မိုးရွာနေသည်

ကနဦးအစက … မိုးသည် … တစ်ပေါက် နှစ်ပေါက် …

ထို့ နောက် … တဖျောက်ဖျောက် …

ထို့ နောက် … ရွာလိုက်သည်မှာ … မစဲတော့ …

ရေမှုန်ရေမွှား … အစအနလေးများမှသည်…

ရေစက်ရေပေါက်ကြီးများ အဖြစ် အသွင်ကူးပြောင်း …

ထီးလှလှလေးများ … မိုးစက်ကြမ်းများကို အံမတုနိုင်တော့ …

မိုးစက်များ၌ ရေပါ၏ …

ရေပါတော့ ရေကြီး၏ …

လမ်းပေါ်က ရေကန်ကြီးထဲတွင် … ပျက်နေသောကားများ …

ရုန်းထွက်ရန်ကြိုးစားနေသော ကားများ …..

လမ်းလျှောက်နေသောလူများ …

ရေခံနေသူများ …

ဟိုမှ ဒီသို့  မျောပါနေသော … ရာဘာဖိနပ် ၊ သားရေဖိနပ် ၊ ဒေါက်ဖိနပ်များ …

ဆော့ကစားနေသော ကလေးငယ်များ …

သူတို့ အားလုံး မိုးမိနေကြသည် …

ဟိုဘက်နားက ကလေးတစ်အုပ် … ကဗျာရွတ်နေကြသည် …

ဟော … ဟော … နားထောင် ကြည့် လိုက် စမ်း…

“ မိုး…မိုး….ဘာလို့ရွာ …

ဖား … အော်လို့…ရွာ …။

ဖား … ဖား … ဘာလို့အော် …

မြွေ … ကိုက်လို့ … အော် …။

မြွေ … မြွေ … ဘာလို့ ကိုက် …

ငါ့ ၀မ်းပူဆာ မနေသာလို့ … ကိုက် …။ ”

သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ( ဇာတ်သိမ်း)…

“… ကျွန်မ မရွေးချယ် တတ်တော့ဘူး …၊ ရှင်တို့အားလုံး ပြန်ကြတာပဲ ကောင်းပါတယ်….”

“…ညီမလေး မဆုံးဖြတ်တတ်ရင် အစ်ကို ဆုံးဖြတ်ပါမယ် … ကောကျင့် …၊ ယွင်ဖေးရန် …၊ မင်းတို့လဲ သိုင်းလောကသားတွေပဲ ….၊ ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘူး …၊ ငါတို့ သိုင်းလောကမှာ … ပြသာနာ တစ်ခု ဖြစ်ရင် ဖြေရှင်းနေကြ အတိုင်း … ”

အစ်ကိုကျန်က ပြောရင်းဆိုရင်း ဓါးအိမ်ကဓါးကို … ဆွဲထုတ်လိုက်တယ် … ။ နေရောင်တွင် လက်ခနဲ ဖြစ်သွားသော ဓါးသွားကို ကြည့်ရင်း … သူမ … တားဖို့ ကြိုးစားလိုက်သည် … ။ သို့သော် ဖေးလေးက သူ့ ရဲ့ ပိုးသိုင်းကို ပြဖို့ … အသင့်ဖြစ်နေသလို ၊ ကောကျင့်ကလည်း သူတတ်သမျှ သိုင်းပညာဖြင့် … စတင် ယှဉ်ပြိုင် တော့သည် … ။

ပြိုင်ပွဲမှာ တဖြည်းဖြည်း ကြမ်းလာ၏ … ။ ကျန်ကျောင်းက မြေပေါ်မှခွာ၍ အထက်မှ တိုက်ခိုက်သလို … ယွင်ဖေးရန်ကလည်း… သူ၏ မြင့်မားထွားကျိုင်းသော ခန္ဓာကိုယ်ကို လှပစွာ လှုပ်ရှားကစား၍ ယှဉ်ပြိုင် သည် … ။ ကောကျင့်မှာလည်း အရှောင်အတိမ်း အသတ်အပုတ်များနှင့် အစွမ်းကုန် ယှဉ်ပြိုင်ထိုးသတ် နေ၏… ။

ပြိုင်ပွဲမှာ ပို၍ ပြင်းထန်လာပြီး … သုံးယောက်စလုံး … ဒဏ်ရာကိုယ်စီ ရလာကြ၏ … ။ သူမ ဘာလုပ် ရမည်နည်း … ။ သူသေကိုယ်သေ အပြိုင်နွဲနေကြသော ထိုသုံးယောက်ကိုလည်း တား၍မရ … မည်သူ့ ကိုမှ လဲ အဆုံးမခံနိုင် …..။ ကျွန်မသာ မရှိရင် သူတို့ ဒီလို တိုက်ကြမှာ မဟုတ်ဘူး … ။

“ ပွင့် … လာ…..ပြေးကြ….စို့ ….ကျွန်တော်က သူတို့လို ချတဲ့ သိုင်းတော့ မတတ်ဘူး ….၊ ပြေးတဲ့ သိုင်းတော့ တတ်တယ် ….”

ဟုဆိုကာ သူမ၏လက်ကို … လူတစ်ယောက်က ဆွဲ၍ ပြေးလေသည် … ။ သူမလည်း ဘာမှ စဉ်းစားမနေ ဘဲ သူ့ နောက်ကို လိုက်ခဲ့မိသည် … ။ သူမ ဆက်မပြေး နိုင်တော့၍ …ရပ်လိုက်မိသည် … လက်ကို ရုန်း၍ ထိုသူကို သေချာကြည့်လိုက်သည် … ။

“ ဟောတော့် … ကို မင်းမင်း….”

သူက သူမ ဘယ်လိုငြင်းငြင်း ဇွဲမလျှော့တမ်း အသည်းအသန် လိုက်နေသည့် တက္ကသိုလ်ကျောင်းသားလေး ကိုမင်းမင်း …။ ထိုသူက သူမကို ခပ်ပြုံးပြုံးကြည့်ပြီး …

“ ကျွန်တော့်ကို ရွေးချယ်လိုက်ပြီပေါ့နော် … ” ဟုပြောလေသည် …။

“…သွား………….မရွေးဘူး….”

သူမ၏ စိတ်တိုစွာ အော်လိုက်သံက ဟိန်းထွက်လာသည်….။ သူမ သတိထားမိတာ ကတော့ ပတ်ဝန်းကျင် ပြောင်းလို့နေသည် … ။ ဇာခြင်ထောင် ပန်းရောင်နှင့် စောင်အနီလေး …..။

“ ဒါတွေ ဘယ်ကရောက်လာတာလဲ ….” ဟုရေရွတ်၍ ထထိုင်မိသည် …။ သူမသည်လှပသော အကျီင်္ဖြူလေးနှင့် မဟုတ်ဘဲ ည၀တ်အကျီင်္ မိုးပြာရောင်လေးနှင့် ဖြစ်သည် … ။ သူမသည် လွင်ထီးခေါင်ပြင် တွင် ရောက်ရှိနေခြင်း မဟုတ်ဘဲ နွေးထွေးသော … သူမ၏ အိပ်ရာလေးထဲတွင် သာ… ရှိနေခဲ့ သည် … ။

“….ဟား….ဟား…..ဟား…..” သူမ လွတ်လပ်ပေါ့ပါးစွာ အော်ရယ်လိုက်ပါသည် … ။ သူငယ်ချင်းများနှင့် ပြောခဲ့သော တရုတ်ကားများကို စိတ်စွဲ၍ သူမ အိပ်မက် မက်ခဲ့သည် … ။ ရယ်စရာကောင်းလေစွ …။ တရုတ်မင်းသား သုံးယောက်စလုံးက … သူမအား ၀ိုင်းကြိုက် … နေလိုက်ကြ သေးသည် … ။ သူမအား … ကျောင်းတွင် အသည်းအသန် လိုက်နေသော ကိုမင်းမင်းပင် ပါလိုက်သေး၍ သူမ၏ အိပ်မက်လေးသည် ပို၍ ဟာသမြောက် သွားပေသည် … ။

