Vivian ကို ကြည့်ပါ …

လေးမတို့ ငယ်ငယ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား Pretty Woman ကို မှတ်မိကြဦးမယ်ထင်ပါတယ်…။ အချစ်ဟာ မညီမျှတဲ့ လူနှစ်ယောက်ကြားမှာ ညီညီမျှမျှ ပေါ်ပေါက်လာနိုင်တဲ့ အကြောင်း လှလှပပ ပီပီပြင်ပြင် ပြသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်…။ ဇာတ်ကားထဲမှာ အချစ်ထက်ပိုပြီး သတိပြုစရာတွေပါပါတယ်…။ Vivian ဆိုတဲ့ လမ်းပေါ်က မိန်းမ ( ခပ်ရိုင်းရိုင်းပဲ သုံးပါရစေ ) ရဲ့ ၀တ်စား ဆင်ယင်မှု.. အပြုအမူ… အနေအထိုင်.. တွေဟာ ယူတတ်ရင် ဆင်ခြင်စရာ ဖြစ်ပါတယ်…။


990pwm_julia_roberts_059990pwm_julia_roberts_096

http://www.hotflick.net/movies/1990_Pretty_Woman.html

Edward က Vivian ကို အဆင့်မြင့်ဟိုတယ်ထဲ မ၀င်ခင်  ကုတ်အကျီင်္ကို ခြုံ ခိုင်းပါတယ်…။ Vivian ရဲ့ အ၀တ် အစားက ရှက်စရာ ကောင်းနေလို့  ဖြစ်ပါတယ်…။ မလုံတလုံ အ၀တ်အစားနဲ့  Vivian ကို ဟိုတယ် ၀န်ထမ်းတွေက အံ့အားသင့်ပါတယ်..။ အထင်သေးပါတယ်…။ ဓါတ်လှေကား မောင်းတဲ့သူကတောင် တန်ဖိုးမရှိတဲ့ အကြည့်နဲ့  ကြည့်ပါတယ်…။ ဒီလိုပဲ မြို့ ထဲမှာ အ၀တ်အစားဝယ်ဖို့  မလုံတလုံ စတိုင်လ်နဲ့  သွားတဲ့အခါ ဆိုင်က လက်မခံပါဘူး…။ လမ်းမှာလည်း လူတွေက လှည့်ကြည့်သွားပါတယ်…။ လှလို့ ကြည့်တာလား…။ လေးမ မျက်စိထဲမှာတော့ အထင်သေးတဲ့ အကြည့်လို့ ပဲ မြင်ပါတယ်…။ အင်မတန် လူ့ အခွင့်အရေးကို ရှေ့ တန်းတင်တဲ့ သူတို့လို နိုင်ငံကတောင် ဒီလိုဝတ်ရင် ဒီလိုထင်တယ်… ဒီလို ကြည့်တယ်လို့  … ဒီလို ရိုက်ပြတယ် ဆိုတာ ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာသာမက နိုင်ငံတိုင်းမှာ ၀တ်စားဆင်ယင်မှုဆိုတဲ့ အပေါ်ယံအလွှာကြီးက ဘယ်လောက် အရေးပါသလဲ ဆိုတာ ခန့် မှန်းနိုင်ပါတယ်…။

Vivian ရဲ့ အပေါစားစတိုင်လ်ကို ကြည့်ပြီး ဟိုတယ်မန်နေဂျာက ခေါ်တွေ့ ခဲ့ရပါတယ်…။ နောက်ပိုင်းမှာတော့ Vivian ရဲ့ မိန်းမကောင်းပုံစံ ၀တ်စားဆင်ယင်မှုက လူတွေရဲ့ အမြင်ကို ပြောင်းသွားစေပါတယ်… တကယ်တော့ Vivian က Vivian ပါပဲ… အသွေးကြောင့် အတွေးပြောင်းသွားတာပါ…။

လိုရင်းကိုပြောရရင်တော့ မိန်းမပျက် ၀တ်စားတဲ့ ပုံစံ… ရယ်တဲ့ပုံစံ… ၀ါးလက်စပီကေကို ဖတ်ခနဲ ထွေးထုတ်လိုက်တဲ့ပုံစံတွေနဲ့  Vivian ကို လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်လို့  အမှတ်မမှားဘဲ .. အဲလိုဝတ်ရင် အဲလိုအစားလို့  အထင်ခံရမယ်လို့ မှတ်ယူသင့်ပါတယ်…။

နေရာတကာ ဟန်ပန်တစ်ခွဲသားနဲ့  အမျိုးသားဝတ်စုံ ၀တ်ရမယ်လို့  လုံးဝ မဆိုလိုပါဘူး…။ သူ့ နေရာနဲ့  သူ လိုက်လျောညီထွေရှိအောင်… ကိုယ့်တန်ဖိုးကိုယ်နှိမ့်ချသလို မဖြစ်အောင် ၀တ်စားပြုမူစေချင်ရုံသက်သက်ပါပဲ…။ ဒီစာကို ရေးနေတဲ့ လေးမကလည်း ရင်ဖုံးအကျီင်္ ချိတ်ထမီနဲ့  မဟာဆန်သူမဟုတ်ပါဘူး..။ ဒူးအောက်ရောက်တာ ( ထမီ၊ စကပ်၊ ဘောင်းဘီ ) အကုန်ဝတ်တဲ့ မိန်းမ ဖြစ်ပါတယ်..။

