စိတ် …. စွပ်ပြုတ် (၂)

လကုန်ပြီ ဆိုတော့ လေးမ စွပ်ပြုတ်တိုက်နိုင်ပြီ….။ အားရပါးရ သုံးဆောင် သွားကြပါရှင်…။

အရူးပါး

Nasreddin သည် သူ့ ရဲ့ မြည်းပေါ်မှာ စပျစ်သီး တောင်းနှစ်တောင်း တင်ပြီး ဈေးကိုသွားပါတယ် … ။

နေ့လယ်ခင်းလောက် ရောက်တဲ့အခါ ရာသီဥတုက သိပ်ပူတဲ့ အတွက် အရိပ်ရတဲ့ သစ်ပင်ကြီးတစ်ပင် အောက်မှာ ရပ်နားလိုက် ပါတယ်…။ အဲဒီ သစ်ပင်အောက်မှာ သူ့ လိုပဲ ဈေးကို စပျစ်သီး သွားရောင်းမယ့် သူတွေဟာ သူတို့ရဲ့မြည်းတွေနဲ့  အတူ အရိပ်ခို နေကြပါတယ် …။

နေ့လယ်စာ စားပြီးတဲ့ အချိန်မှာတော့ သူတို့အားလုံး တမှေးတမော အိပ်ကြပါတယ်… ။ အားလုံးအိပ်ပျော်ပြီး သိပ်မကြာခင်မှာ Nasreddin ဟာ တခြားသူတွေရဲ့ ခြင်းထဲက စပျစ်သီးတွေကို ယူပြီး သူ့ တောင်းထဲကို ထည့်ပါတယ်…. ( အလစ်တွမ်တာ) …။ ရုတ်တရက် လူတစ်ယောက်နိုးလာပြီး Nasreddin ခိုးယူနေတာကို မြင်သွားပါတယ် …။

ထိုလူက “ ဟေ့လူ….ခင်ဗျားဘာလုပ်တာလဲ..” ဒေါသတကြီး အော်လိုက်ပါတယ်…။

“ ဟို …” “ တမျိုးမထင်ပါနဲ့  ခင်ဗျာ … ကျွန်တော်က ဦးနှောက်တခြမ်း ထိခိုက်နေလို့ပါ … တ၀က်ရူးပါခင်ဗျ … ဒါကြောင့် ကျွန်တော်က ရူးကြောင်ကြောင်တွေ လုပ်မိတတ်တာပါခင်ဗျာ…” Nasreddin ကပြန်ဖြေတာပါ…။

“ အော်…အဲလိုလား… ဒါဆို … ခင်ဗျား တောင်းထဲက စပျစ်သီးတွေကို ဘာလို့ သူများတောင်းတွေထဲ လိုက်မထည့်သလဲ … လိုက်ထည့်လေ…”

“နောင်ကြီးက ကျုပ်ပြောတာကို သဘောမပေါက်ဘဲကိုး…။ ကျုပ်ပြောတာက ရှင်းရှင်းလေး…။

ကျုပ်က တ၀က်ပဲ ရူးတာ… အပြည့်အ၀ ရူးတာ မဟုတ်ဘူးလေ….။”

န်ခံချက် ။ ။ အမည်နှင့် ရေးသူမသိသော Intermediate story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်…။

Nasreddin က ပိုင်တယ်နော် … ။ သူငယ်ချင်းတို့ရော တ၀က်ရူးမလား…. အပြည့်အ၀ရူးမလား … လုံးဝမရူးဘဲနေမလား … ။ တ၀က်ရူးနေတဲ့ လူတွေနဲ့ တော့ ဘ၀ခရီးမှာ အနည်းနဲ့ အများ ဆုံတွေ့  နေရဦးမှာတော့ သေချာတယ်…။ ။

Advertisements

တန်ဆောင်တိုင်…တောင်ကြီးမှာ

တောင်ပေါ်သားတစ်ယောက်ရဲ့ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မြေပြန့် သူတစ်ယောက်အတွက် နာမည်ကြီးလှတဲ့ တောင်ကြီးမီးပုံးပျံပွဲ ကို ဘ၀မှာ ပထမဆုံးအကြိမ် နဖူးတွေ့  ဒူးတွေ့  ကြည့်ရှုခံစားခဲ့ရသော ၁၃၆၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ….

