမ်းမြေ့ ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် …။ ။
လူပျောက်ကြော်ငြာ
တွေ့ရင်ပြောကြပါကွယ် … မုန့်ဝယ်ကျွေးပါမယ်…
လက်ခံထားတဲ့သူကို… @&*^%$#
ကြာသပတေးနံနှင့် စသော …. လေးမ အလည်အပတ် သွားတတ်သော ဘလော့ဂ်များမှ …. အိမ်ရှင် ၅ ဦး ပျောက်ဆုံးနေပါသဖြင့် တွေ့ များတွေ့ခဲ့ရင်… … virtual world ..က လေးမက သတိရနေတယ်လို့ ပြောပေးကြပါ…နော်…။
၁။ ဘုရင့်နောင်
၂။ ပုဂံသား
၃။ မိုးညို
၎။ ပေါက်ပေါက်ဆုပ်
၅။ မိုးချစ်သူ
၁၃ ရက်ဖွား စနေသား..ဗိသုကာ
၁၉၁၅ …ဖေဖော်ဝါရီလ ..၁၃ ရက် မှာ စနေသား မောင်ထိန်လင်း … လူ့လောက ကို စတင် ၀င်ရောက်လို့လာပါတယ်…။
နောင်တစ်ချိန်မှာ ပြည်ထောင်စုဗိသုကာ…လွတ်လပ်ရေးဗိသုကာ ဖြစ်လာမယ့် လေးနှစ်သား မောင်ထိန်လင်းရဲ့ အမှန်တရား မြတ်နိုးမှုကို အမှတ်တရ ကူးပြလိုက်ပါတယ်…။
မောင်ထိန်လင်း၏ မိခင်သည် အိမ်တွင် စပါးများ ၀ယ်လှောင်ထားပြီး ကျေးလက်တောရွာမှ လူများအား တဆင့် ရောင်းသည်..။
တနေ့ ၀ယ်သူများက ဈေးဆစ်ရာ “…ကိုင်း..မင်းတို့ ဒါလောက်လိုချင်နေမှ ငါလျှော့ပေးလိုက်မယ်..။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့  ၀ယ်ထားရတယ်။ ဒါပေမယ့် မင်းတို့ကို ငါးဆယ်ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောရာ.. မောင်ထိန်လင်းက “ ဟာ ..အစ်မကလဲ..မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့  ၀ယ်ထားတာ ကျွန်တော် သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး”…ဟု ခပ်တည်တည် ၀င်ပြောလိုက်လေသည်…။
ထိုသို့သော မောင်ထိန်လင်းသည် အရွယ်ရောက်လာချိန်မှ သေဆုံးချိန်အထိ တဖွဖွ ပြောလေ့ရှိသောစကားမှာ
“ လူမှာ အရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကို မြတ်နိုးမှု..ပဲ ဖြစ်တယ်…”…။ ။
I Pay My Respect to This Architect !!!
Heart ထိပါ သည်…
မလေးက ရုပ်ရှင်ကားတစ်ကားကြည့်ပြီး စေတနာနှင့် သုံးသပ်မိသောကြောင့် အသည်းကွဲ သွားပါသည်…။
လေးမက မနေနိုင်… မထိုင်နိုင် ဘလော့ဂ်ဂါချင်း ရင်းရင်းနှီးနှီး အတွေ့ အကြုံ…အယူအဆ ဖလှယ်စေလိုသော စေတနာနှင့် tag game ဆော့မိရာမှ tag game အပေါ်ထားသော ထို blogger ၏ သဘောထားကြောင့် heart ထိသွားပါသည်…။
ဟောဒီမှာကြည့်ပါ….