သူမသည် ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ရင်း … ကျေနပ်စွာပြုံးကာ တိုးတိုးလေး … ရေရွတ်လိုက် ပါသည် …။

“ ….ဒီအိပ်မက်ကို မိသွယ်တို့ကို ပြန်ပြောရင် …. ငါ့ကို ….မနာလိုဖြစ်ကြမှာ….အတိအကျပဲ….” …..။ ။

—————————————————-

ကျန်ကျောင်း ( ပြည်သူ့ တရားရှင် )

ကောကျင့် ( သိုင်းလောက ဒဏ္ဍာရီ )

ယွင်ဖေးရန် ( ပိုးမင်းသားရဲ့ သိုင်းဝိညဉ်)

ဇာတ်ကားနာမည်များ သေချာ မမှတ်မိတော့ပါ …။ ဆယ်ကျော်သက်က ဇာတ်လိုက်များလို့  နာမည်ပေးသင့် တယ် ထင်တယ်နော် … ။ အဲဒီတုန်းကတော့ သိပ်ကြိုက်တာပဲ …. ခုတော့ … “လီယောင်ဂျေး….ဒါရိုက်တာရင် … ဂျွန်စော … ထယ်စောက် ….so many….so many…” တို့နဲ့ အစားထိုးရေးရမယ် ထင်တယ် … ။ အရီးပန်ရေ … အကုန်လွှတ်လိုက်ရမှာလား … ။

သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း …(ပ)

လေးမ ရဲ့ … အပိုင်းအစ (၃) ထဲက … နောက်ထပ် အတိုအစလေး တစ်ခုကို … ဆွဲထုတ်လိုက်ပါတယ် …။ ၂၁.၈.၉၇ ဆိုတဲ့ ရက်စွဲလေးနဲ့ … out of date ဖြစ်နေတဲ့ post လေးကို … blog မှာ … အမှတ်တရ နေရာပေး လိုက်ပါ တယ်… ။

 

“သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း …”

သူမသည် လွန်စွာလှပသော ၀တ်စုံဖြူကို ၀တ်ဆင်ထား၏ … ။ ဆံပင်များကို ကျစ်ဆံမြီးသေးသေး လေးများ ကျစ်ထားပြီး … အဖြူရောင် ဦးထုပ်ကို ဆောင်းထား၏ … ။ သို့သော် လှပလွန်းသော သူမနဲ့ မထိုက်တန် လောက်အောင်ပင် … သူမရောက်ရှိနေသော နေရာက လွင်ထီးခေါင်ပြင် တစ်ခု … ဖြစ်လို့ နေသည် … ။

“ မိုး… မိုး….မိုးပွင့်…” ဟု သူမအား ထစ်ငေါ့စွာ ခေါ်လိုက်သည့် အသံသည် သူမ နားယဉ်ပြီး … အသံဖြစ်၏ ။ အသံရှင်မှာလည်း သူမ မျက်မှန်းတန်းမိသူ တစ်ယောက် ဖြစ်သည် … ။ သို့သော် မည်သူမှန်းမသိ … ။ “ငါ….” …. ထိုသူက နှုတ်ခမ်းကို အနည်းငယ်စူ၍ … စိတ်ကောက် သယောင်ပြုကာ … ခပ်စောင်းစောင်း အနေအထားဖြင့် မကျေနပ်ဟန်ပြ၏ … ။ သူ့ ကျော၌ လေးနှင့် မြှားကို လွယ်ထား၏ … ။ အို… ဒီအသံ … ဒီဟန် တွေကို သူမ စွဲလန်းခဲ့ရသည်ပဲ …. သူ့ ကို သူမ ကောင်းကောင်း သိတာပေါ့ … ကောင်းကင်မှာ ပျံနေတဲ့ ငှက်ကို … ထိအောင် ပစ်နိုင်တဲ့ မြှားဝိဇ္ဇာ တစ်ယောက်လေ …။

“ ကျင့်ကိုကို … မဟုတ်လားဟင် …”

ထိုသူသည် ကလေးတစ်ယောက်လို မြူးပျော်သွားပြီး … “ မင်း ငါ့ကို ဘာလို့ မေ့နေရတာလဲ … ” ဟု အပြစ်တင်၏ … ။ သူမကိုယ်တိုင်လဲ သူမ၏ မှတ်ဥာဏ်ကို ကျိန်ဆဲ လိုက်မိ သည် … ။

“ ကျင့်ကိုကို … ဘာလာ လုပ်တာလဲ …”

“ မင်းကို လာခေါ်တာပေါ့ … ”

“ မိုးပွင့်ကို ……. ၊ ဘယ်ဖြစ်မလဲ ….၊ ရှင်က မွန်ဂိုဘုရင်ရဲ့ ရွှေဓါးသမက်ပဲ … ”

“ အာ…… ငါမှ မင်းသမီးကို မချစ်ဘဲ … ”

“ ဒါဆို …ရှင်ဘယ်တရားမလဲ …၊ သူ့ မှာတော့ ရှင့်ကို ချစ်လိုက်ရတာ ….ကျွန်မ မျက်မြင်ပဲ….”

“ မိုးပွင့် … မင်း…ငါ့ ကိုမုန်းသလား …”

“မမုန်းပါဘူး … ရှင့်ကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘူး …. ဒါပေမယ့် …”

“ မမုန်းရင် ဆက်မပြောနဲ့ ….၊ ငါနဲ့ လိုက်ခဲ့ …” ပြောပြောဆိုဆို သူမလက်ကို ဆွဲ၍ ခေါ်၏ … ။

“ဟိတ်ကောင် … ကောကျင့် … မင်းဘာလုပ်တာလဲ … ငါအသက်ရှင်နေသရွေ့ ညီမလေးကို မင်းမပိုင်ရဘူး…”

အသံနဲ့ အတူ လျင်မြန်စွာ ရောက်လာတဲ့ အနီရောင် ၀တ်စုံနဲ့ လူကို သူမ သေချာကြည့် လိုက်မိသည် … ။ ဖြောင့်စင်းသော ဆံပင်ရှည်ရှည်များနှင့် ထိုသူက … နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့၍ … သူမတို့အား မျက်မှောင် ကျုံ့ ကာ ကြည့်နေသည် … ။ တစ်ဖက်လူကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသော … ရဲရင့်သော…သတ္တိရှိသော … ထိုသူရဲကောင်းကို သူမ မမှတ်မိဘဲ … နေပါ့မလား…။

“ အစ်ကို ….”

သူမသည် ပထမလူ၏ လက်ထဲမှ ရုန်းထွက်ရန် … ကြိုးစား လိုက်သည် … ။ သို့သော် သူက မလွှတ်… တင်းကျပ်စွာ ဆုပ်ကိုင်ထား၏ … ။

“ ကျန်ကျောင်း … မင်း … ၀င်မရှုပ်နဲ့ … ”

“ ကောင်းပြီလေ … ညီမလေး…ဆုံးဖြတ်ပါ … ”

သူမ မည်သို့ ဆုံးဖြတ်ရမည်နည်း … ။ မည်သူ့ ကို သူမရွေးချယ် ရမည်နည်း … ။ တစ်ဖက်မှာကလည်း သူမ အဖြေကို စိုးရိမ်တကြီး နားစွင့်နေတဲ့ သနားစဖွယ် မင်းမှုထမ်း ကျန်ကျောင်း …၊ တစ်ဖက်ကလည်း … “.. မင်းက ငါနဲ့ အရင်ဆုံးတွေ့ ခဲ့တာပါ …” ဆိုတဲ့ လူရိုးကလေး ကောကျင့် … ။ သူမ မည်သူ့ ကိုရွေးထိုက်ပါ သနည်း ..။

