ကျောက်ဆောင် … ပင်လယ်…နှင့် မိန်းကလေး…

သူ့ ရင်ခွင်မှာ ဆော့ကစားနေကြတဲ့ လူတွေကို ကြည့်ပြီး ကြည့်နူးနေတုန်း “ ပင်လယ်ကြီးရေ… ကျွန်မ ရောက်လာပြန်ပြီ ” ဆိုတဲ့ နှုတ်ဆက်သံတိုးတိုးနဲ့အတူ သူ့ကိုချစ်သော … သူက ချစ်သော မိန်းကလေး သူ့ ဆီရောက်လာခဲ့ပြန်တယ်…။

ပင်လယ် ကျောက်ဆောင်ရေ … မိန်းကလေး ရောက်လာပြီဟေ့…

( ကျောက်ဆောင်ရဲ့ ခြေထောက်ကို လှိုင်းနဲ့ တစ်ချက်ပုတ်လိုက်ရင်း စကားစလိုက်တယ်)

ကျောက်ဆောင် အေးကွ … ဒီလထဲမှာ မိန်းကလေးလာမယ်ဆိုတာ ငါအာရုံရနေပြီးသားကွ… ဘယ့်နေ့မှန်းသာမသိတာ…

မိန်းကလေးတောင် အတော်ရင့်ကျက်လာပြီနော်… မှတ်မိသေးတယ်ကွာ…. ငါတို့ဆီကို မိန်းကလေး စရောက်လာတုန်းက ၁၅ နှစ်သမီးလေး… ဂါဝန်လေးနဲ့ ကျောပိုးအိတ်သေးသေးလေးလွယ်ထားတယ်…

သားအမိနှစ်ယောက်ထဲ သူများတွေနဲ့ လိုက်လာတာဆိုတော့ ကမ်းစပ်မှာပဲ ရေစိမ်ခိုင်းလို့ စိတ်ကောက်နေသေးတယ်လေ…

ဟုတ်ပ… နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေတာလေ… ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အမေကို စူပုတ် ကောက်ချိတ်နေတဲ့ပုံတွေချည်းပဲ…

အဲဒီတုန်းက ငါ့ကျောပေါ်တက်ပြီး ဓါတ်ပုံရိုက်တော့ မိန်းကလေးရဲ့ နေကာမျက်မှန်လေး ကျပျောက်သွားသေးတယ်နော်…

အေးကွာ… ငိုမဲ့မဲ့ ဖြစ်နေလို့ ငါရှာကြည့်ပါသေးတယ်… လှိုင်းတွေက အတော် အစအနောက် သန်တာကွ … ဒီနေ့ထိ ဖွက်ထားတယ်…

မိန်းကလေး … ငါတို့ဆီကို လာတဲ့နှစ်တွေထဲမှာ ဘယ်တစ်ခေါက်က အပျော်ဆုံး ဖြစ်မလဲ.. မှန်းကြည့်စမ်း… ပင်လယ်…

၂၀၀၂ က အပျော်ဆုံးဖြစ်မယ်… သေချာတယ်… အဲဒီတစ်ခေါက် သူအပျော်ဆုံးဘဲ…

သင်္ကြန်အတက်နေ့ကြီး … သူ့အမေရယ်… အစ်မ တွေရယ်… မိရယ်… လာတဲ့နှစ်မဟုတ်လား…

အဲဒီတုန်းက မိရယ်.. မိန်းကလေးရယ်… သောင်ပြင်ပေါ်မှာ .. ဆော့နေလိုက်ကြတာ … သဲတွေနဲ့ ပေပွနေတာပဲ …

ဗိသုကာကျောင်းသူတွေဆိုပြီး သဲအိမ်ဆောက်ကြတာလေ… ဟား..ဟား… အိမ်က ရေကူးကန်တောင်ပါသေး…

သောင်ပြင်ပေါ်မှာ ဟိုယိုင်… ဒီယိုင်နဲ့ စက်ဘီးစီးတော့ မိက လိုက်ထိန်းပေးရသေးတယ်

သောင်ပြင်ပေါ်မှာ အားပါးတရ ထိုင်ချပြီး အုန်းရည် ထိုင်သောက်နေကြတဲ့ ပုံလေး ခုထိ မြင်ယောင်နေသေးတယ်… ခုတော့ မိန်းကလေးက တန်ဖိုးကြီး အ၀တ်အစားတွေ သဲပေမှာ စိုးရိမ်တတ် နေပြီလား မသိဘူးနော် …

