A Story in MTU ( 3 )

ဒိုင်ယာရီ စာမျက်နှာ ( ၁၂ ) ။ ။ မိန်းကလေးဆောင်က အစ်ကိုကြီး …

 

တရံရောအခါက မန်းချယ်ရီဆောင်မှာလေ ….

ည ၈ နာရီလောက် သူငယ်ချင်းတစ်ယောက်က တိုးတိုးလေး လာပြောတယ် … ။ တဖျတ်ဖျတ်တောက်သွားတဲ့ မျက်လုံးတစ်စုံ နဲ့  ချက်ချင်းပဲ ထလိုက်သွားလိုက်တယ်… ။ အခန်း နံပါတ် ( ရ…) ရှေ့ အရောက်မှာ တတောက်တောက်ခေါက်လိုက်တယ် … ။ ဆံပင်ကုတ်ဝဲလေးနဲ့  ကောင်မလေးတစ်ယောက်ရဲ့ မျက်နှာပေါ်လာတဲ့အခါ … “ ငါလည်း မေးချင်လို့ ..” … ။

အခန်းရှင်က ခေါင်းတချက် ဆတ်အပြမှာ ဆွေ့ ကနဲ အခန်းထဲကိုရောက် … ၀ရန်တာက အုပ်စုထဲမှာပူးပေါင်းလိုက်ပါတယ် … ။ “ ကြာပြီလား…” လို့ ဘေးကတစ်ယောက်ကို မေးလိုက်တော့.. “ခုမှစတာ…” တဲ့ …။ သူတို့ အားလုံး မှန်တချပ်ကို အာရုံ စိုက်နေကြတယ် …။ မှန်ပေါ်မှာ A to Z နဲ့  1 to 10 ရေးထားတယ်… ၀ိုင်းထိပ်မှာ ထိုင်နေတဲ့ ကောင်မလေးဆီက အသံထွက်လာတယ်… ။

“ ရောက်ပြီလား…” လက်ညှိုးသုံးချောင်းတင်ထားတဲ့ ကျားပရုပ်ဆီဘူး အနီဝိုင်းလေးက ‘Y’ ဆိုတဲ့ နေရာလေးကိုရွေ့သွားတယ် … ။

“ခုရောက်နေတဲ့သူက ယောက်ျားလား…မိန်းမလား…” M ‘ …

“အစ်ကိုကြီးပေါ့… ညီမလေးတို့ မေးတာတွေ သေချာဖြေပေးမှာလား… ‘ Y ‘

ကဲ…မေးကြပြီ… ။ “ … စာမေးပွဲအောင်မှာလား…” “ ဂုဏ်ထူး ဘယ်နှစ်ခုပါမှာလဲ ….” …။

ရိုးရိုးသားသားမေးခွန်းတွေကုန်တော့ ( မိန်းကလေးတို့ ထုံးစံ အတိုင်း) ဆန်းဆန်းပြားပြား မေးခွန်းတွေ ဆက်ပါလေရော … ။ “ အစ်ကိုကြီး…အခု ….. ကို ကြိုက်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…” “ ဒီဝိုင်းထဲမှာ ဘယ်သူအရင် စွံမှာလဲ … ” “ ….ရဲ့ ဖူးစာရှင်က ဘာလုပ်လဲ …” …အဲသလို..အဲသလိုတွေပေါ့နော်…။

ကိုယ့်အလှည့်ပြီးတော့ သူ့ အလှည့် …။

“အစ်ကိုကြီးက ဘယ်တုန်းက သေတာလဲ …” ….19…

“ ဘာလို့သေတာလဲ …” ……

“နာမည် ဘယ်လိုခေါ်လဲ ” ‘ Thura ‘

“ အစ်ကိုကြီးက ဘယ်နားမှာနေတာလဲ ” at your hostel

“ ဟင် … ဘာလို့ မိန်းကလေးဆောင်မှာနေတာလဲ …” want to protect my sisters…

အဆောင်ရဲ့ဘယ်နားမှာနေတာလဲ ” the tree over there , at the corner

“ အဲဒီသစ်ပင်မှာ ဘယ်နှစ်ယောက် နေတာလဲ ဟင်…” “ 11 ” … ဘုရား… ကြက်သီးကဖြန်းကနဲ … ရင်ထဲမှာလှပ်ခနဲ ဖြစ်သွားတယ် … ဘုရား…ဘုရား အဲဒီသစ်ပင်က ငါ့ အခန်းနဲ့  တန်းနေတာပဲ…ဒါကြောင့် လေတိုက်ရင် အရမ်းလှုပ်တာ …။

“ အစ်ကိုကြီးမှာ ရည်းစားရှိလား … ” Y

“ ချောလား…” Y , can you help me ?

