ကျောက်ဆောင် … ပင်လယ်…နှင့် မိန်းကလေး…

သူ့ ရင်ခွင်မှာ ဆော့ကစားနေကြတဲ့ လူတွေကို ကြည့်ပြီး ကြည့်နူးနေတုန်း “ ပင်လယ်ကြီးရေ… ကျွန်မ ရောက်လာပြန်ပြီ ” ဆိုတဲ့ နှုတ်ဆက်သံတိုးတိုးနဲ့အတူ သူ့ကိုချစ်သော … သူက ချစ်သော မိန်းကလေး သူ့ ဆီရောက်လာခဲ့ပြန်တယ်…။

ပင်လယ် ကျောက်ဆောင်ရေ … မိန်းကလေး ရောက်လာပြီဟေ့…

( ကျောက်ဆောင်ရဲ့ ခြေထောက်ကို လှိုင်းနဲ့ တစ်ချက်ပုတ်လိုက်ရင်း စကားစလိုက်တယ်)

ကျောက်ဆောင် အေးကွ … ဒီလထဲမှာ မိန်းကလေးလာမယ်ဆိုတာ ငါအာရုံရနေပြီးသားကွ… ဘယ့်နေ့မှန်းသာမသိတာ…

မိန်းကလေးတောင် အတော်ရင့်ကျက်လာပြီနော်… မှတ်မိသေးတယ်ကွာ…. ငါတို့ဆီကို မိန်းကလေး စရောက်လာတုန်းက ၁၅ နှစ်သမီးလေး… ဂါဝန်လေးနဲ့ ကျောပိုးအိတ်သေးသေးလေးလွယ်ထားတယ်…

သားအမိနှစ်ယောက်ထဲ သူများတွေနဲ့ လိုက်လာတာဆိုတော့ ကမ်းစပ်မှာပဲ ရေစိမ်ခိုင်းလို့ စိတ်ကောက်နေသေးတယ်လေ…

ဟုတ်ပ… နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေတာလေ… ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အမေကို စူပုတ် ကောက်ချိတ်နေတဲ့ပုံတွေချည်းပဲ…

အဲဒီတုန်းက ငါ့ကျောပေါ်တက်ပြီး ဓါတ်ပုံရိုက်တော့ မိန်းကလေးရဲ့ နေကာမျက်မှန်လေး ကျပျောက်သွားသေးတယ်နော်…

အေးကွာ… ငိုမဲ့မဲ့ ဖြစ်နေလို့ ငါရှာကြည့်ပါသေးတယ်… လှိုင်းတွေက အတော် အစအနောက် သန်တာကွ … ဒီနေ့ထိ ဖွက်ထားတယ်…

မိန်းကလေး … ငါတို့ဆီကို လာတဲ့နှစ်တွေထဲမှာ ဘယ်တစ်ခေါက်က အပျော်ဆုံး ဖြစ်မလဲ.. မှန်းကြည့်စမ်း… ပင်လယ်…

၂၀၀၂ က အပျော်ဆုံးဖြစ်မယ်… သေချာတယ်… အဲဒီတစ်ခေါက် သူအပျော်ဆုံးဘဲ…

သင်္ကြန်အတက်နေ့ကြီး … သူ့အမေရယ်… အစ်မ တွေရယ်… မိရယ်… လာတဲ့နှစ်မဟုတ်လား…

အဲဒီတုန်းက မိရယ်.. မိန်းကလေးရယ်… သောင်ပြင်ပေါ်မှာ .. ဆော့နေလိုက်ကြတာ … သဲတွေနဲ့ ပေပွနေတာပဲ …

ဗိသုကာကျောင်းသူတွေဆိုပြီး သဲအိမ်ဆောက်ကြတာလေ… ဟား..ဟား… အိမ်က ရေကူးကန်တောင်ပါသေး…

သောင်ပြင်ပေါ်မှာ ဟိုယိုင်… ဒီယိုင်နဲ့ စက်ဘီးစီးတော့ မိက လိုက်ထိန်းပေးရသေးတယ်

သောင်ပြင်ပေါ်မှာ အားပါးတရ ထိုင်ချပြီး အုန်းရည် ထိုင်သောက်နေကြတဲ့ ပုံလေး ခုထိ မြင်ယောင်နေသေးတယ်… ခုတော့ မိန်းကလေးက တန်ဖိုးကြီး အ၀တ်အစားတွေ သဲပေမှာ စိုးရိမ်တတ် နေပြီလား မသိဘူးနော် …

အဲဒီတုန်းကလေ … ဘောကွင်းပေါ် ပက်လက်လှန်ပြီး လှိုင်းစီးလို့ … ကောင်းကင်ကြီးကို မော့ကြည့်ပြီး သီချင်းတွေ အော်ဆိုနေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ပြီး ငါအရမ်းပျော်တာပဲ… ။ လှိုင်းငြိမ်သွားရင်…“ လှိုင်းကြီးကြီး လာပါဗျို့… ” လို့ အော်ပြီး စိန်ခေါ်ကြသေးတယ်… ကြည့်ရင်း အရမ်းအသည်းယားလာလို့ လှိုင်းအကြီးစားလွတ်ပြီး ကျွမ်းထိုးမှောက်ခုံဖြစ်အောင်ကို လုပ်ပစ်လိုက်တာ…

မှောက်သွားတော့လည်း မဖြုံပါဘူး … ရေမွန်းနေတဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်နေလိုက်ကြသေး…

နောက်နှစ်… မိန်းကလေး လာတော့ ဘေးမှာ ကောင်လေးတစ်ယောက်ပါလာတယ်…

အင်း… မိန်းကလေးရဲ့ ဟန်းနီးမွန်းခရီးပေါ့ …. တို့ဆီလာတဲ့ ဟန်းနီမွန်းစုံတွဲအတော်များများက နှစ်ယောက်ထဲ လာတာများတယ်နော်…။ သူတို့ကျမှ အုပ်စုလိုက်ကြီး….