ထိုအချိန်၌ …

“ မမိုးရယ် … မင်းရွေးချယ်မယ် ဆိုရင်တော့ ကျွန်တော့်ကိုလည်း… စဉ်းစားသင့်ပါတယ် … ၊ ကျွန်တော်လည်း ခင်ဗျားရင်ထဲမှာ တစ်နေရာစာ ရခဲ့တာပဲ မဟုတ်လားဗျာ …”

ဘုရားရေ … ဖေးလေး ရောက်လာပြန်ပြီ … ။ ဒီလိုဆိုတော့လဲ … မသေမသပ် စည်းထားတဲ့ ဆံပင်တွေက ကပိုကရို ၀ဲကျနေတဲ့ အနှိမ်ခံ သိုင်းသမားလေးကို သူမ ဥပေက္ခာမပြုနိုင်ပါ … ။ သူ့ ခမျာ ၀ူတန် တောင်ပေါ် မှာ … အားလုံးရဲ့ အနိုင်ကျင့်မှုကို ခံခဲ့ရသည် … ။ သိုင်းပညာကို သင်ချင်လွန်း၍ အများတကာ အိပ်မောကျ ချိန်မှ သင်ခဲ့ရသည် … ။ မွေးကတည်းက အမေကိုလည်းမမြင်ဘူး … အဖေကိုလည်း ခေါ်ခွင့်မရခဲ့သည့် သူ့ ဘ၀ကို သူမ အလွန် သနားမိသည် … ။

အစ်ကို ကျန် နှင့် ကောကျင့်ကြား ဆုံးဖြတ်ရခက်နေချိန်မှာ ကရုဏာသက်ဖွယ် ထိုလူငယ်လေးက ပါဝင် လာပြန်သည် … ။ သူမ မဆုံးဖြတ်တတ်တော့ပါ … ။ တကယ်တော့ သူမ ထို သုံးယောက်လုံးကို … မပစ် နိုင်ပါ …။

“ ကျွန်မ မရွေးချယ်တတ်တော့ဘူး …၊ ရှင်တို့အားလုံး ပြန်ကြတာပဲ ကောင်းပါတယ်….”

လက်ညောင်းသွားပြီ… နောက်နေ့ မှ ဆက်တော့မည် …..။

လမ်းပေါ်က … ကချေသည်…

ကောင်းကင်က…ငို
မိုးတွေက…စို
တကိုယ်လုံးမှာ… ရေတွေရွှဲ
မျက်ရည် … တွဲလဲ …။အချမ်းရယ် … ပို
လမ်းမှာ … ငို
ပန်းသလို
နွမ်းသလိုနဲ့ …
လှိုက်ဖို ရွှေရင်အသည်း…
မယိုင်လဲအောင်
ထိုင်လှဲ ချင်တယ် …။

အော် … ကျွန်မ
ကချေသည်…
ကချေသည်…

အပူလုံး … ကြွ
ယူကျုံး…မရ
သို့သော်…
လူလုံးလှအောင် …

က ရ ပေ ဦး မယ် …။ ။

ဆောင်းအိပ်မက် …

ပျောက်နေတဲ့ … ပေါက်ပေါက်ဆုပ် ကလေးက … ဒီလို လေး Tag ထားကြောင်း ..လာအော်သွားတော့ ဆောင်းကို ခြေရာခံလိုက်မိတယ်…။ နှင်းပွင့်လေးတွေမရှိလို့  … နေခြည်တန်းလေးတွေနောက်ကို … နောက်ယောင် ခံလိုက် တော့ … သူတို့ လာဖို့  … နေရာဖယ်ပေးလိုက်ရတဲ့ “ဆောင်း” ကိုတွေ့ လိုက်ရတယ်…။ “ဆောင်း” က ပြောတယ်…သူသိပ်ချမ်းနေတယ်တဲ့ … ။


နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ နှင်းပွင့်လေးတွေလို မဖွေးတဲ့ … “လေးမ”ဆိုတဲ့ မိန်းကလေး…လူ့ လောကကြီးထဲကို ရောက်ခဲ့တယ်…။ ဆောင်းအိပ်မက်တွေ ( ဂယောက် ဂယက် အိပ်မက်တွေ ) … မက်ဖို့  လောကကြီး ထဲကို သတ္တိရှိရှိနဲ့ တိုးဝင်လာခဲ့တယ်…။

ဒီဇင်ဘာအိပ်မက်…
ရန်ကုန်ဆောင်းကို အနွေးထည်ပါးပါးနဲ့  ရင်ဆိုင်ခဲ့လို့  မန္တလေးဆောင်းကို အနွေးထည်ထူမပါပဲ တိုက်ပွဲဝင်လိုက်ရတယ်… အမေ (သို့ မဟုတ်) “ငွေ” အမြန်လာပါ...လို့  သံချောင်းခေါက် လိုက်ရတယ်…။ မေမေ ၀ယ်ပေးတဲ့ ပြင်ဦးလွင်က ဆွယ်တာရောင်စုံ သိုးမွှေးဦးထုပ်နဲ့  ရှိုးပေးချင်ပေမယ့် အသားပတ်တော့ ခေါင်းငုံ့ ထားရတယ်…။ “ဆောင်း”တွင်းမှာ စောင်ထဲကမထွက်ချင်တဲ့ ရောဂါက အတော်ဆိုးတယ် …။ အတန်းလဲ မတက်ချင်ဘူး … စောင်ထဲမှာပဲနေချင်တယ်….။ အားတင်းပြီးအပြင်ထွက် လိုက်တော့လဲ .. နွေးသွား တာပဲ…။ နေက ပြင်း လှသည်လေ …။
မှတ်မှတ်ရရ ၁၉၉၉ ဒီဇင်ဘာ ၂၅ ရက်က… သိပ်အေးတဲ့ ဆောင်းပဲ … ပိတ်ရက်ဆိုတော့ … ရတနာပုံ မှာ တိုက်ကား သွားမောင်းဖို့  … သူငယ်ချင်း ၃ ယောက် … ဆိုင်ကယ်တစ်စီးနဲ့ ထွက်ခဲ့တယ်… ။ ထွက်ကတည်း က “မိ” နဲ့  ကတောက်ကဆ ဖြစ်ပြီး … စိတ်က သိပ်မကြည်ဘူး … ။ ပုသိမ်ကြီး အကျော်လောက် ရောက်တော့ ဆိုင်ကယ် ၂ စီးဘေးက လိုက်လာပြီ….။ ဆိုင်ကယ်တစ်စီးကို ကောင်မလေး ၃ ယောက်စီးတော့ အစ ခံရပြီပေါ့… ။ စရင်းစရင်း ခေါင်းစည်းအပြာလေး … စီးထားတဲ့ “လေးမ” ကို “အလယ်ကအဒေါ်ကြီးက ဘယ်တုန်းက ခေါင်းပေါက် တာတုန်း…” လို့ လဲ ဆိုရော … လက်ထဲက … စားလက်စ “ဆမူဆာ” နဲ့  လှမ်းပေါက် လိုက်တယ် … ။ အဲဒါအကြီးအကျယ်မှားတာပဲ … ဘော်ဒါတွေဖြစ်သွားကြရော … ဘယ်လို ဖြစ်သွားတာလဲ…သိချင်လား… ပြောပြဘူး ….။ ဒီလိုနဲ့  အစ်ကိုသူငယ်ချင်း ၄ ယောက်ရခဲ့တယ်…။ မန်းလေးမှာ ကျောင်းတက် ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း … ယောက်ျားလေးသူငယ်ချင်းဆိုလို့ …. ဒီ ၄ ယောက်ပဲ …. ဒါအကုန်ပဲ ….။ “တာရာပွကြီး” ဖတ်ပြီး “တခွိခွိ”ရယ်တတ်တဲ့အရွယ်မှာ . “နှလုံးသား အာဟာရ ” နဲ့ “ကုတ်အကျီင်္(ဘာသာပြန်)” ကို သူတို့က … လက်ဆောင်ပေးခဲ့တယ်… ။ သူတို့ ပြောပြတဲ့ အကြောင်းအရာတွေထဲမှာ … “နေတိုးအဖွဲ့ ” ဆိုတာလဲပါတယ် … ။ သူတို့က ပြောတယ်…. “ ညည်းတို့ က…. ဒို့ ညီလေးတွေ လိုပဲ ” တဲ့ ….။ နောက်တစ်နှစ် ဆောင်းရောက်တော့ … “ ညည်းတို့  အဆောင်ရှေ့ ဂစ်တာလာ တီးမယ်…” ဆိုပြီး … ညဘက်ကြီး … ဆိုင်ကယ် တတီတီ နဲ့ ရောက်လာတယ် … “ ၀ို့ …ဒီဇင်ဘာ….” ဆိုတဲ့ သီချင်းနဲ့  ဆောင်းညကိုကြိုဆိုခဲ့ကြတယ်….။ “လေးမ” တို့ ၃ ယောက်ကတော့ … ၀ရန်တာမှာ မီးပိတ်ပြီး … ဖျာလေးခင်း စောင်လေးခြုံလို့  … ငုတ်တုတ်လေးထိုင်ပြီး အားပေးခဲ့ကြတယ် … မိုးလုံးမှိုင်း. .. ရွှေတောင် ပံ. … ဟန်နီ…စတဲ့ သီချင်းကောင်းလေး တွေကို … ဂစ်တာသံ သန့် သန့် နဲ့  … သံပြိုင်အော်သွားကြတာ ..ဒီနေ့ အထိ မှတ်မိ နေတုန်းပဲ …။ ဒါက မက်ခဲ့ဖူးတဲ့ ဆောင်းတွင်း အိပ်မက်တစ်ခုပဲ ….။

