ဒဿ and the Beast

ခေါင်းစဉ်ဖတ်ပြီး မြန်မာတစ်ဝက် ဘိုတစ်ဝက်နဲ့  လေးမ ရူးများရူးသွားပြီလားလို့  သက်သက်ညှာညှာ တွေးလိုက်ကြမလား … ။ ဒီနေရာက နံပါတ် ၈ စီမံကိန်းကြီး တကယ် အကောင်အထည်ဖော်လိုက်ပြီလားလို့  အပြေးအလွှား သတင်းမေးကြမလား … ။ မတွေးကြ.. မမေးကြပါနဲ့ ..။ တစ်ခါတည်း ရှင်းပါမယ်…။ ဒဿကို Datha.. Dadtha.. Deatha.. လို့  မရေးချင်လို့ ဒဿကို ဒဿ လို့ ပဲ ရေးလိုက်တာပါ … ။

The Beast ကတော့ Beauty and the Beast က Beast ကိုပြောတာပါ…။ မြန်မာပြန်စာအုပ်တွေမှာ ကိုရုပ်ဆိုးလို့  ကိုယ်စားပြုရေးသားထားပေမယ့် လေးမမျက်စိထဲမှာတော့ ခြင်္သေ့ကြီးလို့ ပဲ မြင်ပါတယ်…။ ကိုရုပ်ဆိုးပဲခေါ်ခေါ် .. ခြင်္သေ့ကြီးလို့ ပဲ ပြောပြော.. ဇာတ်လမ်းအဆုံးမှာ အောင်ပွဲ ခံနိုင်ခဲ့တဲ့ the Beast ဖြစ်ပါတယ် …။ အိပ်ယာဝင်ပုံပြင်တစ်ပုဒ် … Walt Disney ရဲ့ ကျော်ကြားတဲ့ ကာတွန်းရုပ်ရှင် တစ်ပုဒ် … ပုံပြင်စာအုပ်တွေထဲမှာ အမြဲတမ်းရှင်သန်နေတဲ့ ပုံပြင်လေးတစ်ပုဒ် … ဖြစ်တဲ့ Beauty and the Beast ကို လူတိုင်းလိုလို ရင်းနှီးပြီးသားဖြစ်မှာပါ…။ အဖိုးတန် နှင်းဆီတစ်ပွင့်အတွက်နဲ့  တောအုပ်ထဲက ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ သားရဲကောင်ကြီးရဲ့ … ရဲတိုက်အိုကြီးမှာ လာနေရတဲ့ မိန်းမလှလေး နဲ့  သားရဲကောင်ကြီးတို့  မေတ္တာသက်ဝင်သွားကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်…။

ဒီဇာတ်လမ်းက ဘာကိုရည်ရွယ်ပါသလဲ…။ ဘယ်လောက်ပဲ ကြမ်းတမ်းရုပ်ဆိုးသူဖြစ်ပါစေ .. မိန်းမလှလေးရဲ့ အချစ်ကို ရနိုင်တယ်လို့  ရုပ်ဆိုးသူတွေ အားမငယ်ရအောင် ဘက်လိုက်ထားတာလား…။ မိန်းမလှလေးရဲ့ အချစ်ကိုရတာနဲ့ ကျိန်စာပျယ်သွားတဲ့ မင်းသားချောလေး ဖြစ်နေတာကိုကြည့်ပြီး … အားငယ်ရမှာလား…။ နူးညံ့သိမ်မွေ့ တဲ့ အချစ်ကို ဘယ်သူမဆို ခံစားနိုင်တယ်လို့  ပြောချင်တာလား…။ အချစ်ဟာ အပေးရှိရင် အရ လည်းရှိတယ်လို့  နားလည်ရမှာလား…။ ဘာပဲပြောပြော ငယ်စဉ်ကတော့ အင်မတန် စိတ်ကူးယဉ်လို့  ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် … ။

ရုပ်ဆိုး အကျည်းတန်… ကြမ်းတမ်း ကြသူချင်းအတူတူမှာ ရာမ ဇာတ်တော်ထဲက ဒဿကတော့ ကံမကောင်းခဲ့ရှာပါဘူး…။ ဒဿလည်း ဘုရင်ဖြစ်တယ်… ဒဿလည်း ချစ်တတ်တယ်… ဒါပေမယ့် အချစ်ကံ ခေတဲ့ ဒဿခမျာမှာ သီတာ ရဲ့ အချစ်ကို မရခဲ့ရှာပါဘူး…။ ကျိန်စာသင့်နေတဲ့ မင်းသားလေးမှ မဟုတ်ဘဲ လို့  အတွန့် တက်ရမလား…။ သူများမိန်းမကို ခိုးတာကိုးလို့ ပဲ တွေးပေးရမလား…။ ဒဿဂီရိ ဘာလို့  အချစ်ရှုံးသမားဖြစ်တာလဲ…။ ဒဿနဲ့  the Beast က ပုံစံချင်းဆင်တဲ့ ဇာတ်ကောင်တွေ ဖြစ်ပေမယ့် ရလာဒ်ချင်း ဆန့် ကျင်ဘက်ဖြစ်နေတာ ဘာလို့ လဲ …။ အရှေ့ တိုင်းနဲ့  အနောက်တိုင်း စာရေးဆရာတွေရဲ့ ခံယူချက်… အတွေးအမြင်နဲ့  နှလုံးသားချင်းကွာခြားလို့  များလား…။

… လား…

….လား…

…လား….