ကိုယ်တိုင်လည်း ပြီးပြည့်စုံသူမဟုတ်လေတော့ ဒီလို ဆရာလုပ်တဲ့ စာတွေကို လေးမ ရေးရတာ လက်တွန့် ပါတယ်… ။ ရေးဖြစ်တဲ့ အကြောင်းရင်းကို ပြောပြပါမယ်…။

တနေ့ … ကျောက်မြောင်းမှာ မုန့် သွားဝယ်ပါတယ်..။ မျက်နှာချင်းဆိုင်က ဆိုက်ကားတစ်စီးလာနေပါတယ်…။ မိန်းကလေးက ဆံပင်ဝါထိန်ထိန်.. စွပ်ကျယ်ချိုင်းပြတ်.. လည်ဟိုက်.. စကတ်က ပေါင်လယ်လောက်ရှိတဲ့ အကျပ်… ဆိုက်ကားပေါ်မှာ ကိုယ်ကိုင်းပြီး ထိုင်နေပုံများ … မြင်ယောင်ကြည့်လိုက်ပါ… ဆိုက်ကားသမားကတော့ ဂွင်ကိုတည့်လို့ …။ ဆိုက်ကားဖြတ်သွားတဲ့ အချိန်မှာ ဘေးက ကောင်လေးတစ်အုပ်က လေချွန်လိုက်ပါတယ်…။ ကောင်မလေးက စိတ်ဆိုးသယောင် မျက်နှာလှည့်သွားပါတယ်…။ ဆိုက်ကားလွန်သွားတော့ ကောင်လေးတွေက ဈေးတောင် မမေးလိုက်ရဘူးလို့ ပြောပါတယ်…။ ကောင်လေးတွေကိုပဲ ရိုင်းလိုက်တာလို့  အပြစ်ဆိုရုံနဲ့  မလုံလောက်ပါဘူး…။

တနေ့  … အင်းယားမှာ မုန့် တီစားပါတယ်…။ မုန့် တီဆိုင်က ခုံပုလေးတွေကို မြင်ကြည့်လိုက်ပါ…။ ရှေ့ မှာ ကောင်မလေး ၂ ယောက် မုန့် တီသောက်နေပါတယ်…။ ၀တ်ထားတာက ချက်ပြုတ် ဂျင်းဘောင်းဘီ… ။ ချက်တော်တော်ပြုတ်တယ်ဆိုတာ နောက်ကမြင်နေရတော့ သိသာပါတယ်…။ လေးမ ဘေး ၀ိုင်းက ကောင်လေး ၃ ယောက်ဆီက အသံထွက်လာတယ်…။ အကြွေစေ့ပစ်ချင်တယ်ကွာ… တဲ့…။ ပြုံးမိပါသည်…။ ကိုယ်တိုင်လည်း ဂျင်းဘောင်းဘီဝယ်ရင် ချက်မပြုတ်တာကို တော်တော်ရှာဝယ်နေရတာမို့  ချက်ပြုတ်နဲ့  ကောင်မလေးတွေကို အပြစ်မဆိုလိုပါဘူး…။ ဒါပေမယ့် ချက်ပြုတ်ဝတ်မိရင်တော့ သူများတွေ အကြွေစေ့ပစ်မထည့်ချင်အောင် ခါးကုန်းရမယ့်ကိစ္စတွေ ရှောင်ရမှာပေါ့လေ….။

တနေ့ .. အိမ်မှာ အကူခေါ်ထားတဲ့ မိန်းကလေး စကပ်အတိုနဲ့  မီးပူတိုက်နေတယ်… ။ နောက်တနေ့  စကပ်အကျပ်နဲ့  ငရုတ်သီးထောင်းနေသည်…။ မပြောလို့ မဖြစ်တော့…။ ထမီဝတ်ခိုင်းရတော့သည်…။ ဘာပြန်ပြောလဲ သိလား…။ အရင်အိမ်က လူတွေက စကပ်ပဲ ပေးထားတာကိုး.. စကပ်ပဲ ရှိတယ်တဲ့…။ဟုတ်ပေသားပဲ… ထမီဝတ်စေချင်တဲ့ လေးမက ထမီပေးရမှာပေါ့… ပေးပါတယ်လေ…ပေးလိုက်ပါတယ်…။ နောက်ရက် .. ဟုတ်ကဲ့.. လေးမ ပေးထားတဲ့ ထမီလေးပါ… ဘောင်းဘီအဖြစ်နဲ့  သူ့ ကိုယ်ပေါ်မှာ တွေ့ ရပါတယ်…။ လေးမ အလုပ်သွားနေတုန်း ဈေးမှာ ဘ၀ပြောင်းပေးလိုက်တာပါ…။ ဘာများတတ်နိုင်ပါဦးမလဲ…။

တနေ့ … ရန်ကင်းစင်တာက အပုံထဲက အကျီင်္လေး တစ်ထည် မွှေလာပါတယ်…။ ညဘက် မိဘအိမ် ထမင်းသွားစားတော့ ၀တ်သွားပါတယ်…။ ရောက်တာနဲ့  အမေက ဘာပြောလဲဆိုတော့.. သမီးရယ်… ဒီအကျီင်္ကို မောင်ကောင်းကင်နဲ့  အတူသွားတဲ့ အချိန်တွေမှာပဲ ၀တ်နော်တဲ့…။ မှန်ထဲကြည့်ပြီး.. ဟုတ်ကဲ့.. တစ်ခွန်းပဲ ပြောနိုင်ပါတယ်…။ အကျီင်္က လက်မောင်းထိပ်ကနေ တံတောင်ဆစ်အထိ ခွဲထားတော့ လက်လှုပ်လိုက်တိုင်း လက်မောင်းသား မြင်နေရလို့ ပါ…။ ကိုယ်တိုင်က သတိမထားမိပေမယ့် ဘေးက အမြင်မတော်တာတွေလည်း ဖြစ်သွားတတ်ပါတယ်..။