တောင်ကြီးသူတွေက အပန်းရောင်လို့ ခေါ်တဲ့ ပန်းရောင် အနွေးအကျီင်္ကိုထပ် … လည်ပင်းမှာ မာဖလာပတ်… နားရွက်လုံတဲ့ သိုးမွှေးဦးထုပ်ကိုဆောင်း…ခြေအိတ်စွပ်…ဖိနပ်စီး…ပွဲခင်း(မီးပုံးပျံ လွှတ်တဲ့ကွင်း) ထဲသွားရန်အသင့် ….။

တီ…တီ…တီ… ဆိုင်ကယ်တွေ အုပ်စုလိုက် ဘေးက ဖြတ်သွား…။ ဦးထုပ်ဆောင်းဖို့တွေ နှစ်ယောက်ထပ် မပိုဖို့တွေ ဒီချိန်မှာ လာမပြောနဲ့  ….။ နာသွားမယ်…မှတ်…။

ကွင်းထဲမှာ လူတွေ…လူတွေ … လှုပ်ရွလှုပ်ရွနဲ့ … ဟိုသွားလိုက်..ဒီသွားလိုက်….။ ဆိုင်ရာဆိုင်ရာတွေရဲ့ ပွဲကြည့်စင်လေးတွေ ဟိုတစ်ခု ဒီတစ်ခု….အဲဒီအုပ်စုထဲမှာ ဒိုင်လူကြီးတွေရဲ့ ပွဲကြည့်စင်လည်း ပါတယ်…။ လေလုံမိုးလုံ အဆောင်ကြီးတစ်ခု ကွင်းတစ်ဖက်မှာ ထီးထီးမားမား… မမေးနဲ့လေ….ပွဲကြည့်စင်ပေါ့…..။ အလယ်ကောင်က ကွင်းကြီးထဲမှာတော့ ဒီဇိုင်းစုံ….ဆိုဒ်စုံ … ဒေသစုံက ပွဲကြည့် ပရိသတ်တွေ …အပြည့်…အပြည့် ….။ ဘုန်းဘုန်းတွေ… ကိုရင်လေးတွေလည်း သင်္ကန်းရုံလို့…ခြုံလို့….။

ပေါက်စီ… နေကြာစေ့ … ဟိုဟာဒီဟာရောင်းတဲ့ အသည်လေးတွေလည်း ဟိုမှာဒီမှာ….။ တချို့ တချို့  တွေက ဂျာကင်အကျီင်္ထဲက ပုလင်းပြားလေးတွေထုတ်ပြီး လည်ချောင်းထဲ မှုတ်သွင်းနေကြပြန်တယ်….။ အအေးဒဏ် ခံနိုင်အောင်ထင်ပါရဲ့….။

ဟော…ဟော ထောင်ပြီ…မီးပုံးပျံကြီး ထောင်ပြီ….။ လှည့်ပြတယ်….။ တက်ပြီ…။ သိပ်မတက်ဘူး… ဘေးတိုက်ရွေ့ သွားတယ်…. လောင်ပြီ …လောင်သွားပြီ… ။ စိတ်မကောင်းလိုက်တာ….ကြည့်တဲ့သူတွေတောင် စိတ်မကောင်း…။ အချိန်…လူအား…ငွေအား… စိုက်ထုင်္တ ထားရသူတွေ အတွက်တော့ ဆိုဖွယ်ရာမရှိ ….။ နောက်ထပ်မီးပုံးပျံကိုစောင့် …. ကွင်းတပတ်ပတ် … တိုက်ရိုက်လွှင့်နေတဲ့ studio 35 ရှေ့မှာ ဟိုချောင်း… ဒီချောင်းလုပ် …။ တနေကုန် အငြိမ်မနေတဲ့ မျက်လုံးတွေက ဆန္ဒပြ …. မီးပုံးပျံက မစ … ပြန်လာခဲ့ပါသည်… တိုညက လေတိုက်သောကြောင့် မီးပုံးပျံ မလွှတ်ဖြစ်ပါဟု မိုးလင်းတော့ သတင်းရရှိ၏…။