အား..လား…လား… အလုပ်မရှိအလုပ်ရှာ စဉ်းစားခန်းဖွင့်နေလိုက်တာ .. ခေါင်းတောင်အတော်ပူသွားပြီ… သီချင်းလေး တစ်ပုဒ်လောက် ဖွင့်လိုက်ဦးမယ်….။

“ ဘီလူးခေါင်းလေးနဲ့  ချစ်သူလေး မောင်ရယ်…. မင်းသားလေးလို့  … မှတ်ထင်ထားပါတယ်… လိမ်တယ်… ညာတယ်… အချစ်ကို ကစားတယ်…. ညာနေတာကို သိရက်သားနဲ့ ….”

အင်း… သီချင်းနားထောင်လဲ ဘီလူးနဲ့  မလွတ်ပါလား…။ တကယ့် လူ့ လောကမှာ ကျိန်စာမိထားတဲ့ Beast တွေလည်း မတွေ့ ဖူးဘူး… ခေါင်းဆယ်လုံးနဲ့  ဒဿလည်း မရှိဘူး…။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးတွေပဲများနေတယ် ဆိုတော့ မခိုင်ရဲ့ သီချင်းက တကယ့်လောကနဲ့ အနီးစပ်ဆုံးသီချင်းပဲ … လို့  ကောက်ချက်ဆွဲရင်း မီးပျက်လိုက်ပါတယ်ရှင်… ။ ။

စလုံးရေစ … စွပ်ပြုတ်

စလုံးက စာကလေးက

စွပ်ပြုတ်သောက်ချင်တယ်လို့ 

စီဘောက်စ်မှာ ခဏခဏပူဆာလို့ 

စိတ်အာဟာရ ဖြစ်စရာ

စွပ်ပြုတ်တစ်ခွက်ကို

စာကလေးနဲ့ တကွ

စိတ်ဝင်စားတဲ့သူသောက်သုံးဖို့ 

စိတ်ပါလက်ပါ ကူးပေးလိုက်တယ်

စိတ်ချလက်ချ သုံးဆောင်ပါ

အဆိပ်မပါ

ဆရာဖေမြင့် ဘာသာပြန်ထားတာ…။

နှလုံးသားအတွက် တစ်သက်တာ အာဟာရ 

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်းကလေးသည်

တစ်သက်တာမမေ့နိုင်စရာ

သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။

ရက်သတ္တပတ်တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည် ။သို့ နှင့် အခြေအနေတွေ ဒီထက် ဆိုးရွားမသွားခင် ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မ ပြုလုပ်သည် ။

ကျွန်မ အစီအစဉ်က အတန်းသား တစ်ဥင်္ီးချင်းအား မိမိ အတန်းဖော်များ၏ အမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့ နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး တွင် အတန်းဖော်သူငယ်ချင်းနှင့်ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို စဉ်းစားရေးသားကြစေသည် ။ ထိုနေ့ က ကျန်ရှိသည့် စာသင်ချိန်ကလေးမှာ ထင်မြင်ချက်များရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသားအားလုံး သူတို့  စာရွက်ကလေးတွေ ကိုယ်စီ ကျွန်မဆီ အပ်ပြီးပြန်ကြသည် ။

အဲသည် စနေနေ့ မှာ ကျောင်းသားကျောင်းသူ တစ်ဦးစီ၏ အမည်ကို စာရွက်လွတ်တစ်ရွက်စီ ထိပ်တွင်ကျွန်မရေးထိုးပြီးနောက် တစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့ ၏ မှတ်ချက်များကို စီတန်းရေးချသည်။တချို့  အတွက် တစ်ရွက်ရေးရသည်။ တချို့ အတွက် ၂ ရွက် ။

တနလာင်္နေ့ ရောက်သောအခါ အဲသည် စာရွက်များကို သက်ဆိုင်သူ အသီးသီးသို့  ကျွန်မ ဖြန့် ဝေ ပေးလိုက်သည်။သည်စာရွက်တွေ ဖတ်ကာ မကြာမီ တစ်တန်းလုံးပြုံးလာကြသည်ကို တွေ့ ရသည် ။

“ ဟယ် … တကယ်လား…၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး…”

“ ငါ့ကို သူများတွေ ဒီလောက် သဘောကျလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး”  စသည့်တီးတိုးမှတ်ချက်ချသံများ ကျွန်မကြားရသည်။

သို့ သော်နောက်ပိုင်းမှာတော့ သည်စာရွက်များနှင့်ပတ်သက်၍ မည်သူ့ ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာ သူတို့  အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ အိမ်မှာ မိဘတွေကို ပြောကြတာရှိမလားတော့ မပြောတတ်ပါ။

အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိမရှိက အရေးမကြီးပါ ။ အရေးကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့ တစ်တွေ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ အတန်းသူအတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျ ဖြစ်လာပြီး တစ်ဦးကိုတစ်ဦးလည်း ယခင်ကနည်းတူ ခင်ခင်မင်မင် ပြန်လည်ဆက်ဆံလာကြပါသည်။

သည်လိုနှင့် အချိန်တန်တော့လည်း မာ့ခ်တို့  အုပ်စု ကျွန်မလက်ကထွက်ကာ အတန်းသစ်အဆင့်ဆင့်တွေ တက်သွားကြပါသည် ။

ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။တစ်နေ့  ကျွန်မ အပန်းဖြေ ခရီးက ပြန်လာတော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုပါသည် ။

………………….

အဖေက ချောင်းတစ်ချက်ဟန့် ကာ စကားစသည်။

……………….

“ မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သဂြိုဟ်မှာ ၊ သူတို့ မိသားစုက သမီးကို အသုဘ လိုက်ပို့ စေချင်ကြတယ်”

………………..

