လွမ်းနေပါသည်…….M.I.T ( M.T.U)

ဒိုင်ယာရီ စာမျက်နှာ(၁)။ ။

“နေပူ လေတိုက် ….မြွေပွေးကိုက်သည်

လူမိုက် နေသည် …. M.I.T…”

ဘယ်ပညာရှိက စပ်ဆိုခဲ့လဲတော့ မသိဘူး….။ လေးမတို့ ရဲ့ ကျောင်းတော်ကြီးကို အတိအကျ သရုပ်ဖော်ထားတဲ့ စာချိုးလေးပါ ။ ပူလိုက်တဲ့နေ…..လေကတော့တိုက်ပါရဲ့…..လေပူကြီး…..ရန်ကုန်မှာတိုက်တဲ့လေက အေးတယ်…..မန္တလေးလေကပူပြီးခြောက်သွေ့ တယ်……။ ဒါတောင် ကျောင်းက တောင်ခြေမှာ ရှိနေပေလို့ပေါ့ ……။ တောင်တွေကလည်း အများကြီးဘဲ…..။ ရန်ကုန်သူဆိုတော့ တောင်တွေ မမြင်ဖူးဘူး……..။ တောင်တွေဝန်းရံထားတဲ့ ကျောင်းကြီးမှာ မိသားစုနဲ့  ခွဲပြီး ကျန်ခဲ့ရမယ့် လေးမကို မေမေက အားပေးပါတယ်…..“ မေမေသာဆိုရင်တော့ ဒီတောင်တွေကို ကြည့်ပြီးနေ့တိုင်း ငိုမှာဘဲ”တဲ့…….။ လေးမနေရတဲ့ အဆောင်က မန်းချယ်ရီ…..လေးမအခန်းက Front Row မှာ……နှစ်ယောက်နေရတယ်….။ အင်ဂျင်နီယာလောင်းတွေဆိုတော့ အခန်းဖော်က သင်္ချာဘယ်နှစ်မှတ်ရလဲ ဆိုတဲ့စကားနဲ့  နှုတ်ဆက်တယ်…….။ ၁၀၀ ဆိုတော့ ငါလည်း ၁၀၀ တဲ့…..ဒါဆိုတို့  အခန်းက ၂၀၀ ပေါ့ဆိုပြီး ဘော်ဒါတွေဖြစ်သွားကြတယ်…….။

အဆောင်ကကျောင်းဝန်းထဲမှာဆိုပေမယ့် စာသင်ဆောင်နဲ့ ဝေးတယ်…။ စက်ဘီးနဲ့ မှ အဆင်ပြေတယ်…..။

လေးမက တိုက်ခန်းပေါ်မှာဘဲ ကြီးပြင်းခဲ့ရတဲ့သူ ဆိုတော့ စက်ဘီးမစီးတတ်ဘူး……။ မေမေက စက်ဘီးတော့ ၀ယ်ပေးခဲ့တယ်…။ စက်ဘီးမစီးတတ်တော့ လမ်းလျှောက်ရတယ်……စာသင်ဆောင်နဲ့  အဆောင်ကို သွားလိုက်ပြန်လိုက်နဲ့ ……ခြေထောက်တွေညောင်းပြီး ကိုက်လိုက်တာ…..။ သူငယ်ချင်းတွေကတော့ ခေါ်ပါတယ်……ဒါပေမယ့် လေးမက စက်ဘီးပေါ် ခုန်မတက်တတ်တော့ လေးမထိုင်ပြီးမှ နင်းရတဲ့ သူငယ်ချင်းကို အားနာတယ်……..။ ဒါနဲ့ ဘဲ လေးမစက်ဘီးစီး သင်တယ်…..။ လေးမရဲ့ ဆရာက လေးယောက် လောက်ရှိတယ်…..။ ပွဲကြည့် ပရိတ်သတ်ကလဲ အဆောင်ပေါ်မှာ အပြည့် အားပေးနေတယ်လေ……..။ သူငယ်ချင်းက စက်ဘီးပေါ် ထိုင်ခိုင်းပြီးတော့ သူက နောက်က တွန်းတယ်….။ နင်း…..နင်း ဆိုတော့ အားရပါးရ နင်းလိုက်တာ သူငယ်ချင်းတောင် မလိုက်နိုင်တော့ဘူး…..အပေါ်ကပရိတ်သတ်ကလည်း အားပေးတယ်…….။ လေးမကတော့ချွေးတွေရွှဲ လို့ ….နင်းဆိုလို့  သာနင်းရတာ လက်ကိုင်မှ မနိုင်တာ…..သစ်ပင်နဲ့  တိုက်ပြီးလဲတော့တာပေါ့……ခြေထောက် အရွတ်ယောင်သွားလို့  တပတ်လောက် နားလိုက်ရတယ်………..။ ။

