စကားပြောနေသော …

ဒီနေ့  ကျောက်စာ လက်စသတ်တယ်…။ ကျုပ်တစ်သက်မှာ …. ကျောက်ထွင်းပညာနဲံ့  အသက်မွေးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒီနေ့လောက် ဂုဏ်ယူပီတိဖြစ်ရတဲ့နေ့ မျိုး မရှိခဲ့ဖူးဘူး…။ ဒီနေ့ဟာ ကျုပ်ဘ၀မှာ ပီတိအဖြစ်ရဆုံး … ကျေနပ်စရာအကောင်းဆုံး … နေ့   တစ်နေ့ ဖြစ်ခဲ့ပြီ …။ ဘာကြောင့်လဲဆိုတော့ သမိုင်းဝင်မယ့် ရွှေစည်းခုံ ကျောက်စာကို ရက်ပေါင်းများစွာ ထွင်းထုနေခဲ့ရာက အချောသတ်လိုက်နိုင်တဲ့နေ့  ဖြစ်နေလို့ပဲ…။

ကျုပ်ထွင်းခဲ့ရတဲ့ စာသားတွေကို တစိမ့်စိမ့် ပြန်မြင်ယောင်နေမိတယ်ဗျာ…။

“ ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်များကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပေးလိမ့်မည် ..။

ချစ်သူအပေါင်းမှ ကွဲကွာ စိတ်နှလုံးပူဆွေး ( ၀ါ ) စိတ်ရောဂါဖြစ် နှလုံးမသာယာကုန်သော သူတို့၏ နှပ်ရည်တို့ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ကရုဏာစိတ်ဖြင့် ဆေးကြောပစ်လိမ့်မည်…။ ”

ပြန်တွေးမိရုံနဲ့ တောင် မျက်ရည်လည်မိပါရဲ့ …။ ကျုပ်တို့ရဲ့ မင်းကြီး …ကျန်စစ်မင်းကြီးရဲ့ စေတနာ …ပြည်သူအပေါ်ထားတဲ့ စေတနာဗျာ …။ ဒါကို မြှောက်ပင့်ရေးထိုးထားတဲ့ ဘုန်းတော်ဘွဲ့ ပါလို့ ခင်ဗျားတို့ ပြောချင်သလား …။ မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရတဲ့ ဘယ်ပုဂံသူ ပုဂံသားမှ အဲသလို အတွန့်  တက်မှာ မဟုတ်ဘူးဗျ … ။ ဘုရင်မို့လို့  ကြောက်လို့ မပြောရဲတာမဟုတ်ဘူး … ကျန်စစ်မင်းကြီးလက်ထက်မှာ ဘယ်နိုင်ငံကို စစ်မက်ပြုပြီး… ဘယ်နိုင်ငံကတော့ စစ်လာပြုတယ်လို့  …. စစ်ပွဲ အကြီးအကျယ်ဖြစ်လို့ …. ပြည်သူတွေ ငိုကြွေးရတယ်ဆိုတာမျိုး ကျုပ်မကြားဖူးဘူး…။

“လက်ယာလက်ဖြင့် ပြည်သူတို့အား ထမင်းမုန့် ပေး၍ လက်ဝဲလက်ဖြင့် လူအပေါင်းတို့အား ပစ္စည်း ဥစ္စာအ၀တ်ပုဆိုးများ ပေးကမ်းလိမ့်မည် …။ သို့လျှင် ပြည်သူအပေါင်းတို့သည် အမိရင်ခွင် နေရသော သားငယ်ပမာ ချမ်းသာသုခနှင့်ပြည့်ဝကြ …….”

ဒါပဲ…ကျောက်စာတစ်ခုလုံးရဲ့ အသက်က အဲဒီစာကြောင်းပဲ … မင်းကြီးမှာ ရှိတဲ့ လက်နှစ်ဘက်ဟာ ပြည်သူတွေ အတွက်ပါ ဆိုတာကို အတိအလင်း ကြေငြာ လိုက်တာ … ပြည်သူကို ဘယ်လို စောင့်ရှောက်မယ်ဆိုတဲ့ သူ့  ရဲ့သဘောထားကို ကျောက်ထက်အက္ခရာ တင်လိုက်တာ …။ ထမင်းပေးမယ် … အ၀တ်ပေးမယ်ဆိုတာ တကယ်တော့ တင်စားပြောတာပေါ့ … လူတိုင်းတော့ အလကား ဘယ်ကျွေးထားနိုင်ပါ့မလဲ …။ လုပ်ငန်းအဆင်ပြေအောင် … အလုပ်ကောင်းအောင်ပံ့ပိုးပေးမယ်လို့ ပြောတာနဲ့ အတူတူပဲမဟုတ်လား…။ နောက်တစ်မျိုး စဉ်းစားကြည့်ရင်လဲ ပေးမယ် ဆိုတာ မလုဘူး လို့  ယူဆလို့လည်း ရသကိုး…။

ကျောက်စာတစ်ခုလုံးကို မြတ်စွာဘုရားက ဗျာဒိတ်တော် ပေးတဲ့ပုံစံနဲ့  ရေးထိုးထားတာ … သဘောကတော့ဗျာ ကျန်စစ်မင်းကြီးဟာ သာမညမင်း မဟုတ်ဘူး… မြတ်စွာဘုရား ကိုယ်တော်တိုင် ဗျာဒိတ်ပေးခဲ့တဲ့မင်း လို့ ဆိုလိုသပေါ့ …။ တကယ် ဗျာဒိတ်တော်ပေးမပေးတော့ ကျုပ်လို ကျောက်ထွင်းသမားက ဘယ်အတတ်ပြောနိုင်မလဲဗျာ … မင်းကြီး ရေးစေချင်တဲ့ ဆန္ဒတွေကို မြတ်စွာဘုရားက ရှင်အာနန္ဒာကို မိန့်  ကြားခဲ့လေဟန် ရေးထိုးတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ …။ အဲလိုဆိုလည်း အပြစ်မဆိုသာပါဘူးဗျာ … ။ ကျန်စစ်မင်းလည်း… လူပဲလေ… လူဆိုတာ အတ္တရှိမှာပေါ့ … လူမှ …ရိုးရိုးလူမဟုတ်ဘူး… လူ…မင်း… လူတွေရဲ့ မင်း … မင်းဆိုတော့ အတ္တ ပိုရှိမှာပေါ့ …။

ဘယ်လို အကြောင်းနဲ့  ဘယ်သူမိန့် တဲ့ စာသားပဲ ဖြစ်ဖြစ် … ပြည်သူတွေ ဘက်ကို အတော်လေး ထောင့်စုံအောင် စဉ်းစားရေးထိုးထားတာကတော့ တော်တော်ကျေနပ်စရာကောင်းတယ် …။ ပြည်သူတွေရဲ့ အကျင့်သီလ … စားဝတ်နေရေး … အစစအရာရာ …ကလေးသူငယ်ကစလို့ … အမယ်အိုအထိ … ရသေ့ရဟန်း..စစ်သည် … တောင်သူဦးကြီး … အိုးစလောင်းရောင်းတဲ့ ဆင်းရဲတဲ့ အမယ်အိုတောင် မကျန်စေရအောင် ဂရုတစိုက် ရေးထိုးထားတာ…။