……………….

အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ် ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းတလား ထမ်းရာတွင် ပါဝင်သည့် စစ်သားလေးတစ်ယောက် အနားရောက်လာကာ “ မာ့ခ်ရဲ့ သင်္ချာဆရာမ လားခင်ဗျာ” ဟုမေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကို မမှိတ်မသုန်ကြည့်နေမိသည်။ “ ဆရာမ အကြောင်းသူအမြဲပြောတယ် ” သူက ဆက်ပြောတယ်။…..

……………..

“ဆရာမကို ပြစရာ တစ်ခုရှိတယ်” မာ့ခ်၏အဖေက ဆိုကာ သူ့ ပိုက်ဆံအိတ်ကို ထုတ်သည်။

“မာ့ခ်ကွယ်လွန်တဲ့ အချိန်သူ့ ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ ရတယ်လို့  ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့  ထင်ပါတယ်”

သူက ပိုက်ဆံအိတ်ကို ဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သော ဗာလာစာရွက်စ နှစ်ခုကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့် လိုက်ခေါက်လိုက် လုပ်ပါများသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိပ်စများနှင့်ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံပေါ်နေသည်။ ကျွန်မသေသေချာချာပင် ကြည့်စရာမလိုပါ။ အတန်းဖော်သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံးမှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်းစာရွက်များဖြစ်ကြောင်း ကျွန်မသိပါသည်။

“ ဒီအတွက်ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ” မာ့ခ် ၏ မိခင်ကဆိုရှာပါသည်။

မာ့ခ်၏ အတန်းဖော်တွေ ကျွန်မအနီးသို့  ချဉ်းကပ်လာကြသည် ။ ချပ်က ရှက်ပြုံးကလေးပြုံးကာ “ ကျွန်တော်လည်း ကျွန်တော့် စာရွက်ကလေးကို သိမ်းထားပါတယ် ၊ အိမ်က ကျွန်တော်စားပွဲ အပေါ်ဆုံးအံဆွဲထဲမှာ အမြဲရှိတယ်။”

“ချာလီကလည်းသူ့ စာရွက်ကလေးကို ကျွန်မတို့  လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ” ချာလီ၏ ဇနီးက ၀င်ပြောသည်။

“ ကျွန်မမှာလဲ ရှိတယ် ၊ဒိုင်.ယာရီထဲ ညှပ်သိမ်းထားတယ်” ဟု မာရီလင်က ဆိုသည်။

နောက်ထပ် အတန်းဖော်တစ်ဦး ဖြစ်သူ ဗစ်ကီက လက်ပွေ့ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့ စာရွက် ကြေကြေမွမွလေးကို ထုတ်ပြသည်။ “ ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ် ၊ ကျန်တဲ့ သူငယ်ချင်းတွေ အားလုံးလဲ သူတို့ စာရွက်တွေ ရိုရိုသေသေ သိမ်းထားကြမှာပါ” ဟု သူကဆိုသည်။

သည်ဟာတွေ ကြားပြီးသည့်နောက်တွင်တော့ ကျွန်မ လုံးဝ ထိန်းထားနိုင်စွမ်းမရှိတော့ပါ။ အဲသည်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သောအခါမျှ တွေ့ နိုင်ကြမှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်းဖြစ်ပါသည်။

ဝန်ခံချက်။ ။Helen P. Mrosla ၏ All The Good Things ကို ဆရာဖေမြင့် ဘာသာပြန်ထားတာပါ…။ စာအုပ်ကြည့်လိုက်.. မော်နီတာ ကြည့်လိုက်… ကီးဘုတ်ကြည့်လိုက်နဲ့  ရိုက်ရတဲ့ လေးမကို သနားရင် တစ်ပုဒ်လုံး အပြည့်အစုံမကူးဘဲ လို ချင်တဲ့ စာသားတွေပဲ ရွေးကူးပေးထားတာကို ခွင့်လွတ်ပေးကြပါ …။

လေးမတို့  ငယ်ငယ်က အော်တိုစာအုပ်လေးတွေမှာ အမှတ်တရရေးခိုင်းတဲ့ အတွေ့ အကြုံလေးတွေ ရှိခဲ့ပါတယ်…။ နောက်ပိုင်းတော့ “ရေးပေးပါ” စာအုပ်လေးပေါ်လာပြီး ရေးဖြစ်ခဲ့ကြတယ်….။ ဒါပေမယ့် ဒီလိုလေးနက်တဲ့ ခံယူချက်မျိုးမရှိခဲ့ဘဲ ပေါ့ပေါ့တန်တန် ပေါ်ပင် သဘောမျိုးပဲ ရေးခဲ့… ရေးခိုင်းခဲ့မိပါတယ်…။ ဒါကြောင့် အထက်တန်းတုန်းက အော်တိုစာအုပ်… လေးမမှာ မရှိတော့ပါဘူး…။ တက္ကသိုလ်တုန်းက စာအုပ်လေးတွေတော့ ကံကောင်းထောက်မစွာ ကျန်နေသေးလို့ scan ဖတ်ပြီး  A Story in MTU  မှာ တင်ထားပါတယ်.. ( လောလောဆယ်တော့ ပုံတွေ ပျောက်နေတယ်.. ဟီး..ဟီး.. အချိန်များများရတဲ့တစ်နေ့ မှ ဘလော့ဂ်က ပုံတွေကို ပြန်တင်ရဦးမယ်) ။