Advertisements

ကိုပြူးနှင့် မပြုံး


*source: ကိုပြူးနှင့်မပြုံး (ကာတွန်းဝိဇ္ဇာအလင်္ကာကျော်စွာဦးဘဂျမ်း)

—————————————————————

“ယနေ့  လူငယ်၊ နောင်ဝယ် လူကြီး” ၊ “The child is father of the man” လို့  တင်စားခံထားကြရတဲ့ ကလေးသူငယ်တွေအားလုံးသာ ဒီလိုကာတွန်းလေးတွေနဲ့  ကြီးပြင်းခွင့် ရခဲ့မယ်ဆိုရင်……………………………………………..

အတုယူကြရအောင်……

လေးမတို့ မြန်မာလူမျိုးတွေက အတုခိုးတဲ့နေရာမှာ သိပ်တော်တာ…..လေးမတောင်ခု သူများတွေကိုအတုခိုးပြီး blog ရေးနေပြီ …..။ ဒီနှစ်တွေမှာ Korea ကားတွေချည်းဘဲကြည့်နေရတော့ မြန်မာတွေ Korea ရေစီးကြောင်းထဲတော်တော်မျောပါကုန်ပြီ…..ဈေးဝယ်ရင်တောင် Korea-made ဆိုတဲ့ဝေါဟာရနဲ့ ကိုင်ပေါက် ခံနေရတယ်…..။ ကောင်မလေးတွေက Korea မင်းသမီးတွေလို ၀တ်ကြတယ်…..။ Hair style , make-up စတဲ့ ပြင်ဆင်ခြယ်သမှုအားလုံးဘဲ…..။ ကောင်လေးတွေလဲ Korea style ဘဲ…..။ ဆံပင်ကိုအရောင်ဆိုးပြီး စုတ်တိစုတ်ဖွားလေးတွေ ညှပ်ထားကြတယ်…..။ အရင်က ဆံပင်တိုတိုထောင်ထောင်လေးနဲ့ နာမည်ကြီး vocalist တယောက်တောင် Korea style ဆံပင်နဲ့ဖြစ်နေပြီ…..။ သူရဲ့ Liveshow တစ်ခုဆိုရင် Rain ရဲ့ Liveshow နဲ့  တော်တော်ဆင်တယ်…..။
ဒါပေမယ့် မြန်မာတွေ အတုမယူကြသေးတာ တစ်ခုကျန်နေသေးတယ်…..။ အဲဒါက…..“ကျေးဇူးတင်ပါတယ်” လို့  ခဏခဏ ပြောတတ်တဲ့အကျင့်လေးပါ…..။ လေးမတို့ မြန်မာတွေကယဉ်ကျေးကြပါတယ်….. ဒါပေမယ့်တချို့  နေရာတွေမှာ “ကျေးဇူးတင်ပါတယ်” ပြောဖို့ ဝန်လေးနေကြတယ်…..။ စားသောက်ဆိုင်မှာ မှာထားတဲ့ဟင်းလာချတဲ့အခါမျိုး ၊ ဆိုင်တဆိုင်မှာ ကိုယ့်စိတ်ကြိုက်ဝန်ဆောင်မှုရပြီး ကိုယ့်စိတ်ကြိုက်ဝယ်ပြီး ပြန်ထွက်လာတဲ့အခါမျိုး ၊ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ် ပြီးတဲ့အခါမျိုးတွေပေါ့…..။ မာနကြီးတာလား….ပိုက်ဆံပေးထားတာ ပြောစရာမလိုဘူးလို့  ထင်လို့ လား မသိဘူး…..။ Korea movie တွေထဲမှာ “ကျေးဇူးတင်ပါတယ်….ရောင်းကောင်းပါစေ…” ဆိုတာလေးတွေ တွေ့ ရတာ သိပ်ချစ်ဖို့ ကောင်းတာဘဲ…..။ လေးမတို့အတုယူကြရအောင်ပါ……။
မြန်မာတွေလို မယဉ်ကျေးဘူးလို့  သတ်မှတ်ခံရတဲ့ အနောက်တိုင်းသားတွေတောင် “Thank You” ကို ရေလဲ သုံးကြတယ်…..။ American ကားတကားမှာ ဇနီးက ခင်ပွန်းကို breakfast အတွက် coffee ဖျော်ပေးပြီးတော့ “here’s coffee” ပေါ့…အဲတော့ခင်ပွန်းလုပ်တဲ့သူက “thank u,honey..u r so kind” တဲ့…..။ လေးမတို့  ဆီမှာ အိမ်ဦးနတ် ဘယ်နှစ်ယောက်ကများ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ဇနီးသည်ကို “thanks”လို့ဘယ်နှစ်ခါများ ပြောဘူးပါသလဲ….။ တစိမ်းတွေမှမဟုတ်ဘဲလို့  ဆင်ခြေ မပေးပါနဲ့ …။ သူလုပ်ရမယ့်အလုပ်ကို သူလုပ်နေတာ ဘာအဆန်းလုပ်ပြီး ပြောရမှာလဲလို့  တွေးထားကြတယ် မဟုတ်လား…..။ အဲဒီလောက်ကြီး နေရာတကာ လိုက်ပြောနေစရာမလိုပေမယ့် တချို့  နေရာတွေမှာတော့ ပြောလိုက်ပါ…..“ကျေးဇူးတင်ပါတယ်” လို့ …..။ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာပါလိမ့်မယ်…။
ကဲ……. အတုယူလိုက်ကြရအောင်…….။ ။

