အစား.. အသောက်…

ဒိုင်ယာရီ စာမျက်နှာ ( ၁၃ ) ။ ။ အစားအသောက် …

မုန့်တီသည်ရဲ့ မုန့် တီသုတ်

သူမ နာမည်ကို လေးမ မသိပါ …။ သူ့ ကို မုန့်တီသည် လို့ ပဲ ခေါ်ကြပါသည် …။ သူ …. မုန့် တီကို ဘယ်လိုရောင်းသလဲ လေးမ မမှတ်မိတော့ပါ ( ဟောဒီက မုန့်တီလို့ ပဲ ရောင်းသလား… မုန့်တီ ရမယ်လို့  အော်သလား… ဘာမှမအော်တာလား… မမှတ်မိတော့ ) …။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ဆိုရင် သနပ်ခါး အဖွေးသားလိမ်းပြီး အဆောင်ရှေ့ မှာ သူရောက်နေတတ်ပြီး အဆောင်သူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်… ။

“ မုန့် တီသည် … မုန့်တီ စပ်စပ်လေးတစ်ပွဲ ”

“ကျွန်တော့်ကို ငရုတ်သီး လုံးဝ မထည့်နဲ့ …”

“ မုန့်တီသည် … ခင်ဗျား မုန့် တီကြီးက ဘာလိုနေမှန်းမသိဘူး… စားမကောင်းဘူးဗျာ… ပြင်ပေး…”

“ ဟုတ်လား… လာခဲ့ … အချိုမုန့်  တစ်ပေါက် နှစ်ပေါက် … ပေါက်လိုက်မယ်…”

အဟုတ်ပဲ … ပုလင်းထဲက အချိုမှုန့်  အတောင့်လိုက်ကြီးတွေ ကျလာပြီးရင် မုန့် တီက ကောင်းသွားပြန်ရော…။

လူရှင်းတဲ့ အခါမျိုးမှာတော့….

“ ဒီမှာ မုန့် တီသည် … ကျွန်တော်တို့  ကျောင်းသူတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေ… ကျွန်တော်တို့  ကျန်းမာရေးဟာ မုန့် တီသည် အပေါ် အများကြီး မူတည်နေတယ်…”

“အဲဒီတော့ …”

“ ခင်ဗျား မုန့် တီထဲ အချို မှုန့်  မထည့်နဲ့  ဗျာ…”

“ ဘာဖြစ်လို့ တုန်း ကိုယ့်လူ ရဲ့…”

“ အချိုမှုန့် က ကင်ဆာဖြစ်စေတယ်ဗျ… ကင်ဆာဆိုတာ မြန်မြန် သေတဲ့ ရောဂါ ဆိုးဗျ”

“ အချိုမှုန့်  မသုံးရင် ဘာသုံးရမတုန်း…”

“ဒါတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ … ကျွန်တော်မှ ဟင်းမချက်တတ်ဘဲ… ဘယ်သိမတုန်း”

သို့ ပေမယ့်လဲ…. ကျောင်းပြီးတဲ့အထိတော့ အချိုမှုန့်  နဲ့  နယ်ထားတဲ့ မုန့် တီသုတ်ကို တစ်ရှိုက်မက်မက် ၀ါးမျိုခဲ့ပါတယ် …။

“ မုန့် တီသည်… အကြွေးမှတ်ထားလိုက်နော်… နောက်မှပေးမယ်… ။ ခင်ဗျား … အတင်းတော့ မအုပ်နဲ့ နော်…”

“ အမယ်လေး… ကိုယ့်လူရယ်… ကျုပ်က အတင်းမအုပ်တတ်ပါဘူး… ဟိုကောင်မလေးဆို… ကျုပ်ကို မုန့်တီကြွေး ပေးရမှာ ၃၀၀၀ တောင်ရှိပြီ… ကျုပ်က မပြောပါဘူး… ။”

စာမေးပွဲ နီးတဲ့အခါ…..

“ မုန့် တီသည် .. ကျွန်တော်တို့  စာမေးပွဲတွင်း စားဖို့  ဟင်းကြော် လုပ်ပေးဦး… အစပ်လျှော့နော်…”

“ အေး.. နက်ဖြန်ညနေလာပို့  လှည့်မယ်…”

“ ခင်ဗျားသား… နေအောင်ကို ပို့ ခိုင်းလိုက်လေ…”

“အဟဲ… အဟုတ်ပြောတာဗျ… မုန့်တီသည်… ခင်ဗျားသားက ချောတယ်… ခင်ဗျားကို ယောက္ခမတော်မယ်ဗျာ …”

အဲသလို စခဲ့ရတဲ့ မုန့် တီသည် သားလေးတောင် မိန်းမ ခိုးပြေးသွားရှာပြီတဲ့…။ ရွှေမိရေ… နင့်ကို မစောင့်နိုင်ဘူးတဲ့…။

မက်မန်းဝိုင်

“ ဟေ့.. မိ နဲ့  လေးမ .. မေမြို့ တက်တဲ့ ကောင်တွေဆီက ၀ိုင်တစ်ပုလင်း ဓါးမြတိုက်လာတယ်… ။ သောက်မလား…။”

“ သောက်တော့ မသောက်ဖူးဘူး… ဒါပေမယ့် သောက်ကြည့်မယ်..”

“ အမယ်လေး .. မိဘတွေ သိရင်တော့ ရင်ကျိုးမယ်… ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့  ကျောင်းတက်ဖို့  လွှတ်လိုက်တာ…”

“ ဒါလည်း သင်ယူရမယ့် ပညာပဲလေ… ပညာစုံအောင်သင်မှ ကျေးဇူးဆပ်ရာရောက်တာပေါ့ …”

“ ရော့.. ဒီမှာ အာလူးကြော်… ဒီမှာ ခွက်… စမယ်…”

“ နေဦး… အလောင်းအစားနဲ့  သောက်မယ်… ဒီမှာ အကြွေစေ့… ခေါင်းပန်းလှန်မယ်… တစ်ကြိမ်မှန်ရင် တစ်ခွက်သောက်…”

တစ်ခွက်

နှစ်ခွက်

သုံးခွက်

“အရက်မူးတယ်ဆိုတာ ဘယ်လို ဟာမျိုးလဲ မသိဘူးနော်…။ အိပ်ချင်လာတာလား…။ မိ… ငါ … အိပ်ချင်လာပြီ…။ ငါ.. မူးပြီထင်တယ်နော်…။ ငါ… အိပ်တော့မယ်… မသောက်နိုင်တော့ဘူး…။”

“နင်ကလည်း အဲဒါမူးတာ မဟုတ်လောက်ပါဘူး…။ နေပါဦး…။”

“မရဘူး… အိပ်မယ်.. အရက်မူးရင် ကျွဲခိုးပေါ်တယ် တဲ့…။ မူးရင် စကားတွေ လျှောက်ပြောတယ်ဆို …။ မျိုထားတဲ့ စကားတွေ ထွက်ကုန်လိမ့်မယ်…။ တော်ပြီ.. အိပ်မယ်…။”

အဲဒီတုန်းကတော့ ၀ိုင်ကို သောက်ဖူးတယ်ရှိအောင် သောက်ကြည့်ခဲ့ပါတယ်…။ အခုတော့ နုပျိုတယ်… သွေးလှည့်ပတ်မှုကောင်းတယ် ဆိုလို့  တခါတရံ သောက်ပါတယ်…။ အဲဒီတုန်းကလိုပဲ မမူးခင် မြန်မြန်ရပ်ပြီး အိပ်ပစ်လိုက်ပါတယ်…။ သူ့ ကို ရစ်မိမှာ စိုးလို့ပါ… ။

ယမ်ယမ်ပုစွန်ချဉ်စပ် ကြက်ဥရော

“ ဟူး. ဗိုက်ဆာလိုက်တာ…”

“ ရသာမှန် ယမ်ယမ်…”

“ ပြုတ်လိုက်လေ … ကြာသလားလို့ … ကြက်ဥ တစ်လုံးကျန်သေးတယ်… ထည့်ပြုတ်လိုက်…”

“… ဒေါက်.. ဒေါက်..”