တကယ်ဆို အဲဒီတစ်ခေါက်က မိန်းကလေးရဲ့ ကမ်းခြေလာတဲ့ နှစ်တွေထဲမှာ အပျော်ဆုံးနှစ်ဖြစ်ရမှာ … ဒါပေမယ့် .. မိန်းကလေး မပျော်လိုက်ရရှာဘူး….

ဟား… ဟား… ဘယ်ပျော်ရမလဲကွ … မိန်းကလေးက အချစ်ကို သက်သေပြမှားတာကိုး…

ဟား … ဟား … ပင်လယ်စာမစားတဲ့ မိန်းကလေးကို “…ချစ်ရင် ဂုံးတစ်ကောင် စားပြပါ…” လို့ သူငယ်ချင်းတွေက တောင်းဆိုတော့ သတ္တိရှိရှိနဲ့ ဂုံးအဖတ်လေးတစ်ဖတ်စားပြလိုက်တာ… ဟား…ဟား… တစ်ညလုံး အန်လိုက် … ဗိုက်နာလိုက်နဲ့ နောက်တစ်နေ့ နေ့လည်အထိ အိပ်ရာထဲမှာ ခွေနေရတာလေ…

ကောင်လေးကတော့ ဘော်ဒါတွေနဲ့ အပြင်မှာ ပျော်လို့ပေါ့….

၂၀၀၆ သင်္ကြန်တုန်းကလည်း ကောင်လေး သူငယ်ချင်းတွေနဲ့ အတူရောက်လာသေးတယ်နော်…

အင်း …အခုအတူလာတဲ့ မိတ်ဆွေတွေနဲ့ပဲလေ…။

*****************

ဟေး ပင်လယ်… ကြည့်စမ်း… စောစောစီးစီး မိန်းကလေး တစ်ယောက်ထဲ ကမ်းစပ်ဆင်းလာပါလား… လက်ထဲမှာကင်မရာနဲ့ … ကျွတ်ကျွတ်အိတ်နဲ့….

အော်… ခရုလာကောက်တာကွ … မနေ့ညနေက .. မနက်စောစော ခရုထကောက်ရအောင်နော်လို့ ကောင်လေးကို ပူဆာနေသံကြားတယ်…

ကောင်လေးက မနိုးဘူးထင်တယ် … ကောင်လေးလည်း ဒုက္ခပဲ… စိတ်ကူးယဉ်တတ်တဲ့ … တစ်ခါတစ်ခါကဗျာဆန်ချင်တဲ့ မိန်းကလေးကို လက်ထပ်ထားရတာ … ကဗျာမဆန်ချင်တဲ့ သူ့အတွက် တစ်ခါတစ်ခါတော့ သိပ်စိတ်အနှောက်အယှက်ဖြစ်မှာပဲ…

ဟော…လာပြီ..လာပြီ…ငါ့နားရောက်လာပြီ…စကားပြောတော့မယ်ထင်တယ်…

ပင်လယ်ကြီးရေ … ညတုန်းက အိပ်မရလို့ ထွက်ကြည့်သေးတယ်… သိလား…

မှောင်မည်းပြီး လှိုင်းတွေက တ၀ုန်းဝုန်းနဲ့ ခေါ်နေလို့ ကြောက်လို့ ပြန်ဝင်သွားတာ…

ပင်လယ်ကြီးကတော့ အရင်အတိုင်း ပြာနေတာပဲနော် … ရေကလည်း ကြည်နေတုန်းပဲ … မနေ့က ရေစိမ်ရင်း ခရုငုံ့ရှာသေးတယ် … သိလား…

ပင်လယ်ကြီးထဲမှာ လှိုင်းစီးရတာ မ၀သေးဘူး… ဒါပေမယ့် ပြန်ရတော့မယ်…

သူ့ကို စိတ်ကောက်မလို့… သိလား… ဘာမှန်းလည်းမသိဘူး … ပင်လယ်ကိုလာပြီး မြို့မှာ ရတဲ့ဟာတွေ လာလုပ်နေတယ်…

စဉ်းစားကြည့်လေ… Tennis ရိုက်တာ …. အကြာကြီးအိပ်နေတာ ….swimming pool ထဲရေကူးတာ … အဲ့ဒါတွေက ကမ်းခြေကိုမလာလည်း မြို့မှာ လုပ်လို့ရနေတာပဲလေ…

ပင်လယ်ကြီးထဲမှာ လှိုင်းစီးတာ … ကမ်းစပ်မှာ ဖိနပ်မပါဘဲလမ်းလျှောက်တာ … မနက်စောစော ခရုကောက်ပြီး လတ်ဆတ်တဲ့လေကိုရှူတာ … သောင်ပြင်ပေါ်မှာ လှဲအိပ်တာ … အဲဒါတွေက မြို့မှာ မရနိုင်လို့ ဒီကို လာရတာလေ… ဟုတ်ဘူးလားလို့ …

“ … ရေ ”

“ လာပြီ…”

“ သွားပြီ..ပင်လယ်ကြီးရေ … တာ့တာ…”

ကြည့်ပါလား… အဲဒီမိန်းကလေး စပရင် မျက်နှာ… ခုနကတော့ ပြောနေလိုက်တာ.. စိတ်ကောက်ဦးမလို့တဲ့…

ခေါ်တော့လည်း ပြေးသွားလိုက်တာပြုံးနေတာပဲ…

မိန်းမတွေက ဒီလိုပဲ … သိရခက်တယ် … မာယာများတယ်… ပြောင်းလဲလွယ်တယ် …

ဒါကြောင့် ပင်လယ်နှင့်တူသောမိန်းမများတို့ … မြစ်တို့၏ မာယာတို့ဆိုပြီး ခိုင်းနှိုင်းကြတာနေမှာ…ဟား..ဟား…ကျောက်ဆောင်နှင့်တူသော မိန်းမများဆိုတာမရှိဘူးလေ…