တန်ဆောင်တိုင်အိပ်မက်
အဲဒီနေ့ က လပြည့်နေ့ မရောက်ခင်တစ်ရက်အလို …။ မီးရှူးမီးပန်းတွေ အမျိုးမျိုးကို တပွေ့ တပိုက်ကြီးပိုက်ပြီး “သူ” ရောက်လာတယ်…. မီပန်းတွေအတူတူလွှတ်ကြတယ် … မီးကျည်တွေက ရင်ထဲမှာလဲ … အပြင်က မီးပန်းတွေနဲ့  … အပြိုင်အဆိုင်ပဲ …။ မီးပုံးပျံလေးကို မီးတိုက်ကြတယ်… မှိုင်းဝအောင်စောင့်ရင်း မီးပုံးပျံကို … ကိုင်ထားတဲ့ လက်ဖျားတွေက … တဆတ်ဆတ်တုန် နေခဲ့တယ် …။ တအိအိတက်သွားတဲ့ … မီးပုံးပျံလေးနဲ့ အတူတူ… လူကလဲ မိုးပေါ်မှာ မြှောက်နေသလိုပဲ … ။ စိတ်နဲ့ လူနဲ့ မကပ်ပေမယ့် … ခဏခဏပြုံးပြမိတယ် … မကြာမကြာဆုံတဲ့ မျက်လုံးတစ်စုံကို ရှောင်လွဲရင်းနဲ့  ခိုးကြည့်မိတယ်….။ အဲဒီလို သိပ်ကို သိမ်မွေ့ ကဗျာဆန် နေတဲ့ အချိန်မှာ … ရင်ခုန်စရာ မကောင်းလိုက်ပုံက… အဖျက်သမား “မိ” က … ပြောင်စပ်စပ်မျက်နှာနဲ့  … ဘေးမှာ ရှိနေတယ်….။ အဲဒီလိုညမျိုးတွေသာ … ပြန်ရခဲ့မယ်ဆိုရင် …“မိ”ရေ… ငါ့အိပ်မက်ထဲမှာ နင်လဲပါလို့ရ ပါသေးတယ်…။

ဆောင်းတွင်းအိပ်မက်တွေကနေ … လန့် နိုးလာတော့ … ဆောင်းကုန်သွားပြီ …။ နောက်နှစ် ဆောင်းတွေ ရောက်တိုင်း … ဆောင်းအိပ်မက်တွေ ကတော့ မက်နေရဦးမှာပဲ … ။ ။

ဆောင်းကိုဆက်ချမ်းသင့်တဲ့ သူများကတော့ …
၁။ ကိုရန်အောင်
၂။ ကိုဘုရင့်နောင်
၃။ ကိုမျှားပြာ
အားတဲ့အချိန် … ရေးချင်စိတ်ရှိတဲ့အချိန် …ရေးပေးပါရှင် …။