တောင်းမှာ အကွပ်.. လူမှာအ၀တ်ပါ… တောင်းကောင်းဖို့  အရေးကြီးသလို အကွပ်ကောင်းဖို့ လဲ လိုပါတယ်…။ လူကောင်းဖို့ လို သလို အ၀တ်ကြောင့် သိက္ခာမကျဖို့ လည်း လိုပါတယ်….။ လူဖြစ်နေသမျှတော့ အရေးမကြီးပေမယ့် လိုအပ်လို့  လိုက်လုပ်နေရတဲ့ အရာတွေကနေ မလွတ်မြောက်နိုင်ပါဘူး..။ ဟန်ဆောင်လှည့်စားတာ မကောင်းသလို ထင်တိုင်းကြဲ လွတ်လပ်တာလည်း မမှန်ကန်ပါဘူး…။

တချို့ စာတွေမှာ ရေးကြတယ်… မြန်မာပြည်မှာ မသင့်တော်ပါဘူးတဲ့… မြန်မာမျက်စိမှာ မတော်ပါဘူးတဲ့…။ ၀တ်စားဆင်ယင်မှုဟာ မြန်မာပြည်မှာတင်မကဘူး .. ကမ္ဘာနိုင်ငံအသီးသီးမှာ ပညာသင်.. အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေနဲ့ လည်း သက်ဆိုင်ပါတယ်…။ မြန်မာမျက်စိမှာတင်မကဘူး.. နိုင်ငံခြားသားတွေရဲ့ မျက်စိကလည်း မြင်တတ်.. ထင်တတ်… တွေးတတ်ပါတယ်…။ အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေ အများကြီးပါပဲ…။ ပြည်ပရောက် မြန်မာအမျိုးသမီး အချို့ ရဲ့ ၀တ်စားဆင်ယင်ထားတဲ့ပုံတွေ…။ မြန်မာပြည်မှာ မဟုတ်လို့  ၀တ်ချင်သလိုဝတ်.. နေချင်သလို နေမယ်လို့  ခံယူတာ နဲ့  ရောမရောက်လို့  ရောမလို ကျင့်ရတယ်ဆိုတဲ့ စကားမှာ ကွာဟချက်တွေ အများကြီးရှိပါတယ်…။ ဘယ်နိုင်ငံပဲရောက်ရောက်… လူမျိုးသိက္ခာတွေဘာတွေညာတွေ မထိန်းချင်နေဦးတော့ ကိုယ့်သိက္ခာအတွက်တော့ 

Vivian ကို ကြည့်ပါ … ။ ။

မှတ်ချက်။ ။ လေးမ ကြည့်ခိုင်းလို့  ကြည့်လိုက်တာ ဆင်ဆာခန်းတွေများတယ်လို့ အပြစ်မတင်နဲ့ နော်..။ တို့ ဆီမှာက ဆင်ဆာဖြတ်ပြီးသားကြည့်ရတာ…။ :P ပုံလေးတွေ တင်ပေးချင်ပေမယ့် တင်လို့  မရလို့ ပါ…။ ပုံတင်ဖို့ ကြိုးစားတိုင်း စာတွေပျက်ပျက်သွားလို့  ဒီမှာပဲ သွားကြည့်တော့နော်…။

၁၃ရက်ဖွား .. စနေသား.. ဗိသုကာ( ၂)

ထိုဗိသုကာသည် အိမ်ပုံစံကို ဒီဇိုင်းမဆွဲ … ပြည်သူ့ တပ်မတော်ကို ဒီဇိုင်းဆွဲ ပုံဖော်ခဲ့သည် …။

ထိုဗိသုကာသည် အဆောက်အအုံကို မတည်ဆောက် … ပြည်ထောင်စုကို တည်ဆောက်ခဲ့သည် …။

ထိုဗိသုကာသည် မြို့ ကွက်များကို နေရာမချ … မြန်မာနိုင်ငံတော်၏ ရပ်တည်မှုကို နေရာတကျ စီမံခဲ့သည် …။

ထိုဗိသုကာသည် ပုံဆွဲခဲတံကိုမကိုင် … သေနတ်ကိုကိုင်ခဲ့သည်….။

တက္ကသိုလ်နေ၀င်းရေးသားသော ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ … ထိုဗိသုကာ၏.. ဘ၀ကို ငြိမ်းချမ်းစွာ ဖြစ်သန်းလိုမှုကို ထင်ဟပ်ပြနေသော စာသားအချို့ ကို အပြာရောင်စာလုံးများဖြင့် ကူးယူဖော်ပြလိုက်ပါသည်…။

ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ် ။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေလွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေးဆရာ လုပ်ချင်တယ် ။ မင်းကလည်း စာရေးဆရာဖြစ်နေပြီဆိုတော့ ငါ့အဖို့  အဖော်လည်းရတာပေါ့။ ငါတို့ ဆရာတပည့် နှစ်ယောက် စာရေးစားရင် ဖြစ်နိုင်ပါလိမ့်မယ်ကွာ ။ တို့ နှစ်ယောက်စလုံး ဗမာလိုရော၊ အင်္ဂလိပ်လိုပါ စာတွေရေးကြမယ်. .။ ဒါမှလဲ ငါ့မိသားစုအတွက် လောက်မယ်။ တကယ်ပါကွာ ငါက တက္ကသိုလ်ကျောင်းသားဘ၀ထဲက စာရေးဆရာ ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့တယ်။

လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် ဟု စိတ်ကူးထားသော ထိုဗိသုကာသည် လွတ်လပ်ရေးမရခင် … အနားယူခဲ့သည်… အနားယူခဲ့ရသည် …။ ကိုယ်တိုင်စာရေးချင်သော ဗိသုကာသည် နှောင်းလူတို့ ရေးစရာ အကြောင်းအရာများကိုသာ ထားခဲ့နိုင်သည်…။

ထိုဗိသုကာသည် သူဖန်တီး.. ပုံဖော်… တည်ဆောက်ခဲ့သည်များ ပျက်စီးပြိုကွဲမည်ကို အင်မတန် စိုးရိမ်ပေလိမ့်မည် … ။ ထိုဗိသုကာ၏ စေတနာကို သိနားလည်သော သူတို့ သည် ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ကြပေလိမ့်မည် ။ ထိုဗိသုကာ၏ စေတနာကို ဖျက်စီးမှုပြုသူတို့ သည် အဆုံးမရှိသော နာကျင်ခြင်းဖြင့် ဘ၀ကို ဖြတ်သန်းကြရပေလိမ့်မည် ။

ထိုဗိသုကာသည် ပြည်ထောင်စုကြီးတည်မြဲနေသမျှ ထာဝရ တောက်ပနေမည်ဖြစ်သော … ဘယ်တော့မှ မကြွေသော …ကျွန်ုပ်တို့၏ လမ်းပြကြယ် ဖြစ်သည် …။ ။

ထိုဗိသုကာ = ဗိုလ်ချုပ်အောင်ဆန်း ( မသိသောသူများအတွက်)

၁၃ရက်ဖွား စနေသား ဗိသုကာ ( ၁ )

စလုံးရေစ … စွပ်ပြုတ်

စလုံးက စာကလေးက

စွပ်ပြုတ်သောက်ချင်တယ်လို့ 

စီဘောက်စ်မှာ ခဏခဏပူဆာလို့ 

စိတ်အာဟာရ ဖြစ်စရာ

စွပ်ပြုတ်တစ်ခွက်ကို

စာကလေးနဲ့ တကွ

စိတ်ဝင်စားတဲ့သူသောက်သုံးဖို့ 

စိတ်ပါလက်ပါ ကူးပေးလိုက်တယ်

စိတ်ချလက်ချ သုံးဆောင်ပါ

အဆိပ်မပါ

ဆရာဖေမြင့် ဘာသာပြန်ထားတာ…။

နှလုံးသားအတွက် တစ်သက်တာ အာဟာရ 

အတန်းထဲက

အမှတ်မထင်လေ့ကျင့်ခန်းကလေးသည်

တစ်သက်တာမမေ့နိုင်စရာ

သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။

ရက်သတ္တပတ်တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည် ။သို့ နှင့် အခြေအနေတွေ ဒီထက် ဆိုးရွားမသွားခင် ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မ ပြုလုပ်သည် ။

ကျွန်မ အစီအစဉ်က အတန်းသား တစ်ဥင်္ီးချင်းအား မိမိ အတန်းဖော်များ၏ အမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့ နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး တွင် အတန်းဖော်သူငယ်ချင်းနှင့်ပတ်သက်၍ မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို စဉ်းစားရေးသားကြစေသည် ။ ထိုနေ့ က ကျန်ရှိသည့် စာသင်ချိန်ကလေးမှာ ထင်မြင်ချက်များရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသားအားလုံး သူတို့  စာရွက်ကလေးတွေ ကိုယ်စီ ကျွန်မဆီ အပ်ပြီးပြန်ကြသည် ။

အဲသည် စနေနေ့ မှာ ကျောင်းသားကျောင်းသူ တစ်ဦးစီ၏ အမည်ကို စာရွက်လွတ်တစ်ရွက်စီ ထိပ်တွင်ကျွန်မရေးထိုးပြီးနောက် တစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့ ၏ မှတ်ချက်များကို စီတန်းရေးချသည်။တချို့  အတွက် တစ်ရွက်ရေးရသည်။ တချို့ အတွက် ၂ ရွက် ။

တနလာင်္နေ့ ရောက်သောအခါ အဲသည် စာရွက်များကို သက်ဆိုင်သူ အသီးသီးသို့  ကျွန်မ ဖြန့် ဝေ ပေးလိုက်သည်။သည်စာရွက်တွေ ဖတ်ကာ မကြာမီ တစ်တန်းလုံးပြုံးလာကြသည်ကို တွေ့ ရသည် ။

“ ဟယ် … တကယ်လား…၊ ငါက သူများတွေ ဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး…”

“ ငါ့ကို သူများတွေ ဒီလောက် သဘောကျလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး”  စသည့်တီးတိုးမှတ်ချက်ချသံများ ကျွန်မကြားရသည်။

သို့ သော်နောက်ပိုင်းမှာတော့ သည်စာရွက်များနှင့်ပတ်သက်၍ မည်သူ့ ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာ သူတို့  အချင်းချင်း ဆွေးနွေးပြောဆိုကြတာ၊ အိမ်မှာ မိဘတွေကို ပြောကြတာရှိမလားတော့ မပြောတတ်ပါ။

အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိမရှိက အရေးမကြီးပါ ။ အရေးကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့ တစ်တွေ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ အတန်းသူအတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျ ဖြစ်လာပြီး တစ်ဦးကိုတစ်ဦးလည်း ယခင်ကနည်းတူ ခင်ခင်မင်မင် ပြန်လည်ဆက်ဆံလာကြပါသည်။

သည်လိုနှင့် အချိန်တန်တော့လည်း မာ့ခ်တို့  အုပ်စု ကျွန်မလက်ကထွက်ကာ အတန်းသစ်အဆင့်ဆင့်တွေ တက်သွားကြပါသည် ။

ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။တစ်နေ့  ကျွန်မ အပန်းဖြေ ခရီးက ပြန်လာတော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုပါသည် ။

………………….