နောက်တနေ့ လူပိုများ….။ လေငြိမ်…မီပုံးပျံတွေတက် … ။သို့သော် မီးလောင်မှုများ ….။

လှလိုက်တဲ့ မီးပုံးပျံတွေ … တော်လိုက်တဲ့ မီးဆရာတွေ … ပျော်လိုက်တဲ့ တောင်ပေါ်သားတွေ … မိုးပျံတဲ့ စိန်နားပန်တွေ … ကြယ်တွေ လတွေ တောင်ငေးကြည့်ကြတဲ့ ညမီးကျည်တွေ ….။ အွန်လိုင်းက ကြည့်ရတာနဲ့  လုံးဝ…လုံးဝ ကွာတယ်…. ခိုပျံတွေ ဖွားကနဲ ..ဖွားကနဲ အရောင်စုံဖြာကျလာတာများ ….ကြယ်တွေ အစုလိုက် ကြွေကျလာသလိုပဲ … ။ အဲဒီမီးပုံးပျံတွေက ၁၅ သိန်း … သိန်း ၂၀ ကုန်တယ်ဆိုတော့ တောင်ပေါ်သားတွေ သိပ်ချမ်းသာတာပဲ …. ၁၅ သိန်းကို မီးရှို့  ပြီးမိုးပေါ် လွှတ်လိုက်တယ်လို့ ကိုးလို့ကန့်လန့်တွေး …။ ဒါပဲပေါ့ … ငွေဆိုတာ ဘာလုပ်ရမှာလဲ …ရိုးရာဆိုတာ … တန်ဖိုးဖြတ်လို့မရဘူး … အစဉ်အလာကို ထိန်းသိမ်းရမှာပဲ … ( ခုတောင် မြန်မာတွေက စတဲ့ သင်္ကြန်ပွဲကို အယုဒ္ဓ ယ ပြည်သားတွေက သူတို့ဆီက စတဲ့ရိုးရာလိုလို ဘာလိုလို လုပ်ချင်နေကြပြီ…. တောင်ကြီးမီးပုံးပျံပွဲလည်း ဘယ်တော့ သူတို့ရိုးရာ ဖြစ်ဦးမယ်မသိ ) …။

နောက်တနေ့ …အဖိတ်နေ့ … ပွဲခင်းသွားဖို့ လမ်းမပွင့်… မျက်စိရှေ့မှာ ရန်ပွဲ … တော်ပြီ…ကြောက်ကြောက် … ပြန်လှည့် … ညဈေးတန်းဆင်း … ဆီချက်စား …. တီဗွီကပြန်ကြည့် …. ။

လပြည့်နေ့ … ချယ်ရီမြေကိုနူတ်ဆက် … အလွမ်းစက်လက်နဲ့  ဟဲဟိုးဆင်း … ။ လေဆိပ်မှာ ကမ္ဘာလှည့် ခရီးသည်တွေ တွေ့ ရလို့ ဒေသခံ ဆိုင်တွေ အတွက်ဝမ်းသာ….။

လေယာဉ်တက်ပြီ ….. မျက်စိမှိတ် …. ဘုရားတ…. နားထဲမှာ အသံတွေကြားနေရတယ် ….

“ အင်းလေးဘုရားဖူးလားဗျ …. ကားထားလို့လည်းရတယ်လေ….”

“ ဇင်ယော်လေ…အစာကျွေးလို့ရတယ်လေ….”

“ပန်းဝယ်သွားလေ ….ရွှေသင်္ကန်းဝယ်သွားလေ …”

“ ရေအိုးမီးဟေ့…ရေအိုးမီး…”

“ ပင်စိမ်းသီးပိုးထိုး …တောင်ကြီးသူကို ရအောင်ပိုး …” ……။ ။

ရေထဲက … မြို့ 

ရေပေါ်မြို့ လေးတစ်မြို့ ကိုရောက်ခဲ့ပါသည် ….( ဒူဘိုင်း မဟုတ်ပါ)…။

လှေကလေးများဖြင့်သွားရပါသည် ( ဗင်းနစ် မဟုတ်ပါ )…။

မြန်မာပြည် အရှေ့ဖျားက အင်းလေး ဖြစ်ပါသည် …။

သူတို့… ဒီလိုပဲ သွားကြ လာကြ တယ်…။

အဲဒီမှာ ဒို့ တိုင်းရင်းသားတွေ ဒီလို နေကြတယ်…။ ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်…. ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်….။

တောင်တန်းကြီးတွေ ပတ်လည်ရံထားတဲ့ ရေပြင်ထက်မှာ တစ်ယောက်ထဲ လှေလှော်နေတဲ့ လှေရှင်မှာ သောကမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ … ။