ကျန်စစ်မင်း၏ မေတ္တာ …

ပုဂံမှ ဇာတ်လမ်းများ (သို့ ) မှတ်တမ်းများ (၃) ။ ။

ရတနာရေ … နန်းသုံးစကားတွေကို … ခဏဘေးမှာထားပြီး … ရိုးရိုးရှင်းရှင်းပဲ… ပြောပါ့မယ် … ။ နှစ်သိမ့်တာ မဟုတ်ဘူး … ဆင်ခြေပေးတာ မဟုတ်ဘူး … အယူခံဝင်တာမဟုတ်ဘူး … ကျုပ်လုပ်ရပ် ( သမီးတော်ကို စောယွန်းနဲ့  လက်ဆက်ပေးမှု ) နဲ့  ပတ်သက်ပြီး … မိခင်တစ်ယောက်အနေနဲ့  … ရတနာ စိတ်နာမယ်ဆို နာသင့်ပါတယ် … ။ မိဘဆိုတာ … ကိုယ့်သားသမီး ကောင်းစားတာကို … မြင်ချင်ကြတာချည်းပဲလေ … ။ သားသမီး ဒုက္ခရောက်အောင် … ဘယ်သူမှမလုပ်ကြဘူး …. မိဘအရင်းမှန်ရင်ပေါ့ … ကမ္ဘာမီးလောင်ရင် သားကိုချနင်းတယ်ဆိုတာ … မီးလောင်တော့ … သွေးရူးသွေးတန်းနဲ့ … လူစိတ်ပျောက် အသိစိတ်ကင်းမဲ့ပြီး .. မလုပ်သင့်မလုပ်ထိုက်တာတွေ လုပ်မိတဲ့ … တချို့ သော လူနည်းစု မိဘတွေကို … ဆိုလိုတာပါ … ။ လူစိတ်ရှိတဲ့ မိဘကတော့ … သားသမီးကို အသက်နဲ့ လဲပြီး … ကာကွယ်သွားကြတာပါ … ။ အဲဒီတော့ ကျုပ်ပြောချင်တာက … မိဘဆိုတာ သားသမီးကို အကောင်းဆုံးဖြစ်အောင် … မလုပ်ပေးနိုင်ရင်သာရှိမယ် … တတ်နိုင်သမျှ ဘေးကင်းအောင် … ဒုက္ခမရောက်အောင်တော့ … အားထုတ်တတ်ကြတယ် … ။ ကျုပ်လဲ အဲဒီမိဘတွေထဲက … မိဘ တစ်ယောက်ဖြစ်လေတော့ … ဒီသဘောအတိုင်းပါပဲ … ။ ဒါပေမယ့် ကျုပ်ရဲ့ ရင်သွေးက “ရွှေအိမ်သည်” တစ်ယောက်ထဲ မဟုတ်ဘူး … ဟောဒီ…ပုဂံပြည်သူပြည်သား အားလုံးဟာ…ကျုပ်ရဲ့ သားသမီးတွေပဲ … ။ နိုင်ငံသားအားလုံးကို …အုပ်ချုပ်သူ မင်းတစ်ပါးအနေနဲ့  … ကျုပ်ရဲ့ ရင်မှဖြစ်သော သားသမီးများ … လို့  ကျုပ် သတ်မှတ်ထားတယ် … ။ ဒီသဘောကို ရွှေစည်းခုံဘုရားမှာ … ကျုပ်မှတ်တမ်းတင် ထားတယ် … ။ ကျုပ်ပုဂံထီးနန်းကို အုပ်စိုးခဲ့တာ … အစဉ်အလာကြောင့်မဟုတ်ဘူး … အာဏာကြောင့် မဟုတ်ဘူး … ကျုပ်ဟာ … အကြိမ်ကြိမ် နယ်နှင်ခံခဲ့ရပေမယ့်လည်း … စိတ်မနာနိုင်ခဲ့ဘူး … ။ ပုဂံပြည်မှာ အရေးကြုံ ပြီဆိုတာနဲ့  …ကျုပ်ရောက်အောင် လာခဲ့တယ် … ။ ပုဂံပြည်ကို ကျုပ်ချစ်တယ် … ပုဂံသားတွေကို ကျုပ်စောင့်ရှောက်မယ် … ကျုပ်ကာကွယ်မယ် … ။
ရတနာရေ … လူဆိုတာအမျိုးမျိုးရှိတယ် … ။ နန်းတွင်းမှာဆို ပိုဆိုးသေး … ။ ကျုပ်“မင်း”လုပ်တာကို အလိုတူ တဲ့သူ ရှိသလို … မကြည်ဖြူတဲ့သူ လဲရှိတယ် … ။ အစဉ်အလာသမားတခိျု့ က … အနော်ရထာမင်းရဲ့ မိျုးဆက် ကို မှ … ပုဂံပြည့်ရှင် ဖြစ်စေချင်တယ် … အဖေရဲ့ထီးနန်းဟာ သားအတွက်ပဲ ဖြစ်ရမယ်လို့ … ယုံကြည် ထားကြတယ် … ။ တချို့ ကတော့ တိုင်းပြည်အုပ်ချုပ်တာ … အုပ်ချုပ်နိုင်တဲ့ အရည်အချင်းပြည့်ဝဖို့ ပဲလိုတယ် လို့ …ယူဆတယ်…။ ဒီတော့ အမြင်မတူတဲ့ အုပ်စုနှစ်စု ရန်ဆောင်ကြပြီပေါ့ …။ နန်းတွင်းမှာတင်မကဘဲ …သူတို့ နဲ့  နီးစပ် ပတ်သက်ရာ တွေက တဆင့် … အရပ်သူအရပ်သား တွေထဲကို … ဒီပဋိပက္ခ က … စိမ့်ဝင်ပြီး သဘောထားတွေ ကွဲလွဲနေကြတယ် … ။ ဒီအခြေအနေတွေကို … တိုင်းပြည်ဥသျှောင်ဖြစ်တဲ့ ကျုပ်လို ဘုရင်က မျက်နှာလွဲနေလို့ ရမတဲ့လား … ။ အနော်ရထာရဲ့ ထီးနန်းကို ဆက်ခံဖို့  သားစောလူးမရှိတော့ ပေမယ့် … စောလူးရဲ့သားအရင်း … အနော်ရထာရဲ့ မြေး … “စောယွန်း” … ရှိနေသေးတယ်လေ … ။ ကျုပ်..စောယွန်းကို လက်စတုံးပစ်လို့ ရတယ် … အကျဉ်းစံ အိမ်နိမ့်စံ ထားလို့ ရတယ် … ဒါပေမယ့် ကျုပ်က အဲလို မညစ်ပတ်ဘူး … ကျုပ်တစ်နပ်စားမကြံဘူး … ကျုပ်တို့ ဟာ ကိုယ့်သမိုင်းကိုယ်ရေးကြရတာ … ကျုပ်သမိုင်း ကို … ကျုပ်မဖျက်ဘူး … ။
ကျုပ်ကိုလိုလားတဲ့ အုပ်စုက … ကျုပ်သွေးသားကိုဘဲ နောင်ပုဂံမင်းအဖြစ် … လက်ခံ ချင်တယ် …။ ဒီတော့ နှစ်ဘက်လုံးကျေနပ်အောင် ကျုပ်စီမံရတော့မယ် … ။ပြည့်ရှင်မင်းတစ်ပါးအနေနဲ့ ကျုပ်ကို မလိုလားတဲ့သူတွေကို … ကျုပ်နှိပ်ကွပ်လို့ ရတာပဲ … ဒါပေမယ့် ကျုပ်မလုပ်ဘူး .. ဒီလိုလုပ်လိုက်ရင် သားကောင်းတွေရှားကုန်လိမ့်မယ် … ။ “စောယွန်း”ကို … မသိချင်ယောင်ဆောင်ပြီး … ကျုပ်သွေးသားကို ထီးနန်းပေးလိုက်ရင်လဲ ရတာပဲ … ။ ဒီလိုဆို ပြည်သူတွေ နှစ်ခြမ်းကွဲကုန်ကြမယ် … ။ အိမ်ကြက်ချင်း ခွပ်ရင်..အိမ်နာတယ် … ။ ကျုပ်ကြောင့်တော့ ဒီလို အဖြစ်မခံနိုင်ဘူး … ။ ဒီတော့ ကျုပ်သမီး“ရွှေအိမ်သည်” နဲ့  အနော်ရထာမြေး “စောယွန်း”ကို လက်ဆက်ပေးပြီး … သူတို့ ရဲ့ရင်သွေး ( နောင်အခါ အလောင်းစည်သူဖြစ် လာသည်) ကို … ထီးနန်းအပ်လိုက်တာဟာ … အုပ်စုနှစ်စုလုံး လက်ခံကျေနပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ … ။ ပြည်သူတွေကျေနပ်မှ… စည်းလုံးမယ် … စည်းလုံးမှညီညွတ်မယ် … ညီညွတ်မှ သွေးညှီနံ့ ကင်းမယ် … သွေးညှီနံ့ ကင်းမှ ပြည်သာမယ် … ပြည်သာမှ ညီညာမယ် … အရာအားလုံးဟာ အပြန်အလှန် ဆက်စပ်နေတယ် …။
တိုင်းသူပြည်သားတွေကို … စည်းလုံးညီညွတ်စေချင်တာ ….၊ သွေးချောင်းမစီးစေချင်တာ …၊ ပြည်သူတွေ ကြားက အမုန်းမီးတွေကို ငြိမ်းသတ်နေရလို့  … တိုင်းပြည် တိုးတက်မှု နှောင့်နှေးမှာကို စိုးရိမ်တာ….ဒါတွေဟာ တိုင်းသူပြည်သားတွေ အပေါ်ထားတဲ့ ကျုပ်“ကျန်စစ်မင်း”ရဲ့ မေတ္တာပါပဲ ….။ ။

မန်းမှတ်တမ်း …

ဒိုင်ယာရီ စာမျက်နှာ (၁၁) ။ ။

ဒီလမ်း…

(ဘေးမှာ တမာပင်တွေရှိတယ်… ခွန်အားအပြည့်ပေးတဲ့ တောင်ကြီးကို လှမ်းမြင်နေရတယ်…အိမ်ကိုလွမ်းရင် တောင်တွေကိုကြည့်ပြီး အားယူရတယ်…တချို့ ကတော့ … “တောင်” ကြည့်ပြီး ငိုသတဲ့)