“ ဝေ…”

“ ဟဲ့.. အဆောင်မှူး အခန်းတွေ လိုက်စစ်နေတယ်… အောက်ထပ်မှာ တွေ့ ခဲ့တယ်…”

“အေး… အေး.. မိ… နင့် ခေါက်ဆွဲ လက်စဖျောက်… ”

“ ဟဲ့.. နင့်ကက်ဆက်ကို ပိတ်လေ…”

….

“ဒေါက်… ဒေါက်… ၇၉ တံခါးဖွင့်…”

“ ဟုတ်ကဲ့ မမ..”

“အေး.. ဘာလုပ်နေကြတုန်း..”

“ ပုံဆွဲနေတာ … မမ..။ project ရှိလို့ …”

“အေး… မိုးချုပ်ထိမဆွဲကြနဲ့ … အိပ်ရေးပျက်ပြီး အတန်းမတက်နိုင်ဘဲနေမယ်…”

“ ဟုတ်… စောစော အိပ်မှာ..မမ…”

“ နင်တို့  အခန်းထဲက ခေါက်ဆွဲပြုတ်နံ့  ရသလိုပဲ…”

( အဆောင်မှူးကလည်း အနံ့ခံတော်လိုက်တာ)

“မမ စိတ်ထင်လို့ ပါ… မရှိပါဘူး…”

“ ငါ… အခန်းထဲ ရှာ ဦးမှပဲ”

“ ဟုတ်… ရှာပါမမ.. အားနာလိုက်တာ… စာရွက်တွေပွနေလို့ …”

ဟိုရှာ ဒီရှာ ဟိုကြည့်.. ဒီကြည့်… ဘာမှမရှိပါ..။

“အေး.. အေး.. အခန်းထဲမှာ မီးမသုံးနဲ့ နော်… ရေနွေးလိုရင် စားဖိုဆောင်မှာ ညနေကတည်းက ဓါတ်ဘူးနဲ့  သယ်ထား.. ကြားလား…။ ဘယ်အခန်းက ပြုတ်နေလဲ မသိဘူး…။ အနံ့ ရတယ်… တစ်ခန်းခန်းတော့ မိမှာပဲ… သွားဦးမယ်

“ဟုတ်.. မမ”

“လေးမ… တံခါးဂျက် သေချာထိုးပြီးပြီလား…”

“အေး..ပြီးပါပြီ.. မြန်မြန် ထုတ်ပါ.. စားချင်လှပြီ…”

ရွှေမိက ကုတင်အောက်က … စက္ကူဗူးထဲက …. ထမင်းပေါင်းအိုးအလွတ်ထဲက …. ခေါက်ဆွဲပြုတ်ပန်းကန်လေးကို ထုတ်လိုက်ပါတယ်…။

၃ မိနစ်ပဲ.. စောင့်…

တစ်ယောက်တစ်ဇွန်း မြန်မြန်လေး ဖြိုလိုက်တာ ၃ မိနစ်အတွင်းပြိုသွားပါတယ်….။        

ခိုးစားရတဲ့ ခေါက်ဆွဲပြုတ်.. လုစားရတဲ့ ခေါက်ဆွဲပြုတ်… ငတ်နေတုန်း စားရတဲ့ ခေါက်ဆွဲပြုတ်မို့ … အရသာရှိလှသည်…။

လေးမသည် တစ်ခါတစ်ရံ၌ ဘဲဥတွေ… ငါးဖယ်တွေနဲ့ နယ်ထားတဲ့ နန်းကြီးသုတ်ကို စားရင်း ဂေါ်ဖီနဲ့  ပဲမှုန့် ပဲပါတဲ့ အဖြူရောင် မုန့် တီ သုတ်ကို သတိရနေတတ်သလို …

ဝိုင်ဖန်ခွက်လှလှလေးထဲက အနီရောင် အရည်တွေဟာ ပလတ်စတစ်ခွက်အဟောင်းလေးထဲက အနီရောင် အရည်တွေနဲ့   အာနိသင်ချင်း တူမတူ တွေးတောနေတတ်ပြီး ….

လုစားမယ့်သူမရှိတဲ့ ခေါက်ဆွဲပြုတ် ပန်းကန်ကြီးရှေ့ ချပြီး ငူငူကြီး ထိုင်နေတတ်ပါသည် …။ ။

အမှတ်တရ ( ၃ )

အသစ်မရေးဖြစ်သေးလို့ တစ်ချိန်တုန်းက မပန်ဒိုရာရဲ့ “ ဘာသာပြန်ကြည့်ဦးမလား ” အစီအစဉ်မှာ အာချောင်ခဲ့ဖူးတဲ့ လက်ရာဟောင်းလေးကို ဖုန်သုတ်ပြီး ပြန်တင်လိုက်ပါတယ်…။ သစ် ချင်ယောင်ဆောင်တာပါရှင်…။

“One Act Play”

Love or lust.
Perhaps a memorable start.
Enjoy your sweet moments.

Just be conscious.
We shall depart.

ပန်ဒိုရာ
———————–
သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။

လေးမ


အဲဒီကဗျာရေးပေးခဲ့တော့ အရီးပန်က “ နာမည်ကလည်း ပြောင်းပြန်…ကဗျာ ဘာသာပြန်တော့လည်း ပြောင်းပြန်….” ဆိုပြီး အသိအမှတ်ပြုခဲ့တယ်…။ ။

မှတ်ချက်။ ။ တခြားဘလော့ဂ်ဂါတွေလည်း ရေးထားသေးတယ်… ဒီမှာက မူရင်း..။

Feeling 28 ( 4 )

၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ ၊ ၂၀၀၇ ဆိုတဲ့ ခုနှစ်တွေက လူတစ်ယောက်ကို သူကိုယ်တိုင်တောင် သတိမပြုမိလိုက်ဘဲ ပြောင်းလဲ သွားဖို့ တော်တော်လုံလောက်တဲ့ အချိန်ကာလတွေ ဖြစ်လို့နေပြန်ပါတယ်…။

သိပ်မထူးခြားလှတဲ့ ပြောင်းလဲမှုတချို့ကို ပြောပြရရင်….

၁။ မိဘအိမ်မှာ အမေချက်ကျွေးတာစားပြီး ကျောင်းမှာ အဆောင်က ကျွေးတာစား.. သူငယ်ချင်းတွေ ချက်တာစားနဲ့ ဇိမ်ကျကျ နေခဲ့တဲ့ မိန်းကလေးတစ်ယောက် မီးဖိုထဲကို ချက်ပြုတ်နည်း စာအုပ်တွေ ကိုင်ပြီး ယောင်တိယောင်ကန်းနဲ့ ၀င်ရောက်ခဲ့ရတဲ့ ဘ၀ကနေ… မီးဖိုထဲမှာ နေသားတကျ ဖြစ်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်လာခဲ့တယ်…။

မှတ်မှတ်ရရ..အမေ့ကို “ မေမေ ဘာလို့ သမီးကို ဟင်းချက်နည်းတွေ သင်မပေးလိုက်သလဲ ဆိုတာ သမီး သိပြီ.. ဟင်းချက်ရတာ သင်စရာမှ မလိုဘဲ…သိပ်လွယ်တာပဲ … အခြေခံသဘောတရားကလည်း တူတူပဲ …ကိုယ်စားဖူးတာတွေ စဉ်းစားပြီး ဘာတွေ ပါလဲ စဉ်းစားပြီး စိတ်ကူးပေါ်သလို ချက်လိုက်ရုံပဲနော်..” လို့..ပြောဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်… သမရိုးကျ အိမ်မှာစားတဲ့ ဟင်းလောက်ကတော့ very easy ပါ…။