အမယ်… ဂျူး ပြောတာ ဒီသဘောမဟုတ်ပါဘူးကွ… တော်ပြီ.. ဒီကိစ္စ နောက်မှ ဆွေးနွေးမယ်… ။ မိန်းမတွေကို

ကျောက်ဆောင်နဲ့တူသောမိန်းမများ လို့လည်း ပြောလို့ရတယ် … လောကဓံအလှည့်အပြောင်းကို မိန်းမတွေက ယောက်ျားတွေထက် ပိုပြီး ခံနိုင်ရည်ရှိကြတယ်… ကျောက်ဆောင်လိုပဲ ကြံ့ကြံ့ခံရင်ဆိုင်တယ်…ခင်ပွန်းအတွက်… သားသမီးအတွက်ဆိုရင် ဘယ်လောက်ပဲ လှိုင်းတွေကြမ်းပါစေ … မယိုင်လဲအောင် ရှေ့ကနေ မားမားမတ်မတ်ကာဆီးပေးတတ်ကြသေးတယ်…

ဒါဆို ငါတို့ရဲ့ မိန်းကလေးက ဘာနဲ့တူမလဲ …

မင်းနဲ့လည်းတူတယ် … ငါနဲ့လည်းတူတယ် …

မိန်းကလေးရေ နောင်နှစ်မှာလည်း မင်းကို ဆီးကြိုချင်ပါသေးတယ် … မင်းနဲ့တူတဲ့ နောက်ထပ် လူသားလေးတစ်ဦးနဲ့အတူပေါ့…. ခုတော့ပြန်ပေဦးတော့ …

ဟေ့…မင်းပြောတာ ကြားတယ်ထင်တယ်…မိန်းကလေး လှည့်ကြည့်တယ်… သူပြုံးပြသွားတယ်တွေ့လား…

ရှက်ပြုံးလေးကွ …

မဟုတ်ဘူး… အားမရှိတဲ့အပြုံး…

ဟာ….မင်းကလည်း

မင်း…နဲ့…ငါ…အပြုံးကို နားလည်ပုံချင်းမတူပါဘူးကွာ….။ ။


အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၂)

အရူး (၄)…
ကျွန်မက ယောက်ျားကို သိပ်ချစ်တာ… အဲဒါကြောင့် စိတ်မချဘူး…. ကျွန်မက အိမ်ထောင်ရေးမှာ ရာထူးတက်မှာ သိပ်ကြောက်တာ…။ ကျွန်မကို ယောက်ျားက ပြောတယ်…. “သံသယတွေနဲ့  ပြည့်နေတဲ့ မိန်းမ” တဲ့….. “တနေ့ အဲဒီစိတ်နဲ့  မင်းရူးလိမ့်မယ်” တဲ့……။

အချိန်တန်လို့  သူပြန်မရောက် လာသေးဘူးဆိုရင် သူ့ ဖုန်းကို မရမက လိုက်ဆက်တတ်လို့  တခါတရံ ယောက်ျားက ဖုန်းပိတ်ထားတတ်တယ်….. အဲလိုနေ့ မျိုးဆို ရန်ပွဲ….ငိုပွဲပဲ…..။ ခုလဲ ည ၈ နာရီထိုးနေပြီ….. ထမင်းစားစောင့်နေတာ ပြန်မလာသေးဘူး….။ ဖုန်းဆက်မိမှာစိုးလို့  လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် အချိန်တန်တော့ ဒီနံပါတ်တွေကိုပဲ နှိပ်မိသွားပြန်တယ်….. “လူကြီးမင်းခေါ်ဆိုသော…….” ဟင်….ဘယ်ကမိန်းမလဲ…. ယောက်ျားဖုန်းကို ဒီမိန်းမက ဘာလို့ ကိုင်ရတာလဲ…. “ဟိတ်… ညည်းဘယ်သူလဲ…” ဒီအသံ….ကြားဖူးပါတယ်….. အော်…ဒါ ဆက်သွယ်ရေးက သွင်းထားတဲ့ အသံပဲ….. ဟူး….ဖုန်းချလိုက်တယ်…..။

အင်…ဒါနဲ့ နေပါဦး….. “ဧရိယာပြင်ပရောက်ရှိနေပါသဖြင့်……”
လို့ ဖြေသွားတယ် …..။ ဧရိယာပြင်ပဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်….. ဘုရား….ဘုရား….။ သူ့ အတွင်းရေး မှူးမလေးဆီက ဖုန်းလာတိုင်း ….ကျွန်မရဲ့ profession ကိုစွန့် ပြီး အတွင်းရေးမှူးသင်တန်းပဲ ပြေးတက်ရတော့ မလိုလို ……. စာရင်းအင်းတွေပဲ ပြေးသင်ရတော့ မလိုလို…..ကျွန်မ ကယောင်ချောက်ချား ဖြစ်ဖြစ် သွားတတ်ပါတယ်…..။ ကျွန်မ သူ့ အတွင်းရေးမှူးလုပ်မယ်လို့  အရေးဆိုဖူးပါတယ်….သူကဘာပြန်ပြောလဲဆိုတော့ “ မင်းကတော့ စက်ကတ်ကြေးပဲ လုပ်လို့ ရမယ်….” တဲ့…..။

ကျွန်မကို လူတွေက မကြားတကြားပြောကြတယ်….. “ အဲဒီမိန်းမက သူ့ ယောက်ျား ကို ချစ်လွန်းလို့  ရူးနေတာ….. နေရာတကာလိုက်ကြပ်လွန်းလို့  ဘယ်နေ့ ထားခဲ့ခံရမလဲ မသိဘူး…. အဲဒီနေ့ ကတော့ အဲဒီမိန်းမ သွက်သွက်ခါ သွားမယ့်နေ့ ပဲ….” တဲ့…..။ ဟုတ်လား…. ကျွန်မ ရူးနေတာလား….။