အခုလည်း လေးမ အွန်လိုင်းမှာ ရေးတယ်… ဖတ်တယ်… လည်တယ်… ရေးတယ်….။ ကွန်မန့် တွေ ရတယ်… ကွန်မန့် တွေ ရေးတယ်….။ အရင်ကတော့ တော်တော်များများ ပြောကြ… ခံယူထားကြသလိုပဲ …. “ကွန်မန့် တွေဟာ ရေးသူအတွက် အားဆေး… စာမူခ… ” အဲလို ခံယူခဲ့ပါတယ်…။ ဒါပေမယ့် အင်တာနက်ကို ကာလအကြာကြီး ဘယ်မှာမှ သုံးလို့ မရတော့တဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ ရခဲ့ဖူးတဲ့ ကွန်မန့် တွေဟာ အရင်က ထင်ခဲ့… ခံယူခဲ့တာထက် အများကြီး ပေးဆပ်နိုင်ခဲ့ပါတယ်….။ မာ့ခ်တို့ လောက် စိတ်လှုပ်ရှားစရာ စွမ်းဆောင်ချက်မဟုတ်ပေမယ့် လေးမ အတွက်တော့ သူငယ်ချင်းတွေရဲ့ အပြုသဘော … ဝေဖန်စနောက်… ကောင်းချီးပေးသွားတာလေးတွေ ပြန်ဖတ်ရတာ အင်မတန် ကြည်နူးမိတယ်….။ သေချာ ဖိုင်နဲ့  သိမ်းထားမိတဲ့ ကိုယ့်ကိုယ်ကို လည်း ကျေးဇူးတင်မိပါတယ်…။

ဒီိလိုရေးလို့  လေးမ ကွန်မန့် တွေ ရေးခိုင်းနေတာလားလို့  မေးရင် ဟုတ်ပါတယ် … လို့ ပဲ ဖြေရပါမယ်…။ လေးမ ကွန်မန့် တွေကို ချစ်ပါတယ်…။ ဒါပေမယ့် အရာရာတိုင်းမှာ ဘေးထွက် ဆိုးကျိုးဆိုတာ ရှိပါတယ်…။ ၀တ်ကျေ တန်းကျေ ( ကိုပီကေ ရေးသလို … အထာနဲ့ ပေါ့ ) ကွန်မန့် တွေကတော့ ဘလော့ဂ်ရေးသူကို စိတ်ကသိကအောက် ဖြစ်စေပါတယ်…. ။ ကံကောင်းတာကတော့ အဲလို ကွန်မန့် မျိုး လေးမ မရသေးဘူး… မရေးသေးဘူး …. ထင်ပါတယ် ( ရှိတော့ ရှိမယ်… နည်းနည်းလေးပါပဲ) …။

မိတ်ဆွေသူငယ်ချင်းတစ်ယောက် ရင်ဘတ်နဲ့  ရေးထားတဲ့ ပို့ စ်တစ်ပုဒ်အတွက် … ကိုယ့်အကြိုက်နဲ့  ကိုက်ညီပြီး … နှစ်သက်လို့  …. ကွန်မန့်  ရေးဖို့ လည်း လွယ်တဲ့ အခြေအနေမျိုးမှာ …. အပန်းလည်းမကြီးဘူးဆိုရင် …… ကိုယ့်ရင်ဘတ်ထဲက စကားတွေ ချရေးပေးခဲ့တာ  ဘလော့ဂ်ပိုင်ရှင်အတွက်တော့ နှလုံးသား အာဟာရတစ်ခုပါပဲ ….။ ။

 

ဇွတ် … ပြုတ်

ကြက်စွပ်ပြုတ် အဆင်သင့်မဖြစ်သေးလို့ စွပ်ပြုတ်ပူဆာနေတဲ့သူတွေအတွက် ဇွတ်ပြုတ်ပေးလိုက်ပါတယ်…။

ချိန်းဆိုချက်

တစ်ခါတုန်းက Baghdad မြို့မှာ ချမ်းသာကြွယ်ဝ..၊ ပညာအမြော်အမြင်ကြီးမားပြီး…၊ ကြင်နာတတ်တဲ့ နာမည်ကြီး သူဌေးကြီးတစ်ယောက်ရှိတယ်…။ တစ်မနက်မှာ သူဌေးက အလုပ်သမား Abdul ကို ဈေးထဲကို သစ်သီးဝယ်ဖို့ လွှတ်လိုက်တယ်…။ Abdul က ဈေးထဲမှာ လျှောက်သွားနေတုန်း သူ့နောက်မှာ တစ်ယောက်ယောက်ရောက်နေသလို ခံစားရပြီး ကျောထဲက စိမ့်လာတယ်…။ လှည့်ကြည့်လိုက်တဲ့အခါ မျက်လုံးနှစ်လုံးက လွဲပြီး ဘာမှ မမြင်ရအောင် အနက်ရောင် ၀တ်စုံဝတ်ထားတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရတယ်..။ အဲဒီလူက သူ့ကို စိုက်ကြည့်နေတဲ့အတွက် Abdul ဟာ ကြောက်ဒူးတုန်လာတယ်..။

“ ခင်ဗျား ဘယ်သူ လဲ… ဘာလိုချင်လို့လဲ..”… Abdul က တုန်လှုပ်စွာမေးလိုက်တယ်…။

“ ငါ…က…. သေမင်း…” အနက်ရောင်ဝတ်စုံနဲ့လူက အေးစက်စက် ပြောပြီး လှည့်ထွက်သွားတယ်…။

Abdul ဟာ သစ်သီးခြင်းကို လွှတ်ချပြီး သူဌေးအိမ်ကို မနားတမ်းပြေးသွားတယ်…။ သူဌေးအခန်းထဲကို တဟုန်ထိုးပြေးသွားပြီး…

“ သခင်… ကျွန်တော့်ကို ဒီမြို့က အမြန်ခွာခွင့်ပြုပါ ….”