အဖေက ချောင်းတစ်ချက်ဟန့် ကာ စကားစသည်။

……………….

“ မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သဂြိုဟ်မှာ ၊ သူတို့ မိသားစုက သမီးကို အသုဘ လိုက်ပို့ စေချင်ကြတယ်”

………………..

……………….

အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ် ရုပ်ကလာပ်ကို ကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းတလား ထမ်းရာတွင် ပါဝင်သည့် စစ်သားလေးတစ်ယောက် အနားရောက်လာကာ “ မာ့ခ်ရဲ့ သင်္ချာဆရာမ လားခင်ဗျာ” ဟုမေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကို မမှိတ်မသုန်ကြည့်နေမိသည်။ “ ဆရာမ အကြောင်းသူအမြဲပြောတယ် ” သူက ဆက်ပြောတယ်။…..

……………..

“ဆရာမကို ပြစရာ တစ်ခုရှိတယ်” မာ့ခ်၏အဖေက ဆိုကာ သူ့ ပိုက်ဆံအိတ်ကို ထုတ်သည်။

“မာ့ခ်ကွယ်လွန်တဲ့ အချိန်သူ့ ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ ရတယ်လို့  ဆိုတယ်၊ ဆရာမ မှတ်မိလိမ့်မယ်လို့  ထင်ပါတယ်”

သူက ပိုက်ဆံအိတ်ကို ဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သော ဗာလာစာရွက်စ နှစ်ခုကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့် လိုက်ခေါက်လိုက် လုပ်ပါများသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိပ်စများနှင့်ပင် အကြိမ်ကြိမ် ပြန်ကပ်ထားခဲ့ရပုံပေါ်နေသည်။ ကျွန်မသေသေချာချာပင် ကြည့်စရာမလိုပါ။ အတန်းဖော်သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်း အကောင်းဆုံးမှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်းစာရွက်များဖြစ်ကြောင်း ကျွန်မသိပါသည်။

“ ဒီအတွက်ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ” မာ့ခ် ၏ မိခင်ကဆိုရှာပါသည်။

မာ့ခ်၏ အတန်းဖော်တွေ ကျွန်မအနီးသို့  ချဉ်းကပ်လာကြသည် ။ ချပ်က ရှက်ပြုံးကလေးပြုံးကာ “ ကျွန်တော်လည်း ကျွန်တော့် စာရွက်ကလေးကို သိမ်းထားပါတယ် ၊ အိမ်က ကျွန်တော်စားပွဲ အပေါ်ဆုံးအံဆွဲထဲမှာ အမြဲရှိတယ်။”

“ချာလီကလည်းသူ့ စာရွက်ကလေးကို ကျွန်မတို့  လက်ထပ်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာ” ချာလီ၏ ဇနီးက ၀င်ပြောသည်။

“ ကျွန်မမှာလဲ ရှိတယ် ၊ဒိုင်.ယာရီထဲ ညှပ်သိမ်းထားတယ်” ဟု မာရီလင်က ဆိုသည်။

နောက်ထပ် အတန်းဖော်တစ်ဦး ဖြစ်သူ ဗစ်ကီက လက်ပွေ့ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့ စာရွက် ကြေကြေမွမွလေးကို ထုတ်ပြသည်။ “ ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ် ၊ ကျန်တဲ့ သူငယ်ချင်းတွေ အားလုံးလဲ သူတို့ စာရွက်တွေ ရိုရိုသေသေ သိမ်းထားကြမှာပါ” ဟု သူကဆိုသည်။

သည်ဟာတွေ ကြားပြီးသည့်နောက်တွင်တော့ ကျွန်မ လုံးဝ ထိန်းထားနိုင်စွမ်းမရှိတော့ပါ။ အဲသည်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ် ဘယ်သောအခါမျှ တွေ့ နိုင်ကြမှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်းများအတွက်ပါ ကျွန်မ ငိုလိုက်မိခြင်းဖြစ်ပါသည်။

ဝန်ခံချက်။ ။Helen P. Mrosla ၏ All The Good Things ကို ဆရာဖေမြင့် ဘာသာပြန်ထားတာပါ…။ စာအုပ်ကြည့်လိုက်.. မော်နီတာ ကြည့်လိုက်… ကီးဘုတ်ကြည့်လိုက်နဲ့  ရိုက်ရတဲ့ လေးမကို သနားရင် တစ်ပုဒ်လုံး အပြည့်အစုံမကူးဘဲ လို ချင်တဲ့ စာသားတွေပဲ ရွေးကူးပေးထားတာကို ခွင့်လွတ်ပေးကြပါ …။