“ မှို၊ မျှစ် ၊ ပန်း၊သစ်သီးဝလံ အပေါင်း အလွန်ပေါလိမ့်မည် ။ လက်သည်းဖြင့် မုန့်စားသင်သောကလေးငယ်များသည် လူကြီးကဲ့သို့ စိတ်ကောင်းထားကြလိမ့်မည်…. ။”

“ အိုးစလောင်းရောင်းသော ဆင်းရဲသည့် အမယ်အိုများသည် ဈေးကောင်းရ ကြွယ်ဝစေရမည်… ”

“ မင်း၏ နှုတ်မှ တရားနှင့်ညီသော အမိန့် များသာထွက်လိမ့်မည် …”

ကျောက်စာမှာ ရေးထိုးတဲ့ စာသားတွေအရဆိုရင် ကျုပ်တို့ရဲ့မင်းကြီး… ကျန်စစ်မင်းကြီးဟာ အလွန် ကြည်ညို ထိုက်တဲ့မင်းကောင်းမင်းမြတ် တစ်ပါးလို့ ကောက်ချက်ချနိုင်တယ်…။ အပြင်မှာ လုပ်ဆောင်ပေးခဲ့တဲ့ လုပ်ရပ်တွေအရလည်း မင်းကောင်းတစ်ပါးဆိုတာ ငြင်းလို့မရဘူး…။

နန်းတက်ခဲ့တဲ့ ပုံစံကိုပဲကြည့် …။ ပုဂံမှာသာမက ကမ္ဘာအရပ်ရပ်က တိုင်းပြည်တွေမှာ ဘုရင်ဆိုတဲ့ အာဏာကြောင့် အဖေကိုသားကသတ် … အစ်ကိုကို ညီကသတ်နဲ့ … နန်းလုပွဲတွေ ဖြစ်ခဲ့ပေမယ့် ကျန်စစ်မင်းကတော့ အရှင်မဲ့နေတဲ့ ပလ္လင်ကို မမက်မောဘဲ ဘုရင် စောလူးကို ရန်သူ့  လက်က ကယ်ထုတ်ပြီး နန်းအပ်နိုင်ဖို့ကြိုးစားခဲ့တယ်…။

တိုင်းတပါးနဲ့ ကုန်သွယ်ရေးတွေ လမ်းဖွင့်ပေးတယ် ….တိုင်းပြည် သာယာအောင် အားထုတ်တယ် …။ တိုင်းသူပြည်သားတွေ စီးပွားဖြစ်လိုက်ကြတာလည်း မုဆိုးမတောင် ဘုရားတည်နိုင်တယ်ဗျာ …။ ဘုရားစေတီတွေတည်လိုက်တာလည်း မနည်းမနောဘဲ … တည်သမျှ ဘုရားမှာလည်း မာန်မာန ဟန်လွှမ်းမိုးတဲ့ ဘုရားတစ်ဆူမှ မပါဘူး …။ ပညာရှင်ကိုလေးစားပြီး အနုပညာကို တန်ဖိုးထားတဲ့ ဟန်တွေပဲပါတယ်…။

ရှေ့ ဘုရင် ( အနော်ရတာဘုရင် ) ကို ဘယ်လောက်အလေးထားသလဲဆိုတာ ဒီရွှေစည်းခုံ ဘုရားကို ပြီးအောင် သေချာဆက်တည်တာကို ကြည့်ရင် သိနိုင်တယ်…။ ဒီလို မင်းမြတ်တစ်ပါးရဲ့ သမိုင်းတွင်မယ့် ကျောက်စာ ( ရွှေစည်းခုံ ကျောက်စာ ) ရေးထွင်းရာမှာ ပါဝင်ခဲ့ရတဲ့အတွက် ကျုပ်ကိုယ်ကျုပ် သိပ်ကျေနပ်မိတယ်…။ ။

ဝန်ခံချက် ။ ။ ပါမောက္ခ ဒေါက်တာနိုင်ပန်းလှ ရေးသားပြုစုသော “ ရွှေစည်းခုံ မွန် ကျောက်စာ ” ကို ကိုးကား ပါသည်။

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၃ )

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။

( ၁၀ )

ဘုံဘေဘားမား သစ်ကုမ္ပဏီ ကိစ္စနဲ့ ပတ်သက်ပြီး မျက်နှာဖြူ အစိုးရက ရာဇသံ ပို့လာတယ်…။ ကင်းဝန်မင်းကြီးက ပြေပြေလည်လည် ညှိနှိုင်းဖို့ မင်းတရား ကို လျှောက်တယ်…။ “ ဟဲ့..အပျိုတော်တွေ ဖိုးဖိုး ကင်းဝန်ကို ထမီတစ်ထည်နဲ့ ယပ်တောင် တစ်ချောင်း ရှာ ပေးလိုက်စမ်း…” လို့ ပြောပြီး စုဖုရားက စစ်ကြေငြာစေခဲ့တယ်…။ မြန်မာ့သွေး …ရဲကြောင်းပြရမယ်လေ…။ မြန်မာတပ်မတော် တပ်မှူးတွေကို စုဖုရားကိုယ်တိုင် တွေ့ ဆုံ အားပေးပြီး စေလွှတ်လိုက်တယ်…။

( ၁၁ )

စစ်ပွဲတိုင်းနိုင်သတဲ့…။ တကယ်တော့ … မင်း နဲ့ မိဖုရားကို ညာထားကြတာလေ…ဖုန်းကွယ်ထားကြတာ….အမျက်တော်ရှမှာ စိုးလို့… ၀ိုင်းလိမ်ထားကြတာ… ။ အချိန်နှောင်းမှ သိခဲ့ပါပေါ့လား…. ကိုယ်ကျိုးတော့ နည်းရှာပြီ… အင်္ဂလိပ်တပ်တွေ နေပြည်တော်ကို အလုံးအရင်းနဲ့ ချီတက်လာလေပြီ….။

( ၁၂ )

နန်းမြင့်မျှော်စင်ပေါ်က မြင်ရတဲ့ မြင်ကွင်းကြောင့် အရှင်လတ်လတ် မီးမြိုက်ခံရသလို ခံစားလိုက်ရတယ်…။ စစ်သဘောင်္တွေ နဲ့ ကုလားဖြူစစ်တပ်ကြီး ချီတက်လာလေပြီ…။ ဆုံးပါပြီ…တိုင်းပြည်တော့ ဆုံးပါပြီ…။ ရှိုက်ကြီးတငင် ငိုယိုနေရာက စုဖုရား သတိဝင်လာတယ်…။ တိုင်းပြည် နဲ့ လူမျိုးအတွက် စုဖုရား နောက်ဆုံး အားထုတ်လိုက်တယ်…

“ အပျိုတော်တွေ..သွားကြ..အမြန်သွားကြ…ညည်းတို့ကို ကုလားဖြူတွေ စော်ကားတာ ငါမမြင်ပါရစေနဲ့  … နန်းတော်ထဲက အမြန်ထွက်သွားကြတော့ … ငါ့အပါးမှာ ခစားစရာမလိုတော့ဘူး…” …။