“ ဘာလို့လဲ…ဘာဖြစ်တာလဲ ကွ…”

“ ဈေးထဲမှာ သေမင်းနဲ့ တွေ့ခဲ့တယ်…သခင်ရဲ့…”

“ မင်းကလဲ…ဟုတ်လို့လားကွာ…”

“ သေချာပါတယ်…သခင်… အနက်ရောင်ဝတ်စုံနဲ့…။ ကျွန်တော့်ကို စိုက်ကြည့်နေတာ…။ Samarra က အဖေ့အိမ်ကို ကျွန်တော် ပြန်မယ်…။ အခုထွက်သွားရင် နေမ၀င်ခင် Samarra ကို ရောက်မှာ…။”

Abdul ကိုကြည့်ရတာ အရမ်းသွေးပျက်နေပုံရတဲ့အတွက် သူဌေးက ပြန်ခွင့်ပေးလိုက်တယ်…။

ဒါပေမယ့် သူဌေးကြီးရဲ့ စိတ်ထဲမှာ မကျေနပ်ဘူး…။ သူနှစ်သက်သဘောကျတဲ့ အလုပ်သမားကို ထိတ်လန့်အောင် ခြောက်လွှတ်လိုက်တဲ့ လူစိမ်းကိုလည်း… အရမ်းစိတ်ဆိုးတယ်..။ ဒါနဲ့ စုံစမ်းဖို့ ဈေးထဲကို ထွက်ခဲ့တယ်…။ အနက်ရောင်ဝတ်စုံနဲ့ လူကိုတွေ့တဲ့အခါ သူဌေးကြီးက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်…။

“ ဟေ့လူ… ငါ့အလုပ်သမားကို ဘာလို့ ခြောက်လွှတ်တာလဲ…”

“ မင်း အလုပ်သမားက ဘယ်သူလဲ…”

“ …. Abdul ”

“ သူ့ကို ခြောက်မလွှတ်ပါဘူး…။ ငါက သူ့ကို Baghdad မှာ တွေ့ရလို့ အံ့သြသွားတာပါ….”

“ ဘာလို့ အံ့သြတာလဲ…”

“ ဘာလို့လဲဆိုတော့ သူနဲ့ Samarra မှာ ဒီည တွေ့ဖို့ ချိန်းထားတာလေ….”

………….

ဝန်ခံချက်။ ။ Bernard Hartley & Peter Viney ၏ Streamline မှ The Appointment ကို လေးမ နားလည်သလို ဘာသာပြန်သည်..။

ဒီပုံပြင်လေးကို ဖတ်ခါစက ဘာကို ဆိုလိုမှန်း သိပ်မရှင်းဘူး..။ သေမင်းကို တွေ့ရတယ်ဆိုတာ ယုတ္တိမရှိဘူးလေ… သူ့သူငယ်ချင်းတစ်ယောက်ယောက်များ နောက်တာလားလို့ တွေးလိုက်သေးတယ်…။ ဒါပေမယ့် ပုံပြင်တွေမှာ အဆုံးသတ်စာကြောင်းက ခေါင်းစဉ်ကို ထိမိစေတဲ့ အသက်ပဲ…။ သေချာပြန်စဉ်းစားကြည့်တော့မှ ရယ်လိုက်ရတာ…။ ပြီးတော့ တည်သွားတယ်…။ ဟုတ်သားပဲ…လူတွေမှာ သေမင်းကို ရှောင်လွဲလို့ မရနိုင်ဘူး…။ ဒီအချိန်မှာ…ဒီနေရာမှာ…ဒီလိုပုံစံနဲ့ သေရမယ့် ကံပါလာရင် …. ဘာယတြာနဲ့မှ ရှောင်လို့မရဘူး… ညာဏ်များလို့မရဘူး…။ ရှောင်ပုန်းဖို့ကြိုးစားရင်… ထွက်ပြေးရင်… မောတာပဲ အဖတ်တင်မယ်…။ ။

ကဲ…သယ်ရင်းတို့ရေ… သေမင်းကို ရှောင်ပြေးဖို့ မစဉ်းစားဘဲ… မသေခင် စိတ်ကောင်းနှလုံးကောင်းလေး မွေးနိုင်အောင် အားထုတ်ဦးမှ…။ ပါးစပ်က ဘုရား…ဘုရား…လက်က…..ဟိုလေ…ဟို……အဲဒါမျိုးတော့ …။ တော်ပြီ…ရေးတော့ဘူး…။ တာ့တာ…ဘုရားရှိခိုးလိုက်ဦးမယ်…။ ။

စိတ်..စွပ်.. ( ၃)

တစ်ခုသော ညမှာ … တစ်ရေးနိုးလာတဲ့ Nasreddin သည် … သူ့ခြံထဲမှာ အိမ်ဘက်ကို ရွေ့လာနေတယ်လို့ထင်ရတဲ့ ဖြူဖြူအရာတစ်ခုကို … မြင်လိုက်ပါတယ်…။

အဲဒါ သူခိုးပဲ ဖြစ်ရမယ် လို့ … တွေးလိုက်မိတဲ့ Nasreddin က ထိုအရာကို သေနတ်နဲ့ ပစ်လိုက်ပါတယ်…။

မှောင်ကြီး မဲကြီးထဲမှာ အိမ်ပြင်ထွက်ရမှာ သိပ်ကြောက်တဲ့ Nasreddin ဟာ အိပ်ရာထဲ ပြန်ဝင် အိပ်နေလိုက်ပါတယ်…။