“ ဘာကူညီရမှာလဲ …” pls, call her … here’s her phone no. ——- အားလုံး ကြက်သေသေသွားတယ်…။

“ အစ်ကိုကြီးရယ် တခြားဟာ ခိုင်းနော်…။” No, you must… you asked me many questions …. so do it for me …. “

“သေလိုက်ပါတော့…ပြသနာတော့စပြီ…ဘယ်လိုလုပ်ကြမလဲ…” “ ရတယ်…သူ့ ကို ပြန်ခိုင်းလိုက်တော့မယ် …. ”

သရဲကို ဘယ်လိုပြန်ထုတ်မှာပါလိမ့်…ခေါ်တုန်းကတော့မမီဘူး… သေချာမှတ်ထားမှ…. ၀ိုင်းထိပ်က ကောင်မလေးက မျက်နှာထားတည်တည် နဲ့ ခပ်တည်တည် ရွတ်လိုက်တယ်….

“ YOU MAY GO…”

ဒါပဲ…။ သရဲနှင် ဂ်ါထာကလည်း လွယ်လိုက်တာ…။

“ရှိသေးလား..” Y ….

အားလုံး မျက်နှာငယ်လေးတွေနဲ့  ဖြစ်သွားတယ်….။ ၃ခါလောက် ပြန် ခိုင်းလဲ မရဘူး… နောက်ဆုံးဖုန်းဆက်ပေးပါမယ်လို့  ကတိပေးမှပဲ ထွက်သွားရော … ။ နောက်တနေ့  ဖုန်းဆက်တော့ သူပြောတဲ့ နာမည်လည်းမရှိဘူး…. ။ နောက်တနေ့ … “ဟဲ့ …ညက ငါ အိပ်မက် မက်တယ်… ဟိုအစ်ကိုကြီးက အမျှလိုချင်တယ်….” တဲ့ …။ ဟုတ်မဟုတ်တော့ မသိ … သင်္ကန်းလေးတစ်ထည် ဘုန်းကြီးကျောင်းသွားလှူပြီး အမျှဝေပေးကြရတယ်…. ။

အစ်ကိုကြီး ကတော့ ကျွတ်လား မကျွတ်လားမသိ…. အဆောင်သူလေးတချို့ က တော့ လပြည့်…လကွယ်… လေတိုက်လို့  လှုပ်နေတဲ့ သစ်ပင်ကြီးကို မြင်ရင် … အစ်ကိုကြီးကို သတိရပြီး ကြက်သီးထတတ်တယ်…။ ခွေးတွေ ပျင်းလို့  အူရင်လည်း… အစ်ကိုကြီး နဲ့  ဘော်ဒါတွေကို မြင်လို့  အူတာ လားလို့  တွေးကြောက်တတ်တယ် ….။ တခါတလေ လကွယ်ညတွေများ ခွေးတစ်အုပ် သစ်ပင်ကြီး ကို ကြည့်ပြီးအူလိုက်လို့ ကတော့ စောင်ခေါင်းမြီးခြုံ ပြီး အိပ် …. ခြေထောက်တောင် မဆန့် ရဲလို့  ကွေးကွေးလေး အိပ်ရတယ် … ။ လေးမ နဲ့  မိ ကတော့ နောက်နောင် ဘယ်တော့မှ Glass spirit မမေးတော့ဘူး… ။ ဖျာလိပ်နတ်ကတော့ အမှတ်မရှိဘူး…ကြုံရင်ကြုံသလို ၀င် မေးလိုက် သေးတယ်….။ ။