ခုဆိုရင် မလုလုဆီက ခိုးလာတဲ့ ဟင်းချက်နည်းတွေနဲ့ ပိုတောင် အလုပ်ဖြစ်နေပါသေးတယ်…။ ဒါကြောင့် မီးဖိုချောင်မ၀င်ဖူးတဲ့ မိန်းကလေးကို ယောက်ျားလေးတွေ အထင်မသေးပါနဲ့ … ခေါင်းမရမ်းပါနဲ့… ။အချိန်တန်ရင် သူ့ဟာသူဖြစ်သွားလိမ့်မယ်… လို့ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး..ပြောချင်ပါတယ်…။

၂။ ဈေးထဲမှာ ဈေးသည်တွေ ရန်ဖြစ်တာကို တစ်ခါတွေ့ဖူးကတည်းက ဈေးသည်တွေကို ကြောက်ပြီး ဈေးမဆစ်ရဲခဲ့တဲ့ မိန်းကလေးက ခုတော့

ဟေ့ဘော်ဒါ… ဟေ့သူငယ်ချင်း …အန်တီ…. ဦးလေး… အဖွား.. အဆင်ပြေသလို ခေါ်ပြီး မရမက အဆစ်တောင်း..ဈေးဆစ်တတ်နေပါပြီ…။

၃။ တစ်ချိန်တုန်းက အချိန်ကုန်မှာစိုးလို့ အပို အလုပ်တွေ သိပ်မလုပ်… တီဗွီတောင်သိပ်မကြည့်ခဲ့လို့ သူငယ်ချင်း “မိ” ကတောင်ပြောခဲ့တယ်…

“ နင်သေရင် နာရီတစ်လုံး ထည့်ပေးလိုက်မယ်… အချိန်ကြည့်ပြီး အလုပ်လုပ်လို့ရအောင်လို့…” တဲ့…။

ခုတော့ အချိန်တွေကို မကုန်ကုန်အောင် ထိုင်ဖြုန်းပစ်နေတတ်တယ် ( ကွန်ပြူတာရှေ့မှာလေ ) …။

“မိရေ..နာရီ..မထည့်ပေးနဲ့တော့နော်… ငါ့ blog လေးထည့်ပေးလိုက်ရင် ကျေနပ်ပါပြီ…”…

၎။ တစ်ခါတုန်းက အားလုံးရဲ့ ရှေ့မှာ ရှိနေရမယ်ဆိုတဲ့ လောဘတွေနဲ့ လောင်မြိုက်ခဲ့တဲ့ … ကိုယ့်အတ္တွနဲ့ ကိုယ် ချောင်ပိတ်မိခဲ့တဲ့ … ရုပ်ကလာပ်တစ်ခု လောင်ကျွမ်းလို့

အခြေအနေတိုင်းကို ကျေနပ်တင်းတိမ်နိုင်အောင် ကြိုးစားရင်း… ရည်မှန်းချက်ကြီးကြီး… မျှော်လင့်ချက် များများတွေကို သေးသေးလေးတွေ အဖြစ်ပုံစံပြောင်းခဲ့တဲ့ နာမ်ရုပ်တစ်ခုအဖြစ် အသွင်ကူးပြောင်းလာခဲ့တယ်…။

အရှည်ကြီး မရေးချင်လို့ ၅ ချက်ပဲ ရေးမယ်လို့ ဆုံးဖြတ်ထားတာ.. ။ ဘယ်အပြောင်းအလဲနဲ့ အဆုံးသတ်ရပါ့..။

၅။ အဟဲ… သိပ်လှချင်လာတာပဲ…။

ပြီးပါပြီ….။

လေးမရဲ့ ခံစားမှု (၂၈) ကို စိတ်ဝင်တစားဖြစ်စေ … ချစ်ခင်ရင်းနှီးမှုကြောင့်ဖြစ်စေ…ကြုံကြိုက်မှုကြောင့်ဖြစ်စေ… ဖတ်ရှုသွားကြသော … ပျော်ပျော်ပါးပါး စနောက်သွားကြသော … လေးမ၏ အဖွဲ့သားများအားလုံးနှင့် မိတ်ဆွေသစ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေရှင် …။ ။

Feeling 28 ( 3 )

တကယ်တော့ ဒီအကြောင်းကို ချန်ထားမလို့ပါဘဲ… ဒါပေမယ့် မောင်မျိုးက ရယ်ချင်သတဲ့လေ… ဆီပုံးမှာ လာအော်သွားတယ်…။ လေးမရဲ့ အဖြစ်ကို ဖတ်ပြီး ရယ်ပေဦးတော့ သူငယ်ချင်းတို့ရေ…။

အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။

ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest room ခဏ၀င်မယ်ဆိုပြီး ၀င်လိုက်ပါတယ်…။

ရေချိုးခန်းထဲရောက်တော့ လက်ထဲက tissue လေး ပြုတ်ကျသွားလို့ ကုန်းကောက်လိုက်တယ်…။

အဲဒီမှာ သွားရော..ကျပ်နေအောင်ချုပ်ထားတဲ့ အကျီင်္က လက်မောင်းချုပ်ရိုးတွေ ပြုတ်ကုန်ရော…။

ငိုမဲ့မဲ့ နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ သတို့သမီးကိုကြည့်ပြီး အားလုံးလန့်သွားပါတယ်…။

အပ်ချည်အ၀ါရှာပြီး ၀တ်ထားတဲ့ အကျီင်္မှာ လက်နဲ့ ကိုယ်ထည်ပြန်တွဲပေးနေတော့ အပ်စူးမှာလည်းကြောက်…

တောင်ရှည်..ခေါင်းပေါင်းနဲ့ သတို့သားကလည်း ပြီးသေးဘူးလား… အချိန်နီးနေပြီ ဆိုပြီး အပေါက်ဝမှာ ရစ်သီရစ်သီလာလုပ်နေတော့ ဇောချွေးတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်…။

မိတ်ကပ်မာမီကတော့ ချွေးပြန်နေတဲ့ မျက်နှာကို မိတ်ကပ်လိုက်ဖို့ရင်း သမီးလေး.. စိတ်လျှော့ထား… ဘာမှ မဖြစ်ဘူး..အေးအေးဆေးဆေးပဲ… လှလှလေးပြုံးနေလို့ပြောပါတယ်…။

သူတို့ပြင်ဆင်တာပြီးတာနဲ့ စိတ်မြန်တဲ့ သတို့သမီးဟာ ထိုင်မသိမ်းကို မပြီး မိတ်ကပ်ခန်းအပြင်ဘက်ကို ဇိုးဇိုးဇတ်ဇတ်နဲ့ ထွက်လိုက်ပါတယ်…။

ပွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်နေပြီမို့ စတိုင်လ်နဲ့ မလျှောက်နိုင်တော့ပါဘူး…။

မိတ်ကပ်မာမီတစ်ယောက်က ဟဲ့..သတို့သမီး..ဖြည်းဖြည်း ..စိတ်လျှော့….နဲ့ အော်ရှာပါတယ်…။

သတို့သားနဲ့ လက်ချင်းချိတ်လိုက်မှပဲ သူတို့သမီးနြေ္ဒရသွားပါတယ်…။

ခန်းမထဲကို ၀င်ဖို့ လှေကားကဆင်းလာပါတယ်…။

ဗွီဒီယိုရိုက်တဲ့သူက အော်တယ်… စကားလေးပြောပြီး ဆင်းလာပါ..အသက်ဝင်အောင်လို့ပါ တဲ့…

သူကငဲ့ကြည့်ပြီး..