“…ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို ကိုယ်ပျော်ဖို့ အတွက် သူများကို လုပ်ခိုင်း ဖို့ စဉ်းကို မစဉ်းစားတာဗျ …”
Heart ထိသွားတဲ့ စကားကို underline လုပ်ထားပါသည်…။
Tag game များတွင်ပါဝင်ဖူးသော blogger များရှင့်… သူများကို tag ရတာ တော်တော်ပျော်စရာ ကောင်းပါသလားရှင့်….။ တော်တော်သနားစရာကောင်းတဲ့ လေးမ ပဲနော… သူများကို tag ပြီးတော့များ ပျော်စရာ ရှာရတယ်လို့ … သွပ်..သွပ်..သွပ်…။ လေးမကတော့ tag ခံရရင် ပျော်တယ်ရှင့်…။
ထားပါတော့လေ… ရှိပါစေတော့…။ လေးမရဲ့ ဘလော့ဂ်က အငြင်းပွားမှုတွေကို မဖိတ်ခေါ်လိုတဲ့ အတွက် ရင်ထဲရှိသမျှ ချမရေးတော့ပါ…။ အစုလိုက် အပြုံလိုက် tag ခြင်း ဒါ ( ဘ၀ လက်တွဲဖော် ) နောက်ဆုံးပဲ ဆိုတာ အားလုံးကို အသိပေးအပ်ပါတယ်…။
နောက်နောင် လေးမ အနိုင်ကျင့်လို့ရသော( ဟာဟ..စတာနော်…) လေးမ tag သမျှ မညီးညူသော … လေးမကို ခင်သော… သူ များကလွဲပြီး မည်သူ့ကိုမျှ မ tag တော့ပါ…။ မ tag စေလိုသူများ…၊ tag game မနှစ်သက်သူများ comment တွင် စာရင်းပေးသွားနိုင်ပါသည်…။
တောင်းပန်ခြင်း ။ ။ ဒီည စုဖုရား အကြောင်း ဆက်မရေးဖြစ်တော့ပါ…စိတ်မကောင်းဖြစ်ခြင်း ချုပ်ငြိမ်းခြင်းသို့ရောက်လျှင် စုဖုရားလတ် အကြောင်းဆက်ပါမည်…။
ဘ၀ လက်တွဲဖော် ( ၃ )
သူတဖက်သားကို ဟိုလိုမှ.. ဒီလိုမှ လက်ခံမယ် ဆိုပြီး ကန့်သတ်စဉ်းစားနေတာ တဖက်သတ်ဆန်လွန်းပါတယ်…နော်…။ လေးမက အဲလို တဖက်သတ်သမား မဟုတ်ပါဘူး…ဟိ..ဟိ…။ လေးမ ဘက်ကလည်း ဘယ်လို အချက်အလက်တွေနဲ့ ပြည့်စုံနိုင်မလဲဆိုတာ စဉ်းစားထားခဲ့ပါတယ်…။
အချစ်
၁။ အချစ်… မေတ္တာ..သစ္စာ…လေးစားမှု တို့ကို ဖောဖော သီသီ ပေးနိုင်သည်..။
အကျင့်စရိုက်
၂။ ရိုင်းစိုင်း ကြမ်းကြုတ်သူ မဟုတ်….။ သူ၏ မိဘ နှစ်ပါးကို ရိုသေပါမည်…။
၃။ အိမ်လည် အတင်းတုတ်မည်မဟုတ်…။
၎။ သိန်း ၃၀၀ တန် စိန် နားကပ် မပူဆာပါ…။
၅။ စင်္ကာပူ…ဘန်ကောက် သို့ တစ်ပတ်တစ်ခါ ရှော့ပင်း ထွက်ရန် မတောင်းဆိုပါ…။
၆။ အိမ်တာဝန်များကို အိမ်အကူ မရှိလျှင် လုပ်မည်ဖြစ်ပြီး ရှိလျှင် မလုပ်ပါ…။
၇။ မျက်ရည်လက်နက်ကို မကြာခဏ ထုတ်မသုံးပါ…။
အသောက်အစား
၈။ ဆေးလိပ် ၊ အရက် ၊ ဘီယာ ၊ မူးယစ်ဆေး … သုံးစွဲသူမဟုတ်….။
လောင်းကစား
၉။ ၁ လုံး …၂ လုံး.. ၃ လုံး… ဖဲရိုက်… ဘာမှ မလုပ်ပါ…။
အလုပ်
၁၀။ မောင် တစ်ထမ်း…. မယ် တစ်ဝက် ရွက်ပါမည်…။
၁၁။ ပွဲတက်မယား..မီးဖိုချောင် မယား..တာဝန် နှစ်ရပ်လုံး ကျေပွန် စေရမည်…။