( ၁၃ )

၁၈၈၅ နိုဝင်ဘာ ၂၉
ရတနာပုံ နေပြည်တော်ကနေ ခွာခဲ့ရပြီ…။ တပြည်တရွာကို နန်းကျ ဘုရင်နဲ့ မိဖုရား အဖြစ် ခေါ်ဆောင်ခံရလေပြီ…။ ဂေါဝန်ဆိပ်ကို သွားတဲ့ လမ်းတဖက်တချက်မှာ ပြည်သူပြည်သားတွေက အပြည့်…..။ သူတို့ကို ၇ နှစ်တာ အုပ်စိုးစဉ်မှာ သာယာဝပြောအောင် အားထုတ်နိုင်ခြင်း မရှိခဲ့တဲ့ စုဖုရားတို့အပေါ် အပြစ်မတင်တဲ့အပြင် မျက်ရည် ဖြိုင်ဖြိုင်ကျလို့ … လက်အုပ်မိုး… ရှိခိုးနေတဲ့ မြင်ကွင်းကို မြင်ရတဲ့ အခါ… ငါတို့ အသုံးမကျလို့ ငါ့နိုင်ငံသားတွေ ကျွန်ဖြစ်ရလေပြီ…လို့ ယူကြုံးမရဖြစ်ရတယ်…။

( ၁၄ )

ရတနာဂီရိ အိမ်နိမ့်စံဘ၀မှာ သမီးတော် “ထိပ်စုမြတ်ဘုရားကြီး” က စံအိမ်တော် စောင့် အိန္ဒိယသားတစ်ဦးနဲ့ မေတ္တာ သက်ဝင်ခဲ့တယ်…။ ဒီအခြေအနေရောက်မှတော့ စုဖုရား ဘာများတတ်နိုင်ပါဦးမလဲ…။ နန်းတော်ထဲမှာ ဆို သင့်တော်ရာ မင်းသားတစ်ပါးနဲ့ လက်ဆက်ပေးလိုက်မှာပေါ့…။ ခုတော့ မီးဇာကုန် ဆီခန်းနေတဲ့ဘ၀ … ထိန်းမနိုင် သိမ်းမရ အခြေအနေမှာ … သမီးတော်ကို လူမျိုးခြားနဲ့…. ၀မ်းနည်းစွာ …မျက်စိမှိတ် ခေါင်းညိတ်ခဲ့ရတယ်…။ စိတ်နာပေမယ့် ဖြေတွေးတွေးရတယ်…“ ကြိုးချင်းထားရတော့ ကြိုးချင်းညှိတော့မှာပေါ့… ဒီနေရာမှာ မြန်မာက အရှားသားကိုး… ” လို့…။

(၁၅ )

၁၉၁၆၊ ဒီဇင်ဘာ ၁၆ရက်

မောင်တော်…။ စုဖုရားကို အမြဲ..အလိုလိုက်ခဲ့တဲ့ မောင်တော် နတ်ရွာစံလေပြီ…။ စိတ်ထက်တဲ့ စုဖုရားကို မျက်နှာဖြူ အကျဉ်းသားဘ၀မှာ စိတ်ချလက်ချထားခဲ့လေပြီ…။

( ၁၆ )

၁၉၁၉၊ ဧပြီလ ၁၀ ရက်

ရတနာဂီရိမြို့က ခွာခဲ့ရပြီ…။ ရတနာပုံနေပြည်တော်မဟုတ်ပေမယ့် ကိုယ့်တိုင်းပြည် ဆိုတော့ အနည်းငယ်တော့ စိတ်သက်သာရာရသည်…။ ရန်ကုန်မြို့ ချာချီလမ်းက နှစ်ထပ်တိုက်ကလေးမှာ အကျဉ်းသားတစ်ယောက်လို စံစားရင်း ၁၉၂၅..ဒီဇင်ဘာလမှာ ဘယ်သူ့ ကိုမှ အကြောင်းမကြား အသိမပေးဘဲ စုဖုရား ထွက်ခွာခဲ့တယ်…။ မောင်တော် ရှိနေမယ့်နေရာကို စုဖုရား လိုက်ခဲ့ပြီ…။ အဲဒီနေရာမှာ စုဖုရား ထပ်မမှားတော့ဘူး မောင်တော်… အလိုရမက်တွေလည်း စုဖုရား ထားရစ်ခဲ့ပြီ … အတ္တမာန်မာနတွေလည်း ခ၀ါချခဲ့ပြီ….။

( ၁၇ )

မောင်တော်ရေ ..မောင်တော့်ကို တွေ့ရင် ရင်ဖွင့်ချင်တဲ့ စကားတွေ စုဖုရား ဒိုင်ယာရီထဲမှာ ရေးထားတယ်….။ သူတို့တွေကလေ …. တိုင်းပြည် ကျွန်ဖြစ်တာ စုဖုရားကြောင့်…တဲ့….။ စွပ်စွဲချက်က ရက်စက်လွန်းပါတယ် မောင်တော်ရယ်…. တိုင်းပြည် ကျွန်ဖြစ်အောင် လုပ်တဲ့ ထဲမှာ စုဖုရားလတ်လဲပါတယ် လို့ ပြောရင်..စုဖုရား လက်ခံပါတယ်….။ စုဖုရားတစ်ယောက်ထဲကြောင့်တော့ မြန်မာပြည် ကျွန်ဖြစ်အောင် မစွမ်းဆောင်နိုင်ပါဘူး…။ မောင်တော် စဉ်းစားကြည့်လေ… စုဖုရားတို့ အုပ်ချုပ်ရတာ မြန်မာ တစ်ပြည်လုံး မဟုတ်ပါဘူး…. တခြမ်းတည်းပါ…. မြန်မာပြည် တစ်ခြမ်းတည်းပါ…. အောက်ပြည် တစ်ခြမ်းက အရင် ကတည်းက နယ်ချဲ့ လက်ထဲမှာပါ…။ သယံဇာတ ပေါကြွယ်ဝ လှတဲ့ မြန်မာပြည်တစ်ခြမ်း လက်ထဲရောက်နေပြီးတဲ့ နယ်ချဲ့တွေက နောက်တစ်ခြမ်းကို ဘယ်နည်းနဲ့ မဆို ရအောင် အားထုတ်မှာပဲ….အရင်ကတည်းက နေရာလုပွဲတွေနဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးတွေကို အခွင့်အရေးယူပြီး အထက်မြန်မာပြည်ကို အနှေးနဲ့ အမြန် သိမ်းယူဖို့ ကျားချောင်းချောင်းနေကြတာပါ….။

( ၁၈ )

စုဖုရားတို့ တာဝန်မကျေခဲ့တဲ့ တိုင်းပြည်အတွက် စုဖုရား တစ်ခုလောက် လုပ်ပေးချင်ခဲ့တယ်…။ အမျိုးကို ချစ်တဲ့သူတွေ မြင်နိုင်ကြပါစေ … လို့ မြန်မာပြည် ဝေဟင်ပိုင်နက်မှာ စုဖုရား နှလုံးသွေးနဲ့ ကမ္ဗည်းထိုးခဲ့တယ်