ပျော်လား..

အင်း…အဟင်း…ဟိုလေ …. စူးနေတယ်

ဟင်..ဘာလဲ…ဘာစူးတာလဲ…

ပြုံးပြုံးလေး ခင်ဗျာ တဲ့ ( ဓါတ်ပုံဆရာက အော်နေတယ်)

ဟိုလေ.. ထိုင်မသိမ်းမှာ ထိုးထားတဲ့ ပင်အပ်..ပင်အပ်တွေက ခြေလှမ်း လှမ်းလိုက်တိုင်း စူးနေလို့…

အန်… ဘယ်လိုလုပ်ကြမလဲ

ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ…

အသာလေးထိန်းလျှောက်နော်…မဲ့ရင် ဓါတ်ပုံထဲမှာ မလှဘဲနေမှာနော်… သည်းခံလိုက်နော် …တဲ့…။

အခွေထဲမှာ အသံမပါလို့သာ တော်တော့တာပေါ့…။

လှချင်ပါတယ်ဆိုမှ အဲဒီနေ့က ……။

အော် ….. မင်္ဂလာဆောင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါလားနော်…။

အဲဒီအဖြစ်လေးက အဲဒီတုန်းက ..စိတ်ညစ်စရာ…ခုတော့ ရယ်စရာလေး ဖြစ်သွားပြီ…။

အဲဒီတုန်းက ၀မ်းနည်းပြီး ခုထိစိတ်မကောင်း ဖြစ်ခဲ့ရတာကတော့ … အဲဒီနေ့က အိမ်မှာ ဖေဖေ မျက်ရည်ကျသတဲ့….။ ။

ဆက်ပါဦးမည်..။ မြန်မြန် လက်စသတ်နိုင်အောင် အဖြစ်အပျက်တွေကို ချုံ့လိုက်ပါ့မယ်…။

Feeling 28 ( 2 )

တက္ကသိုလ်တက်စမှာ မိန်းကလေး ကျောင်းကလာပြီး အစ်ကိုတွေ မောင်တွေ မရှိသူမို့ ယောကျာ်းလေးတွေကို သိပ်ကြောက်ခဲ့ပါတယ် …။

စကားလာပြောရင်လည်း ပြန်မပြောရဲ…စရင်လည်းမရီရဲ … မြှားနဲ့ပေါက်ရင်လည်း လှည့်မကြည့်ရဲ …။

သိပ်ကြီးကျယ်တာပဲဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူခဲ့ပါတယ်…။

နောက်တော့ ကျောင်းကမဟုတ်တဲ့ အပြင်က အစ်ကိုလေးယောက်နဲ့ မိတ်ဆွေတွေ ဖြစ်လာတဲ့အခါ ယောက်ျားလေး မိတ်ဆွေတွေက အင်မတန် ကူညီတတ်တယ်ဆိုတာ သဘောပေါက်သွားပါတယ်….။

အစ်ကိုတွေက ကျောင်းကဆွဲခိုင်းတဲ့ Drawing တွေအတွက် အမြဲကူညီပေးခဲ့သလို .. .ကျွန်တော်တို့ကို သစ်ရွက်မျိုးစုံရှာပေးပါဗျာ ဆိုရင်လည်း သစ်ရွက်မျိုးစုံကို လွယ်အိတ်အနီကြားကြီးထဲ ထည့်ပြီး.. မန္တလေးကနေ ပုသိမ်ကြီးအထိ ခရီးဝေးကို လာပေးပါတယ်…။

အရောင်တွေ စပ်လို့ မရဘူးဗျာ ဆိုရင်လည်း ငါတို့ စပ်ကြည့်မယ်ဆိုပြီး အဆောင်ရှေ့က မြက်ခင်းပေါ်မှာ အားရပါးရထိုင်ပြီး အရောင်တွေ စပ်ကြပါတယ်…။

ဆရာ က ဌာနကို တိုင်းခိုင်းတဲ့ အခါမှာလည်း သူတို့ပဲ ပေကြိုးကိုင်ပြီး တိုင်းပေး.ကူပေးခဲ့ကြတာပါ…။

မန္တလေးတောင်ပေါ်မှာ… အိမ်တော်ရာ ဘုရားမှာ…. တောင်သမန်အင်းမှာ … ၀က်သားတုတ်ထိုးဆိုင်မှာ …ဈေးချိုထဲမှာ … ရတနာပုံ ကစားကွင်းမှာ … အသုတ်ဆိုင်မှာ… မုန့်ပျစ်သလက်ဆိုင်မှာ … ဘီသုံးလုံးမှာ လေးမတို့ ၇ ယောက်ရဲ့ ခြေရာတွေ … ခုချိန်မှာ ပြန်ရှာတွေ့နိုင်ပါဦးမလား…။

အဆောင်က မိန်းကလေးတစ်ချို့ရဲ့ ဘယ်တစ်ယောက်နဲ့ ဘယ်သူနဲ့ ကြိုက်သွားမလဲ ဆိုတဲ့ ခပ်တိမ်တိမ်အတွေးတွေကို မောင်နှမလို … သူငယ်ချင်းလို အဖြူရောင် သံယောဇဉ်တွေက အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပါတယ်…။ နောက်တော့ ကျောင်းတွေ…အလုပ်တွေနဲ့ ဝေးကွာသွားလိုက်တာ ခုထိ ပြန်မဆုံကြတော့ဘူး…။

ရန်ကုန်မှာ ပညာဆက်သင်တဲ့အချိန်မှာတော့ … ကာလအကြာကြီး အိပ်မောကျနေခဲ့ရှာတဲ့ … လေးမရဲ့ ဖူးစာရေးနတ်ကြီးက ဗြုန်းဆိုနိုးလာပြီး မြှားနဲ့ထပစ်ပါတယ် …။

မြှားမှန်သွားတဲ့ သေရာပါဒဏ်ရာကြောင့် ၂၀၀၃ မှာ “ ရှေ့က လျှောက်မှာလား.. နောက်ကလိုက်မှာလား ” ဆိုတဲ့ မေးခွန်းနဲ့ ကမ်းကြိုလာတဲ့လက်ကို “ ဘေးက လိုက်ရင် အိုကေလား..” လို့မေးရင်း လှမ်းခိုလိုက်ပါတော့တယ်….။

ဆက်ပါဦးမည်..။

Feeling 28 ( 1 )

အကယ်ဒမီ စိုးမြတ်သူဇာက ၃၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ခံစားမှု ၃၅ ဆိုတဲ့ စာအုပ်ထုတ်ဝေခဲ့တယ်…။ လေးမကလည်း ခေတဲ့သူမှမဟုတ်ဘဲ … အကယ်ဒမီ ၁၅ ထပ်ကွမ်းလေ ( မောင်မျိုးပေးတာ)….။ ဒီတော့ ရေးမှာပေါ့… လာပြီ..ခံစားမှု ၂၈…။

လူတိုင်းမှာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ရက်စွဲတွေ … သက္ကရာဇ်တွေ ကိုယ်စီရှိကြပါတယ်…။

အဲဒီရက်စွဲတွေထဲမှာ ရေးမချထားပေမယ့် သတိရစရာတွေ..၀မ်းနည်းစရာတွေ …ပျော်စရာတွေ… မေ့သွားတာတွေ… မှတ်မိနေတာတွေ အများကြီးပါပဲ …။

လေးမရဲ့ ၂၇ နှစ်တာဖြတ်သန်းလာတဲ့ လမ်းဟောင်းလေးကို ပြန်ငဲ့ကြည့်ရင်း မှတ်မှတ်ရရ မှတ်တမ်းလေးတစ်ခု ရေးထားချင်လာတယ်…။