*MTU main road *

ဒီ လမ်းမကြီးပေါ်မှာ … “လေးမ” ခြေရာတွေ … ထင်ကျန်ရစ်ပါတယ်…( အခုတော့ ပျက်ကုန်ရောပေါ့ )…..။
ဒီလမ်းမကြီးပေါ်မှာ … စက်ဘီးကလေးနဲ့  “လေးမ”…. လမ်းဖြတ်ကူးတဲ့ မြွေတွေကို ..ခဏခဏ ရပ်စောင့် ခဲ့ရတယ်…..။
ဒီလမ်းမကြီးပေါ်မှာ… “လေးမ” …ကျောက်စိမ်းရောင် စူပါကပ်လေး …ဟိုယိုင်ဒီယိုင် ဖြစ်အောင် စီးခဲ့တယ် …။
ဒီလမ်းမကြီးပေါ်မှာ … dream ဆိုင်ကယ်ထက်…. “မိ” ခါးကို တင်းတင်းဖက်ပြီး ….. ကျောင်းတက် ခဲ့တယ်….။ ဆိုင်ကယ် အိပ်ဇော လောင်ထားတဲ့ အမာရွတ်ကလဲ … ဒီလမ်းပေါ်မှာပဲ ရခဲ့တာ…..။
ဒီလမ်းမကြီးပေါ်မှာ … နှင်းတွေဝေတဲ့ မလင်းတလင်း … ဆောင်းမနက်ခင်းတစ်ခုမှာ … “လေးမ”….. မှောက်ရက် လဲ ခဲ့တယ် …..။ ဇာတ်လမ်းတွေထဲကလို ဆွဲထူမယ့်သူ … မရှိခဲ့ပါဘူး….။ အိပ်ပုတ်မ “မိ” ကလဲ အိပ်နေတုန်းပါ….။ “လေးမ” မငိုခဲ့ပါဘူး …. ဒူးမှာ သွေးစက်လက်နဲ့ … မုန့် တီသုတ် ၂ ပွဲစားခဲ့ပါတယ်…..။ ( အကြောင်းရင်း …. မုန့် တီသုတ်မှာ အလွန်စားကောင်းသောကြောင့် ….. သူများတွေထက်ဦးအောင် ပန်းကန် အသစ်ဖြင့်စားချင်သောကြောင့်…. အပြေးအလွှား ပြေးထွက်လာရာမှ အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်းပေါ် ဟတ်ထိုးလဲကျ ဒူးပြဲရခြင်းဖြစ်၏…..)
ဒီလမ်းမကြီးဘေးက … တမာပင်တွေ ကြားထဲမှာ…..အတွဲတွေ….(သူများတွေ) ….. လမ်းလျှောက် နေတာကို ပြောင်ခဲ့ ဖူးတယ်…… ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ်…မောင်ရယ်…လို့ ….) ။
ဒီလမ်းမကြီးပေါ်မှာ … ည ၆ နာရီ … အဆောင်ပိတ်ချိန်ကျရင် …. မခွဲနိုင်မခွာရက် လည်တလှည့်လှည့်နဲ့  အဆောင်ထဲဝင်သွားတဲ့ အဆောင်သူလေးတွေနဲ့ …. လမ်းမပေါ်ကနေ လက်တပြပြ ကဲပြနေတဲ့ ကိုကိုတွေကို … ၀ရန်တာကနေငေးကြည့် …အာလူးကြော်ဝါး … ဟားတိုက်ဝေဖန်ရင်း … ညနေခင်းတွေကို ကုန်ဆုံးစေ ခဲ့တယ်…..။

*workshop ရှေ့က လမ်းပါ…..။*

ဒီလမ်းပေါ်ကနေ … ညာဘက်ကိုကွေ့ ပြီး ရှေ့နဲနဲဆက်သွားလိုက်ရင် “လေးမ” တို့ ရဲ့ … ပညာရေနို့  သောက်စို့ ရာ … ဗိသုကာဌာနလေးကို ရောက်ပါမယ်… ။ ဗိသုကာဌာနက သီးသန့်  ဌာနလေး …။ လွတ်လွတ် လပ်လပ် ….. အေးအေးဆေးဆေး……. သောင်းကျန်းချင်တိုင်း သောင်းကျန်း လို့  ရတယ် ……။

ဒီဇိုင်းစတီရီယို room လို့ ခေါ်တဲ့ … အခန်းထဲမှာ … ပုံတွေဆွဲခဲ့ကြတယ် … ။ အခန်းထဲမှာ တစ်ယောက်က သီချင်းတစ်ပုဒ် စအော်လိုက်ရင် … ကျန်တဲ့သူတွေက နောက်ကဆက်အော်ပြီး … ပုံတွေဆွဲ ကြတယ်……။ ပုံဆွဲရင်းခေါင်းရှုပ်လာရင် … အလယ်က courtyard ထဲက … မြက်ခင်းဘေးမှာ သွားထိုင်ပြီး … အကြံထုတ်လို့ ရတယ် … “မိ” နဲ့ ရန်ဖြစ်ရင်လဲ ထွက်ထိုင်ပြီး စိတ်ကောက်လို့ ရတယ် … ။
ရှားရှားပါးပါး exhibition တစ်ကြိမ်လုပ်ခွင့်ရခဲ့တယ် … ။ အဆောင်မှူးရဲ့ ခွင့်ပြုချက်နဲ့  ဌာနမှာ ပွဲအတွက် ညဘက်ကြီး ပြင်ကြဆင်ကြ ရတာ ပျော်စရာကြီး……။ Exhibition ကိုလာကြည့်တဲ့ ကျောင်းသူကျောင်းသား တွေကို သိသလိုလို တတ်သလိုလိုနဲ့  လျှောက်ရှင်းပြရတာ အရသာရှိလိုက်တာ ….(အမှန်ကဘာမှ သိပ်မသိ သေးတဲ့ ဒုတိယနှစ်ပဲ ရှိသေးတယ် )။

ဒီ Building

* Main Building*

ဒီအဆောင်ကြီးက main building လို့ ခေါ်တဲ့ အဆောက်အဦကြီး….။ ဒီအဆောက်အဦကြီးရဲ့ အောက်ထပ်မှာ ဆရာကန်တော့ပွဲ….. မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေ … လုပ်ခဲ့တယ်…. ။

ဒီ building ရဲ့အပေါ်ထပ်က … စာသင်ခန်းတွေမှာ မြို့ ပြဌာနကသင်တဲ့ အတန်းတွေမှာ အိပ်ငိုက်ခဲ့ဖူးတယ်…။ ဆရာစာရေးနေတဲ့ … အချိန်မှာ လိုက်မကူးနိုင်ဘဲ … လုံချည်မှာကပ်နေတဲ့ Paper tape တွေကို အသာအယာ ခွာနေတဲ့ ( ပုံဆွဲနေရာကနေ ထလာတာကိုး) အာခီကျောင်းသူကို … ကောင်လေးတွေက “မြင်မြင်သမျှ စိတ်ပျက်အောင် လှပါတဲ့… အိုဗျ… မအာခီ…” လို့ များ…ကွယ်ရာမှာ ပြောလေမလား …။ တကယ်ပြောတာပါ … မျက်တွင်းဟောက်ပက်နဲ့ … အိပ်ရေးပျက်လွန်းတဲ့ “အာခီပျက်” ပါ….။

ဒီ အပေါ်ထပ်က …. ပါချုပ်ရုံးခန်း ကိုလဲ… ခဏခဏရောက်ခဲ့ပါတယ်… (ဒီလိုပဲ…ပါပါကြီးနဲ့  စကားစမြည် ပြောရတာပေါ့)… ။ အဲဒီအပေါ်ထပ် စာသင်ခန်းရှေ့မှာ “လေးမ” နဲ့ “မိ” …. ကောင်လေးတစ်အုပ်နဲ့ … ရန်ဖြစ်ခဲ့ဖူးတယ်…. အကြောင်းရင်းက “လေးမ” … ခလုတ်တိုက်တာကို လှောင်လို့ …. “မင်းကဘာကောင်မို့ လို့  ငါ့ကိုလှောင်ရတာလဲ …. မင်းငါ့ကို ဘာမှတ်နေလဲ… ပါချုပ်နဲ့ တိုင်မယ် ” ဆိုပြီး ရှက်ရမ်းရမ်းပြီး … သွားချဲခဲ့တာ….။ တိုင်ရတာလွယ်လွန်းလို့  … ခြိမ်းခြောက်မိတာပါ….။ “မိ” တောင် ဘောလုံးပွဲမှာ “သေစေနိုင်လောက်တဲ့ အကြည့်ဖြင့်ကြည့်ခြင်း …” ဆိုတဲ့ ပြစ်မှုနဲ့  အတိုင်ခံရသေးတယ် … အဲဒီလောက်…ဆတ်ဆတ်ထိမခံ အတိုင်အတောထူတဲ့ … MTU ကျောင်းသားတွေပါ ….။