ကံကောင်းတာလား…တိုက်ဆိုင်တာလားတော့ မသိဘူး…။ လေးမ ချစ်တဲ့သူ … လေးမကို ချစ်ခွင့်ပန်ခဲ့တဲ့ သူက လေးမ လိုလားချက်တွေ နဲ့ အားလုံး ကိုက်ညီ ခဲ့ပြီး… လေးမတို့ လက်ထပ် ဖြစ်ခဲ့ပါတယ် …လို့ ပြောကြားရင်း နိဂုံး ချုပ် အပ်ပါတယ်ရှင်…. ။ ။
ပြီးသေးဘူးနော်…အပိုင်း (၃ ) ဆက်ရတဲ့ အကြောင်းရင်းက ခုမှ စမှာ…။
Tag Game တွေ ငြိမ်နေတာကြာပြီ…။ သူများTag တာ အကုန်ရေးပြီး လေးမ က စ ရတယ်လို့မရှိသေးဘူး…။ မောင်နှမတွေ ပျော်ပျော်ပါးပါးကြီး Tag game ဆော့လိုက်ရအောင်နော်…။
“ ဘ၀ လက်တွဲဖော်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ… ကိုယ့်ဘ၀ လက်တွဲဖော်နဲ့ ပတ်သက်သမျှ ရေးပေးစေချင်ပါတယ်…။ လက်ထပ်ပြီးသား လက်တွဲဖော် အကြောင်းပဲဖြစ်ဖြစ်…. လေးမ လို စဉ်းစားခဲ့ဖူးရင်ပဲ ဖြစ်ဖြစ်… ရည်းစား လက်ရှိများက လက်ထပ်ပြီးနောက် ကိုယ့် ချစ်သူကို ဘယ်လို လေး ဖြစ်စေချင်တယ်လို့ စိတ်ကူးယဉ်ထားတာလေးပဲဖြစ်ဖြစ်…. ရည်းစားလက်မဲ့များကလည်း မျှော်မှန်းထားတဲ့ လက်တွဲဖော်လေးကို ပုံဖော်ကြည့်ရုံပဲုဖြစ်ဖြစ်…ဘာမှ ရေးစရာမရှိရင်တောင်… ဘ၀ လက်တွဲဖော်ဆိုတာကို ဘယ်လိုနားလည်ထားပါတယ် ဆိုတာမျိုးပဲဖြစ်ဖြစ်…ရေးပေးကြနော်…။
ရေးရမယ့် စာရင်းကို ရှုလော့….
Married blogger များ
၁။ သမီးရှင် ကိုစိုးထက် နှင့် wesheme
၂။ သားရှင် ကိုမျက်လုံး
၃။ ဂျပန်ပြည်က ဇနီး မောင်နှံများဖြစ်ကြတဲ့ မနုစံ နဲ့  မမြရွက်ဝေ
၎။ မခွန်မြလှိုင်
လေးမတို့ ရွာက လူပျိုကာလသားကြီးများ
၁။ ကိုအတာ
၂။ ကိုညိုထက်ညို
၃။ ကိုဒီဝိုင်း
၎။ ကိုပီကေ
ရွာထဲက အကောင်ပလောင်လေးများ
၁။ ဂျယ်ရီ
၂။ စာကလေး
၃။ ၀ံပုလွေ ကိုသန့် 
၎။ ကြောင်မျိုး
၅။ ကိုဇီးကွက်
ရွာထဲက ကာလသားလေးများ
၁။ ညိမ်းညို
၂။ မျှားပြာ
၃။ ကျန်စစ်
၎။ လွမ်းစေ
ရွာထဲက မမ လှလှများ
၁။ မချစ်လေပြေ
၂။ မဂျစ်တူး
၃။ မသမုဒယ
၎။ မတူးတူး
ရွာထဲက ကာလသမီးလေးများ
၁။ chaos
၂။ မွန်
၃။ ရွှန်းမ
၎။ မေပျို
ရွာထဲက စုံတွဲ
၁။ ကိုသားငယ်+ မချစ်စု
ရေးပြီးရင် လာပြောနော်…။ ပြီးရင်.. အနိုင်ကျင့်လို့ရတဲ့ သူတွေကို ဆက်ရေးခိုင်း လိုက်နော်…။
အားလုံးပဲ ပျော်ရွှင် ကြပါစေ..။ ။
ဘ၀ လက်တွဲဖော် ( ၂ )
လေးမက သိပ်တော့ မကန့်သတ်ထားပါဘူး…။ ပါးပါးလေး ဘောင်ခတ်ကြည့်တာပါ…။
လက်တွဲဖော်ဖြစ်ရန် ကိုက်ညီရမည့် အချက်များ
အချစ်
၁။ သူက ကိုယ့်ကို ချစ်ရမည်…။