ဝန်ခံစရာတစ်ခုက ဒီမှတ်တမ်းထဲမှာ ကိစ္စတော်တော်များများနဲ့ … သောကတွေ … မျက်ရည်တွေကို ချန်လှပ်ထားခဲ့ပါတယ်….။

၁၉၈၀ … ဇန်န၀ါရီလရဲ့ နေ့တစ်နေ့မှာ လေးမ လူ့လောကထဲ ရောက်လာပါတယ်…။

သမီးတစ်ယောက်ရှိပြီးသားမို့ သားယောက်ျားလေး လိုချင်နေတဲ့ မေမေက ဘာလေးလဲဆရာမ… မိန်းကလေး..လို့လဲဖြေရော… ဟင်…ဆိုပြီး ဟိုဘက်လှည့်သွားခဲ့မိတယ်လို့ မေမေက အမြဲပြောပါတယ်…။

အဲလိုပြောခဲ့ပေမယ့် မေမေက လေးမကို သိပ်ချစ်ပါတယ်…။

လေးမ ၁၆နှစ်အထိ အမေမပါတဲ့ ခရီးဆိုလို့ တစ်ခါပဲသွားဖူးပါတယ်…။ ခုချိန်မှာ မေမေ အားအကိုးဆုံးကလည်း လေးမပါပဲ…။

ဖေဖေကတော့ တာဝန်ကျနေတဲ့နေရာကနေ အပြေးအလွှား ဆေးရုံကိုလာကြည့်တော့ ဆရာမ ချီလာတဲ့ ကလေးလေးက pink color လေးလို့ပြောပါတယ်…..။

လေးမ ငယ်ငယ်က ဖေဖေက pink လေးလို့ခေါ်ပါတယ်…။

၃နှစ်သမီးအရွယ်က ..အမေရိုက်လို့ အဖေနဲ့ သွားတိုင်မယ်ဆိုပြီး အမေအ၀တ်လျှော်နေတဲ့ အချိန်မှာ အိမ်တံခါးလှပ်ပြီး အိမ်ပေါ်က ဆင်းသွားဖူးပါတယ်…။

၎ နှစ်သမီး အရွယ် မူကြိုစတက်တဲ့ အချိန်မှာ “ သမီးကို သူများ လာလုပ်ရင် .. မခံလာနဲ့..ပြန်သာလုပ်ပစ်ခဲ့..” လို့ အမေမှာလိုက်တဲ့ စကားကို သေချာလိုက်နာခဲ့တဲ့ အတွက် လေးမရဲ့ ကျောင်းရာဇ၀င်မှာ လေးမ ခံလာရတယ်ဆိုတာ မ၇ှိခဲ့ပါဘူး…

သူများကို ရန်စခြင်းမရှိသော်လည်း မကျေနပ်လျှင် ခြေထောက်ကလေးတော့ ထိုးခံပစ်တတ်သည့် ညစ်ကျယ်ကျယ် လူဆိုးလေး ဖြစ်ခဲ့ပါတယ်…။

၅ နှစ်ကနေ ၁၆ နှစ် အထိ မိန်းကလေးကျောင်းမှာ ပညာသင်ယူခဲ့ပါတယ် …

တပ်မတော်နေ့ ဥာဏ်စမ်း ရေးဖြေပြိုင်ပွဲတွေမှာ စစ်သီချင်း တစ်ပုဒ်မှ ဆုံးအောင်မရေးပြနိုင်ဘဲ တလွဲတွေချည်း ဖြေတတ်ပေမယ့် မိခင်နဲ့ကလေးစောင့်ရှောက်ရေးက ကျင်းပတဲ့ ကျန်းမာရေးဗဟုသုတ စာမေးပွဲတွေအတွက်တော့ “အထူးအောင်” ဆိုတဲ့ မှတ်ချက်ရေးထားတဲ့ အောင်လက်မှတ် ၃ ခု ပိုင်ဆိုင်ခဲ့ပါတယ်…။

ဒါပေမယ့် ဆရာဝန်တစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး…။

ဆယ်တန်းဖြေပြီး အောင်စာရင်းစောင့်နေတဲ့ အချိန်ကစပြီး တက္ကသိုလ်မတက်ခင်အထိ study guide အဖြစ်ပိုက်ဆံရှာခဲ့ပါတယ်…။

မနက် ၇ နာရီကနေ ကျောပိုးအိတ်တစ်လုံးနဲ့ ထွက်လိုက်တာ ည ၉ နာရီခွဲအထိပါ … ညပိုင်းက အိမ်ပေါ်ထပ်က ညီမလေးကို Guide လုပ်ပေးတာပါ …။

ထို့နောက် မန္တလေးမှာ တက္ကသိုလ် ကျောင်းသူဘ၀ကို ပျော်ရွှင်စွာ … လေးနက်စွာ …အဓိပါယ်ပြည့်ဝစွာ ဖြတ်သန်းခဲ့ပါတယ်…။

၁၈ နှစ်သမီးကတည်းက အမေ့ အိမ်နဲ့ ခွဲသွားလိုက်တာ ဒီနေ့အထိ သမီးကို အမေ လက်လွှတ်ခဲ့ရတယ် လို့ မေမေက မကြာခဏပြောခဲ့ပါတယ်…။

ဆက်ပါဦးမည်…။ ။

အမှတ်တရ … ဒီ … ၃၁ …

ရင်ခုန်နှစ်သစ် …

၃၁ … ဒီဇင်ဘာ … အဝေးကဖုန်းမြည်သံရယ်…. တစ်နှစ်ကူးချိန် အိပ်မက်မက်တယ်…..

ဒီသီချင်းလေးက ဒီအခန်းထဲမှာ ပျံ့လွှင့်နေတာ ၁ လလောက်ရှိသွားပြီ …။

နိုဝင် ဘာလကတည်းကပေါ့..။

ခပ်တိုးတိုးလေး လိုက်ဆိုနေတဲ့ ၂၂ နှစ်အရွယ် ကောင်မလေးရဲ့ မျက်နှာကို သေချာကြည့်ရင် ပြုံးနေတာကို တွေ့ ရလိမ့်မည် ..။

ပြုံးတာမှ မျက်လုံးလေးတွေပါ ပြုံးနေကြတာ …။ အရည်လေးတွေတောင် တဖျတ်ဖျတ်လက်လို့…။

ဒီဇင်ဘာ ၃၁ ရောက်ရင် … အဖြေပေးပါနော် …တဲ့ …။

ဒီနေ့ ဒီဇင်ဘာ ၃၁ … အဖြေပေးရတော့မယ် … ။

ပေးစရာ အဖြေက အဆင်သင့် .. ဒါပေမယ့် ..ဘယ်လိုပုံစံမျိုးနဲ့ ပေးရမှန်းမသိ …

အဲဒီနေ့က သူငယ်ချင်းနဲ့ တနေရာကို လိုက်သွားမိတယ်…။

၃၁ ည …. မောဟိုက်နွမ်းလျစွာနဲ့ ဖုန်းမြည်သံလေးကို စောင့်စားနေခဲ့တယ်….။

နေ့လည်က ဖုန်းတစ်ခါပြောပြီးသား…

“ ကို ညနေအလုပ်ပေါ်လာလို့ မလာနိုင်တော့ဘူး .. ညကျမှ ဖုန်းဆက်လိုက်မယ်နော်”…တဲ့…။

တီ…တီ …

ဟယ်လို

တကယ့်ကို တောင်းပန်ပါတယ်ကွာ .. အရေးကြီးကိစ္စ ပေါ်လာလို့ပါ …

ရပါတယ်

စိတ်ဆိုးနေလား

ဟင့်အင်း…နားလည်ပါတယ်..