အားမငယ်ပါဘူးလို့ ဘယ်သူ အာမ ခံမလဲ … ။

လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် သူဒီလောက် အားငယ်မယ် မထင်ပါ လို့ အင်းလေးမှာ ရွာတဲ့မိုးမှာတော့ သီချင်းရေးဆရာက ရေးထားတာပဲလေ…။

အနာဂတ်နိုင်ငံတော်ကို ထုဆစ်မယ့် လက်တွေကို ပျိုးထောင်တဲ့နေရာ … ။

ပိုက်ပိုက်တွေ ရှာပေးနေတဲ့ နေရာလေးတွေ … ။ ရိုးရာနဲ့  တိုးလာတဲ့ ၀င်ငွေလေးတွေ…။

ခရီးတစ်ထောက်နား… ထမင်းလည်းစားလို့ရတဲ့ … ဘိုတဲလေး…။

“…..ဘဲအုပ်က တစ်ရာနှစ်ရာ …. မဗေဒါကတစ်ပင်တည်း” ဆိုတဲ့ မဗေဒါ ကို လည်း အဖော်အပေါင်းတွေနဲ့  တပျော်ကြီးတွေ့ ခဲ့ရလို့ “ …ဘယ်လိုလဲ မဗေဒါ ..” လို့ မေးဆတ်ပြ တဲ့အခါ .“….ပန်းပန်လျက်ပါ…” တဲ့….။ ။

အချစ်ဆုံးသို့  အိတ်ဖွင့်ပေးစာ

ကိုဝေ ( သတင်းစာ) က ခင်ရင်ရေးပါဆိုလို့ “လေး” ရှက်ရှက်နဲ့  ရေးလိုက်ပါတယ်… ကို……။

အိတ်ဖွင့်ပြီးပေးပါဆိုလို့ ဘလောခ့်မှာ တင်လိုက်တဲ့အတွက် သူတို့ ဖတ်ကြရင် အပြစ်မတင်ပါနဲ့  …ကို…။

ခုချိန်မှာ လွမ်းနေရတဲ့ … ပြောပြချင်နေတဲ့ … အကြောင်းလေးတွေကို ရေးလိုက်ပါတယ်…ကို … ။

အခုချိန်မှာလေ…….

တစ်လတစ်ခါ ရခဲ့ဖူးတဲ့ သိမ်မွေ့ တဲ့ စာသားတွေရေးထားတဲ့ ကဒ်လှလှလေးတွေကို လွမ်းတယ်….။

ခဏခဏ ရခဲ့ဖူးတဲ့ မွှေးပွ အရုပ်လေးတွေကို သတိရတယ်….။

သနပ်ခါးလေးနဲ့  လှတယ်ဆိုလို့ သွေးခဲ့ … လိမ်းခဲ့ရတဲ့ ..သနပ်ခါးတွေကို အားနာတယ်…။

လုံချည်လေးနဲ့ လှတယ်ဆိုလို့ သူများတွေကို ပေးပစ်ခဲ့တဲ့ pants တွေကို နှမြောတယ် … ။

မုန့်တွေ တပွေ့ တပိုက်နဲ့  အဆောင်ကို ရောက်ရောက်လာတတ်တဲ့ လူကြီး နဲ့  မုန့်တွေကို သတိရတယ် …။

အတူထိုင်ဖူးတဲ့ ပုလဲအောက်က ကော်ဖီဆိုင်လေးကို လွမ်းတယ်….။

အဆောင်ရှေ့မှာ လက်တွဲပြီး လမ်းလျှောက်ချင်တဲ့ဆန္ဒကို မလိုက်လျောခဲ့မိတာ နောင်တရတယ်…။

အရာရာတိုင်းဟာ အလှည့်အပြောင်း….. အချိုး အကွေ့ တွေများလှတယ်…ကို….။

ဒါပေမယ့် စကားလုံးမရှိတဲ့ ကောင်းကင်ကြီးကို ပြောပြစရာ စကားလုံးတွေ ရှားပါးခဲ့တဲ့ တိမ်လို…လလို….ကြယ်လို….ညလို….မိန်းကလေးကတော့ စကားလုံးတွေ ဆွံ့ အနေတုန်းပဲ….။