၂။ ကိုယ်က သူ့ ကို ချစ်ရမည် ( သို့မဟုတ်) ချစ်နိုင်ရမည်…။
အိမ်ထောင်ရေးရဲ့ အခြေခံ အုတ်မြစ် ဖြစ်တဲ့ အချစ်ကတော့ အရေးအကြီးဆုံးပဲ…။
ဘာသာနှင့် လူမျိုး
၃။ ဘာသာတူသူ ဖြစ်ရမည်…။ ( ဗုဒ္ဒ္ဓဘာသာ ဖြစ်ရမည်..)…။
၎။ မြန်မာလူမျိုး…မြန်မာ တိုင်းရင်းသား ဖြစ်ရမည်…။ အဖေက နိုင်ငံခြားသား ယူလို့ကတော့ အိမ်ရိပ်တောင် မနင်းနဲ့ … တဲ့…။ အဟင့်..ကြောက်တာပေါ့…။
အကျင့်စရိုက်
၅။ မိဘ လက်ခံကြည်ဖြူနိုင်သူဖြစ်ရမည်…။ မိဘနဲ့ ပေါင်းရမှာမှ မဟုတ်ဘဲလို့ တချို့ က ပြောကြပေမယ့် … လက်တွေ့မှာ မိဘ အသိုင်းအ၀ိုင်းနဲ့ အဆင်မပြေလို့ ကွဲကြရတဲ့ အိမ်ထောင်ရေးတွေလည်း ရှိနေပါတယ်…။ မိဘဆိုတာ သားသမီး ဒုက္ခဖြစ်မှာကို ဟန့်တားကြတာချည်းပဲ…။
၆။ ရိုင်းစိုင်း ကြမ်းကြုတ်သူ မဖြစ်ရ..။ လေးမ၏ မိဘ နှစ်ပါးကို ရိုသေသူဖြစ်ရမည်…။
အသောက်အစား
၇။ ဆေးလိပ်သောက်သူမဖြစ်ရ…။ (ဖေဖေ အပါအ၀င် လေးမတို့ တစ်အိမ်သားလုံး ဆေးလိပ်နံ့  မခံနိုင်သောကြောင့် )
၈။ မူးယစ်ဆေးသုံးသူ မဖြစ်ရ…။
မှတ်ချက်။ ။ အရက် ၊ လောင်းကစား နဲ့ မိန်းမရှုပ်မရှုပ်သည် လက်မထပ်မီ သေချာ သိနိုင်ရန် ခက်ခဲသောကြောင့် ထည့်သွင်း ဘောင်ခတ်ခြင်းမပြု..။ ဒီခေတ်ကြီးမှာ အရက်..ဘီယာက အလွန်အကျွံ မဟုတ်ရင် အန္တရာယ် မရှိတဲ့ အတွက် လက်ခံနိုင်ပါသည်…။ လောင်းကစားကတော့ သတင်းအတိအကျ စုံစမ်းဖို့ ခက်တယ်…။ ရည်းစားများတိုင်း မိန်းမ မရှုပ်သလို… ရည်းစားမထားဖူးတိုင်းလည်း…ရိုးသားလိမ့်မယ်လို့ ဘယ်သူ အာမ ခံနိုင်မလဲ…။ ဆေးလိပ်ကတော့ မသောက်ပါဘူးလို့ လိမ်လို့ကို မရဘူး…။ မသောက်တဲ့ အချိန်မှာတောင် အနံ့ က စွဲနေတတ်တာမျိုးဆိုတော့ ကိုယ် အကဲခတ်နိုင်တာ..သေချာ သိနိုင်တာကို ပဲ ထည့်သတ်မှတ်တယ်…။
အသက်
၉။ လေးမအသက်၏ ၅ နှစ်ထက် မပိုရ..။ အသက်အရွယ် ကွာရင်.. အတွေးအခေါ်..အယူအဆ..ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံ မတူတဲ့ အတွက် ညှိနှိုင်းရ ခက်မှာ စိုးလို့…။ ( တကယ်တော့ ဒီအယူအဆက နည်းနည်းတော့ ကြောင် ပါတယ်..)။
လေးမအသက်၏ ၆ လ အောက် မငယ်ရ…။ မိသားစုမှာ အငယ်ဆုံးဘ၀နဲ့ ပျော်မွေ့  လာတဲ့ လေးမက ကိုယ့်ကို ဆိုးနွဲ့ နိုင်မယ့် လေးမထက် ငယ်တဲ့ သူကို မလိုချင်တာ သဘာဝကျပါတယ်…။ ပြီးတော့ မိန်းမတွေက ကျလွယ်တယ်လေ… … သံသယတွေနဲ့ စိုးရွ့ံနေရတာမျိုးကို တတ်နိုင်သမျှ နည်းချင်ခဲ့တယ်…။
အလုပ်
၁၀။ အလုပ်လက်မဲ့ မဖြစ်ရ…။