ဆောရီးပါကွာ

ဟုတ်…

ဒီနေ့ အဖြေပေးမယ်လို့ ပြောထားတယ်နော်… ပေးလေ…

အင်း …မပေးတော့ဘူး…

ဟာ…..စိတ်ကောက်သွားတာလား…..အဲလိုမလုပ်ပါနဲ့ … ဒီမှာ သူငယ်ချင်းတွေ စတိတ်ရှိုး ခေါ်တာတောင် မလိုက်ဘူး…

မကောက်ပါဘူး….စဉ်းစားဦးမယ် … နောက်နှစ်မှ ပေးမယ်…

တော်ပြီ…အိုကေ..ဒါပဲနော်…ဖုန်းချလိုက်တော့မယ်…

ဟာ…နေဦး…မရဘူး ….ပြန်ဆက်မှာ…

မဆက်နဲ့ … အားလုံးအိပ်ကုန်ပြီ … ဒီနေ့မပေးဘူးဆိုမပေးဘူးပဲ… ဒါပဲ….။

ဖုန်းချပြီး အိပ်ရာပေါ်ကို လဲချလိုက်တဲ့အခါ လူက တော်တော် နုန်းနေပြီ …။

အိပ်မက်တွေပြိုလဲ … ယဉ်ထားတဲ့ စိတ်ကူးတွေ ကျိုးပဲ့သွားစေတဲ့ တရားခံက ဘယ်သူလဲ လို့ မေးခွန်းထုတ်လိုက်တော့ ကိုယ်ကိုယ်တိုင် ဖြစ်နေပြန်တယ် …။

မနက်က သူငယ်ချင်းနဲ့ ဗေဒင်သွားမေးခဲ့တာကိုး…။

ဒီနှစ်ထဲမှာ အိမ်ထောင်ရေးစဉ်းစားရင် ကံဆိုးလိမ့်မယ် … မွေးနေ့ကျော်ပြီးမှ ကောင်းမယ်….။

အဖြေပေးဖို့တော့ရှိတယ်…ဆရာမ ..ရလား..။

မရဘူး ..နောက်နှစ်မှ ပေးလိုက်ပါ ….။

သေရော … ကောင်းရော ..။

လက်ထပ်မည့်သူကိုပဲ ချစ်သူအဖြစ်လက်ခံမယ်ဆိုတဲ့ မိန်းကလေး အတွက် ချစ်အဖြေဟာ လက်ထပ်ပါမယ်ဆိုတဲ့ အဖြေနဲ့ အတူတူပဲမို့ တစ်ဘ၀လုံးစာ ကံမဆိုးဖို့အတွက် ခဏတာ အချိန်လေးနဲ့ လဲလှယ်ရပေမပေါ့လေ…။

ဒီလိုနဲ့ .. ဒီလိုနဲ့ … ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညလေးမှာ အိပ်မက်ထဲမှာ ချစ်သူနဲ့ တွေ့ ဖို့အတွက် မိန်းကလေးတစ်ယောက်ဟာ အိပ်ဆေး တစ်ခြမ်းသောက်ပြီး အိပ်ပျော်သွားပါတော့တယ်။

အဲဒီကောင်မလေး ဘယ်သူလဲဆိုတော့ …. ပြောပြဘူး…. သတ်ချင်သတ်….။ ။

ကိုရန်အောင် က tag လို့ ဆော့ဖြစ်တဲ့ အမှတ်တရ ၃၁ ဆိုတဲ့ Tag Game မှာ လေးမက ပါဝင်ရေးသားစေချင် သူတွေကတော့ ကိုသန့် ၊ မောင်မျိုး ၊ ဂျယ်ရီမနုစံ ၊ သိုးမလေး နဲ့ သဇင်ဏီ တို့ဖြစ်ပါတယ်ရှင်..။

The man at the hostel

မိန်းကလေးဆောင်က  အစ်ကိုကြီး … 

တရံရောအခါက  မန်းချယ်ရီဆောင်မှာလေ …. 

ည ၈ နာရီလောက်  သူငယ်ချင်းတစ်ယောက်က  တိုးတိုးလေး လာပြောတယ် … ။ တဖျတ်ဖျတ်တောက်သွားတဲ့  မျက်လုံးတစ်စုံ နဲ့   ချက်ချင်းပဲ  ထလိုက်သွားလိုက်တယ်… ။ အခန်း နံပါတ် ( ရ…) ရှေ့ အရောက်မှာ  တတောက်တောက်ခေါက်လိုက်တယ် … ။ ဆံပင်ကုတ်ဝဲလေးနဲ့   ကောင်မလေးတစ်ယောက်ရဲ့  မျက်နှာပေါ်လာတဲ့အခါ … “ ငါလည်း  မေးချင်လို့ ..” … ။

အခန်းရှင်က  ခေါင်းတချက် ဆတ်အပြမှာ  ဆွေ့ ကနဲ  အခန်းထဲကိုရောက် … ၀ရန်တာက  အုပ်စုထဲမှာပူးပေါင်းလိုက်ပါတယ် … ။ “ ကြာပြီလား…” လို့ ဘေးကတစ်ယောက်ကို  မေးလိုက်တော့.. ခုမှစတာ…” တဲ့ …။ သူတို့  အားလုံး  မှန်တချပ်ကို  အာရုံ  စိုက်နေကြတယ် …။ မှန်ပေါ်မှာ A to Z  နဲ့  1 to 10  ရေးထားတယ်… ၀ိုင်းထိပ်မှာ  ထိုင်နေတဲ့  ကောင်မလေးဆီက  အသံထွက်လာတယ်… ။

“ ရောက်ပြီလား…” လက်ညှိုးသုံးချောင်းတင်ထားတဲ့  ကျားပရုပ်ဆီဘူး  အနီဝိုင်းလေးက  ‘Y’ ဆိုတဲ့ နေရာလေးကိုရွေ့သွားတယ် … ။

“ခုရောက်နေတဲ့သူက  ယောက်ျားလား…မိန်းမလား…”   M ‘ … 

အစ်ကိုကြီးပေါ့… ညီမလေးတို့  မေးတာတွေ  သေချာဖြေပေးမှာလား… ‘ Y ‘

ကဲ…မေးကြပြီ… ။ “ … စာမေးပွဲအောင်မှာလား…”  “ ဂုဏ်ထူး  ဘယ်နှစ်ခုပါမှာလဲ ….”  …။

ရိုးရိုးသားသားမေးခွန်းတွေကုန်တော့ ( မိန်းကလေးတို့  ထုံးစံ  အတိုင်း) ဆန်းဆန်းပြားပြား  မေးခွန်းတွေ ဆက်ပါလေရော … ။ “ အစ်ကိုကြီး…အခု  ….. ကို ကြိုက်နေတဲ့သူ  ဘယ်နှစ်ယောက်ရှိလဲ…”  “ ဒီဝိုင်းထဲမှာ  ဘယ်သူအရင်  စွံမှာလဲ … ”  “ ….ရဲ့ ဖူးစာရှင်က ဘာလုပ်လဲ …”  …အဲသလို..အဲသလိုတွေပေါ့နော်…။

ကိုယ့်အလှည့်ပြီးတော့  သူ့ အလှည့် …။

“အစ်ကိုကြီးက  ဘယ်တုန်းက  သေတာလဲ …”  ….19…

“ ဘာလို့သေတာလဲ …” …… 

“နာမည် ဘယ်လိုခေါ်လဲ ”  ‘ Thura ‘ 

“ အစ်ကိုကြီးက  ဘယ်နားမှာနေတာလဲ ”   at your hostel 

  “ ဟင် … ဘာလို့  မိန်းကလေးဆောင်မှာနေတာလဲ …”  want to protect my sisters… 

အဆောင်ရဲ့ဘယ်နားမှာနေတာလဲ ”   the tree over there  , at the corner

“ အဲဒီသစ်ပင်မှာ  ဘယ်နှစ်ယောက်  နေတာလဲ ဟင်…”  “ 11 ” … ဘုရား… ကြက်သီးကဖြန်းကနဲ … ရင်ထဲမှာလှပ်ခနဲ  ဖြစ်သွားတယ် … ဘုရား…ဘုရား အဲဒီသစ်ပင်က ငါ့ အခန်းနဲ့   တန်းနေတာပဲ…ဒါကြောင့် လေတိုက်ရင်  အရမ်းလှုပ်တာ …။ 

“ အစ်ကိုကြီးမှာ ရည်းစားရှိလား … ”   Y  

 “ ချောလား…”   Y  , can you help me ? 