နောက်တစ်နေ့မနက် ခြံထဲကို ဆင်းတဲ့အခါ အ၀တ်တန်းမှာ သူ့အကျီင်္ဖြူ တစ်ထည် လှမ်းထားတာကို တွေ့လိုက်ရပါတယ်…။ အရင်ရက်က သူ့ဇနီးက လျှော်ပြီးလှမ်းထားတာပါ..။ အခုတော့ အဲဒီ အကျီင်္င်္ရဲ့ အလယ်တည့်တည့်မှာ ကျည်ဆန်ဖောက်သွားတဲ့ အပေါက်တစ်ပေါက် ရှိနေပါတယ်..။ “ ဘုရား..ဘုရား.. မနေ့ညက … ငါ … ကံကောင်းလို့ပါလား..။ မေန့ညကသာ ဒီအက်ီၤ

ဝတ်ခဲ့မိရင် ငါ့ကိုယ်ငါ ပစ်မိတော့မှာ ….။”

န်ခံချက် ။ ။ အမည်နှင့် ရေးသူမသိသော Intermediate story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်…။

တစ်ခါတစ်လေမှာ သူ့လို တွေးမိကြဖူးလား…။ လေးမတော့ … တစ်ခါတစ်လေတောင် မဟုတ်ဘူး … မကြာခဏပဲ သူ့လို တွေးပြီး အူကြောင်ကြောင် ဖြစ်နေတတ်တယ်…။ ကိုယ်ကိုယ်တိုင်သာ ပြုလုပ်သူ … ကိုယ်ကိုယ်တိုင်သာ အကျိုးကိုဖြစ်စေတဲ့ အကြောင်းရင်း …. ကိုယ်ကိုယ်တိုင်သာ တရားခံ …. ဆိုတာကို မကြာခဏ မေ့လျော့ သွားတတ်တယ်…။

စိတ် …. စွပ်ပြုတ် (၂)

လကုန်ပြီ ဆိုတော့ လေးမ စွပ်ပြုတ်တိုက်နိုင်ပြီ….။ အားရပါးရ သုံးဆောင် သွားကြပါရှင်…။

အရူးပါး

Nasreddin သည် သူ့ ရဲ့ မြည်းပေါ်မှာ စပျစ်သီး တောင်းနှစ်တောင်း တင်ပြီး ဈေးကိုသွားပါတယ် … ။

နေ့လယ်ခင်းလောက် ရောက်တဲ့အခါ ရာသီဥတုက သိပ်ပူတဲ့ အတွက် အရိပ်ရတဲ့ သစ်ပင်ကြီးတစ်ပင် အောက်မှာ ရပ်နားလိုက် ပါတယ်…။ အဲဒီ သစ်ပင်အောက်မှာ သူ့ လိုပဲ ဈေးကို စပျစ်သီး သွားရောင်းမယ့် သူတွေဟာ သူတို့ရဲ့မြည်းတွေနဲ့  အတူ အရိပ်ခို နေကြပါတယ် …။

နေ့လယ်စာ စားပြီးတဲ့ အချိန်မှာတော့ သူတို့အားလုံး တမှေးတမော အိပ်ကြပါတယ်… ။ အားလုံးအိပ်ပျော်ပြီး သိပ်မကြာခင်မှာ Nasreddin ဟာ တခြားသူတွေရဲ့ ခြင်းထဲက စပျစ်သီးတွေကို ယူပြီး သူ့ တောင်းထဲကို ထည့်ပါတယ်…. ( အလစ်တွမ်တာ) …။ ရုတ်တရက် လူတစ်ယောက်နိုးလာပြီး Nasreddin ခိုးယူနေတာကို မြင်သွားပါတယ် …။

ထိုလူက “ ဟေ့လူ….ခင်ဗျားဘာလုပ်တာလဲ..” ဒေါသတကြီး အော်လိုက်ပါတယ်…။

“ ဟို …” “ တမျိုးမထင်ပါနဲ့  ခင်ဗျာ … ကျွန်တော်က ဦးနှောက်တခြမ်း ထိခိုက်နေလို့ပါ … တ၀က်ရူးပါခင်ဗျ … ဒါကြောင့် ကျွန်တော်က ရူးကြောင်ကြောင်တွေ လုပ်မိတတ်တာပါခင်ဗျာ…” Nasreddin ကပြန်ဖြေတာပါ…။

“ အော်…အဲလိုလား… ဒါဆို … ခင်ဗျား တောင်းထဲက စပျစ်သီးတွေကို ဘာလို့ သူများတောင်းတွေထဲ လိုက်မထည့်သလဲ … လိုက်ထည့်လေ…”

“နောင်ကြီးက ကျုပ်ပြောတာကို သဘောမပေါက်ဘဲကိုး…။ ကျုပ်ပြောတာက ရှင်းရှင်းလေး…။

ကျုပ်က တ၀က်ပဲ ရူးတာ… အပြည့်အ၀ ရူးတာ မဟုတ်ဘူးလေ….။”

န်ခံချက် ။ ။ အမည်နှင့် ရေးသူမသိသော Intermediate story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်…။

Nasreddin က ပိုင်တယ်နော် … ။ သူငယ်ချင်းတို့ရော တ၀က်ရူးမလား…. အပြည့်အ၀ရူးမလား … လုံးဝမရူးဘဲနေမလား … ။ တ၀က်ရူးနေတဲ့ လူတွေနဲ့ တော့ ဘ၀ခရီးမှာ အနည်းနဲ့ အများ ဆုံတွေ့  နေရဦးမှာတော့ သေချာတယ်…။ ။