တချိန်တစ်ခါတုန်းက

“ ၁၈၈၆ ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြန်မာမင်းနေပြည်တော်နှင့်တကွ သီပေါမင်းပိုင်နယ်မြေတို့ကို အင်္ဂလန်ပြည့်ရှင် ၀ိတိုရိယဘုရင်မကြီးအား နှစ်သစ်ကူးလက်ဆောင် အဖြစ် ဆက်သပါကြောင်း လော့ဒပ်ဖရင်က လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်သည်” ဆိုတဲ့

ဝါကျတစ်ကြောင်းနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာ .. လူမျိုးရဲ့ သိက္ခာတွေ ရေတိမ်နစ်ခဲ့ရပြီး … အဖြူရောင်သွေးတွေ ချောင်းစီးခဲ့ရတဲ့ အခြေအနေဆိုးကြီးမျိုး နောက်တစ်ကြိမ် ဘယ်တော့မှ မပေါ်ပေါက်အောင်… အသိ..သတိ နဲ့ တိုင်းပြည်ကို ကာကွယ်…လူမျိုးကို စောင့်ရှောက်နိုင်ကြပါစေ…” ။

ပြီးပါပြီ..။

မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

 

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။

( ၅ )

မယ်တော် ဆင်ဖြူမရှင်နဲ့ ကင်းဝန်မင်းကြီးတို့က ငယ်ငယ်ရွယ်ရွယ်… ဆင်ခြင်တုံတရားနည်းပါးတဲ့ အရွယ် ဆိုပြီး မောင်မောင်နဲ့ စုဖုရားကို သူတို့ ကြိုးဆွဲရာကမယ် ထင်ပြီး…နန်းတင်ပေးလိုက်ကြတာလေ…။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက် လွဲသွားခဲ့တယ်…။ စုဖုရားလတ်လေ…တခြားသူမှ မဟုတ်ဘဲ…ကြိုးဆွဲဖို့ စိတ်မကူးနဲ့ … ကြိုးတောင် ဆိုင်းလို့မရစေရဘူး…မှတ်…။ ဘိသိက်ပွဲမှာကတည်းက နဂါးမှန်းသိအောင် အမောက်ထောင်ပြခဲ့တာ….။ အစ်မတော် စုဖုရားကြီးကို လက်ယာ….စုဖုရားလတ်က လက်ဝဲကထိုင်ပြီး ( ရှေးမင်းတွေ တုန်းက ထုံးစံမရှိတဲ့ ) အဂ္ဂမဟေသီ ၂ ပါး ခြံရံပြီး မောင်တော်ကို ဘိသိက် ခံယူစေခဲ့တာ…။ မယ်တော် စိတ်ဆိုးရုံကလွဲပြီး ဘာမှ မတတ်နိုင်ရှာဘူး..။

( ၆ )

စုဖုရားက အာဏာကို ခွဲဝေ မပေးနိုင်သလို မောင်တော် သီပေါကိုလည်း သူများနဲ့ ခွဲဝေ မချစ်နိုင်ဘူး…။ မောင်တော်က ခွဲတမ်းချပေးမယ့် အချစ်ကိုလည်း မလိုချင်ဘူး … ။ ဒီတော့ စုဖုရားကပဲ ခွဲတမ်းချလိုက်တယ် … ဘုရင် သီပေါသည် … စုဖုရားလတ်၏ တစ်ဦးတည်းပိုင် ဘဏ္ဍာဖြစ်သည် …။ စုဖုရား ဘဏ္ဍာ ထိပါးသူ မှန်သမျှ သတ်စေ … မောင်မောင်ကလည်း အစ်မတော် စုဖုရားကြီး အပါအ၀င် ဘယ်မိန်းမဆီကိုမှ ယောင်လို့တော် ခြေလှမ်းခွင့်မရှိဘူး … ။ ဒါဟာစုဖုရားရဲ့ တစ်ချက်လွတ် အမိန့်…ပဲ..။

(၇ )

တစ်ချက်လွတ် အမိန့်နဲ့  တင်းကျပ်ခဲ့တာတောင်မှ မောင်မောင်က စုဖုရားကို အာခံခဲ့တယ်…။ အပြစ်ကျူးလွန်တဲ့ မောင်မောင် ကို နှုတ်ခမ်းစူ .. စိတ်ကောက်ရုံ အရေးယူခဲ့ပြီး … အပြစ်ကျူးလွန် ခံရတဲ့ စော်ဘွားသမီးငယ်ကို ဥယျာဉ်တော်ထုတ်… စစ်သည်ဗိုလ်ပါ…အပျိုတော်..ပရိသတ်အလယ်မှာ… ပါး သုံးလေးချက် ဆင့်ရိုက် … အရှက်ခွဲပြီး နန်းတော် တံခါးကနေ ရိုက်ပုတ်နှင် ထုတ်လိုက်တယ်…။ စုဖုရားဘဏ္ဍာကို ထိပါးတဲ့ သူကို ဒီလိုအပြစ်ပေးခဲ့တယ်…။

( ၈ )

ဒိုင်းခင်ခင် ဆိုတဲ့ မိန်းကလေးကလည်း စုဖုရားကို တစ်ပွဲတစ်လမ်း အကဲစမ်း ပြန်တယ် …။ သူက စုဖုရားဘဏ္ဍာကို ထိရုံတင် မဟုတ်ဘဲ ခွဲဝေယူဖို့ကြိုးစားခဲ့တယ်…။ သူ့ အတွက်ကြောင့် မောင်မောင်သီပေါက စုဖုရားကို သန်လျက်နဲ့တောင် ရွယ်ခဲ့တယ်…။ ဒင်းအပေါ် စုဖုရားရဲ့ အငြိုး ဘယ်သူဖြေလို့ ပြေပါ့မလဲ …။ စိတ်ရောလူပါ ဒုကရောက်အောင် ပညာရှိနည်းနဲ့ ညှဉ်းပန်းပြီး လက်စတုံး ခဲ့တယ်…။ သတ်စေလို့တော့ အမိန့် မပေးဘူးလေ… “ ဒိုင်းခင်ခင် တစ်ယောက် အသက်ရှင်နေတုန်းလား..” လို့ တစ်ချက်မေးလိုက်ရုံနဲ့ အမတ်ကြီးက ဘာလုပ်ရမယ်ဆိုတာ သိတယ်လေ…။

( ၉ )