“ ဘာကူညီရမှာလဲ …”  pls, call her … here’s her phone no. ——-  အားလုံး  ကြက်သေသေသွားတယ်…။

 “ အစ်ကိုကြီးရယ်  တခြားဟာ ခိုင်းနော်…။” No, you must… you asked me many questions …. so do it for me …. “

“သေလိုက်ပါတော့…ပြသနာတော့စပြီ…ဘယ်လိုလုပ်ကြမလဲ…”  “ ရတယ်…သူ့ ကို ပြန်ခိုင်းလိုက်တော့မယ် …. ” 

 သရဲကို ဘယ်လိုပြန်ထုတ်မှာပါလိမ့်…ခေါ်တုန်းကတော့မမီဘူး… သေချာမှတ်ထားမှ…. ၀ိုင်းထိပ်က  ကောင်မလေးက  မျက်နှာထားတည်တည် နဲ့  ခပ်တည်တည် ရွတ်လိုက်တယ်…. 

 “ YOU MAY GO…”

ဒါပဲ…။ သရဲနှင် ဂ်ါထာကလည်း  လွယ်လိုက်တာ…။

“ရှိသေးလား..”   Y  ….

အားလုံး  မျက်နှာငယ်လေးတွေနဲ့  ဖြစ်သွားတယ်….။ ၃ခါလောက်  ပြန် ခိုင်းလဲ  မရဘူး… နောက်ဆုံးဖုန်းဆက်ပေးပါမယ်လို့   ကတိပေးမှပဲ  ထွက်သွားရော … ။ နောက်တနေ့  ဖုန်းဆက်တော့  သူပြောတဲ့  နာမည်လည်းမရှိဘူး…. ။ နောက်တနေ့ … “ဟဲ့ …ညက ငါ  အိပ်မက်  မက်တယ်… ဟိုအစ်ကိုကြီးက  အမျှလိုချင်တယ်….” တဲ့ …။ ဟုတ်မဟုတ်တော့  မသိ … သင်္ကန်းလေးတစ်ထည်  ဘုန်းကြီးကျောင်းသွားလှူပြီး  အမျှဝေပေးကြရတယ်…. ။

အစ်ကိုကြီး  ကတော့  ကျွတ်လား  မကျွတ်လားမသိ…. အဆောင်သူလေးတချို့ က တော့  လပြည့်…လကွယ်… လေတိုက်လို့   လှုပ်နေတဲ့  သစ်ပင်ကြီးကို  မြင်ရင် … အစ်ကိုကြီးကို  သတိရပြီး  ကြက်သီးထတတ်တယ်…။ ခွေးတွေ  ပျင်းလို့   အူရင်လည်း… အစ်ကိုကြီး နဲ့  ဘော်ဒါတွေကို မြင်လို့  အူတာ လားလို့   တွေးကြောက်တတ်တယ် ….။ တခါတလေ  လကွယ်ညတွေများ  ခွေးတစ်အုပ်  သစ်ပင်ကြီး  ကို  ကြည့်ပြီးအူလိုက်လို့ ကတော့  စောင်ခေါင်းမြီးခြုံ ပြီး အိပ် ….  ခြေထောက်တောင် မဆန့် ရဲလို့   ကွေးကွေးလေး  အိပ်ရတယ် … ။ လေးမ နဲ့   မိ  ကတော့  နောက်နောင်  ဘယ်တော့မှ Glass spirit  မမေးတော့ဘူး… ။ ဖျာလိပ်နတ်ကတော့  အမှတ်မရှိဘူး…ကြုံရင်ကြုံသလို  ၀င် မေးလိုက် သေးတယ်….။ ။ 

ဒီပို့ စ်လေးကို Halloween တုန်းက  ကိုရန် က အမှတ်တရ  ရေးကြဖို့   တိုက်တွန်းလို့  အစပျိုးထားတာ…။ နောက်တော့  ဘလော့ခ် အားလုံးက  ခြောက်လွှတ် ကြတာနဲ့  လေးမ  အရမ်းကြောက်သွားလို့   ဆက်မရေးဖြစ်ဘူး…။ အခု  အကြောက်ပြေသွားလို့   လက်စသပ်ပြီး… လာလည်တဲ့သူတွေကို  ခြောက်လွှတ်လိုက်ပြီ…။ ၀ါး….ဟား….ဟား…..ဟား……။