အဲဒီတုန်းကလေ … ဘောကွင်းပေါ် ပက်လက်လှန်ပြီး လှိုင်းစီးလို့ … ကောင်းကင်ကြီးကို မော့ကြည့်ပြီး သီချင်းတွေ အော်ဆိုနေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ငါအရမ်းပျော်တာပဲ… ။ လှိုင်းငြိမ်သွားရင်…“ လှိုင်းကြီးကြီး လာပါဗျို့… ” လို့ အော်ပြီး စိန်ခေါ်ကြသေးတယ်… ကြည့်ရင်း အရမ်းအသည်းယားလာလို့ လှိုင်းအကြီးစားလွတ်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်အောင်ကို လုပ်ပစ်လိုက်တာ…

မှောက်သွားတော့လည်း မဖြုံပါဘူး … ရေမွန်းနေတဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်နေလိုက်ကြသေး…

နောက်နှစ်… မိန်းကလေး လာတော့ ဘေးမှာ ကောင်လေးတစ်ယောက်ပါလာတယ်…

အင်း… မိန်းကလေးရဲ့ ဟန်းနီးမွန်းခရီးပေါ့ …. တို့ဆီလာတဲ့ ဟန်းနီမွန်းစုံတွဲအတော်များများက နှစ်ယောက်ထဲ လာတာများတယ်နော်…။ သူတို့ကျမှ အုပ်စုလိုက်ကြီး….

တကယ်ဆို အဲဒီတစ်ခေါက်က မိန်းကလေးရဲ့ ကမ်းခြေလာတဲ့ နှစ်တွေထဲမှာ အပျော်ဆုံးနှစ်ဖြစ်ရမှာ … ဒါပေမယ့် .. မိန်းကလေး မပျော်လိုက်ရရှာဘူး….

ဟား… ဟား… ဘယ်ပျော်ရမလဲကွ … မိန်းကလေးက အချစ်ကို သက်သေပြမှားတာကိုး…

ဟား … ဟား … ပင်လယ်စာမစားတဲ့ မိန်းကလေးကို “…ချစ်ရင် ဂုံးတစ်ကောင် စားပြပါ…” လို့ သူငယ်ချင်းတွေက တောင်းဆိုတော့ သတ္တိရှိရှိနဲ့ ဂုံးအဖတ်လေးတစ်ဖတ်စားပြလိုက်တာ… ဟား…ဟား… တစ်ညလုံး အန်လိုက် … ဗိုက်နာလိုက်နဲ့ နောက်တစ်နေ့ နေ့လည်အထိ အိပ်ရာထဲမှာ ခွေနေရတာလေ…

ကောင်လေးကတော့ ဘော်ဒါတွေနဲ့ အပြင်မှာ ပျော်လို့ပေါ့….

၂၀၀၆ သင်္ကြန်တုန်းကလည်း ကောင်လေး သူငယ်ချင်းတွေနဲ့ အတူရောက်လာသေးတယ်နော်…

အင်း …အခုအတူလာတဲ့ မိတ်ဆွေတွေနဲ့ပဲလေ…။

*****************

ဟေး ပင်လယ်… ကြည့်စမ်း… စောစောစီးစီး မိန်းကလေး တစ်ယောက်ထဲ ကမ်းစပ်ဆင်းလာပါလား… လက်ထဲမှာကင်မရာနဲ့ … ကျွတ်ကျွတ်အိတ်နဲ့….