လေးမနှင့် BLOG

လေးမရဲ့ Blog လေးတော့ လုပ်ပြီးသွားပြီ ။
ဘာတွေ ရေးရမလဲ။ ဘာမှလဲ ရေးစရာမရှိဘူး ။
အများပညာရနိုင်မယ့် IT အသိပညာလဲ မရှိဘူး ။ နိုင်ငံရပ်ခြားက အတွေ့ အကြုံတွေ ရေးရအောင်လဲ မြန်မာပြည်ကလွဲရင် ဘယ်မှရောက်ဖူးခြင်းမရှိ ။ ၀တ္ထု၊ ဇာတ်လမ်းလေးတွေရေးရအောင်လဲဘယ်တုန်းကမှ မြန်မာစာဂုဏ်ထူးမရဖူးခဲ့တဲ့အရည်အချင်းနဲ့ ဆိုတော့…….။
ကဗျာရော……??? ရေးခဲ့ဖူးပါတယ် ။ သစ်ရွက်လှုပ်တာတောင်ကဗျာရေးချင်တဲ့အချိန်ကပေါ့ ။ ခုတော့သစ်ရွက်လှုပ်တာ လောကမှာဘာကိုမှအစိုးမရတာ….သစ်ရွက်ကြွေတာဘယ်အရာမှ မမြဲဘူးလို့ ပြောတာဆိုတာ နားလည်စပြုလာပြီဆိုတော့ ရေးစရာ အကြောင်းအရာတွေ ၊ စာသားတွေလဲရှားကုန်ပြီ…..။
ဒါဆို ဘာလို့ အပင်ပန်းခံပြီး blog လုပ်တာလဲလို့ ပြောကြမှာလား ။
ဟုတ်ကဲ့…..blog ဆိုတာ ဒိုင်ယာရီစာအုပ်လေးတအုပ်လို့  နားလည်ထားလို့ ပါ ။
ဒိုင်ယာရီဆိုတော့ တွေးချင်တာတွေး ရေးချင်တာရေးလို့ ရတယ်လေ ။ စိတ်ရဲ့စေရာတွေကိုရေးရင်းနဲ့  လေးမမှာလဲ ကိုယ်ပိုင် blog လေးတစ်ခုရှိတယ် ဆိုတဲ့ ပီတိအတွေးလေးနဲ့ …………………ပေါ့ ။