ဒိုင်ယာရီ စာမျက်နှာ ( ၁၃ ) ။ ။ အစားအသောက် …

မုန့်တီသည်ရဲ့ မုန့် တီသုတ်

သူမ နာမည်ကို လေးမ မသိပါ …။ သူ့ ကို မုန့်တီသည် လို့ ပဲ ခေါ်ကြပါသည် …။ သူ …. မုန့် တီကို ဘယ်လိုရောင်းသလဲ လေးမ မမှတ်မိတော့ပါ ( ဟောဒီက မုန့်တီလို့ ပဲ ရောင်းသလား… မုန့်တီ ရမယ်လို့  အော်သလား… ဘာမှမအော်တာလား… မမှတ်မိတော့ ) …။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ဆိုရင် သနပ်ခါး အဖွေးသားလိမ်းပြီး အဆောင်ရှေ့ မှာ သူရောက်နေတတ်ပြီး အဆောင်သူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်… ။

“ မုန့် တီသည် … မုန့်တီ စပ်စပ်လေးတစ်ပွဲ ”

“ကျွန်တော့်ကို ငရုတ်သီး လုံးဝ မထည့်နဲ့ …”

“ မုန့်တီသည် … ခင်ဗျား မုန့် တီကြီးက ဘာလိုနေမှန်းမသိဘူး… စားမကောင်းဘူးဗျာ… ပြင်ပေး…”

“ ဟုတ်လား… လာခဲ့ … အချိုမုန့်  တစ်ပေါက် နှစ်ပေါက် … ပေါက်လိုက်မယ်…”

အဟုတ်ပဲ … ပုလင်းထဲက အချိုမှုန့်  အတောင့်လိုက်ကြီးတွေ ကျလာပြီးရင် မုန့် တီက ကောင်းသွားပြန်ရော…။

လူရှင်းတဲ့ အခါမျိုးမှာတော့….

“ ဒီမှာ မုန့် တီသည် … ကျွန်တော်တို့  ကျောင်းသူတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ… ကျွန်တော်တို့  ကျန်းမာရေးဟာ မုန့် တီသည် အပေါ် အများကြီး မူတည်နေတယ်…”

“အဲဒီတော့ …”

“ ခင်ဗျား မုန့် တီထဲ အချို မှုန့်  မထည့်နဲ့  ဗျာ…”

“ ဘာဖြစ်လို့ တုန်း ကိုယ့်လူ ရဲ့…”

“ အချိုမှုန့် က ကင်ဆာဖြစ်စေတယ်ဗျ… ကင်ဆာဆိုတာ မြန်မြန် သေတဲ့ ရောဂါ ဆိုးဗျ”

“ အချိုမှုန့်  မသုံးရင် ဘာသုံးရမတုန်း…”

“ဒါတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ … ကျွန်တော်မှ ဟင်းမချက်တတ်ဘဲ… ဘယ်သိမတုန်း”

သို့ ပေမယ့်လဲ…. ကျောင်းပြီးတဲ့အထိတော့ အချိုမှုန့်  နဲ့  နယ်ထားတဲ့ မုန့် တီသုတ်ကို တစ်ရှိုက်မက်မက် ၀ါးမျိုခဲ့ပါတယ် …။

“ မုန့် တီသည်… အကြွေးမှတ်ထားလိုက်နော်… နောက်မှပေးမယ်… ။ ခင်ဗျား … အတင်းတော့ မအုပ်နဲ့ နော်…”

“ အမယ်လေး… ကိုယ့်လူရယ်… ကျုပ်က အတင်းမအုပ်တတ်ပါဘူး… ဟိုကောင်မလေးဆို… ကျုပ်ကို မုန့်တီကြွေး ပေးရမှာ ၃၀၀၀ တောင်ရှိပြီ… ကျုပ်က မပြောပါဘူး… ။”

စာမေးပွဲ နီးတဲ့အခါ…..

“ မုန့် တီသည် .. ကျွန်တော်တို့  စာမေးပွဲတွင်း စားဖို့  ဟင်းကြော် လုပ်ပေးဦး… အစပ်လျှော့နော်…”

“ အေး.. နက်ဖြန်ညနေလာပို့  လှည့်မယ်…”

“ ခင်ဗျားသား… နေအောင်ကို ပို့ ခိုင်းလိုက်လေ…”

“အဟဲ… အဟုတ်ပြောတာဗျ… မုန့်တီသည်… ခင်ဗျားသားက ချောတယ်… ခင်ဗျားကို ယောက္ခမတော်မယ်ဗျာ …”

အဲသလို စခဲ့ရတဲ့ မုန့် တီသည် သားလေးတောင် မိန်းမ ခိုးပြေးသွားရှာပြီတဲ့…။ ရွှေမိရေ… နင့်ကို မစောင့်နိုင်ဘူးတဲ့…။

မက်မန်းဝိုင်

“ ဟေ့.. မိ နဲ့  လေးမ .. မေမြို့ တက်တဲ့ ကောင်တွေဆီက ၀ိုင်တစ်ပုလင်း ဓါးမြတိုက်လာတယ်… ။ သောက်မလား…။”

“ သောက်တော့ မသောက်ဖူးဘူး… ဒါပေမယ့် သောက်ကြည့်မယ်..”