စိတ်… စွပ်ပြုတ်

“ sparrow နဲ့  jerry
cbox မှာ ဂျီ …
မနေနိုင်တဲ့ မလေးမ
စွပ်ပြုတ်ချက်ဖို့ စောစောထ…
ကြက်သားဝယ်ဖို့ မလွယ်ကူ
ဆိတ်သားလေးကို ယူ …
အတူတူပါပဲ မောင်ငယ်လေး
စိတ်…စွပ် … သောက်ပါဝေး…။”

What a silly man !!! (ခေါင်းစဉ်မပါသဖြင့် ပေးချင်သလိုပေးလိုက်သည်)
Nasreddin သည် သူ့ ခြံထဲက သစ်ပင်တစ်ပင်၏ သစ်ကိုင်းကို ခုတ်နေသည် ။ သစ်ကိုင်းကို လွှနဲ့ ဖြတ်နေတုန်းမှာ လမ်းပေါ်မှာလူတစ်ယောက် ဖြတ်လျှောက်သွားပါတယ်။ အဲဒီလူက ရပ်လိုက်ပြီး Nasreddin ကို လှမ်းပြောလိုက်ပါတယ် “ဟေ့..ဒီမယ်… ခင်ဗျားအဲလိုသာ ဆက်ဖြတ်သွားရင် ကိုင်းနဲ့ အတူ ခင်ဗျားလည်း ပြုတ်ကျလိမ့်မယ်နော် …” ( ပြောလဲပြောစရာပဲ … Nasreddin က ကိုင်းပေါ်မှာ ထိုင်ပြီး ပင်စည်နဲ့  သူထိုင်နေတဲ့ သစ်ကိုင်းကြားက နေရာကို ဖြတ်နေတာကိုး)
Nasreddin က ဘာမှပြန်မပြောဘူး ။ စိတ်ထဲမှာတော့ တွေးလိုက်တယ် …“ ဒီလိုလူတွေက အလုပ်မရှိဘဲ လျှောက်သွားပြီး တခြားလူတွေကို ဟိုဟာလုပ် ၊ ဒီဟာမလုပ်နဲ့ …ဆိုပြီး သြဇာပေးချင်နေတဲ့  ကြောင်တောင်တောင် လူစားမျိုးတွေ..” ။
ဟိုလူကတော့ ပြောပြီး သူ့ လမ်းသူ ဆက်သွားတယ် ။
ခဏလောက်လဲကြာရော သစ်ကိုင်းရော Nasreddin ရောပြုတ်ကျပါလေရော ။
“ အိုး….ဘုရားသခင်…” “ ဒီလူက အနာဂတ်ကိုကြိုသိနိုင်ပါလား..” Nasreddin အလန့်တကြား အော်ပြီး ဟိုလူ့ နောက်ကို ပြေးလိုက်တယ်…သူဘယ်လောက်ထိ အသက်ရှင်နေနိုင်ဦးမလဲ ဆိုတာမေးချင်လို့တဲ့ ။
ဒါပေမယ့် ဟိုလူကတော့သွားလိုက်ပြီ ။

( ရေးသူမသိသော story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်)
ပြုံးလိုက်ပြီလား ။ ဒါဆို စိတ်ထဲမှာနည်းနည်းပျော်သွားပြီ ။ ဒါကြောင့် စိတ်..စွပ် လို့ပြောတာ ။ ဘာရလိုက်သလဲ ။ သူများပြောတိုင်းမလုပ်ဘူး … ဘယ်သူ့ မှဂရုမစိုက်ဘူးကွ…ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် တခါတရံ နစ်နာသွားလိမ့်မယ် ။ သူပြောသလို လုပ်စရာမလိုဘူး…ဒါပေမယ့် သူပြောတာကို နားထောင်ရမယ် … ( လိုက်နာတာနဲ့  နားထောင်တာမတူပါ) နားပိတ်ထားလို့မရဘူး ။ သူဘာကြောင့် ဒီလိုပြောလဲ သုံးသပ်ကြည့်ရမယ် ။ ပြီးမှ ကိုယ်ကြိုက်သလို ဆက်လုပ် ။ လူတိုင်းဟာ ကိုယ့်အတွက်ချည်းပဲ လုပ်နေကြတာ မဟုတ်သလို ဆရာကြီးလုပ်ချင်သူတွေ ချည်းပဲလည်း မဟုတ်ဘူး ။ အရာရာကို အပြစ်ပြောတတ်တဲ့ လူတွေပဲရှိတာ မဟုတ်ဘူး ။ အသိပညာ၊ အတွေ့  အကြုံ နဲ့  ယှဉ်တဲ့ အကြံပေးမှုတွေကို နားထောင်ကြည့်ရမယ်… ပြီးမှ အကျိုးသင့်အကြောင်းသင့် သုံးသပ်ဆင်ခြင်ပြီး လုပ်သင့်တာကိုလုပ်မယ် ဆိုရင် မကောင်းဘူးလား…။ ။