ဒီအဆောက်အဦမှာပဲ … ၀တ်ရုံဖားဖားကြီးတွေ ၀တ်ပြီး … ဒီကျောင်း…ဒီလမ်း…ဒီအဆောင်…ဒီသူငယ်ချင်း တွေကို နောက်ဆုံးနှုတ်ဆက်ခဲ့ရတယ်….။ ( မျက်ရည်တွေပါတွေဝဲလို့ …. မင်းဟာ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပါပဲ ………………လို့ ဘယ်သူ့ ကိုမှ မပြောဖြစ်ခဲ့ဘူး…) ။ ။

ဓါတ်ပုံတွေကို ဒီက “မ” လာပါတယ်..။

ခြေလှမ်း…

ကိုနေဘုန်းလတ်နှင့် မြန်မာ Blogger များမှ seminar တစ်ခုကို လှလှပပလွတ်ကျနိုင်ခဲ့ခြင်းကို …ဂုဏ်ပြု သောအားဖြင့် ….နှစ်ဆယ်ကျော် သုံးနှစ် ပတ်လည်က… သော့ခတ်ထားခဲ့တဲ့ ….ကဗျာတစ်ပုဒ်ကို …လွတ်မြောက် ခွင့် ပြုလိုက်သည်…..။ ( ဘာမှတော့ မဆိုင်ဘူး…)
အမိန့် အရ
လေးမ

“ခြေလှမ်း”

“ တိုးဆိတ်
ညင်သက်…
နှင်ရခက်သည်….၊


သခင့်ခြေလှမ်း
ဖွဖွမြန်းလို့ 
စမ်းလို့ ဝင်ရောက်
“ငါ” ကြောက်ခဲ့လဲ…….။ ။”

August လမှာ အကြိုက်ဆုံး…

ရေးပြီးတဲ့ထဲက … အကြိုက်ဆုံး ၅ ပုဒ်ကို … ပြောပါလို့  …ကိုဘုရင့်နောင်က … ဒီလို Tag လို့  … ဟောဒီလို လေး … ရေးခဲ့ပြီးပါပြီ … ။ ဒါပေမယ့် … အမြော်အမြင်ကြီးမားတဲ့ “လေးမ” က … မေ၊ ဇွန် ၊ဇူလိုင် ၃ လစာထဲက ရွေးပါတယ် …Aug ထဲကနောက်တစ်ခေါက် ရွေးပါမယ်လို့  … ရေးခဲ့ပါတယ် … ( အမှန်တော့ အမြော်အမြင်ကြီးတာ မဟုတ်ပါဘူး … နောက် ၃ လလောက်နေရင် … ဘယ်သူမှ မရေးခိုင်းလဲ ကိုယ့်ဟာ ကိုယ် ရေးမလို့ ။ ) အခုတော့ ခင်မင်ရသော….မလေးက ဒီလို tag သောကြောင့် Aug လမှာရေးခဲ့သမျှထဲက အကြိုက်ဆုံး ၅ ပုဒ် ကိုရွေးပါမယ်…။

၁။ Blog သစ်ပင်

(လေးမရဲ့ Blog လေးဖြစ်တည်မှုကို label ၁၂ ခု ၊ post ၄၈ ပုဒ် ပြည့်တဲ့ နေ့ က မှတ်တမ်းတင်ခဲ့တာပါ…)
၂။
သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”

( လောကမှာ “သနပ်ခါးပန်း” နဲ့ တူတဲ့ အမျိုးသမီးတွေရှိနေတဲ့အကြောင်းလေးပါ…)
၃။ အရူးများမဖတ်ရ…ဖတ်သူများမရူးရ…(၁) နှင့် (၂)

( အရူးသုတေသန စာတမ်းပါ…)
၎။
အလင်း

( ကိုမိုးညိုရဲ့ မှတ်ချက်က စကားကိုပြန်သုံးရမယ်ဆိုရင်… ၁၃ ကွာတဲ့ အလင်းပါ … နောင် အသက် ၄၅ ကျော်ရင် အလင်းကပြောင်းနိုင်ပါသေးတယ် …)

၅။ တစ်ကျော့ နှစ်ကျော့ … တေးကိုသီ …

( သီချင်းက အကြားအာရုံကတဆင့် … နှလုံးသားကို ရိုက်ခတ်လာတဲ့အခါ … ထွက်ပေါ်လာတဲ့ ပဲ့တင်သံကို … ဝေမျှထားပါတယ်…)အရင်တစ်ခေါက်က လူ ၁၂ ယောက်လောက်ကို ဒုက္ခပေးပြီးပြီဖြစ်လို့ … ဒီတစ်ခေါက်တော့ တစ်ယောက်ကိုပဲ အလုပ်ပေးပါတော့မယ်….။
“တေလေသီတဲ့သက်ငြိမ်တေးသွားမှာ……ငါတို့တွေ …..ပွား များ သက် ၀င် နေဦးမယ် …” လို့  ကိုငှက်ကို လွမ်းပြတဲ့ ကဗျာဆရာ ၊ “သားကြီးလာရင် ဘာလုပ်မလဲ” လို့ မေးပြီး … သီရိမင်္ဂလာဈေးထဲကို ဆွဲခေါ်သွားတဲ့ ရာသီဥတုအုပ်စုထဲက ရဲရဲဖြူတဲ့ Blogger ကို Tag ပါတယ်….အားရင်ရေးပေးပါရှင် ….။

Why Do We Blog ???

၁၁ နာရီစမယ်မှန်း သိပေမယ့် …ဘာတွေရှုပ်မှန်းမသိအောင် ရှုပ်နေလို့ …၁နာရီထိုးမှ ရောက်သွားပါတယ် ။ ရောက်တဲ့အချိန်မှာ ၀ါးတီးအစီအစဉ်က ပြီးသွားပြီ… ကော်ကော်လဲ မသောက်လိုက်ရတော့ဘူး … ။ သူများတွေ လက်ထဲမှာ ကိုင်ထားတဲ့ … စာအုပ်ဝါ၀ါလေးလဲ မရတော့ဘူး… ။ ယောင်လည် ယောင်လည် … ဟိုကြည့် ဒီကြည့်နဲ့ … ၀င်သွားတော့ …Plastic sheet အဖြူကြီးနားမှာ …လူတွေတပြုံကြီး တွေ့ တယ်…။ စာအုပ်ထဲမှာ ကူးရေးတဲ့ သူတွေကကူးရေး …၊ ဓါတ်ပုံရိုက်တဲ့သူတွေက ရိုက်ဆိုတော့… ဘာတွေများရေးထားလဲ အနားတိုးကြည့်လိုက်တော့ …Oh….my god !! Blogger တွေရဲ့ အော်တိုတွေပါလား… စာသားတွေပါတယ်… လိပ်စာတွေ ပါတယ် … လက်မှတ်တွေ ပါတယ် …။ ဘယ်ရမလဲ … “လေးမ” လဲ လူရှင်းအောင်စောင့်ပြီး …ကမန်းကတန်းလေး ကောက်ခြစ်ပြီး … ခြေရာလက်ရာ ချန်ခဲ့တာပေါ့ …။ ဒုတိယပိုင်းစပြီတဲ့…..
ခပ်မှောင်မှောင် ပါးပါး အရိပ်တစ်ခု… တိုက်ပုံတလွှားလွှားနဲ့  … စင်ပေါ်တက်လာတယ်….။ ကိုစေတန်ဂေါ့ဒ် ပါ …။ သူပြောတာတွေ နားထောင်ရင်းနဲ့  … ရေငတ်လာတယ်… စာမေးပွဲတဖက်နဲ့  အတော်အားထည့် ထားပုံပဲ … သူက ပြောသင့်တာတွေ ပြောပြီး ပြန်ဆင်းသွားတယ်…။