အော်… ခရုလာကောက်တာကွ … မနေ့ညနေက .. မနက်စောစော ခရုထကောက်ရအောင်နော်လို့ ကောင်လေးကို ပူဆာနေသံကြားတယ်…

ကောင်လေးက မနိုးဘူးထင်တယ် … ကောင်လေးလည်း ဒုက္ခပဲ… စိတ်ကူးယဉ်တတ်တဲ့ … တစ်ခါတစ်ခါကဗျာဆန်ချင်တဲ့ မိန်းကလေးကို လက်ထပ်ထားရတာ … ကဗျာမဆန်ချင်တဲ့ သူ့အတွက် တစ်ခါတစ်ခါတော့ သိပ်စိတ်အနှောက်အယှက်ဖြစ်မှာပဲ…

ဟော…လာပြီ..လာပြီ…ငါ့နားရောက်လာပြီ…စကားပြောတော့မယ်ထင်တယ်…

ပင်လယ်ကြီးရေ … ညတုန်းက အိပ်မရလို့ ထွက်ကြည့်သေးတယ်… သိလား…

မှောင်မည်းပြီး လှိုင်းတွေက တ၀ုန်းဝုန်းနဲ့ ခေါ်နေလို့ ကြောက်လို့ ပြန်ဝင်သွားတာ…

ပင်လယ်ကြီးကတော့ အရင်အတိုင်း ပြာနေတာပဲနော် … ရေကလည်း ကြည်နေတုန်းပဲ … မနေ့က ရေစိမ်ရင်း ခရုငုံ့ရှာသေးတယ် … သိလား…

ပင်လယ်ကြီးထဲမှာ လှိုင်းစီးရတာ မ၀သေးဘူး… ဒါပေမယ့် ပြန်ရတော့မယ်…

သူ့ကို စိတ်ကောက်မလို့… သိလား… ဘာမှန်းလည်းမသိဘူး … ပင်လယ်ကိုလာပြီး မြို့မှာ ရတဲ့ဟာတွေ လာလုပ်နေတယ်…

စဉ်းစားကြည့်လေ… Tennis ရိုက်တာ …. အကြာကြီးအိပ်နေတာ ….swimming pool ထဲရေကူးတာ … အဲ့ဒါတွေက ကမ်းခြေကိုမလာလည်း မြို့မှာ လုပ်လို့ရနေတာပဲလေ…

ပင်လယ်ကြီးထဲမှာ လှိုင်းစီးတာ … ကမ်းစပ်မှာ ဖိနပ်မပါဘဲလမ်းလျှောက်တာ … မနက်စောစော ခရုကောက်ပြီး လတ်ဆတ်တဲ့လေကိုရှူတာ … သောင်ပြင်ပေါ်မှာ လှဲအိပ်တာ … အဲဒါတွေက မြို့မှာ မရနိုင်လို့ ဒီကို လာရတာလေ… ဟုတ်ဘူးလားလို့ …

“ … ရေ ”

“ လာပြီ…”

“ သွားပြီ..ပင်လယ်ကြီးရေ … တာ့တာ…”

ကြည့်ပါလား… အဲဒီမိန်းကလေး စပရင် မျက်နှာ… ခုနကတော့ ပြောနေလိုက်တာ.. စိတ်ကောက်ဦးမလို့တဲ့…

ခေါ်တော့လည်း ပြေးသွားလိုက်တာပြုံးနေတာပဲ…

မိန်းမတွေက ဒီလိုပဲ … သိရခက်တယ် … မာယာများတယ်… ပြောင်းလဲလွယ်တယ် …

ဒါကြောင့် ပင်လယ်နှင့်တူသောမိန်းမများတို့ … မြစ်တို့၏ မာယာတို့ဆိုပြီး ခိုင်းနှိုင်းကြတာနေမှာ…ဟား..ဟား…ကျောက်ဆောင်နှင့်တူသော မိန်းမများဆိုတာမရှိဘူးလေ…

အမယ်… ဂျူး ပြောတာ ဒီသဘောမဟုတ်ပါဘူးကွ… တော်ပြီ.. ဒီကိစ္စ နောက်မှ ဆွေးနွေးမယ်… ။ မိန်းမတွေကို