လေးမတို့  ငယ်ငယ်က အော်တိုစာအုပ်လေးတွေမှာ အမှတ်တရရေးခိုင်းတဲ့ အတွေ့ အကြုံလေးတွေ ရှိခဲ့ပါတယ်…။ နောက်ပိုင်းတော့ “ရေးပေးပါ” စာအုပ်လေးပေါ်လာပြီး ရေးဖြစ်ခဲ့ကြတယ်….။ ဒါပေမယ့် ဒီလိုလေးနက်တဲ့ ခံယူချက်မျိုးမရှိခဲ့ဘဲ ပေါ့ပေါ့တန်တန် ပေါ်ပင် သဘောမျိုးပဲ ရေးခဲ့… ရေးခိုင်းခဲ့မိပါတယ်…။ ဒါကြောင့် အထက်တန်းတုန်းက အော်တိုစာအုပ်… လေးမမှာ မရှိတော့ပါဘူး…။ တက္ကသိုလ်တုန်းက စာအုပ်လေးတွေတော့ ကံကောင်းထောက်မစွာ ကျန်နေသေးလို့ scan ဖတ်ပြီး  A Story in MTU  မှာ တင်ထားပါတယ်.. ( လောလောဆယ်တော့ ပုံတွေ ပျောက်နေတယ်.. ဟီး..ဟီး.. အချိန်များများရတဲ့တစ်နေ့ မှ ဘလော့ဂ်က ပုံတွေကို ပြန်တင်ရဦးမယ်) ။

အခုလည်း လေးမ အွန်လိုင်းမှာ ရေးတယ်… ဖတ်တယ်… လည်တယ်… ရေးတယ်….။ ကွန်မန့် တွေ ရတယ်… ကွန်မန့် တွေ ရေးတယ်….။ အရင်ကတော့ တော်တော်များများ ပြောကြ… ခံယူထားကြသလိုပဲ …. “ကွန်မန့် တွေဟာ ရေးသူအတွက် အားဆေး… စာမူခ… ” အဲလို ခံယူခဲ့ပါတယ်…။ ဒါပေမယ့် အင်တာနက်ကို ကာလအကြာကြီး ဘယ်မှာမှ သုံးလို့ မရတော့တဲ့ အခြေအနေကို ရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ ရခဲ့ဖူးတဲ့ ကွန်မန့် တွေဟာ အရင်က ထင်ခဲ့… ခံယူခဲ့တာထက် အများကြီး ပေးဆပ်နိုင်ခဲ့ပါတယ်….။ မာ့ခ်တို့ လောက် စိတ်လှုပ်ရှားစရာ စွမ်းဆောင်ချက်မဟုတ်ပေမယ့် လေးမ အတွက်တော့ သူငယ်ချင်းတွေရဲ့ အပြုသဘော … ဝေဖန်စနောက်… ကောင်းချီးပေးသွားတာလေးတွေ ပြန်ဖတ်ရတာ အင်မတန် ကြည်နူးမိတယ်….။ သေချာ ဖိုင်နဲ့  သိမ်းထားမိတဲ့ ကိုယ့်ကိုယ်ကို လည်း ကျေးဇူးတင်မိပါတယ်…။

ဒီိလိုရေးလို့  လေးမ ကွန်မန့် တွေ ရေးခိုင်းနေတာလားလို့  မေးရင် ဟုတ်ပါတယ် … လို့ ပဲ ဖြေရပါမယ်…။ လေးမ ကွန်မန့် တွေကို ချစ်ပါတယ်…။ ဒါပေမယ့် အရာရာတိုင်းမှာ ဘေးထွက် ဆိုးကျိုးဆိုတာ ရှိပါတယ်…။ ၀တ်ကျေ တန်းကျေ ( ကိုပီကေ ရေးသလို … အထာနဲ့ ပေါ့ ) ကွန်မန့် တွေကတော့ ဘလော့ဂ်ရေးသူကို စိတ်ကသိကအောက် ဖြစ်စေပါတယ်…. ။ ကံကောင်းတာကတော့ အဲလို ကွန်မန့် မျိုး လေးမ မရသေးဘူး… မရေးသေးဘူး …. ထင်ပါတယ် ( ရှိတော့ ရှိမယ်… နည်းနည်းလေးပါပဲ) …။

မိတ်ဆွေသူငယ်ချင်းတစ်ယောက် ရင်ဘတ်နဲ့  ရေးထားတဲ့ ပို့ စ်တစ်ပုဒ်အတွက် … ကိုယ့်အကြိုက်နဲ့  ကိုက်ညီပြီး … နှစ်သက်လို့  …. ကွန်မန့်  ရေးဖို့ လည်း လွယ်တဲ့ အခြေအနေမျိုးမှာ …. အပန်းလည်းမကြီးဘူးဆိုရင် …… ကိုယ့်ရင်ဘတ်ထဲက စကားတွေ ချရေးပေးခဲ့တာ  ဘလော့ဂ်ပိုင်ရှင်အတွက်တော့ နှလုံးသား အာဟာရတစ်ခုပါပဲ ….။ ။

 

Blogger နဲ့  Reader … internet ရင်ပြင်မှာ

တစ်ခုသော တနင်္ဂနွေ နေ့ တွင် ဘလော့ဂ်တစ်ခု ပိုင်ဆိုင်ထားသော ဘလော့ဂ်ဂါ တစ်ဦးနှင့် အင်တာနက်စာမျက်နှာများကို မွှေနှောက် ဖတ်ရှုသူ စာဖတ်သူတစ်ဦးတို့  အင်တာနက် ရင်ပြင်တွင် စကားလက်ဆုံကျလျက်ရှိသည် …။

Blogger … ဟာ ရီဒါကြီး.. မတွေ့ တာကြာပြီနော်.. နေကောင်းလား…

Reader … ကောင်းလို့  အွန်လိုင်းတက်တာပေါ့ … မတွေ့ တာကြာဆို မင်းတို့ ကို အမြင်ကတ်လို့ … ဘလော့ဂါတွေကို ကြည့်မရလို့  .. မင်းတို့ ဆီမလာတာကွ …