နယ်စပ်မှာ ဘာတွေ ဖြစ်နေသလဲ… ပြည်သူတွေ ဘယ်လောက် ကျပ်တည်းနေသလဲ … ဘိုးတော် ဘေးတော်တွေ လက်ထက်က တည်ဆောက်ခဲ့တဲ့ နိုင်ငံခြားနဲ့ ဆက်ဆံရေးတွေ ခိုင်မြဲအောင် ဘယ်လို လုပ်ရမလဲ ဆိုတာတွေ စုဖုရားတို့က စိတ်မ၀င်စားဘူး…။ မသိချင်ဘူး…။ သိတဲ့သူတွေကိုလည်း နေရာပေးဖို့ မစဉ်းစားဘူး..ဆရာလုပ်တယ်…လျှာရှည်တယ်ထင်ရင်…သွား… အကျဉ်းထောင်…ဒါပဲ…။ အရေးကြီးတာက မင်းစည်းစိမ်…ကို ပျော်ပျော်ကြီး ခံစားဖို့…။ ဘဏ္ဍာတိုက်ထံမှာ ဘဏ္ဍာကုန်သလား… သွား…အခွန်တိုးကောက်ချည်… မလောက်ဘူးလား….ထီရုံတွေ ဖွင့်လိုက်…. ပြည်သူတွေကို မက်လုံးပေး… မင်းဘဏ္ဍာအတွက် အေးအေးဆေးဆေး..။ ကဲ…လွယ် မှ..လွယ်…။

ဆက်ပါဦးမယ်…။

မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။

စုဖုရား ဒိုင်ယာရီ

( ၁ )

အဲဒီနေ့ က စုဖုရား … လူပျိုတော် ယောင်ဆောင်ပြီး မြောက် ဥယျာဉ်တော်မှာရှိတဲ့ မင်းသားတွေ နေတဲ့ အဆောင်ကို ကူးသွားခဲ့တယ်…။ စူးစမ်းချင်တဲ့ အရွယ်ပေကိုး…။ ထီးဆောင်းမင်း တစ်ပါးရဲ့ သမီးတော်တစ်ပါး အနေနဲ့ သင့်၏..မသင့်၏ ကိုလည်း စဉ်းစားမနေပါဘူး…။ လုပ်ချင်တာကို လုပ်လိုက်ရမှ စုဖုရားတို့ က ကျေနပ်တာ…။ “ သာဂရ ကိုယ်တော်လေး ဘယ်မှာလဲလို့…” မေးတာကို အူကြောင်ကြောင် ပြန် ကြည့်တဲ့ သီပေါမင်းသားကိုတောင် ထိပ်ခေါက်ခဲ့ သေးတယ်…။

(၂)

စုဖုရားတို့ နန်းတက်တဲ့ အချိန်မှာ မောင်မောင်က အသက် ၂၀၊ စုဖုရားက ၁၉ နှစ်…။ လောကကြီး အကြောင်း … ကိုယ့်တိုင်းပြည် အကြောင်းကို မပြောနဲ့ … ကိုယ့်နန်းတော် အကြောင်းကိုတောင် စေ့စေ့ငင မသိတဲ့ အရွယ်…။ ဒါပေမယ့် ဘာဖြစ်လဲ… တိုင်းပြည်ကို စုဖုရား အုပ်ချုပ်နိုင်ပါတယ် … မောင်မောင် သီပေါက အစအစ အရာရာ “စုဖုရားသဘော… စုဖုရားသဘော…” ဆိုပြီး အာဏာ အပြည့် ပေးထားတာလေ…။ “ သတ်စေ… ထောင်သွင်း အကျဉ်းချစေ…” လို့ အမိန့် ပေးရတာ စုဖုရားအတွက် သမ်းဝေရတာ လောက်တောင် မပင်ပန်းပါဘူး..။ အကြိုက်ဆောင်တဲ့ သူကိုလည်း “ဆုတော် ပေးသနားစေ ..” လို့ပြောရတာ … ဘာများခက်လို့လဲ… ကိုယ်ပေးရတာမှ မဟုတ်ဘဲ… ဘဏ္ဍာတိုက်က ပေးရတဲ့ ကိစ္စ…။

( ၃ )

၁၈၇၉ ဖေဖော်ဝါရီ ၁၅ ရက်

ဟင်း..ဟင်း..ဟင်း… အရည်အချင်း ရှိပါတယ်ဆိုတဲ့မဟာဆီမဟာသွေး ပြည့်ဝလှတဲ့ မင်းညီမင်းသားတွေ … သီပေါ နဲ့ စုဖုရား ရဲ့ အာဏာစက် အောက်မှာ ဘာတတ်နိုင်ကြသေးလဲ… ကဲ … သေကြပေတော့ ….သတ်စေ…။ မသတ်လို့မဖြစ်ဘူးလေ … ဒင်းတို့ရှိနေရင် စုဖုရားတို့ ရာဇပလ္လင် မှာ … ဘယ်ကြာကြာ မြဲနိုင်ပါ့မလဲ….။

လူသတ်ပွဲကြီး ကျင်းပနေတဲ့ ၃ ရက်မှာ .. နေပြည်တော်တခွင် ပွဲလမ်းသဘင် ကျင်းပခိုင်းပြီး … မင်းနှစ်ပါးကိုယ်တိုင် ပွဲသဘင် ရှုစားနေလိုက်တယ်…။ ကဲ… စုဖုရားက မပိုင်ပေဘူးလား…။ နောင်တစ်ချိန် … ဒီကိစ္စ ဖြစ်သွားတာ စုဖုရားတို့ မသိလိုက်ပါဘူးလို့ … ဆင်ခြေပေးလို့ရအောငစီမံထားလိုက်တာ … လေ။ နောက်တစ်ချက်က မင်းတုန်းမင်းကြီးရဲ့ ရင်သွေးတော်တွေနဲ့ ဆွေတော်မျိုးတော် ၄၀ ကျော် ၈၀ နီးပါးကို သတ်စေလို့ … စက်ရာဆောင်မှာ အိပ်မပျော်နိုင်အောင် သွေးလန့် နေမယ့် မောင်တော်ကို ပွဲသဘင် ရှုစားခိုင်းထားတာ အကောင်းဆုံးပဲ မဟုတ်လား…။

(၄)

… မျက်နှာဖြူ သံအမတ် မစ္စတာရှောက မင်းသားတွေ သုတ်သင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြစ်တင် ကန့်ကွက်တဲ့ စာ ပို့တယ်..ဆိုပါလား…။ ဒါပေမယ့် ဒီပြသနာကို စုဖုရားကိုယ်တိုင် မဖြေရှင်းရပါဘူး..။ ကင်းဝန်က ခပ်မာမာလေး.. တုံ့ ပြန်လိုက်တယ်…။ ဘယ်လို တုံ့ပြန်လိုက် သလဲ ဆိုတာတော့ မှတ်တမ်း မှတ်ရာတွေမှာ ရေးထားတယ်…။

 

ဆက်ပါဦးမည်…။

မှတ်ချက် ။ လေးမသည် သမိုင်း ပညာရှင် မဟုတ်သလို … သမိုင်းလေ့လာသူတစ်ဦးလည်း မဟုတ်ပါ…။ သမိုင်းကို စိတ်ဝင်စားသူ … တစ်ဦးသာဖြစ်ပါသည်….။ ဤပို့စ်ကို ရေးရန် တက္ကသိုလ် စိန်တင် ရေးသော ဧကရီ မဖုရား နှင့် ဒေါက်တာမတင်ဝင်း ( ပညာရေး တက္က သိုလ် ) ရေးသော “ မင်းယောက်ျား မင်းမိန်းမများ ” စာအုပ် နှစ်အုပ်ကို ဖတ်ရှုကိုးကားပါသည်…(မှန်နန်းရာဇ၀င် ကို ကိုးကားသင့်ပါသော်လည်း… စာအုပ် ရှာရမှာ ပျင်းလို့ပါ )..။ သမိုင်းဆိုင်ရာ အချက်အလက်များ လွဲချော်ခဲ့သော် နားလည်ခွင့်လွတ်စေချင်ပါသည်….။ သမိုင်းကို မြင်သော အမြင်မှားယွင်းခဲ့သော် လူတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူနိုင်တာ သဘာဝပါ..လို့ နားလည်လိုက်ပါ…။