အရူး (၅)…
လေးမ…ဆိုတဲ့ မိန်းကလေး blog မှာစာတွေရေးနေတယ်…. မိတ်ဆွေ သူငယ်ချင်းတွေနဲ့  နောက်လို့  ပြောင်လို့ ….. ပျော်လို့ ….ပါးလို့ …..။ အဲဒါကို ကြည့်မရဖြစ်ပြီး မျက်စိစပါးမွှေးစူးနေတဲ့ သူတစ်ယောက်ရှိ နေပါတယ်….။ သူဘယ်သူလဲသိလား…. လေးမ ရဲ့ ကိုယ်စောင့်နတ်ကြီးပေါ့….(အချင်းချင်းကပ်ပြီး မနာလိုဖြစ်နေတာလေ )…။ ဒီနေ့ တော့ သူ…. လေးမကို ပေါ်တင်ချဲပါတယ်…..။
“လေးမ….. နင့်ကိုယ်နင် I’m the Queen ဆိုပြီးတော့ လုပ်ချင်တာတွေ လုပ်နေတယ်ပေါ့….. ဘာတွေလျှောက်ရေးမှန်းမသိဘူး….. ပေါကြောင်ကြောင်နဲ့ ….. ကဗျာတွေလဲပါရဲ့…. ရှက်ဖူးလား…. အတိတ်အတိတ်ဆိုပြီး ပြန်ပြန်ရေးနေတာ တရား လက်လွတ်လှချည်လား….. ဟင်….စိတ်ကို present မှာတည့်တည့်ထားရမယ်လို့  ဘုန်းဘုန်းဟောထားတယ်လေ….. ငါတော့ နင့်ကိုစိတ်ကုန်တယ်…. ဟိုတနေ့ကလဲ … မိန်းမဆိုတာ သနပ်ခါးပန်းနဲ့  တူသတဲ့….. တခါမှ မကြားဖူးဘူး…. မိန်းခလေးတွေကို စပယ်…ခရေ…နှင်းဆီ နဲ့ ပဲ တင်စားလာကြတာ….. နင့်ကျမှ ထူးထူးဆန်းဆန်း….. ။ အဲလိုသာ ပြောကြကြေးဆိုရင်….. ငါသာ ယောက်ျားလေးဆိုရင် မိန်းမတွေဟာ “ဘိန်းပန်း” နဲ့ တူတယ်လို့  ရေးမှာပဲ….. ရေးလေ…. အဲလိုပြန်ရေးစမ်း…. အဲ…ဟုတ်ပေါင်… နင့်ကို စာမရေးအောင် တားနေပါတယ်ဆိုမှ မြှောက်ပေးသလို ဖြစ်သွားပြန်ပြီ…..။ တော်ပြီ……တော်ပြီ…. နင်လုပ်စရာအလုပ်တွေ ပုံနေပြီ….. ဘာမှ လျှောက်ရေးမနေနဲ့ … သိတာ….တတ်တာလဲ ဟုတ်တိပတ်တိ မရှိဘဲနဲ့  အာချောင် မနေနဲ့ ……။ ကဲ…. ငါအခု သခွတ်ပင်မှာ နတ်သဘင် ညီလာခံတက်ရဦးမယ်….. ညီလာခံမှာ ဒီပြသနာကို သိကြားမင်းကို တင်ပြရမယ်……။ နင်အိမ်မှာ အိပ်နေနော်….. နင်နိုးနေရင် ငါစိတ်လေးလွန်းလို့ ….။”

တချိန်လုံး ငြိမ်ခံနေခဲ့တဲ့ လေးမ ဒီတခါတော့ အပီပဲဆိုပြီး ပြန်တွယ်လိုက်တယ်…… “ဟွန်း….ကိုယ်စောင့်နတ်ကလဲ…. တလွဲကြီးပြောနေတယ်…. သိကြားပြည်မှာ ကသစ်ပင် ပဲရှိတဲ့ဟာကို….. သခွတ်ပင်က အသူရာ ပြည်မှာ ပေါက်တာကြီးကို…..”

“ ဟဲ့…. နေရာပြောင်းထားတာ…. နေရာပြောင်းထားတာ…. မသိရင်မပြောနဲ့ …. တခွန်းမှကို ၀င်မပြောနဲ့ ….တော်ပြီ….နောက်ကျနေပြီ…. ငြိမ်ငြိမ်နေ….ကြားလား….”
“ဟုတ်ကဲ့…..ကြားပါတယ်…..”

နောက်ပစ်ထားတဲ့ လက်လေးနှစ်ဖက်ကို အသာလေးခါပြီး ဦးညွှတ်လို့  အရိုအသေပေးလိုက်ပါတယ်…..ခေါင်းမငုံ့ လို့ မရဘူးလေ….. ကိုယ်စောင့်နတ်လဲ အရူးပဲလို့  နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်တာ သူတွေ့ လို့ မဖြစ်ဘူးလေ…. (ပြန်မပြောကြေးနော်)……။
ကဲ….လေးမ နဲ့  ကိုယ်စောင့်နတ်….. ဘယ်သူ ရူးသလဲ….. နှစ်ယောက်လုံးပဲ ထင်တယ်နော်…..။ ။

မြတ်စွာဘုရားကဟောကြားခဲ့တယ်….
“ ပုထုဇဉ်တိုင်းဟာ တစ်မျိုးမဟုတ်တစ်မျိုး ရူးကြတာချည်းပဲ” တဲ့…။
(ဦးကြီးပုထုဇဉ်ကို လေးမ ရန်စတာ မဟုတ်ရပါဘူးရှင်)

P.s.ပုံစံအမျိုးမျိုးနဲ့  ရူးနေကြတဲ့ အရူးတွေ အများကြီးရှိတဲ့အနက် ဒီအရူး ၅ မျိုးကို လေးမ စိတ်ကြိုက် စကာတင် ရွေးချယ်ထားတာဖြစ်ပါတယ်…..။

အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁)

fool

အရူး (၁)…
မျက်နှာမှာသနပ်ခါး ပါးကွက်ကြီးကြီးကွက်ထားတယ်….ရဲရဲနီနေတဲ့ နှုတ်ခမ်းက တတွတ်တွတ်ရွတ်လို့ … .မကျေနပ်တာတွေလဲပါတယ်…. ကျိန်ဆဲနေတာလဲကြားရတယ်…. သီချင်းတွေလဲ ဆိုနေတယ်….။ စိုက်ကြည့်သွားတဲ့ သူတွေကို မျက်စောင်းထိုးလိုက်တယ်….။

အလိုတော်….ဟိုကောင်မလေးတွေများ…. အကျီအကောင်းကို တမင်အပေါက် ဖောက်ဝတ်တော့ ကြည့်ကောင်းနေကြတယ်….ကျုပ်မှာ ဒီတစ်ထည်တည်းရှိလို့  ပြဲစုတ်နေတာကြတော့ နှာခေါင်းရှုံ့  သွားကြတယ် ….. အံ့ရော…. အံ့ရော…..။ ဘာလဲ…..ဟား….ဟား…. မနာလို ဖြစ်နေကြလား….ကျုပ်လို စိတ်ရှိတိုင်း ပြောခွင့်မရှိလို့  လေ……ကျုပ်ကို အရူးတဲ့….ဟား….ဟား…..အရူးဆိုတာ နာမည်သာဆိုးတာ နင်တို့ လို…………။ ကျုပ်လွယ်အိတ်ထဲမှာ အစုံပါတယ်….ကျူပ်စိတ်နဲ့ 
တွေ့ တာလေးတွေဆို ကောက်ထည့်ထားလိုက်တာဘဲ….. စာရေးဆရာဆိုတဲ့လူကြီးတွေက ကျုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့  “အရူးလွယ်အိတ်” ဆိုလားဘာလား….ပြောသံကြားမိသေးတယ်…..။ ကျုပ်က စိတ်ပျော်ရင် ပါးစပ်ဆိုင်းတီးပြီး ကွေးနေအောင် ကလိုက်တာပဲ….. DJ မလိုဘူး …. KTV ဆိုင်သွားဖို့ မလိုဘူး….Club မှာ member ၀င်ဖို့ မလိုဘူး…..။ လောကကြီးမှာ ပိုက်ဆံဆိုတာကို လုံးဝ ဂရုမစိုက်တာ ကျုပ်ပဲ…..။ ကျုပ်အတွက် ငွေဆိုတာ ဘာမှတန်ဖိုးမရှိဘူး…..။ ဟော…. စားသောက်ဆိုင်က ကောင်လေး ကျုပ်ကို ထမင်းကျန် ဟင်းကျန်လေးတွေ လာပေးပြီ….( ဒါတောင် တချို့ ဆိုင်တွေက ၀က်စာပြန်ရောင်းရတာ ပိုက်ဆံရလို့  ကျုပ်ကိုမကျွေးနိုင်ဘူးတဲ့….. ကျူပ်ကို မောင်းထုတ်ကြသေးတယ် ) ။ ရော့…ခွေးပိန်မ….စား….မင်းတ၀က်….ကျုပ်တ၀က်…..အညီအမျှဘဲနော်….လာမလုနဲ့ …. ကျုပ်က လူကောင်းတချို့ ထက် စိတ်ကောင်းရှိပါတယ်….အင်း….ဒါကြောင့် ကျုပ်ကို ဦးနှောက်မကောင်းတဲ့အရူးလို့  ခေါ်ကြတာဖြစ်မယ်……။

အရူး (၂)…
ဘောလုံးတစ်လုံးကို လူ ၂၀ က၀ိုင်းလုပြီး ၂ ယောက်က အပေါက်က စောင့်နေကြတယ်…. အဲဒါကို အဖေနဲ့  အဖေ့သူငယ်ချင်းတွေက TV ကထိုင်ကြည့်ုပြီး အော်ဟစ်နေကြတယ်….. ဟိုကကြားရတာလဲ မဟုတ်ဘဲနဲ့ …. အသံစုံ ထွက်အောင် အော်နေကြတယ်…..။ ပြီးတော့ အနိုင်အရှုံးတွေတွက်နေကြတယ်…..။ ပြီးတော့….ပြောသေးတယ်…. “လောင်းထားမှ ကြည့်ရတာ အရသာရှိတာတဲ့…..” “ လောင်းထားလိုကြည့်ရတာ” ဆိုတဲ့လူလဲပါသေး…။ ကမ္ဘာ့ဖလားပွဲမှာ တချက်မှ ၀င်မကန်လိုက်ရဘဲ ဒဏ်ရာရသွားတဲ့ လူတွေလဲရှိသေးဆိုဘဲ….။ အမေကတော့ “ငါ့ကို လောင်းကြေးမထပ်တာ နင့်အဖေကိုကျေးဇူးတင်” တဲ့….။ ပွဲတွေကလဲ ညတိုင်းလိုလို ရှိတယ်…. ကန်တဲ့သူတွေသာပြောင်းသွားတယ်….. လောင်းတဲ့လူတွေက မပြောင်းသွားဘူး….။ ကြည့်ပါဦးဗျာ…. နှုတ်ခမ်းမှာ သွေးတွေထွက်လို့ …. ကစားသမားတွေ ဒဏ်ရာတွေရကုန်ပြီ…. မနေနိုင်တဲ့ ညီလေးက ၀င်ပြောတယ်…. “ အဖေရယ်….သူရို့  ကို ဘောရုံး တစ်ယောက်တစ်လုံးစီပေးလိုက်ပါဂျာ…… သူရို့ လုနေရတာ တနားပါတယ်….”ဟုတ်တယ်…. ကျွန်တော်လဲ သနားတယ်….. ဘောလုံးကစားသမားတွေကိုရော…. ဘောလုံးပွဲကို ကစားနေကြတဲ့ လူတွေကိုရောပေါ့…..။