ကျောက်ဆောင်နဲ့တူသောမိန်းမများ လို့လည်း ပြောလို့ရတယ် … လောကဓံအလှည့်အပြောင်းကို မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်… ကျောက်ဆောင်လိုပဲ ကြံ့ကြံ့ခံရင်ဆိုင်တယ်…ခင်ပွန်းအတွက်… သားသမီးအတွက်ဆိုရင် ဘယ်လောက်ပဲ လှိုင်းတွေကြမ်းပါစေ … မယိုင်လဲအောင် ရှေ့ကနေ မားမားမတ်မတ်ကာဆီးပေးတတ်ကြသေးတယ်…

ဒါဆို ငါတို့ရဲ့ မိန်းကလေးက ဘာနဲ့တူမလဲ …

မင်းနဲ့လည်းတူတယ် … ငါနဲ့လည်းတူတယ် …

မိန်းကလေးရေ နောင်နှစ်မှာလည်း မင်းကို ဆီးကြိုချင်ပါသေးတယ် … မင်းနဲ့တူတဲ့ နောက်ထပ် လူသားလေးတစ်ဦးနဲ့အတူပေါ့…. ခုတော့ပြန်ပေဦးတော့ …

ဟေ့…မင်းပြောတာ ကြားတယ်ထင်တယ်…မိန်းကလေး လှည့်ကြည့်တယ်… သူပြုံးပြသွားတယ်တွေ့လား…

ရှက်ပြုံးလေးကွ …

မဟုတ်ဘူး… အားမရှိတဲ့အပြုံး…

ဟာ….မင်းကလည်း

မင်း…နဲ့…ငါ…အပြုံးကို နားလည်ပုံချင်းမတူပါဘူးကွာ….။ ။


Advertisements

တန်ဆောင်တိုင်…တောင်ကြီးမှာ

တောင်ပေါ်သားတစ်ယောက်ရဲ့ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မြေပြန့် သူတစ်ယောက်အတွက် နာမည်ကြီးလှတဲ့ တောင်ကြီးမီးပုံးပျံပွဲ ကို ဘ၀မှာ ပထမဆုံးအကြိမ် နဖူးတွေ့  ဒူးတွေ့  ကြည့်ရှုခံစားခဲ့ရသော ၁၃၆၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ….

တောင်ကြီးသူတွေက အပန်းရောင်လို့ ခေါ်တဲ့ ပန်းရောင် အနွေးအကျီင်္ကိုထပ် … လည်ပင်းမှာ မာဖလာပတ်… နားရွက်လုံတဲ့ သိုးမွှေးဦးထုပ်ကိုဆောင်း…ခြေအိတ်စွပ်…ဖိနပ်စီး…ပွဲခင်း(မီးပုံးပျံ လွှတ်တဲ့ကွင်း) ထဲသွားရန်အသင့် ….။

တီ…တီ…တီ… ဆိုင်ကယ်တွေ အုပ်စုလိုက် ဘေးက ဖြတ်သွား…။ ဦးထုပ်ဆောင်းဖို့တွေ နှစ်ယောက်ထပ် မပိုဖို့တွေ ဒီချိန်မှာ လာမပြောနဲ့  ….။ နာသွားမယ်…မှတ်…။

ကွင်းထဲမှာ လူတွေ…လူတွေ … လှုပ်ရွလှုပ်ရွနဲ့ … ဟိုသွားလိုက်..ဒီသွားလိုက်….။ ဆိုင်ရာဆိုင်ရာတွေရဲ့ ပွဲကြည့်စင်လေးတွေ ဟိုတစ်ခု ဒီတစ်ခု….အဲဒီအုပ်စုထဲမှာ ဒိုင်လူကြီးတွေရဲ့ ပွဲကြည့်စင်လည်း ပါတယ်…။ လေလုံမိုးလုံ အဆောင်ကြီးတစ်ခု ကွင်းတစ်ဖက်မှာ ထီးထီးမားမား… မမေးနဲ့လေ….ပွဲကြည့်စင်ပေါ့…..။ အလယ်ကောင်က ကွင်းကြီးထဲမှာတော့ ဒီဇိုင်းစုံ….ဆိုဒ်စုံ … ဒေသစုံက ပွဲကြည့် ပရိသတ်တွေ …အပြည့်…အပြည့် ….။ ဘုန်းဘုန်းတွေ… ကိုရင်လေးတွေလည်း သင်္ကန်းရုံလို့…ခြုံလို့….။