ကျန်စစ်မင်း၏ မေတ္တာ …

ပုဂံမှ ဇာတ်လမ်းများ (သို့ ) မှတ်တမ်းများ (၃) ။ ။

ရတနာရေ … နန်းသုံးစကားတွေကို … ခဏဘေးမှာထားပြီး … ရိုးရိုးရှင်းရှင်းပဲ… ပြောပါ့မယ် … ။ နှစ်သိမ့်တာ မဟုတ်ဘူး … ဆင်ခြေပေးတာ မဟုတ်ဘူး … အယူခံဝင်တာမဟုတ်ဘူး … ကျုပ်လုပ်ရပ် ( သမီးတော်ကို စောယွန်းနဲ့  လက်ဆက်ပေးမှု ) နဲ့  ပတ်သက်ပြီး … မိခင်တစ်ယောက်အနေနဲ့  … ရတနာ စိတ်နာမယ်ဆို နာသင့်ပါတယ် … ။ မိဘဆိုတာ … ကိုယ့်သားသမီး ကောင်းစားတာကို … မြင်ချင်ကြတာချည်းပဲလေ … ။ သားသမီး ဒုက္ခရောက်အောင် … ဘယ်သူမှမလုပ်ကြဘူး …. မိဘအရင်းမှန်ရင်ပေါ့ … ကမ္ဘာမီးလောင်ရင် သားကိုချနင်းတယ်ဆိုတာ … မီးလောင်တော့ … သွေးရူးသွေးတန်းနဲ့ … လူစိတ်ပျောက် အသိစိတ်ကင်းမဲ့ပြီး .. မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်မိတဲ့ … တချို့ သော လူနည်းစု မိဘတွေကို … ဆိုလိုတာပါ … ။ လူစိတ်ရှိတဲ့ မိဘကတော့ … သားသမီးကို အသက်နဲ့ လဲပြီး … ကာကွယ်သွားကြတာပါ … ။ အဲဒီတော့ ကျုပ်ပြောချင်တာက … မိဘဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်အောင် … မလုပ်ပေးနိုင်ရင်သာရှိမယ် … တတ်နိုင်သမျှ ဘေးကင်းအောင် … ဒုက္ခမရောက်အောင်တော့ … အားထုတ်တတ်ကြတယ် … ။ ကျုပ်လဲ အဲဒီမိဘတွေထဲက … မိဘ တစ်ယောက်ဖြစ်လေတော့ … ဒီသဘောအတိုင်းပါပဲ … ။ ဒါပေမယ့် ကျုပ်ရဲ့ ရင်သွေးက “ရွှေအိမ်သည်” တစ်ယောက်ထဲ မဟုတ်ဘူး … ဟောဒီ…ပုဂံပြည်သူပြည်သား အားလုံးဟာ…ကျုပ်ရဲ့ သားသမီးတွေပဲ … ။ နိုင်ငံသားအားလုံးကို …အုပ်ချုပ်သူ မင်းတစ်ပါးအနေနဲ့  … ကျုပ်ရဲ့ ရင်မှဖြစ်သော သားသမီးများ … လို့  ကျုပ် သတ်မှတ်ထားတယ် … ။ ဒီသဘောကို ရွှေစည်းခုံဘုရားမှာ … ကျုပ်မှတ်တမ်းတင် ထားတယ် … ။ ကျုပ်ပုဂံထီးနန်းကို အုပ်စိုးခဲ့တာ … အစဉ်အလာကြောင့်မဟုတ်ဘူး … အာဏာကြောင့် မဟုတ်ဘူး … ကျုပ်ဟာ … အကြိမ်ကြိမ် နယ်နှင်ခံခဲ့ရပေမယ့်လည်း … စိတ်မနာနိုင်ခဲ့ဘူး … ။ ပုဂံပြည်မှာ အရေးကြုံ ပြီဆိုတာနဲ့  …ကျုပ်ရောက်အောင် လာခဲ့တယ် … ။ ပုဂံပြည်ကို ကျုပ်ချစ်တယ် … ပုဂံသားတွေကို ကျုပ်စောင့်ရှောက်မယ် … ကျုပ်ကာကွယ်မယ် … ။
ရတနာရေ … လူဆိုတာအမျိုးမျိုးရှိတယ် … ။ နန်းတွင်းမှာဆို ပိုဆိုးသေး … ။ ကျုပ်“မင်း”လုပ်တာကို အလိုတူ တဲ့သူ ရှိသလို … မကြည်ဖြူတဲ့သူ လဲရှိတယ် … ။ အစဉ်အလာသမားတခိျု့ က … အနော်ရထာမင်းရဲ့ မိျုးဆက် ကို မှ … ပုဂံပြည့်ရှင် ဖြစ်စေချင်တယ် … အဖေရဲ့ထီးနန်းဟာ သားအတွက်ပဲ ဖြစ်ရမယ်လို့ … ယုံကြည် ထားကြတယ် … ။ တချို့ ကတော့ တိုင်းပြည်အုပ်ချုပ်တာ … အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝဖို့ ပဲလိုတယ် လို့ …ယူဆတယ်…။ ဒီတော့ အမြင်မတူတဲ့ အုပ်စုနှစ်စု ရန်ဆောင်ကြပြီပေါ့ …။ နန်းတွင်းမှာတင်မကဘဲ …သူတို့ နဲ့  နီးစပ် ပတ်သက်ရာ တွေက တဆင့် … အရပ်သူအရပ်သား တွေထဲကို … ဒီပဋိပက္ခ က … စိမ့်ဝင်ပြီး သဘောထားတွေ ကွဲလွဲနေကြတယ် … ။ ဒီအခြေအနေတွေကို … တိုင်းပြည်ဥသျှောင်ဖြစ်တဲ့ ကျုပ်လို ဘုရင်က မျက်နှာလွဲနေလို့ ရမတဲ့လား … ။ အနော်ရထာရဲ့ ထီးနန်းကို ဆက်ခံဖို့  သားစောလူးမရှိတော့ ပေမယ့် … စောလူးရဲ့သားအရင်း … အနော်ရထာရဲ့ မြေး … “စောယွန်း” … ရှိနေသေးတယ်လေ … ။ ကျုပ်..စောယွန်းကို လက်စတုံးပစ်လို့ ရတယ် … အကျဉ်းစံ အိမ်နိမ့်စံ ထားလို့ ရတယ် … ဒါပေမယ့် ကျုပ်က အဲလို မညစ်ပတ်ဘူး … ကျုပ်တစ်နပ်စားမကြံဘူး … ကျုပ်တို့ ဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာ … ကျုပ်သမိုင်း ကို … ကျုပ်မဖျက်ဘူး … ။
ကျုပ်ကိုလိုလားတဲ့ အုပ်စုက … ကျုပ်သွေးသားကိုဘဲ နောင်ပုဂံမင်းအဖြစ် … လက်ခံ ချင်တယ် …။ ဒီတော့ နှစ်ဘက်လုံးကျေနပ်အောင် ကျုပ်စီမံရတော့မယ် … ။ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ ကျုပ်ကို မလိုလားတဲ့သူတွေကို … ကျုပ်နှိပ်ကွပ်လို့ ရတာပဲ … ဒါပေမယ့် ကျုပ်မလုပ်ဘူး .. ဒီလိုလုပ်လိုက်ရင် သားကောင်းတွေရှားကုန်လိမ့်မယ် … ။ “စောယွန်း”ကို … မသိချင်ယောင်ဆောင်ပြီး … ကျုပ်သွေးသားကို ထီးနန်းပေးလိုက်ရင်လဲ ရတာပဲ … ။ ဒီလိုဆို ပြည်သူတွေ နှစ်ခြမ်းကွဲကုန်ကြမယ် … ။ အိမ်ကြက်ချင်း ခွပ်ရင်..အိမ်နာတယ် … ။ ကျုပ်ကြောင့်တော့ ဒီလို အဖြစ်မခံနိုင်ဘူး … ။ ဒီတော့ ကျုပ်သမီး“ရွှေအိမ်သည်” နဲ့  အနော်ရထာမြေး “စောယွန်း”ကို လက်ဆက်ပေးပြီး … သူတို့ ရဲ့ရင်သွေး ( နောင်အခါ အလောင်းစည်သူဖြစ် လာသည်) ကို … ထီးနန်းအပ်လိုက်တာဟာ … အုပ်စုနှစ်စုလုံး လက်ခံကျေနပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ … ။ ပြည်သူတွေကျေနပ်မှ… စည်းလုံးမယ် … စည်းလုံးမှညီညွတ်မယ် … ညီညွတ်မှ သွေးညှီနံ့ ကင်းမယ် … သွေးညှီနံ့ ကင်းမှ ပြည်သာမယ် … ပြည်သာမှ ညီညာမယ် … အရာအားလုံးဟာ အပြန်အလှန် ဆက်စပ်နေတယ် …။
တိုင်းသူပြည်သားတွေကို … စည်းလုံးညီညွတ်စေချင်တာ ….၊ သွေးချောင်းမစီးစေချင်တာ …၊ ပြည်သူတွေ ကြားက အမုန်းမီးတွေကို ငြိမ်းသတ်နေရလို့  … တိုင်းပြည် တိုးတက်မှု နှောင့်နှေးမှာကို စိုးရိမ်တာ….ဒါတွေဟာ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကျုပ်“ကျန်စစ်မင်း”ရဲ့ မေတ္တာပါပဲ ….။ ။