“ အမယ်လေး .. မိဘတွေ သိရင်တော့ ရင်ကျိုးမယ်… ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့  ကျောင်းတက်ဖို့  လွှတ်လိုက်တာ…”

“ ဒါလည်း သင်ယူရမယ့် ပညာပဲလေ… ပညာစုံအောင်သင်မှ ကျေးဇူးဆပ်ရာရောက်တာပေါ့ …”

“ ရော့.. ဒီမှာ အာလူးကြော်… ဒီမှာ ခွက်… စမယ်…”

“ နေဦး… အလောင်းအစားနဲ့  သောက်မယ်… ဒီမှာ အကြွေစေ့… ခေါင်းပန်းလှန်မယ်… တစ်ကြိမ်မှန်ရင် တစ်ခွက်သောက်…”

တစ်ခွက်

နှစ်ခွက်

သုံးခွက်

“အရက်မူးတယ်ဆိုတာ ဘယ်လို ဟာမျိုးလဲ မသိဘူးနော်…။ အိပ်ချင်လာတာလား…။ မိ… ငါ … အိပ်ချင်လာပြီ…။ ငါ.. မူးပြီထင်တယ်နော်…။ ငါ… အိပ်တော့မယ်… မသောက်နိုင်တော့ဘူး…။”

“နင်ကလည်း အဲဒါမူးတာ မဟုတ်လောက်ပါဘူး…။ နေပါဦး…။”

“မရဘူး… အိပ်မယ်.. အရက်မူးရင် ကျွဲခိုးပေါ်တယ် တဲ့…။ မူးရင် စကားတွေ လျှောက်ပြောတယ်ဆို …။ မျိုထားတဲ့ စကားတွေ ထွက်ကုန်လိမ့်မယ်…။ တော်ပြီ.. အိပ်မယ်…။”

အဲဒီတုန်းကတော့ ၀ိုင်ကို သောက်ဖူးတယ်ရှိအောင် သောက်ကြည့်ခဲ့ပါတယ်…။ အခုတော့ နုပျိုတယ်… သွေးလှည့်ပတ်မှုကောင်းတယ် ဆိုလို့  တခါတရံ သောက်ပါတယ်…။ အဲဒီတုန်းကလိုပဲ မမူးခင် မြန်မြန်ရပ်ပြီး အိပ်ပစ်လိုက်ပါတယ်…။ သူ့ ကို ရစ်မိမှာ စိုးလို့ပါ… ။

ယမ်ယမ်ပုစွန်ချဉ်စပ် ကြက်ဥရော

“ ဟူး. ဗိုက်ဆာလိုက်တာ…”

“ ရသာမှန် ယမ်ယမ်…”

“ ပြုတ်လိုက်လေ … ကြာသလားလို့ … ကြက်ဥ တစ်လုံးကျန်သေးတယ်… ထည့်ပြုတ်လိုက်…”

“… ဒေါက်.. ဒေါက်..”

“ ဝေ…”

“ ဟဲ့.. အဆောင်မှူး အခန်းတွေ လိုက်စစ်နေတယ်… အောက်ထပ်မှာ တွေ့ ခဲ့တယ်…”

“အေး… အေး.. မိ… နင့် ခေါက်ဆွဲ လက်စဖျောက်… ”

“ ဟဲ့.. နင့်ကက်ဆက်ကို ပိတ်လေ…”

….

“ဒေါက်… ဒေါက်… ၇၉ တံခါးဖွင့်…”

“ ဟုတ်ကဲ့ မမ..”

“အေး.. ဘာလုပ်နေကြတုန်း..”