Ready-made စွပ်ပြုတ်

ကြက်စွပ်ပြုတ် ချက်ဖို့  “လေးမ” မနက်က ဈေးသွားခဲ့ပါသည်……။ ကြက်သားဈေးလေး မေးကြည့်တော့ ၆၀၀၀ ဈေးပါ….. ။ လေးမ က စေတနာ အလွန်ကောင်းတော့ အရသာရှိအောင် နှစ်ကောင်လောက် ပြုတ်မှ အဆင်ပြေမှာ…….။ ချိန်ကြည့်လိုက်တော့ တစ်ကောင်ကို ၇၀ သား……။ ဒါနဲ့ ဘဲ…….အမွှေးနုတ်ခံထားရတဲ့ အသက်မရှိတဲ့ ကြက်ကို တချက်ငဲ့ကြည့်ပြီး ဈေးသည်ရဲ့ မျက်စောင်းကို ကျေနပ်စွာခံယူရင်း ပြန်လှည့်ထွက် ခဲ့ပါတယ်……။ ဘယ်လိုလုပ်ရမလဲ…….ဟို လူမမာကလဲ လာလာ တောင်းနေတယ်…….။ လေးမ ကလဲ စွပ်ပြုတ်တိုက်ချင်တယ်………ဆိုတော့…..။ အကြံကောင်းရင် တချက်ပါ……။ ဟိုနားက “ ထို Mart ” မှာ အထူးစပယ်ရှယ် discount ဆိုပြီး တစ်ထုတ်ဝယ်ရင် တစ်ထုတ် အလကားရတဲ့ date expire ဖြစ်ဖို့  တလကြီးများတောင် လိုသေးတဲ့ ready-made ကြက်စွပ်ပြုတ် ထုတ်လေး တွေ ပြေး
ဝယ်လိုက်တာပေါ့………။ အခုတော့ ဒီ ready-made လေးဘဲ သောက်ဦးနော်…..။ လခထုတ်ပြီးရင်တော့ ကြက်အစစ်နဲ့  ပြုတ်တိုက်ဖို့  စဉ်းစားပေးပါမယ်…….။

ကုလားထိုင်တစ်လုံးသာ ရွေးထိုင်ပါ
အီတာလျံလူမျိုး နာမည်ကြီးအဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti ) ( 1935- ) ၏ ဖခင်သည် မုန့် ဖုတ် သမားတစ်ယောက်ဖြစ်သည် ။ သို့ သော် ဂီတဘက်တွင် အလွန်ထက်သန်သည် ။ သူ့ သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည် ။ ထို့ ကြောင့် ငယ်ရွယ်စဉ်မှာပင် တေးဂီတ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည် ။ ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု ၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော်တစ်ဦးဖြစ်ခဲ့သည် ။
အောင်မြင်ခဲ့သော သူ့ ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည် ။
“ အဖေက ကျွန်တော့်ကို အသံကောင်းလာအောင် တအားလေ့ကျင့်ခိုင်းတာ ၊ အီတလီက ကျွန်တော်တို့ ဇာတိမြို့  မိုနာဒေသမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင်ဆရာ တစ်ယောက်ရှိတယ် ၊ ကျွန်တော့်လို ညာသံဘဲ ၊ သူက ကျွန်တော့်ကို တပည့် အဖြစ် လက်ခံပြီး သင်ကြားပေးတယ် ၊ အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့  ဆရာအတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ ၊ ကျောင်းဆင်းတော့ အဖေ့ကို ကျွန်တော် မေးတယ် ၊ “ အဖေ ကျွန်တော် ကျောင်းဆရာလုပ်ရမလား အဆိုတော်လုပ်ရမလား ” ဆိုတော့ အဖေကပြောတယ် ။ “ လူစီယာနို” တဲ့ ၊ “ မင်းကုလားထိုင်နှစ်လုံးထိုင်ဖို့  ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ ၊ မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲ ရွေးရလိမ့်မယ် ” တဲ့ ။ “အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ် ၊ အဲဒီနောက်မှာ ပညာသည်အဆင့်နဲ့  စင်ပေါ်စတက်ခွင့်ရဖို့  ခုနစ်နှစ်တိတိ လေ့လာရ သင်ကြားရတယ် ၊ စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာတွေလည်း အများကြီး ကြုံရတယ် ၊ အဲဒီကမှ တစ်ခါ မက်ထရိုပိုလီတန် အော်ပရာဇာတ်ရုံကြီးမှာ ဖျော်ဖြေခွင့်ရတဲ့ အဆင့်ရောက်ဖို့  နောက်ထပ် ခုနစ်နှစ် ကြိုးစားရတယ်၊ အခုတော့ ကျွန်တော် သဘောပေါက်တယ် ၊ အုတ်စီတဲ့အလုပ်ပဲဖြစ်ဖြစ် ၊ စာရေးတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊ ကျွန်တော်တို့ ဘ၀အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ ၊ အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ် ၊ ကိုယ်ရွေးတဲ့ အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြှုပ်နှံနိုင်မှ အဲဒီ အလုပ်မှာ အောင်မြင်တယ် ၊ ဒါ အောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ ၊ အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံးကို ခင်ဗျားရွေး ၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ ” ။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရ (၂) မှကူးသည်….မူရင်း-Choose One Chair)

သူငယ်ချင်းတို့ လဲ ထိုင်ခုံတစ်လုံးဘဲ ထိုင်ကြနော်…….ဟိုမှာလဲထိုင်ချင်…..ဒီမှာလဲ လက်မလွှတ်နိုင် ဟိုဟာလေးလဲ ကြိုက်…….ဒီနေရာလေးလဲ ပါချင် ဆိုရင်တော့ …… ပြုတ်ကျလိမ့်မယ်…….။ ပြုတ်ကျခဲ့တဲ့ သူတွေလဲ မနဲတော့ဘူးနော……… ပြုတ်မကျ သေးရင်တောင် “ ဟိုပင် ဒီပင် ကူးပါလို့ ……….” ဆိုတာ ကြားဖူးမှာပါ…..၊ လေးမ ပြောချင်တာ အဲဒါဘဲ…….။ ။