When I was young , …

ငယ်ငယ်တုန်းက…

မမ ချစ်လေပြေ က ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းနေတယ်…။
လေးမ ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ …။ လေးမ ကို ရိုက်မယ့် တုတ်တွေက အိမ်ရဲ့ နေရာတိုင်းမှာ ရှိတယ် … ။ လေးမ အပြစ်လုပ်ရင် လုပ်တဲ့ နေရာမှာ ချက်ချင်း ရိုက်နိုင်အောင် အမေက စီစဉ်ထားတာ …။ လေးမ ကလည်း အမေလစ်တိုင်း တုတ်တွေကို ချိုးပြီး လွှင့်ပစ်နေကျ …။ ပထမတော့ ကြိမ်လုံး … နောက်တော့ ၀ါးခြမ်းပြား … ဘာမှ အလွယ်တကူမရှိရင် အမေ့ရဲ့ လက်ဝါးနဲ့  တွေ့ တာပဲ … ။ လေးမ အတွက် ဆိုရိုးစကားရှိတယ် …။ “ လေးမ အရိုက်မခံရသေးရင် နေမ၀င်ဘူးတဲ့ ” … ။ လေးမ အရိုက်မခံရတဲ့နေ့ ဆိုတာ တရက်မှ မရှိဘူး … ။
ပိုအသည်းယားစရာ ကောင်းတာက အမေက ရိုက်ရင်း “ ကြောက်ပြီလား … နောက်လုပ်ဦးမလား …” လို့မေးတိုင်း …“ တုတ်ကြောက်တယ်….တုတ်ကြောက်တယ်….” လို့  အော်ငိုတတ်တယ် …။ မခံချင်တဲ့ အမေက “ ငါ့ကိုကြောက်ပြီလား..လို့..” ထပ်မေးတဲ့ အခါတိုင်း ….“ တုတ်ကြောက်တယ်….” လို့ပဲ ပြောတတ်လို့ ခေါင်းမာတဲ့ ကလေးလို့ မှတ်ချက်ပေး ခံခဲ့ရတယ် ….။ (နာအောင်လုပ်တာ အမေ မဟုတ်ဘူး….တုတ်လို့ လှည့်တွေးတတ်တဲ့ ) ကိုးလိုးကန့်လန့် တွေးတတ်တဲ့ အတွေးတွေက အဲဒီကတည်းက အစပျိုးချင်နေပြီ ထင်ပါရဲ့ …။
လက်တွေ့ ကြုံမှ ယုံတတ်တဲ့ အကျင့်ဆိုးလေး ကလည်းရှိသေးတယ် …။ “မီးပူကိုမထိနဲ့  ပူတယ်နော်” ဆိုရင် လက်ညှိုးလေးနဲ့  အသာလေး တို့ကြည့်ဖြစ်အောင် တို့ကြည့် လိုက်သေးတယ် … ။ ဆော့တာကတော့ ကလေးသဘာဝ ဆော့ခဲ့တာ အစုံပဲ …။ ညီမ နှစ်ယောက်ဆိုတော့ ယောက်ျားလေးတွေ လိုတော့ စွန်လွှတ်…ဂေါ်လီလှိမ့် …မဆော့ခဲ့ရဘူး …။ ပိတောက်ပင်လေး တက်ရုံ … အပေါ်ထပ်ကနေ အောက်ထပ်ကို လက်ရန်းက လျှောဆင်းလာရုံလေး နဲ့ တောင် အဒေါ်တွေက လေးမ ကို မျောက်ရှုံးတယ်တဲ့ …။ မမလေပြေလို တူတူပုန်းတိုင်းတော့ သိပ်မကစားဖြစ်ဘူး …။ လေးမ ကစိတ်မရှည်ဘူး … အကြာကြီး ပုန်းနေရတာ … အကြာကြီး ရှာနေရတာကို စိတ်မရှည်ဘူး … ။ ပြေးတမ်း လိုက်တမ်း ကစားဖြစ်တာ များတယ်….။ ဘယ်တုန်းက စ ကစားလည်း ဆိုတော့ လေးဖက်တွားသွား ကတည်းက စကစားတာ … အစ်မ နောက်ကို လေးဖက်တွား လိုက်တာ … မေးစေ့မှာ ကြမ်းကြားညှပ်ပြီး ဟက်တက်ကွဲသွားတဲ့ သေရာပါ အမာရွတ်လေးနဲ့  … ။
လေးမ ငယ်ငယ်က ခဏခဏ စိတ်ကောက်တယ် … ( ခုလည်းကောက်တာပဲ… တချို့  ဘလော့ခ်ဂါ တွေကိုတောင် လေးမ ကောက်နေတာ…ဟီး…ဟီး ) လေးမရဲ့ ငယ်နာမည်တွေထဲမှာ “ကောက်ချိတ်” ဆိုတဲ့နာမည်လည်း ပါတယ်…။ တော်ပြီ… တော်ပြီ…ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်ပြောလို့မဖြစ်ဘူး … ဘော်ဘော်တွေ အော့ကြောလန်ပြီး လေးမကို သူငယ်ချင်း မလုပ်ချင်တော့ရင် ဒုက္ခ ….။ ။

When I was young , …

ငယ်ငယ်တုန်းက…

မမ ချစ်လေပြေ က ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းနေတယ်…။
လေးမ ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ …။ လေးမ ကို ရိုက်မယ့် တုတ်တွေက အိမ်ရဲ့ နေရာတိုင်းမှာ ရှိတယ် … ။ လေးမ အပြစ်လုပ်ရင် လုပ်တဲ့ နေရာမှာ ချက်ချင်း ရိုက်နိုင်အောင် အမေက စီစဉ်ထားတာ …။ လေးမ ကလည်း အမေလစ်တိုင်း တုတ်တွေကို ချိုးပြီး လွှင့်ပစ်နေကျ …။ ပထမတော့ ကြိမ်လုံး … နောက်တော့ ၀ါးခြမ်းပြား … ဘာမှ အလွယ်တကူမရှိရင် အမေ့ရဲ့ လက်ဝါးနဲ့  တွေ့ တာပဲ … ။ လေးမ အတွက် ဆိုရိုးစကားရှိတယ် …။ “ လေးမ အရိုက်မခံရသေးရင် နေမ၀င်ဘူးတဲ့ ” … ။ လေးမ အရိုက်မခံရတဲ့နေ့ ဆိုတာ တရက်မှ မရှိဘူး … ။
ပိုအသည်းယားစရာ ကောင်းတာက အမေက ရိုက်ရင်း “ ကြောက်ပြီလား … နောက်လုပ်ဦးမလား …” လို့မေးတိုင်း …“ တုတ်ကြောက်တယ်….တုတ်ကြောက်တယ်….” လို့  အော်ငိုတတ်တယ် …။ မခံချင်တဲ့ အမေက “ ငါ့ကိုကြောက်ပြီလား..လို့..” ထပ်မေးတဲ့ အခါတိုင်း ….“ တုတ်ကြောက်တယ်….” လို့ပဲ ပြောတတ်လို့ ခေါင်းမာတဲ့ ကလေးလို့ မှတ်ချက်ပေး ခံခဲ့ရတယ် ….။ (နာအောင်လုပ်တာ အမေ မဟုတ်ဘူး….တုတ်လို့ လှည့်တွေးတတ်တဲ့ ) ကိုးလိုးကန့်လန့် တွေးတတ်တဲ့ အတွေးတွေက အဲဒီကတည်းက အစပျိုးချင်နေပြီ ထင်ပါရဲ့ …။
လက်တွေ့ ကြုံမှ ယုံတတ်တဲ့ အကျင့်ဆိုးလေး ကလည်းရှိသေးတယ် …။ “မီးပူကိုမထိနဲ့  ပူတယ်နော်” ဆိုရင် လက်ညှိုးလေးနဲ့  အသာလေး တို့ကြည့်ဖြစ်အောင် တို့ကြည့် လိုက်သေးတယ် … ။ ဆော့တာကတော့ ကလေးသဘာဝ ဆော့ခဲ့တာ အစုံပဲ …။ ညီမ နှစ်ယောက်ဆိုတော့ ယောက်ျားလေးတွေ လိုတော့ စွန်လွှတ်…ဂေါ်လီလှိမ့် …မဆော့ခဲ့ရဘူး …။ ပိတောက်ပင်လေး တက်ရုံ … အပေါ်ထပ်ကနေ အောက်ထပ်ကို လက်ရန်းက လျှောဆင်းလာရုံလေး နဲ့ တောင် အဒေါ်တွေက လေးမ ကို မျောက်ရှုံးတယ်တဲ့ …။ မမလေပြေလို တူတူပုန်းတိုင်းတော့ သိပ်မကစားဖြစ်ဘူး …။ လေးမ ကစိတ်မရှည်ဘူး … အကြာကြီး ပုန်းနေရတာ … အကြာကြီး ရှာနေရတာကို စိတ်မရှည်ဘူး … ။ ပြေးတမ်း လိုက်တမ်း ကစားဖြစ်တာ များတယ်….။ ဘယ်တုန်းက စ ကစားလည်း ဆိုတော့ လေးဖက်တွားသွား ကတည်းက စကစားတာ … အစ်မ နောက်ကို လေးဖက်တွား လိုက်တာ … မေးစေ့မှာ ကြမ်းကြားညှပ်ပြီး ဟက်တက်ကွဲသွားတဲ့ သေရာပါ အမာရွတ်လေးနဲ့  … ။
လေးမ ငယ်ငယ်က ခဏခဏ စိတ်ကောက်တယ် … ( ခုလည်းကောက်တာပဲ… တချို့  ဘလော့ခ်ဂါ တွေကိုတောင် လေးမ ကောက်နေတာ…ဟီး…ဟီး ) လေးမရဲ့ ငယ်နာမည်တွေထဲမှာ “ကောက်ချိတ်” ဆိုတဲ့နာမည်လည်း ပါတယ်…။ တော်ပြီ… တော်ပြီ…ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်ပြောလို့မဖြစ်ဘူး … ဘော်ဘော်တွေ အော့ကြောလန်ပြီး လေးမကို သူငယ်ချင်း မလုပ်ချင်တော့ရင် ဒုက္ခ ….။ ။