တက်ရောက်လာတဲ့သူတွေ အလှည့်ရောက်ပြီတဲ့ … မေးတော့မယ်တဲ့ …။ မိုက်ကြီးနဲ့  လူကြီးတစ်ယောက် …ရယ်လို့ မောလို့  … ။ သေချာအောင် နောက်နားက… blogger ညီမလေးကိုမေးကြည့်တော့… ကိုစိုးဇေယျ တဲ့ … လိပ်စာလေးတောင်ပြောပြလိုက်သေး … ။
“Blog ရှိလား… အော်… မရှိဘူးလား … ဒီပွဲအကြောင်း ဘယ်လိုသိပြီး ရောက်လာ တာလဲ … သူငယ်ချင်းက ဘယ်သူလဲ … Blog လိပ်စာလေး ပြောပေးပါဦး … ကျောင်းသားလား… ဘာလုပ်လဲ …”

ဒီလို…ဒီလိုတွေ …တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ…. ဘုရား….ဘုရား…အနားရောက်လာပြီ… “လေးမ”ကို… အာရုံမကျပါစေနဲ့ … လက်ဖျားတွေတောင် အေးလာတယ်… မေးလာရင် Blogလိပ်စာ ပြောရတော့မယ် … ပြောလိုက်ရင် …လူကြားသူကြားထဲ ….“လေမန်း”လို့ ခေါ်လိုက်ရင် အရှက်ကွဲတော့မယ်…ထပြန်ရင် ကောင်းမလား … ခေါင်းငုံ့ ပြီး …အသက်ပြင်းပြင်းရှူလိုက်တာ… အဲဒီသတင်းထောက်ကြီး ဟိုဘက်လွှင့်သွားရော ….။ တော်ပါသေးရဲ့ … ။

မမယ်လိုဒီမောင်ကတော့ … ကြော့ကြော့မော့မော့လေး…အရွှန်းဖောက်လို့  …အကျိုးအပြစ်တွေ သုံးသပ်ပြသွားပါတယ် … ။ Blog လိပ်စာထည့်ရိုက်ထားတဲ့ …လိပ်စာကဒ်လေးကိုလဲ ကြွားသွားသေးတယ်…။မမောင်ရဲ့ သံစဉ်တွေပြီးတော့ … ဖြူဖြူ ပါးပါး ရှည်ရှည် အရိပ်တစ်ခု …တက်လာပါတယ် … ကိုမျက်လုံးပါတဲ့ … သူကတော့ ဖြည်းဖြည်း မှန်မှန်နဲ့  … စကားတွေ အများကြီး ပြောသွားပါတယ်… ။ Blog လေးတစ်ခုလဲ လက်တွေ့ ဖန်တီးပြသွားပါတယ်…။

သိလိုသည်များကိုပြန်ဖြေတဲ့ အစီအစဉ်မှာတော့ … နာမည်ကြီး blogger တွေ တစ်ယောက်ပြီး တစ်ယောက် အာခြောက်အောင် ဖြေသွားကြပါတယ် … ။ ကပ်သီးကပ်သပ် အမှန်အကန်မေးထားတဲ့ မေးခွန်းတွေကို တာဝန်ကျေကျေ ဖြေသွားကြတာ ချီးကျူးစရာပါ …..။

Cameramen တွေကလဲ …ရိုက်သလား … မမေးနဲ့  … ရှေ့က ရိုက်လိုက်…နောက်က ရိုက်လိုက် …ဘေးက ရိုက်လိုက်… ခုံပေါ်တက် ရိုက်လိုက်နဲ့ ….။ နောက်မှပဲ သူတို့ ဆီမှာ … ပုံတွေသွားကြည့်ရဦးမယ် …။ ကိုသန့် ဇော်မင်း ကလဲ လက်ထဲက ကင်မရာလေး တဖျပ်ဖျပ်နဲ့ … လက်စွမ်းပြနေတယ် … ဘက်ထရီ အားပြည့် မပြည့်တော့ … ကာယကံရှင်ပဲ သိမှာပေါ့လေ …။ ဓါတ်ပုံလေးရိုက်ရင်း ဘေးက ဖြူဖြူသေးသေး ညီမလေး ၂ ယောက်နဲ့ လဲ … စကားလက်ဆုံကျ နေလိုက်သေးတယ် … သူတို့ ဆွေးနွေးတဲ့ အကြောင်းအရာကတော့ အခုတလော လူကြည့်အများဆုံး Blog တစ်ခုနဲ့ ပတ်သက်ပါတယ် … ကိုသန့်ကတော့ တစ်ခေါက်ပဲသွားပြီး …. နောက်မသွားတော့ဘူးဆိုလား…. သိပ်တော့မကြားလိုက်ပါဘူး ….။ သူတို့ အုပ်စုထဲမှာ … အနှင်းလို့ ခေါ်တဲ့ မနှင်းမိုးဝေလဲ ရှိတယ် ထင်ပါရဲ့…။

၃ နာရီခွဲကျော် သွားပြီ … ကိုစေတန်ဂေါ့ဒ် က မေးခွန်းတွေကို ဖြေနေရတုန်း …။ ဗိုက်က အတော်ဆာလာပြီ… “လေးမ”တစ်ယောက်ထဲ ဆာတာမဟုတ်ဘူး… ဘေးက blogger ညီမလေးဆီကလဲ ….ဂြီ..ဂြီ… တဲ့ အသံၾကား ရတယ် … “လေးမ” လဲ အသံမထွက်လာခင် အမြန်ပြန်မှ … ဆိုပြီး ကံစမ်းမဲ အစီအစဉ်ကို မစောင့်တော့ဘဲ ထပြန်လာခဲ့ပါတယ် ….။

အကြံပြုချက် ။ ။

၁။ Blog စာအုပ်ထုတ်ဝေခြင်းဖြင့်ရရှိသော အကျိုးအမြတ်များကို လှူဒန်းသောအခါ … တစ်နေ့ လျှင် နာရီ ၂၀ blog ရေး၍ ၄ နာရီသာအိပ်သော ကိုညီလင်းဆက်ကို အက်ပီတွန်ဝိတ်ဂိမ်း နှင့် ကိုစေတန်ဂေါ့ဒ်ကို ကယ်လီစပွန်လှူဒါန်းသင့်….။

၂။ ညီမလေး ဘာညာမှလွဲ၍ … အခြားသော blogger များ … လေထန်သော ကွင်းပြင်တွင်… တစ်ယောက်ထဲ မနေသင့် …။
…………………………………………………….
Myanmar Bloggers Society ဆိုတဲ့ အသိုက်အမြုံလေး … ခုလိုပဲ စည်းစည်းလုံးလုံးနဲ့  အဓွန့်ရှည်ပါစေ….။
လူငယ် များရဲ့ အတွေးအခေါ်တွေ … ပညာတွေ … မျှဝေပေးလိုမှုတွေ … လွတ်လပ်စွာ အတောင်ဖြန့်လို့  ပေါ့ပါးစွာပျံသန်းနိုင်ကြပါစေ ….လို့ လှိုက်လှိုက်လှဲလှဲဆုတောင်းရင်း … စက်တင်ဘာ ၁ရက်နေ့  မှာ ကျင်းပခဲ့တဲ့ Why Do We Blog ? ဆိုတဲ့ ပွဲလေးကို မှတ်တမ်းတင်လိုက်ပါတယ်ရှင် ….။ ။

Blogger မောင်နှမများအားလုံးကို ခင်မင်လေးစားလျက်…
လေးမ

P.s. သက်ဆိုင်သူများစိတ်မဆိုးကြေး….. စိတ်ဆိုးတဲ့သူ မုန့် ဝယ်ကျွေး….ပုံတွေကို ဒီမှာ နဲ့ ဟောဒီမှာ…ပဲသွားကြည့်တော့နော်..။