အရူး (၃)…
ဂေါက်သီးတလုံးကို တုတ်တချောင်းနဲ့  ကျင်းပေါက်ထဲကို မ၀င်ဝင်အောင် ရိုက်သွင်းနေကြတယ်…..။ တုတ်ကလဲ နံပါတ်အမျိုးမျိုးပါလား……ဒီကစားနည်းကြောင့် ဗိသုကာတွေခမျာ တော်တော်ဦးနှောက်စားကြရတယ်….။ ညီနေပြီးသားမြေကြီးကို ကုန်းတွေဖြစ်အောင် လုပ်ရတယ်…. ချိုင့်တွေလုပ်ရတယ်….. ရေကန်တွေတူးပေးရတယ်…. shape အမျိုးမျိုးရှိတဲ့ သဲကျင်းတွေတူးပေးရတယ်….. သဲကျင်းတောင် ရိုးရိုးနဲ့ ရှယ် (deep) ဆိုပြီး ခွဲပြီး ထည့်ပေးရတယ်….. မြက်စိုက်တဲ့ လူတွေလဲ မသက်သာဘူး…..Green , fair-way , rough ဆိုပြီး သူ့ နေရာနဲ့ သူ ကွဲပြားအောင်စိုက်ပေးရတယ်…..။ လူဆိုတဲ့ လူတွေက လွယ်နေတာကို တော်တော်ခက်အောင် လုပ်တတ်ကြတာပဲ……။ ဂေါက်ရိုက်တဲ့ လူတွေကလဲ ဒီကစားနည်းကို တော်တော်လက်တွေ့ ကြတယ်……။ အိမ်က မိန်းမက တခုခုမှာလိုက်တာကိုသာ မေ့မယ်….။ ဘယ်ကျင်းမှာ ဘယ်သူက ဘယ်နှစ်ပတ် ပတ်လိုက်တာ…… ဘယ်နှစ်ချက် ရိုက်လိုက်တာ….. ဆိုတာတော့ ဘယ်အချိန်ကောက်မေးမေး အလွတ်ရတယ်……။ ရိုက်ရုံဘဲလားဆိုတော့ မဟုတ်ဘူး….. လောင်းကြေးလေးက ပါသေး…..။ ဒီလိုနဲ့ ဘဲ ဂေါက်သီးလုံးတစ် လုံးကို ကျင်းပေါက်ထဲ မ၀င်ဝင်အောင် ကြိုးစားရင်း …. မိုးလင်းကနေ မိုးချုပ်သွားကြတယ်…..။

P.s.အရူး (၄)…နှင့် (၅) ကို ယနေ့ (သို့ ) မနက်ဖြန်ဆက်ပါမည်….။

သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”

ကျွန်မ နာမည် ….. သနပ်ခါးပန်း” လို့ ခေါ်ပါတယ်…..။ကျွန်မရဲ့ အသားက ….. ၀ါဝါ၀င်းဝင်းလေးပါ…..။

ကျွန်မ…..အစိမ်းရောင် အသိုက်အမြုံမှာနေပါတယ်….. ။

အစိမ်းရောင် နန်းတော်ရဲ့ လေသာပြတင်းကနေ အ၀ါရောင် မင်းသမီးလေး ကျွန်မ…. မျက်နှာပြလိုက်တဲ့ အခါ….. တလောကလုံးကလူတွေ ငေးမောကြည့်ကြပါတယ်….။ ကျွန်မကို မြင်ရတဲ့ အခါ သူတို့  ကြည်နူးသွားတတ်ပါတယ်……။ ဒါပေမယ့် ကျွန်မက မလှပါဘူး….. တပွင့်တည်းဆိုရင် ကျွန်မက အကျည်းတန်ပါတယ်…… မနှင်းဆီတို့ …..မသစ်ခွ တို့ လို မတင့်တယ်ပါဘူး……။ ကျွန်မရဲ့ ညီမတွေနဲ့  ၀န်း ရံထားလို့ သာ ကျွန်မမှာ အလှရှိတာပါ…..။

မင်းသမီးလေးလို့  ကိုယ့်ကိုယ်ကို တင်စားထားပေမယ့် ကျွန်မက တော်ဝင်ပန်း မဟုတ်ပါဘူး…..(ပန်းတိုင်းဟာ ကိုယ့်ကိုယ်ကို မင်းသမီး လို့ စိတ်ကူးယဉ် မိတာ ပြစ်မှု မမြောက်လောက်ဘူး ထင်ပါရဲ့……) ကြီးကျယ်ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ ကျွန်မ နေရာ မရပါဘူး…..။ ဒါပေမယ့် ကျွန်မလဲ ပန်းပါဘဲ…..။ ပန်းဆိုတော့ ခြွေသူ…. ပန်သူ… ရှိတာပေါ့လေ….။

ကျွန်မ အနားကဖြတ်သွားတဲ့ လူတိုင်းက မျက်လုံးမှိတ်ပြီး ခပ်လှမ်းလှမ်းကနေ တအားမွှေးကြူသွားကြတယ်….။ ကျွန်မရဲ့ ရနံ့ က မွှေးလှသည်လေ….။ ချစ်စဖွယ်ရနံ့ သင်းသင်းလေးကို ပိုင်ဆိုင်ခွင့်ရတာကိုက ကျွန်မအတွက် ဘုရားပေးတဲ့ “ဆု” ပါ….။ အထူးသဖြင့် မြန်မာလူမျိုးတွေ စွဲမက်တဲ့ အနံ့ ….. နှစ်သက်တဲ့ အနံ့ ဖြစ်နေတာ ကျွန်မအတွက် ကံကောင်းခြင်းပါ……။