ပေါက်စီ… နေကြာစေ့ … ဟိုဟာဒီဟာရောင်းတဲ့ အသည်လေးတွေလည်း ဟိုမှာဒီမှာ….။ တချို့ တချို့  တွေက ဂျာကင်အကျီင်္ထဲက ပုလင်းပြားလေးတွေထုတ်ပြီး လည်ချောင်းထဲ မှုတ်သွင်းနေကြပြန်တယ်….။ အအေးဒဏ် ခံနိုင်အောင်ထင်ပါရဲ့….။

ဟော…ဟော ထောင်ပြီ…မီးပုံးပျံကြီး ထောင်ပြီ….။ လှည့်ပြတယ်….။ တက်ပြီ…။ သိပ်မတက်ဘူး… ဘေးတိုက်ရွေ့ သွားတယ်…. လောင်ပြီ …လောင်သွားပြီ… ။ စိတ်မကောင်းလိုက်တာ….ကြည့်တဲ့သူတွေတောင် စိတ်မကောင်း…။ အချိန်…လူအား…ငွေအား… စိုက်ထုင်္တ ထားရသူတွေ အတွက်တော့ ဆိုဖွယ်ရာမရှိ ….။ နောက်ထပ်မီးပုံးပျံကိုစောင့် …. ကွင်းတပတ်ပတ် … တိုက်ရိုက်လွှင့်နေတဲ့ studio 35 ရှေ့မှာ ဟိုချောင်း… ဒီချောင်းလုပ် …။ တနေကုန် အငြိမ်မနေတဲ့ မျက်လုံးတွေက ဆန္ဒပြ …. မီးပုံးပျံက မစ … ပြန်လာခဲ့ပါသည်… တိုညက လေတိုက်သောကြောင့် မီးပုံးပျံ မလွှတ်ဖြစ်ပါဟု မိုးလင်းတော့ သတင်းရရှိ၏…။

နောက်တနေ့ လူပိုများ….။ လေငြိမ်…မီပုံးပျံတွေတက် … ။သို့သော် မီးလောင်မှုများ ….။

လှလိုက်တဲ့ မီးပုံးပျံတွေ … တော်လိုက်တဲ့ မီးဆရာတွေ … ပျော်လိုက်တဲ့ တောင်ပေါ်သားတွေ … မိုးပျံတဲ့ စိန်နားပန်တွေ … ကြယ်တွေ လတွေ တောင်ငေးကြည့်ကြတဲ့ ညမီးကျည်တွေ ….။ အွန်လိုင်းက ကြည့်ရတာနဲ့  လုံးဝ…လုံးဝ ကွာတယ်…. ခိုပျံတွေ ဖွားကနဲ ..ဖွားကနဲ အရောင်စုံဖြာကျလာတာများ ….ကြယ်တွေ အစုလိုက် ကြွေကျလာသလိုပဲ … ။ အဲဒီမီးပုံးပျံတွေက ၁၅ သိန်း … သိန်း ၂၀ ကုန်တယ်ဆိုတော့ တောင်ပေါ်သားတွေ သိပ်ချမ်းသာတာပဲ …. ၁၅ သိန်းကို မီးရှို့  ပြီးမိုးပေါ် လွှတ်လိုက်တယ်လို့ ကိုးလို့ကန့်လန့်တွေး …။ ဒါပဲပေါ့ … ငွေဆိုတာ ဘာလုပ်ရမှာလဲ …ရိုးရာဆိုတာ … တန်ဖိုးဖြတ်လို့မရဘူး … အစဉ်အလာကို ထိန်းသိမ်းရမှာပဲ … ( ခုတောင် မြန်မာတွေက စတဲ့ သင်္ကြန်ပွဲကို အယုဒ္ဓ ယ ပြည်သားတွေက သူတို့ဆီက စတဲ့ရိုးရာလိုလို ဘာလိုလို လုပ်ချင်နေကြပြီ…. တောင်ကြီးမီးပုံးပျံပွဲလည်း ဘယ်တော့ သူတို့ရိုးရာ ဖြစ်ဦးမယ်မသိ ) …။