ဘာဗျ … ကျုပ်တို့ က ဘာလုပ်နေလို့ တုန်း

မာန်တက်နေလို့ပေါ့ကွ … မင်းတို့ က ဘလော့ဂ်ဂါဆိုပြီး မာန်တက်နေကြလို့ … ပေါ့ … Myanmar Blogger Society ဆိုပြီးတော့ ထောင်ထားတဲ့ ဂိုဏ်းမှာ ပွဲဆူသွားတာ မတွေ့ ဘူးလား… မတွေ့ တာမဖြစ်နိုင်ပါဘူး… မင်းကိုတောင် လက်လျားလက်လျား လာလုပ်တာ တွေ့ လိုက်သေးတယ်…။

ဘလော့ဂ်ဂါ မို့ လို့  မာန်တက်စရာ … ဘာအကြောင်းမှ မရှိပါဘူးဗျာ …။ ကျုပ်တို့ က စာရေးဆရာတွေလို စာမူခရတဲ့ သူတွေမှ မဟုတ်ဘဲ … ။ ကျုပ်တို့ မှာ အရည်အချင်း ပိုရှိနေပါတယ်လို့  လည်း မခံယူဝံ့ပါဘူးဗျာ … ကျုပ်တို့ ရေးသမျှက ကိုယ်တိုင်ရေး.. ကိုယ့်ဘာသာ အယ်ဒီတာလုပ်… ကိုယ့်ဘာသာ တီးဖြတ်… ဘယ်သူမဆို … ဘယ်အရည်အချင်းနဲ့  ပဲ ဖြစ်ဖြစ် ရေးချင်ရာရေးရင်း ဘလော့ဂ်ဂါ ဖြစ်နေကြတာပဲ … ဘာများ မာန်တက်စရာရှိသလဲ …။ လူကြိုက်များ … အများလက်ခံလို့  နာမည်ကြီးနေတဲ့ ဘလော့ဂ်ဂါ ကြီးတွေကတော့ ခြွင်းချက်ပေါ့.. နော…။

ခင်ဗျားလည်း ဒီဂိုဏ်းထဲ ၀င်ချင်ရင် ဘလော့ဂ်တစ်ခု လုပ်ပြီး ၀င်ပေါ့ …။ ဒါလေးများ … စားနေသေးတယ်…။

မင်းတို့ ပဲ ဘလော့ဂ်ရှိတိုင်း ဘလော့ဂ်ဂါ မဟုတ်ဘူးဆိုကွ … ပို့ စ် ဘယ်နှစ်ခုရှိရမယ်… ဘာဖြစ်ရမယ်.. ညာဖြစ်ရမယ်… ဘာညာ … ဘာညာ.. ဆိုကွ …။

ဒါကတော့ ခင်ဗျား လွတ်လပ်ခွင့်ပါဗျာ … ခင်ဗျား ကြိုက်သလို ခံယူလို့ ရပါတယ်… ပို့ စ် တစ်ပုဒ်ထဲ ရေးပြီး ဘလော့ဂ်ဂါလို့  ခံယူလို့ လည်း ရတယ်… ဘယ်သူမှ တရားလာစွဲလို့  မရဘူး…။ ဟိုအမျိုးသမီးဆိုရင် ပို့ စ် ၂၀၀ ရှိနေတာတောင် ဘလော့ဂ်ဂါလို့  မပြောချင်ဘူး… တဲ့ … ဒါပေမယ့် ဘလော့ဂ်မှာ စာရေးသူ= ဘလော့ဂ်ဂါ ပဲလေ…။

ငါက ဘလော့ဂ် မရေးချင်ဘူးကွ … စာဖတ်သူ သီးသန့် ပဲ လုပ်ချင်တာ…။ အဲဒီ topic မှာ ကြည့်ရင် မင်းတို့ က ငါတို့ စာဖတ်သူတွေကို ခွဲခြားခွဲခြား လုပ်ချင်တာ ရှင်းနေတာပဲ… မင်းတို့က အင်အားများတယ်ဆိုပြီး တစ်ယောက်ပြီး တစ်ယောက် ၀င်ပြောနေလိုက်ကြတာ… ။

ဒါကတော့ ရှင်းပါတယ်… ခေါင်းစဉ်ကြည့်ပါလားဗျ …. Myanmar Blogger Society လေ… ဘလော့ဂ်ဂါတွေများတာ ဘာဆန်းသလဲ…။ ကျုပ်သာခင်ဗျားနေရာမှာ ဆိုရင် ( ဘလော့ဂ်မရေးချင်ဘူးဆိုရင် ) http://myanmarbloggersociety.ning.com/ ဆိုတဲ့ ခေါင်းစဉ်ဖတ်ပြီး ငါ့နေရာမဟုတ်ပါဘူးလေ… ငါနဲ့ မဆိုင်ပါဘူး ဆိုပြီး ၀င်တောင်လာမှာ မဟုတ်ဘူး…။

ဒါကတော့ ငါတို့က မြန်မာပြည်သားတွေလေ… မြန်မာပြည်သားတွေ ဦးစီးပြီး မြန်မာပြည်သားတွေ စုဝေးနေတဲ့ နေရာတစ်ခုကို မြန်မာပြည်သားတစ်ယောက်အနေနဲ့  လာရောက်ပူးပေါင်းချင်တာပေါ့ဗျ…။ ဒါမျိုးချစ်စိတ်ဗျ…။ ပြီးတော့ ဖိတ်စာ ရောက်လို့ လာတာဗျ.. ငါ့သူငယ်ချင်း တွေက ဖိတ်စာပို့  လို့ ရောက်လာတာ…။ ရောက်လာပြီးမှ ငါတို့ ကို ကိုင်တွယ်မလေး ဘာလေးနဲ့  … ခင်ဗျားတို့ က ဘာလဲဗျ …။