“ ပုံဆွဲနေတာ … မမ..။ project ရှိလို့ …”

“အေး… မိုးချုပ်ထိမဆွဲကြနဲ့ … အိပ်ရေးပျက်ပြီး အတန်းမတက်နိုင်ဘဲနေမယ်…”

“ ဟုတ်… စောစော အိပ်မှာ..မမ…”

“ နင်တို့  အခန်းထဲက ခေါက်ဆွဲပြုတ်နံ့  ရသလိုပဲ…”

( အဆောင်မှူးကလည်း အနံ့ခံတော်လိုက်တာ)

“မမ စိတ်ထင်လို့ ပါ… မရှိပါဘူး…”

“ ငါ… အခန်းထဲ ရှာ ဦးမှပဲ”

“ ဟုတ်… ရှာပါမမ.. အားနာလိုက်တာ… စာရွက်တွေပွနေလို့ …”

ဟိုရှာ ဒီရှာ ဟိုကြည့်.. ဒီကြည့်… ဘာမှမရှိပါ..။

“အေး.. အေး.. အခန်းထဲမှာ မီးမသုံးနဲ့ နော်… ရေနွေးလိုရင် စားဖိုဆောင်မှာ ညနေကတည်းက ဓါတ်ဘူးနဲ့  သယ်ထား.. ကြားလား…။ ဘယ်အခန်းက ပြုတ်နေလဲ မသိဘူး…။ အနံ့ ရတယ်… တစ်ခန်းခန်းတော့ မိမှာပဲ… သွားဦးမယ်

“ဟုတ်.. မမ”

“လေးမ… တံခါးဂျက် သေချာထိုးပြီးပြီလား…”

“အေး..ပြီးပါပြီ.. မြန်မြန် ထုတ်ပါ.. စားချင်လှပြီ…”

ရွှေမိက ကုတင်အောက်က … စက္ကူဗူးထဲက …. ထမင်းပေါင်းအိုးအလွတ်ထဲက …. ခေါက်ဆွဲပြုတ်ပန်းကန်လေးကို ထုတ်လိုက်ပါတယ်…။

၃ မိနစ်ပဲ.. စောင့်…

တစ်ယောက်တစ်ဇွန်း မြန်မြန်လေး ဖြိုလိုက်တာ ၃ မိနစ်အတွင်းပြိုသွားပါတယ်….။        

ခိုးစားရတဲ့ ခေါက်ဆွဲပြုတ်.. လုစားရတဲ့ ခေါက်ဆွဲပြုတ်… ငတ်နေတုန်း စားရတဲ့ ခေါက်ဆွဲပြုတ်မို့ … အရသာရှိလှသည်…။

လေးမသည် တစ်ခါတစ်ရံ၌ ဘဲဥတွေ… ငါးဖယ်တွေနဲ့ နယ်ထားတဲ့ နန်းကြီးသုတ်ကို စားရင်း ဂေါ်ဖီနဲ့  ပဲမှုန့် ပဲပါတဲ့ အဖြူရောင် မုန့် တီ သုတ်ကို သတိရနေတတ်သလို …

ဝိုင်ဖန်ခွက်လှလှလေးထဲက အနီရောင် အရည်တွေဟာ ပလတ်စတစ်ခွက်အဟောင်းလေးထဲက အနီရောင် အရည်တွေနဲ့   အာနိသင်ချင်း တူမတူ တွေးတောနေတတ်ပြီး ….

လုစားမယ့်သူမရှိတဲ့ ခေါက်ဆွဲပြုတ် ပန်းကန်ကြီးရှေ့ ချပြီး ငူငူကြီး ထိုင်နေတတ်ပါသည် …။

 

3 Responses

  1. ခေါက်ဆွဲပြုတ်လာလုစားဦးမယ်.. အိပ်မက်ထဲမှာ ယမ်ယမ်လုပ်စားဖြစ်ရင် ခေါ်ပါနော် =)

    • အဲလိုသာ လုစားဖြစ်ရင် သိပ်စားကောင်းမယ့် ခေါက်ဆွဲပြုတ်ဖြစ်မှာ

  2. အမလေး လေးမ ဆက်ရေးပါဦး ..
    ခုမှ ဒီပို့စ်တွေ တွေ့တယ်။ တထိုင်ထဲ အကုန်ဖတ်သွားပါတယ်။ ကျောင်းသား ဘဝကတော့ ဘယ်ကျောင်း အကြောင်းပဲ ဖြစ်ဖြစ် ပျော်စရာ လွမ်းစရာ ကောင်းနေတော့တာပဲ။

Leave a comment