၁၁။ ဆရာဝန် မဖြစ်ရ…။ ဆရာဝန်များသည် လူနာအမျိုးသမီး.. သူနာပြု အမျိုးသမီး… လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများနှင့် အကျွမ်းတ၀င် တွေ့ ဆုံရန် အခွင့် အလမ်း အများဆုံး ဖြစ်သောကြောင့် အလွန် သ၀န်တိုတတ်သော လေးမနှင့် မဖြစ်ပါ ….. လို့ ထိုစဉ်က လွဲမှားစွာ တွေးခဲ့မိပါသည်…။
၁၂။ ဗိသုကာ မဖြစ်ရ…။ လေ့လာ ဆည်းပူးခဲ့သော ပညာရပ်ချင်း တူသောကြောင့် ဆရာလုပ်မည်.. ဟောက်မည်ကို အလိုမရှိသောကြောင့် လည်းကောင်း…၊ ဗိသုကာတို့၏ သဘာဝသည် တစ်ယောက်နဲ့ တစ်ယောက် အမြင်တူလေ့ မရှိခြင်းကြောင့် လည်းကောင်း …၊ အမျိုးသား ဗိသုကာတို့သည် အနည်းငယ် အတ္တကြီးခြင်းတို့ကြောင့် လည်းကောင်း ဗိသုကာကို လက်တွဲရန် စိတ်မကူးပါ …။
၁၃။ စစ်ဗိုလ်..စစ်သား…ရဲ…သူခိုး..ဒမြ…သူပုန်…လက်နက်ကိုင်ခြင်းဖြင့် ဘ၀ ရပ်တည်မှုပြုသောသူ မဖြစ်ရ…။ ဒါကတော့… သူတို့ရဲ့ အလုပ်တွေက အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ အလုပ်တွေ ဖြစ်လို့ အရမ်းစိတ်ပူတတ်တဲ့ လေးမ … နှလုံးရောဂါနဲ့ မြန်မြန် သေမှာ စိုးလို့ … ကိုယ့်ကိုယ်ကို ညှာတာ ထောက်ထားသော အားဖြင့် မရွေးချယ်ရခြင်း ဖြစ်ပါတယ်…။
နောက်ထပ် ဘာတွေ သတ်မှတ်ခဲ့မိလဲဆိုတာ ကြာပြီ ဆိုတော့ မမှတ်မိတော့ပါဘူး…။
အမေးအဖြေ
လေးမ ချစ်မိသွားတဲ့ သူဟာ ဒီအချက်တွေနဲ့ တစ်ခုမှမကိုက်ညီခဲ့ရင် ဘယ်လိုလုပ်မလဲ…။
ချစ်သူ အဖြစ်မခံပါဘူး…။ လေးမ အချစ်ကို သိခွင့်မပေးပါဘူး..။ အချစ်ကို မြေမြုပ်လိုက်မှာဖြစ်ပါတယ်…။
တစ်ချက်တစ်လေများမကိုက်ညီခဲ့ရင်…ရော…။
ညှိုနှိုင်းကြည့်မယ်…။
လေးမကို ကမ်းလှမ်းလာတဲ့ လူတွေထဲမှာ ဒီအချက်အားလုံးနဲ့ ကိုက်ညီတဲ့ သူမရှိဘူးဆိုရင်ရော…။
အပျိုကြီးပဲလုပ်မယ်…။
ဘ၀ကို တစ်ယောက်တည်း လျှောက်နိုင်တဲ့ အစွမ်းအစတွေ ရှိအောင် လေ့ကျင့်ထားပြီး …. တစ်ယောက်တည်း ရပ်တည်နိုင်စွမ်းရှိတဲ့ မိန်းမ တစ်ယောက်အတွက် … ရတာမလို…လိုတာမရလို့ရရာ ဖမ်းဆွဲရတဲ့အဖြစ်မျိုးဆိုတာ မရှိနိုင်ပါဘူး…။ စကားလုံးတွေက ချဉ်စရာ ဖြစ်နေမလား…မသိဘူး… ထိုစဉ်ကတော့ … ငယ်တုန်း..ရွယ်တုန်း…အောင်မြင်တုန်း..မာနတွေ တလူလူတက်နေတုန်း… အတ္တတွေ မိုးမွှန်နေတုန်းဆိုတော့ ယောက်ျားတစ်ယောက်ကို အားကိုးစရာ မလိုဘူး ဆိုတဲ့အတွေးတွေနဲ့ ကြွေးကြော်ခဲ့တာပါ… ( ခုတော့ မရှိလို့မဖြစ်ဘူး … ကြောက်တယ်… အားငယ်တယ်… ဆိုတဲ့ စကားတွေ တွင်တွင်သုံးပြီး ပုဆိုးစ ဆွဲထားတာ… 😛 မိန်းမ မာယာ တဲ့ နော်… မှတ်ကြ..မှတ်ကြ… ) …။ ။
အပိုင်း ( ၃ )ဆက်ပါဦးမည်..။