လေး

ဘယ်သူ့ ကို ဆက်လက် ဂျောက်တွန်းရရင် ကောင်းမလဲလို့ တနေကုန် စဉ်းစားလိုက်တော့…

၁။ ကြွက်တွေကို ခြိမ်းခြောက်တဲ့ ကြောင် ကြီး နဲ့ 

၂။ စလုံးရေစ မမ ဆိုတဲ့ ဓါတ်ပုံဆရာလေး ကို အာရုံရတယ်…..။

ကဲ..ကဲ…..စာအိတ်တွေ ဖွင့်ပြ….။ မဖွင့်ပြရင် လူပျိုကြီးဘ၀က မလွတ်ပါစေနဲ့ ….။ ။

4th Anniversary

Kn

ကျွန်မ မှာ လက်တစ်စုံရှိတယ်

အဲဒီလက်တစ်စုံက

Zaha Hadid လို

ကမ္ဘာကျော် ဒီဇိုင်းတွေ မဆွဲနိုင်ခဲ့ပါဘူး …

ဒါပေမယ့်

နှစ်ယောက်အတူနေဖို့

အိမ်လေးတစ်လုံးတော့ ပုံဖော်နိုင်ခဲ့တယ် …။

အဲဒီလက်တစ်စုံက

ချန်ဂင်လို

နာမည်ကျော် ဟင်းလျာတွေ မချက်ပြုတ်နိုင်ခဲ့ပါဘူး …

ဒါပေမယ့်

မေတ္တာနဲ့ ချက်တဲ့

ဟင်းတစ်ခွက်တော့ ချက်နိုင်ခဲ့တယ်….။

အဲဒီလက်တစ်စုံက

မာသာထရီဆာလို

….. လို

…..လို

ကမ္ဘာ့ အကျိုး … လူသားတွေ အကျိုး

သယ်ပိုးသွားဖို့ ဆန္ဒမပြင်းပြ ပါဘူး ….

ရိုးရိုးလေးပဲ … ဘ၀ကို ကုန်ဆုံးသွားချင်ပါတယ် …။

အပင်လေးတွေ ရေလောင်းရင်း

ငါးလေးတွေ အစာကျွေးရင်း

ဖစ်နိုင်ရင် ပုခက်လွှဲရင်း

“ကို့” လက်ကို မြဲမြဲတွဲထားချင်တယ် ….။ ။

WordPress and me

အတွေ့ အကြုံ ရှင်းလင်းပွဲ

Internet ဆိုတာ e-mail ဖတ်ဖို့ … ပို့ဖို့ နဲ့  google search မှာ လိုတာလေးတွေ ရှာဖို့လောက်ပဲ နားလည်ထားတဲ့ လေးမဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂျောက်ချမှုကြောင့် ဘလောဂ့်လောက ကြီးထဲကို မအူမလည်နဲ့ ရောက်ခဲ့တာပါ …။ အဲဒီတော့ free host တွေ ရှိတယ် ဆိုတာ မသိဘူး..နားမလည်ဘူး…။ ခုတော့ လေးမ သိပြီ…။ http://phpnet.us မှာလည်း account လုပ်တယ်…။ www.byethost.com မှာလည်း account ရှိတယ်…။

ဘာလို့ account နှစ်ခုဖြစ်သွားလဲ ဆိုတော့ phpnet.us နဲ့ လုပ်တာ ကြော်ငြာတွေ တက်တက် လာတယ်…။ မတက်အောင် မလုပ်တတ်ဘူး….။

အဲဒီတော့ မဟုတ်ကဟုတ်က ကြော်ငြာတွေ တက်လာမှာ စိုးလို့ ကြော်ငြာမတက်တဲ့ byethost.com မှာ နောက်တစ်ခု ထပ်လုပ် လိုက်တယ်….။

လုပ်ပုံလုပ်နည်း ကတော့ ကိုအတာ နဲ့  ကိုသင့် ရေးထားတာတွေအတိုင်း တဆင့်ချင်း လိုက်လုပ်သွားတာပဲ…။

wordpress ကို log in ပြီးတဲ့ အထိ အိုကေပဲ …။

ပြသနာက template က font နေရာမှာ ဇော်ဂျီသွင်းမှ စတော့တာ …။ font မြင်တိုင်း ဇော်ဂျီ လိုက်ထည့်တာပဲ…. မရဘူး …။

နောက်ဆုံး စိတ်ဆိုးဆိုးနဲ့  နေရာတိုင်းမှာ ( { တွေ့ တာနဲ့  font-family: Zawgyi-One,….,…,) ဆိုပြီး လိုက်ထည့်လိုက်တယ်….။ ရသွားတယ်… စာတွေအားလုံး ဇော်ဂျီဖြစ်သွားတယ် ….။