ကျွန်မ တော်ဝင်ပန်းမဖြစ်တာ ၀မ်းမနည်းပါဘူး…. အကျည်းတန်တာကိုလဲ မသိမ်ငယ်ပါဘူး….. အဖော်တွေရှိမှ တင့်တယ်ရတာကိုလဲ အားမငယ်ပါဘူး…..။ ကျွန်မ ကြေကွဲ ရတဲ့ အကြောင်းရင်းက တစ်ခုတည်း……တစ်ခုတည်းပါပဲ…..။ အဲဒီတခုက ကျွန်မကိုတော်တော်ဝမ်းနည်းစေတယ်…..။ အဲဒီတစ်ခုကြောင့် ကျွန်မ အသည်းတွေ နာလှတယ်……။ အဲဒါက………………………………………………………………

ရှင်တို့ ကြားဖူးမှာပါ…. သနပ်ခါးပန်းက ပန်သူမမွှေးဘူး….. လက်တကမ်းကလူ မွှေးတယ် ” ဆိုတာလေ…..။ ကျွန်မကို ချစ်လှချည်ရဲ့…. မြတ်နိုးလှချည်ရဲ့ ဆိုပြီး ပန်ဆင်ထားတဲ့သူက ကျွန်မရဲ့မွှေးရနံ့ ကိုမရဘူး…. ကျွန်မရဲ့ တန်ဖိုးကို မသိရှာဘူး…..။ သိပေမယ့် ဒါဟာတန်ဖိုးလို့  မယူဆတာလဲ ဖြစ်နိုင်ပါတယ်…..။ အဝေးကလူ…. နံဘေးကလူ…. လက်တကမ်းကလူတွေကတော့ ကျွန်မက ရနံ့ မွှေးတဲ့ ပန်းကလေးတဲ့…….။ ဘာပဲဖြစ်ဖြစ်ပါလေ…. ကျွန်မက ပန်းပဲ…. အမြတ်တနိုးနဲ့  ပန်ဆင်ခံရတာကိုက ကျေနပ်စရာပါ…..။ တန်ဖိုး ဘယ်လောက်သတ်မှတ်လဲ….. ဘယ်လိုသတ်မှတ်လဲ ဆိုတာ အရေးမကြီးပါဘူး….. ကျွန်မက ရောင်းကုန်ပစ္စည်းတစ်ခုမှမဟုတ်ဘဲ…….။ ကျွန်မက “သနပ်ခါးပန်း” လေ…..။ ။

နောက်ဆက်တွဲ ။ ။ မိန်းမတွေဟာ သနပ်ခါးပန်းနဲ့ တူပါတယ်….။ ဂုဏ်သိက္ခာ….၊ ကိုယ်ကျင့်တရား…. ဆိုတဲ့ အဖော်တွေ ၀န်းရံထားမှတင့်တယ်ပါတယ်……။ ပိုင်ဆိုင်သူက တန်ဖိုးမသိဘဲ…. ဘေးလူ နှစ်သက်တဲ့ တန်ဖိုးတွေလဲ ရှိနေတတ်ပါတယ်….။

ဝန်ခံချက် ။ ။ လပြည့်နေ့ က “လေးမ” စိုက်ထားတဲ့ သနပ်ခါးပင်က ပန်းတွေပွင့်တော့ ဓါတ်ပုံရိုက်ထားမိပြီး သူ့ အကြောင်းရေးမယ်လို့  စိတ်ကူးထားခဲ့တယ်…..။ အပျင်းထူနေတာနဲ့  မရေးဖြစ်ခဲ့ဘူး….။ ဒီနေ့  မအိမ့်ချမ်းမြေ့ရဲ့ “တန်ဖိုး” ဆိုတဲ့ post လေးကိုဖတ်ပြီး comment မှာ အာချောင်ခဲ့မိလို့  လေးမရဲ့ လက်ချောင်းတွေ keyboard ပေါ်မှာ အသက်ဝင်လာပြီး ဒီ postကိုရေးဖြစ်ပါတယ်…..။

မိုးတွေရွာရင်….

ဒီနေ့  မနက် အလုပ်သွားတော့ မိုးဖွဲလေးတွေ ကျနေတယ်……“မိုးရေထဲမှာ..” ဆိုပြီး post ရေးဦးမယ်လို့  စဉ်းစားထားတာ…..ပြန်ရောက်လို့  Blog ကို ကြည့်လိုက်တော့ ပုဂံသားက Tag ထားတယ်….ကျေးဇူးပါပဲ မောင်လေး ပုဂံသားရေ….ခုရေးနေတုန်းလည်း မိုးတွေ တ၀ုန်းဝုန်း ရွာနေတယ်……

“ မိုးရွာရင် မိုးရေချိုးမယ်…..”
လေးနှစ်သမီး တုန်းက မိုးရွာရင် ….“ဖေဖေ” နဲ့  “လေးမ” မိတ်ပျောက်ရန်လို့  အကြောင်းပြပြီး မိုးရေ ထွက်ချိုးကြတယ်……သားအဖ နှစ်ယောက် မိုးရေထဲမှာ သီချင်းတွေ ဆိုကြတယ် …. မေမေ က လူမလာရင် “ဒုတ်” လာမယ်လို့ ထွက်အော်မှ အိမ်ပေါ်တက်ကြတာ…..။