“အပယ်ရတနာ” ၏ ဖွင့်ဟ ၀န်ခံချက်…

ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၂) ။ ။

ဘုရား… ဘုရား…. ရက်စက်လှချည်လား…. မောင်ဘုရားရယ်… ၊
မောင်တော်ဘုရားဟာ … ရွှေအိမ်သည်ရဲ့ ဖခင်အရင်းပါ … ၊ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံ မရှိသလို … မင်းတို့ ရဲ့ စကားဟာလဲ …. ပြင်ရိုးထုံးစံ မရှိဘူးဆိုတာ…. နှမတော်…. နားလည်ပါတယ်….မောင်တော်ရယ်….. ၊ ဒါပေမယ့် ဒီစကားကိုတော့ ပြင်လိုက်ပါ … မောင်တော်ရယ်… ၊ ပြင်ပေးပါ…. မောင်တော်မင်းမြတ်ရယ်…. ၊ ရွှေအိမ်သည်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ …. အပယ်ရတနာရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့  …. ဇနီး နဲ့  သမီးကို ငဲ့ညှာသနားတဲ့အနေနဲ့ …. ပြင်ပေးတော်မူလှည့်ပါဘုရား ….၊ ဒီအမိန့် တော်ကိုဖြင့် နှမတော် မကြားခဲ့ဘူးလို့ …မှတ်ယူလိုက်ပါရစေ……မောင်တော်ရယ်…..။ မောင်တော်မင်းမြတ်ကို နှမတော် အမြဲ ပါရမီဖြည့်ခဲ့တာ …. မောင်တော်သိပါတယ် … ။
ပသီမင်းသား ပဋိက္ခရား နဲ့  သမီးတော်….. မေတ္တာမျှစဉ်အခါက …. မောင်တော်စေခိုင်းစရာမလိုဘဲ …ကျန်စစ်မင်းကြီးရဲ့ မိဖုရားခေါင်ကြီး အနေနဲ့ …..၁၈ နှစ်အရွယ် ရွှေအိမ်သည် ကို ….မိန်းမသားချင်းကိုယ်ချင်းစာစိတ်ကို ….. ဘေးချိတ်ပြီး ….နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာကို …. မောင်တော်အသိပါ ….။ မစားနိုင်မသောက်နိုင် … တမှိုင်မှိုင်တတွေတွေနဲ့  … သလွန်ပေါ်ခွေနေရာက …လန်းဆန်းစပြုကာစ သမီးငယ်လေးကို ….“စောယွန်း”နဲ့  လက်ဆက်စေမယ်ဆိုတာကတော့ ….နှိပ်စက်ရာမကျပေဘူးလား … ဘုရာ့ …..။ “စောယွန်း” ဆိုတာ ခြေတစ်ဖက် မသန်ဘူးလေ…..ဘုရာ့ … ၊ နှမတော်မှာ သူတစ်ပါးရဲ့ အားနည်းချက်ကို ….ကဲ့ရဲ့ နှိမ့်ချလိုတဲ့ စိတ်မရှိပါဘူး …ဒါပေမယ့် … တပင်တိုင်မြနန်းမှာ … ယင်ဖိုတောင်မသန်းစေဘဲ စံစားစေခဲ့တဲ့ …. ၊ ဖခင်ရဲ့ထက်မြက်မှု … မိခင်ရဲ့ သိမ်မွေ့ မှုတွေ နဲ့  …. ရွှေအဆင်းလို တင့်တယ်လှတဲ့ …. သမီးတော်လေးကို… လက်ရုံးရည် ….နှလုံးရည် ပြည့်ဝတဲ့ … သူရဲကောင်းနဲ့  လက်ဆက်ပေးချင်တာကတော့ … မိခင်တစ်ယောက်ရဲ့ အတ္တပါ … မောင်တော်ရယ် ….။ နောက်ထပ်စဉ်းစားစရာက…. “မျိုးစေ့မမှန် ပင်မသန်” တဲ့ …. ။ “စောယွန်း” ရဲ့ ဖခင်က “စောလူးမင်း” လေ… ဘုရာ့ …..၊ အရည်အချင်း တစ်စက်မှ မရှိတဲ့မင်း …. မောင်တော့်အပေါ် အမြဲ မကောင်းကြံခဲ့တဲ့မင်း ….. ရန်သူ့ လက်တွင်းက ကယ်ထုတ်လာတာတောင် …. မယုံမကြည်နဲ့ …. “ ကျန်စစ်သား ငါ့ကိုခိုးပါတယ် ” လို့ ….. အော်ခဲ့လို့  မောင်တော်တောင် အသက်လုပြီး ပြန်ပြေးခဲ့ရတယ် မဟုတ်လား …..။ ဒီလိုဆိုတော့ “စောယွန်း” ဟာ အနော်ရထာမင်းမြတ်ရဲ့ မြေးမို့ …. အင်မတန်ကောင်းတဲ့ မျိုးစေ့ပါလို့ ….. မောင်တော်က နှမကို ဖြောင်းဖျပေဦးမယ် … ။ အဖေနဲ့  အဖိုး ဘယ်သူ့ သွေးကပိုနီးမလဲ လို့ သာ …. နှမတော် မေးပါရစေတော့ …။ မိန်းမဆိုတာ ယောက်ျားတွေကို …..ပံ့ပိုးပေးဖို့  လူဖြစ်လာရတာမဟုတ်ပေမယ့်… ဇနီးဆိုတာကတော့ သူ့ ဘ၀ကို …. ခင်ပွန်းအတွက်လို့  …. မှတ်ယူထားကြသူများ ဖြစ်လေတော့ …. ရတနာတို့  သားအမိမှာ …. မောင်တော် စီမံတာ နာခံကြရမှာပါ …. ။ ပြည့်ရှင်မင်းရဲ့ အမိန့် ကို …. ကလန်ကဆန် မလုပ ၀ံ့သလို … အမြော်အမြင်ကြီးတဲ့ …. ခင်ပွန်းရဲ့ အစီအမံကို … ဇနီးကောင်းပီသစွာနဲ့  …. ခေါင်းညိတ်လက်ခံပါ့မယ် … ဘုရာ့ …..။ တစ်ခုတော့ ဖွင့်ဟလိုက်ပါရစေ …. ကျန်စစ်မင်းရဲ့ မိဖုရားခေါင်ကြီး အနေနဲ့  …. မောင်တော်ရဲ့ အမြော်အမြင်ကြီးမားမှုကို …. ထောက်ခံ အားပေး ….ဂုဏ်ယူ ကျေနပ်နိုင်ပေမယ့် ….. ရွှေအိမ်သည်ရဲ့ မိခင် “အပယ်ရတနာ” အနေနဲ့ …. မောင်ကြီးကျန်စစ်ရဲ့ ဇနီးတစ်ယောက်အနေနဲ့ တော့ …. မောင်ဘုရားရဲ့ စီမံမှုကို …. လုံးဝ …. မကျေနပ်ပါဘူး …ဘုရာ့ ….။ ။