ဒါပေမယ့် Ie မှာပဲ အလုပ်လုပ်တယ်… Firefox မှာ အလုပ် မလုပ်ဘူးကိုသန့် က “ မမလေး iblogger.org က အတုကြီး..ဘာမှနှိပ်လို့မရဘူး ” လို့ ပြောမှသိတယ်…( ဟွန်း….မခံချင်လိုက်တာလေ)…. ကိုသင့်ကလည်း…“ လေးမ မင်းဘလောဂ့် ထုံနေတယ်တဲ့ ” ….ကောင်းရော ….။ အဲဒီညက အသေအလဲ ဟိုကလိ ဒီကလိနဲ့ …။ မရဘူး…။

မနက်ရောက်တော့ ကိုအတာက template ကို backup လုပ်ပြီး download ပြန်လုပ်ကြည့်…တဲ့…။ ဟုတ်သားပဲ…templateမှာ ပြသနာရှိနိုင်တာပဲ ဆိုပြီး template ပြောင်းကြည့်တော့ ရတယ်…။ လေးမ ဇော်ဂျီ ထည့်တုန်းက လက်လွန် သွားတာ ဖြစ်မှာပေါ့ …။

နောက်ပြသနာက font size ။ အကြီးကြီးတွေ ဖြစ်နေတယ်….။ px ရော % နဲ့ ရော အမျိုးမျိုးပြင်တာ မရပြန်ဘူး…။

နောက်တော့ တလောက စေတန်ဂေါဒ့် ပြောပြထားတဲ့ အတိုင်း ie browser > page > text size> small ကို ပြောင်းလိုက်တော့ အိုကေသွားတယ်… ။

လေးမက medium နဲ့ ပဲ ကြည့်တာကိုး….။ wordpress မှာ စာလုံးတွေက ပြူးပြူးပြဲပြဲကြီး ဖြစ်နေတယ်…။ Template font size မှာ ညှိပေမယ့် မပြောင်းတာကို ခုထိ မကျေနပ်သေးဘူး….။

ဟော …အိုကေသွားပြီ ထင်ပါသလား…။ .နိုး….။ နောက်ထပ်ပျားတစ်ကောင် ထပ်တုပ်သေးတယ်….။

နေရာဟောင်း laynge.wordpress က ပိုစ့်တွေ import လုပ်တော့ ဒုက္ခ နဲ့ လေးမ နဲ့  တွေ့ ပြန်ရော … ။

free hostကနေလုပ်တဲ့ blog မှာ maximum 1 M ပဲ import လုပ်ခွင့်ပေးတယ်…။

လေးမ မှာက ပို့စ် ၁၀၀ ကျော် … comment ၅၇၀ ကျော်ဆိုတော့ 1.5 ကျော်နေတယ်….။ ဘယ်လိုမှ မရဘူး…။

wordpress.com မှာတော့ 3 M အထိရတယ်….။ အဲတော့ wordpress.com မှာ နောက်ထပ် အခွဲ blog တွေ လုပ်လိုက်တယ်….။

ပြီးတော့ laynge ကနေ export လုပ်… file save….ပြီးတော့ အခွဲ ၂ ခုကို အဲဒီ file တွေ import လုပ်တယ် ….။

ပြီးတော့ အခွဲ ဘလော့ဂ်၁ ခုမှာ ဇွန်…ဇူလိုင်…သြဂုတ် ပို့ စ်တွေပဲထားပြီး ကျန်တာတွေ ဖျက်….။

နောက်တစ်ခုမှာ စက်တင်ဘာ…အောက်တိုဘာ….နိုဝင်ဘာ…ပို့စ်တွေထား…ကျန်တာဖျက်….။

file size တွေ လျော့သွားပြီလေ…။

ပြီးတော့ အဲဒီ ဘလောဂ့်တွေကနေ export လုပ်….ပြီးတော့ import to layma’s virtual world ….။ 1M အောက် ၂ နေရာကခွဲပို့တော့ ကျေးဇူးရှင်က လက်ခံလိုက်တယ်…။

ရောက်လာရော….အားလုံးရောက်လာရော…(ပိုင်တယ်နော်….)။

ဒီလိုနဲ့  wordpress ကြီးနဲ့  ၂ ရက် လောက် ချာချာလည် ပြီးသကာလ … Layma’s virtual world ဖြစ်လာပါတယ်…။