“ မိုးကလေးစိုစို….ကလေးဘ၀ တေးကလေးကို….နှစ်ယောက်သား တို့ အော်ဟစ်ခဲ့တာ အပျော်ဆုံး ဘ၀တွေပါ…..”
သူငယ်တန်း ကျောင်းသူကြီး “ လေးမ” ရဲ့ မိုးရာသီကိုတော့ အိမ်နီးနားချင်း ကျောင်းသွားဖော် သူငယ်ချင်းနဲ့ အတူ ကဲခဲ့ကြတယ်…..ကျောင်းနံဘေးကမြောင်းထဲမှာ ဖိနပ်မျှောတယ်…. ရေစီးနဲ့  မျောပါသွားတဲ့ ဖိနပ်နောက်ကို ပြေးလိုက်….ဘယ်သူ့ ဖိနပ်က ရှေ့ရောက်လဲ ဆိုပြီးပြိုင်ကြရတာ…..အစက စက္ကူလှေ မျှောကြတာ….လှေက မိုးစက်တွေအောက် မှာ နစ်သွားတတ်လို့  မိုးတွင်းစီး ရာဘာဖိနပ်ကို လှေလုပ်ရတာ…..ဆော့လို့ အားရတော့ ခေါက်မုန့်  သည်ရဲ့ တဲလေးထဲမှာ အိမ်က အပိုထည့် ပေးလိုက်တဲ့ ၀တ်စုံကို လဲပြီး အိမ်ပြန်ကြတယ်…..။

“ မိုးကလေးညို လာရင်…..လွမ်းမျက်ရည်လေးလယ်……”
အလယ်တန်းရောက်တော့ မိုးရွာရင်…. ကျောင်းပြောင်းသွားတဲ့ သူငယ်ချင်းကို သတိရတယ်….( လေးမ တို့ ကျောင်းက မူလတန်းအထိဘဲ ယောက်ျားလေးလက်ခံတယ် )….မိုးရွာရင် မိုးစက်တွေ ထိုင်ကြည့် ရင်း တောင်တွေး မြောက်တွေး တွေးတတ်လာတယ်…..။ မိုးစက်လေးတွေက မြေကြီးပေါ် ရိုက်မိတဲ့ အခါ မင်းသမီးလေးတွေ ဂါဝန်ကားကားလေးနဲ့  ကနေသလိုဘဲ…..။ ဗွက်အိုင်ထဲကို မိုးစက်လေးတွေကျတဲ့ အခါ ပေါ်လာတဲ့ ရေ၀ဲလေးတွေက မင်းသမီးလေးတွေကို အကြို ထောက်တဲ့ ရေယဉ်လေးတွေလို့  စိတ်ကူးယဉ်မိပြန်ရော……။

အထက်တန်းရောက်တော့ မိုးရွာရင် စောင်ခြုံပြီးကွေးတယ်…..၀တ္ထု ဖတ်တယ်…..မှတ်မှတ်ရရ “ သူငယ်ချင်းလို့ ဘဲ ဆက်၍ခေါ်မည်ခိုင် ” ကိုဖတ်တဲ့နေ့ က မိုးရွာနေတယ်….. ဇာတ်လမ်းကလည်း “ခိုင်” ပျောက်သွားတဲ့ မိုးတွေရွာတဲ့ ညနဲ့  စထားတော့ ဖတ်ရတာ အရသာရှိမှရှိ……။ ဆရာမ မစန္ဒာရဲ့ “ဂျီဟောသူ” မှာ “ရန်ကုန်သူ နဲရန်ကုန်မိုး…အစိုး မရဘူး ” လို့ ရေးထားတော့ မကျေနပ်ဘူး…..။ ဒါပေမယ့် ဒီစကားမှန်ပါတယ်……မန္တလေးမိုးက ရွာမယ်ဆိုရင် ကြိုပြောတယ်….။ မန္တလေးမှာ မိုးရွာရင် class လစ်တယ်…..reason ကတော့ စက်ဘီး၊ ဆိုင်ကယ် စီးရခက် လို့ …..။ တက္ကသိုလ် ကျောင်းသူဘ၀မှာ သူများတွေအတွက်တော့ မိုးစက်တွေက ကဗျာတပုဒ်ဖြစ်ချင် ဖြစ်ခဲ့မယ်….“လေးမ” အတွက်တော့ ဇာတ်လမ်းမရှိ…….။

“ မိုးခြိမ်းသံတွေ ….ကြားလိုက်ရတိုင်း….အတိုင်းမသိ ၀မ်းမြောက်တယ်…….”
တော်တော်များများက မိုးခြိမ်းရင်ကြောက်တယ်…..လေးမ ကပျော်တယ်…..လက်စီးပြက်ရင် သိပ်သဘောကျတာဘဲ……။ မိုးသီးတွေကိုလည်း သဘောကျတယ်….တောင်ကြီးသွားတုန်းက ဟဲဟိုးလေဆိပ်ကနေ မြို့ ထဲကို အသွားမှာ မိုးသီးတွေ ကြွေလို့  ဆင်းကောက်သေးတယ်……။
မိုးသီချင်းတွေ…မိုးကဗျာတွေ…..မိုးဇာတ်လမ်းတွေ ဖွဲ့ ဆိုကြပေမယ့် လူတွေကမိုးကို သိပ်မချစ်ကြပါဘူး…..။ အတ္တသမားတွေကိုး………။ “လေးမ” လည်းတူတူပါဘဲ….အပြင်သွားတဲ့ချိန်….အလုပ်သွားတဲ့ချိန်….အ၀တ်လှန်းတဲ့ချိန်….မိုးရွာရင် သိပ်စိတ်ဆိုးတယ်……။ ရေတွေကြီးလို့  ကားလမ်းတွေ ပိတ်ရင်ပိုဆိုးသေး……။ အိပ်တဲ့ အချိန်မိုးရွာရင်တော့ သဘောကျသလားမမေးနဲ့ …….။
ရေးနေတုန်း မိုးတိတ်သွားပြန်ပြီ…..။ ရန်ကုန်မိုးနဲ့  ရန်ကုန် connection အစိုးမရဘူး ”.….။ Post ကိုမြန်မြန် အဆုံးသတ်မှ……။ ခုနေများ မိုးတွေရွာရင်…………???? မိုးပက်တဲ့ ပြတင်းပေါက်တွေ လိုက်ပိတ်ရမယ်…..။ ။