နောက်တနေ့ …အဖိတ်နေ့ … ပွဲခင်းသွားဖို့ လမ်းမပွင့်… မျက်စိရှေ့မှာ ရန်ပွဲ … တော်ပြီ…ကြောက်ကြောက် … ပြန်လှည့် … ညဈေးတန်းဆင်း … ဆီချက်စား …. တီဗွီကပြန်ကြည့် …. ။

လပြည့်နေ့ … ချယ်ရီမြေကိုနူတ်ဆက် … အလွမ်းစက်လက်နဲ့  ဟဲဟိုးဆင်း … ။ လေဆိပ်မှာ ကမ္ဘာလှည့် ခရီးသည်တွေ တွေ့ ရလို့ ဒေသခံ ဆိုင်တွေ အတွက်ဝမ်းသာ….။

လေယာဉ်တက်ပြီ ….. မျက်စိမှိတ် …. ဘုရားတ…. နားထဲမှာ အသံတွေကြားနေရတယ် ….

“ အင်းလေးဘုရားဖူးလားဗျ …. ကားထားလို့လည်းရတယ်လေ….”

“ ဇင်ယော်လေ…အစာကျွေးလို့ရတယ်လေ….”

“ပန်းဝယ်သွားလေ ….ရွှေသင်္ကန်းဝယ်သွားလေ …”

“ ရေအိုးမီးဟေ့…ရေအိုးမီး…”

“ ပင်စိမ်းသီးပိုးထိုး …တောင်ကြီးသူကို ရအောင်ပိုး …” ……။ ။

ရေထဲက … မြို့ 

ရေပေါ်မြို့ လေးတစ်မြို့ ကိုရောက်ခဲ့ပါသည် ….( ဒူဘိုင်း မဟုတ်ပါ)…။

လှေကလေးများဖြင့်သွားရပါသည် ( ဗင်းနစ် မဟုတ်ပါ )…။

မြန်မာပြည် အရှေ့ဖျားက အင်းလေး ဖြစ်ပါသည် …။

သူတို့… ဒီလိုပဲ သွားကြ လာကြ တယ်…။

အဲဒီမှာ ဒို့ တိုင်းရင်းသားတွေ ဒီလို နေကြတယ်…။ ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်…. ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်….။

တောင်တန်းကြီးတွေ ပတ်လည်ရံထားတဲ့ ရေပြင်ထက်မှာ တစ်ယောက်ထဲ လှေလှော်နေတဲ့ လှေရှင်မှာ သောကမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ … ။

အားမငယ်ပါဘူးလို့ ဘယ်သူ အာမ ခံမလဲ … ။

လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် သူဒီလောက် အားငယ်မယ် မထင်ပါ လို့ အင်းလေးမှာ ရွာတဲ့မိုးမှာတော့ သီချင်းရေးဆရာက ရေးထားတာပဲလေ…။

အနာဂတ်နိုင်ငံတော်ကို ထုဆစ်မယ့် လက်တွေကို ပျိုးထောင်တဲ့နေရာ … ။

ပိုက်ပိုက်တွေ ရှာပေးနေတဲ့ နေရာလေးတွေ … ။ ရိုးရာနဲ့  တိုးလာတဲ့ ၀င်ငွေလေးတွေ…။

ခရီးတစ်ထောက်နား… ထမင်းလည်းစားလို့ရတဲ့ … ဘိုတဲလေး…။

“…..ဘဲအုပ်က တစ်ရာနှစ်ရာ …. မဗေဒါကတစ်ပင်တည်း” ဆိုတဲ့ မဗေဒါ ကို လည်း အဖော်အပေါင်းတွေနဲ့  တပျော်ကြီးတွေ့ ခဲ့ရလို့ “ …ဘယ်လိုလဲ မဗေဒါ ..” လို့ မေးဆတ်ပြ တဲ့အခါ .“….ပန်းပန်လျက်ပါ…” တဲ့….။ ။