သုံးရတာ အဆင်ပြေပါတယ်…။ Template တွေကလည်း လှတယ်…။ Template လှလှလေးတွေ ရှာနိုင်ရင် ရှာနိုင်သလောက် အလကားရမယ်…။

တစ်ခုတော့ရှိတယ်နော်….။ Connection နဲ့ သူနဲ့  သိပ်မတည့်ဘူး …

ပထမ တစ်ရက်က တညလုံး iblogger.org ကို ခေါ်လို့မရဘူး…။ တခြား site တွေ အကုန်ရတယ်….။

နောက်နေ့ ကျတော့ ပို့စ်တွေ edit လုပ်ရတာ အရမ်းကြာတယ်….။ တခြားတွေ site တွေ ဖြတ်ခနဲ ..ဖြတ်ခနဲ တက်နေတာတောင် သူ မတက်လာဘူး….။ ဖတ်ရုံပဲဆိုရင်တော့ မြန်တယ်….။ Edit လုပ်ဖို့ ကြာတာ …။

သူများအိမ်ထဲ လှေကားထောင်ဝင်ပြီး … ကွန့် မန့်မှာ အာချောင်ပြီး ပြန်လာကြည့်တာတောင် တုပ်တုပ် မလှုပ်ဘူးနော်….။

တော်တော် ညစ်သွားတယ်…။ Blogspot ပြန်ပြေးရင်လည်း ခဲနဲ့ ပေါက်ခံ ရတော့မယ် … ။

သေချင်တဲ့ကျား တောပြောင်း လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်…။ ကျော်ရတာ နှေးလို့ ပြောင်းကာမှ သူက ပိုကြာနေတော့ မခက်ဘူးလား…။

ဒီနေ့ကျတော့လည်း မြန်နေပြန်ရော ….။ သူမဟုတ်သလိုပဲ …. ။ သိပ်စိတ်မမှန်တာက လွဲရင် အားလုံး ဂွတ်ရှယ်ပါပဲ ရှင် ….။ ။

အနှစ်သက်ဆုံး စာရေးဆရာများ

အနှစ်သက်ဆုံးစာရေးဆရာတဲ့လား ညီမလေး မိုးချစ်သူ ရယ်…။

လေးမ က ပုဂ္ဂိုလ်စွဲနဲ့ သိပ်မဖတ်ပါဘူး…။ မျက်စိနဲ့ တွေ့ တဲ့ စာအုပ်ကိုဖတ် … ၊ စိတ်နဲ့ တွေ့ တဲ့ အရေးအသားကို ကြိုက် … ၊ ရင်ဘတ်နဲ့  ထိရင် စွဲလန်း …။

ဒါပေမယ့် ခဏခဏဖတ်မိတဲ့ စာအုပ်တွေရဲ့ ဖန်တီးသူတွေကတော့ …..

၁။ ဂျူး

-တခါတလေ လက်မခံနိုင်တဲ့ ကြားကကို ကြိုက်တယ်… အကြိုက်ဆုံးက …. ပင်လယ်နှင့်တူသောမိန်းမများ

၂။ ဂျာနယ်ကျော် မမလေး

– ဆရာမရဲ့ မိန်းမပီသလွန်းတဲ့ ဇာတ်ကောင်မင်းသမီးတွေကို မနာလိုဖြစ်စွာနဲ့ ဖတ်ဖြစ်တယ်……အကြိုက်ဆုံးက……အဖြူ

၃။ မိုးမိုး ( အင်းယား)

– ဘ၀တွေ အကြောင်းကို လက်တွေ့ ကျကျ သိချင်တဲ့အခါ ဖတ်တယ်…..အကြိုက်ဆုံးက ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး….. ။

၎။ မစန္ဒာ

– ဘ၀ … ဟာသ…. ကျောင်းသူဘ၀ ဗရုတ်သုတ်ခတွေ ရေးထားတတ်လို့ ကြိုက်တယ် … …. … ဆရာမက ဗိသုကာတစ်ယောက်ဖြစ်လို့လဲ ကြိုက်မိတယ် ထင်တယ်… ငယ်သူမို့မသိပါ ထဲက ဗရုတ်သုတ်ခ ဂျစ်တူး ကို ငါ့များ စောင်းရေးထားသလား လို့တောင် ထင်မိသေး … ။ အကြိုက်ဆုံးက….. ဂျီဟောသူ (အာခီမေဂျာကိုယူဖို့ ဒီဝတ္ထုက ဘေးတီးပေးခဲ့တာ ဖြစ်မယ် …. ။