မှတ်ချက် ။ ။ အဖြူရောင်အတွေး ….မိန်းမသားအတွေးသက်သက်သာ …။

ပဋ္ဋိက္ခရား၏ကျိန်စာ

ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၁) ။ ။

ကျွန်တော့် ချစ်သူလေးက တပင်တိုင် မြနန်းက ပင်တိုင်စံ ရွှေမင်းသမီးလေးပါ….. ။ ပေါက္ကံပြည့်ရှင် ကျန်စစ်မင်း နဲ့  အပယ်ရတနာတို့ ရဲ့…..ရှုမငြီးတဲ့ ချစ်သမီးလေးပါ……။ ပုဂံပြည်ရဲ့ အသည်းနှလုံး… ပုဂံပြည်ရဲ့ ပန်းနှင်းဆီကိုမှ ကျွန်တော့် နှလုံးသားက လက်ညှိုးထိုးခဲ့တာ ကျွန်တော်ကံဆိုးတာလား…..။ မင်းသမီးမို့  ချစ်ခဲ့တာမဟုတ်ပါဘူး….. ပုဂံပြည်ကို သိမ်းပိုက်ဖို့ လဲ မရည်ရွယ်ခဲ့ပါဘူး….။ ပုဂံသားတွေ ကို အမျိုးဖျက်ဖို့  ပုဂံသွေး နဲ့  ကုလားသွေး သွေးရောဖို့ ဆိုတဲ့ အကြံအစည်မျိုးလဲ မထားခဲ့ရပါဘူး…..။ လောကနန္ဒာဆိပ်ကမ်းမှာ သူလေးကို စတွေ့ ကတည်းက အသဲမှာစွဲအောင် ချစ်ခဲ့ရတာပါ…..။ လုပ်ရက်လိုက်တာ အရှင်မင်းကြီးရယ်….. ကျွန်တော်တို့  ချစ်ခြင်းကို “နိုင်ငံအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့  ခွဲရက်ခဲ့တယ်…..။ ကျွန်တော့် အသဲတွေ ဟက်တက်ကွဲ…. ရင်ကွဲနာကျလို့  ကျွန်တော် သေပွဲဝင်ရပါပြီ……။ မသေခင် ကျွန်တော်…..ကျိန်စာတိုက်ခဲ့မယ်…..။
နောင်တချိန်မှာ ပုဂံပြည်ရဲ့ အသည်းနှလုံးဖြစ်မယ့်သူဟာ တပြည်သားနဲ့ ရပါစေ…… ပုဂံသူတွေဟာလဲ တပြည်တရွာမှာဖြစ်စေ…..ပုဂံပြည်မှာဖြစ်စေ….. တပြည်သားတွေနဲ့  လက်ဆက်လို့ ….. ပုဂံသွေး ၅၀….တပြည်သွေး ၅၀….ပါဝင်တဲ့ ရင်သွေးတွေ မွေးဖွားလို့  …..ကမ္ဘာမှာ “ဒါဟာ ပုဂံသားစစ်စစ်ဟေ့” လို့  လက်ညှိုးထိုးပြလို့ မရအောင် ပုဂံသားတွေ ဆိတ်သုဉ်းပါစေ….. ကျွန်ုပ်ပဋ္ဋိက္ခရား၏ ကျိန်စာသည် ဤရေထု…..၊ မြေထု….၊ လေထု ….၊ တိမ်ထု များတည်ရှိနေသရွေ့  တည်တံ့ပါစေသတည်း…….။ ။

မှတ်ချက် ။ ။ကြိုက်သလိုသာတွေး…. အတွေးတွေ flexible ဖြစ်အောင် တမင်ရေးထားတယ်…. လေးမကတော့ ပေးချင်တဲ့ message လေးတစ်ကြောင်းလောက် ရေးလိုက်ရရုံနဲ့  စိတ်ချမ်းသာနေတယ်…။ လေးမ စိတ်ချမ်းသာတော့ ကမ္ဘာကြီးအေးချမ်းတာပေါ့….. ဘော်ဘော်တို့ လဲ စိတ်ချမ်းသာသလိုသာ တွေးသွား….။ မတွေးဘဲ ဖတ်ရုံဖတ်ပြီးတော့ ပြန်မသွားနဲ့ နော်….. ပါးပါးလေးတွေးသွား……။