၅။ တက္ကသိုလ်ဘုန်းနိုင်

– စိတ္တဇဆန်တဲ့ ဇာတ်ကောင်တွေကို ကြိုက်တယ် … ဆရာ မွေးတဲ့ ဇာတ်ကောင် တော်တော်များများရဲ့ စိတ်က ထူးဆန်းတယ် … ခိုင်တို့… မောင်ညိုမှိုင်းတို့  …နုငယ် တို့…။ အကြိုက်ဆုံးက …. ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး ရေးထားတဲ့ … သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်… ။

၆။ ခင်နှင်းယု

– နိုင်ငံရေးအဖြစ်အပျက်တွေရောယှက်ပြီး နူးညံ့တဲ့ အချစ်အကြောင်း … မတည်ငြိမ်တတ်တဲ့ လူ့ မနောတွေကို ကွက်ကွက်ကွင်းကွင်း ရေးပြတတ်တယ်….။ အကြိုက်ဆုံးက မြကြာဖြူ …. ။

၇။ ကာတွန်းဦးဘဂျမ်း

မြန်မာကလေးတွေအတွက် မြန်မာကာတွန်းတွေ သေချာရေးပေးခဲ့လို့ မြန်မာကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ လေးမက ကြိုက်တယ်…။

၈။ မင်းလူ … တာရာမင်းဝေ တို့လည်း တခါတလေ ကြိုက်တယ်….။ ရယ်ရလို့…။

၉။ နီကိုရဲ ကို “သိကြားနဲ့ အသူရာ” တစ်အုပ်ကြိုက်တယ်….။

၁၀။ လျို့ ဝှက်သည်းဖို နဲ့  ဘာသာပြန်တွေရေးတဲ့ ရွှေဥဒေါင်း ကိုလည်း ကြိုက်တယ်….။ စာခြောက်ရုပ် ကို အကြိုက်ဆုံး…။

ဘာတဲ့…. လူယောင်ဆောင်ထားတဲ့ စာခြောက်ရုပ် မြို့တက်ဖို့ မ၀ံ့မရဲ ဖြစ်တော့ ဒွေးသာဂိက သင်ပေးတဲ့စကား…။ “ မကြောက်နဲ့ .…ဟုတ်ပါ့ဗျား…မှန်ပါ့ဗျား…အမိန့်တော် မြတ်အတိုင်းပါခင်ဗျား…ဆိုတဲ့ စကားသာ ရေလဲသုံး…. ဘေးမတွေ့ ဘူး…တဲ့… ကံကောင်းရင် လူပေါ် လူဇော်တောင် ဖြစ်ဦးမတဲ့…လေ…” ။အကြိုက်ဆုံး စာသားပဲ…။

တော်ပြီ …၁၀ ယောက်ပဲ ရွေးတော့မယ် … ။ အဆုံးသတ် ပြောရရင် online မှာရေးနေတဲ့ blogger တွေကိုကြိုက်လို့ စာအုပ်ဆိုင် ဘက်တောင် သိပ်မရောက် ဖြစ်တော့ဘူး…။ ရေးခိုင်းတဲ့ ညီမလေး ဆုမွန်ကို ကျေးဇူးတင်ပါတယ်….။ မမသမုဒယမညလေး နဲ့  ညိမ်းညို ရဲ့ အနှစ်သက်ဆုံး စာရေးဆရာ၊ ကဗျာဆရာ တွေကိုလည်း မျှဝေကြပါဦးနော်…။

မှတ်ချက် ။ ။ ကျော်ကြားသူတို့၏ အမည်ကို သူတို့ကျော်ကြားသည့် အမည်အတိုင်းသာ ဖော်ပြလိုသောကြောင့်…. ဦး၊ ဒေါ်၊ ဆရာ၊ ဆရာမ မတပ်ဘဲ ရေးသားထားခြင်းသည် ရင့်သီးခြင်း မဟုတ်ပါ…။ ရှိတ်စပီးယားကို မစ်တာ ရှိတ်စပီယား ဟု ရေးလေ့မရှိသလို ၀င်းဦးကို ဦးဝင်းဦး ဟုခေါ်ရမှာ တစ်မျိုးကြီးဖြစ်နေသလို … ထို့ကြောင့် ထို့ကြောင့်….blar…balar..blar… ။