အေးဗျာ… ကျုပ်လည်း တကယ်တော့ ခင်ဗျားတို့ကို မရှိစေချင်လို့  ပြောတာမဟုတ်ပါဘူး…။ ခင်ဗျားတို့ လို အားပေးသူတွေနဲ့  အတူရှိနေရတာ ကျူပ်တို့ ကလည်း ပျော်ပါတယ်ဗျာ…။ Forum မှာ အသုံးအနှုန်းလေး နဲနဲ လွဲသွားတယ်လို့  ထင်ပါတယ်…။ ကျုပ်အထင်ကို ပြောမယ်ဗျာ … အထင်နော်… ဒီနေရာကို ဘလော့ဂ်ဂါလည်း မဟုတ်.. ရီဒါလည်း မဟုတ်ဘဲ နဲ့  ဗရုတ်ဗရက် လုပ်ချင်တဲ့ သူတချို့  ၀င်လာလို့  ဒီ topic ကို တင်တယ်လို့  ကျုပ်ထင်တယ်ဗျာ…။ မတော်တရော်ပုံတွေ တင်တဲ့ လူတွေ … အစိုးရ ငြိုငြင်အောင် လုပ်မယ့် သူတွေကို ကိုယ်တွယ်ဖြေရှင်းချင်တဲ့ သဘောပါတယ် လို့  ကျုပ် ယူဆသဗျာ …။

ဘလော့ဂ် စပေါ့ ဆိုတာ ပြည်တွင်းမှာ တရားဝင် တားမြစ်ထားတဲ့ နေရာတစ်ခုပါ …။ အဲဒါကို ခိုးဝင်ပြီး ရေးသားနေကြရတဲ့ ပြည်တွင်း ဘလော့ဂ်ဂါတွေရဲ့ ဘ၀ဟာ တကယ်တော့ မှောင်ခိုသမားတွေရဲ့ ဘ၀နဲ့ တူပါတယ်…။ အဲဒီတော့ ဒီနေရာ http://myanmarbloggersociety.ning.com/ ဟာ မှောင်ခိုသမားတွေနဲ့  မှောင်မခိုသမားတွေ ( မပိတ်ထားတဲ့နေရာက ရေးနေတဲ့ ဘလော့ဂ်ဂါတွေ) စုစည်းနေတဲ့နေရာ ဖြစ်နေပါတယ်..။ ဒီတော့ အစတည်းက အန္တရာယ်များတဲ့ နေရာတစ်ခုပါ…။ ပြည်တွင်းက ဘလော့ဂ်ဂါတွေ သတ္တိကောင်းကောင်းနဲ့  မ တည်ထားတဲ့http://myanmarbloggersociety.ning.com/ နဲ့  စီစဉ်သူတွေ ဘေးကင်းဖို့ ဆိုတာ သိပ်အရေးကြီးပါတယ်…။ ဒါကြောင့် အမှိုက်ကနေ မီးမလောင်ဖို့  အမှိုက်ဖွမယ့်သူတွေကို ကာကွယ်ဖို့  ကြိုးစားရင်း နားလည်မှုတွေ လွဲကုန်ကြတယ်လို့  ယူဆပါတယ်…။

အန္တရာယ်များတဲ့ နေရာဆိုရင် မင်း… ဘာလို့ လာသေးတုန်း..။

ဒါကတော့ ( မပုံရိပ် စကား ငှားသုံးရရင် ) မိုက်ဖော်မိုက်ဖက်တွေက အဲဒီမှာ စုနေသကိုး…။ အဲတော့ ဘော်ဒါတွေ စုနေတဲ့ နေရာ ကျုပ်လည်း သွားပူးပေါင်းသပေါ့ဗျာ…။ ရယ်စရာပြောရရင် အကောင့်လုပ်ရင်းနဲ့ တော့ နာဇီတွေက ဂျူးတွေကို သတ်ဖို့  အစုလိုက်အပြုံလိုက် စုဝေးနေစေတဲ့ ရုပ်ရှင်ပြကွက်လေး မြင်မိသဗျာ… အစုလိုက် အပြုံလိုက်ကြီး စောင့်ကြည့်ခံရတော့မယ်လို့  …။

ဒါတော့ မင်းက စီစဉ်သူတွေရဲ့ စေတနာကို စော်ကားတာပဲ…။

စော်ကားတာ မဟုတ်ပါဘူးဗျာ … ရယ်စရာပြောတာပါ ဆိုနေဗျာ…။ ကျူပ်က အံ့သြ လေးစား ချီးကျူးမိတာပါ ….။ တကယ်တော့ ကျုပ်တို့ လို ရိုးရိုးသားသား လွတ်လွတ်ကင်းကင်း ရေးနေတဲ့ သူတွေ အဖို့  ဘာမှ စိုးရိမ်နေစရာမလိုပါဘူး… သို့ ပေမယ့်လဲ … သို့ ပေမယ့်ပေါ့ဗျာ… ပြည်တွင်းမှာ ဘလော့ဂ်ဂါဆိုတာနဲ့  ဆွေမျိုးတွေက မရေးဖို့ ပြောကြတယ်ဗျ …။ ကိုလင်းဦး တောင် ပို့ စ်မှာရေးထားသေးတယ်…။

ဒီလို အခက်အခဲတွေနဲ့  ဒီလိုကြောင့်ဆိုရင်တော့ ငါ လက်ခံနိုင်ပါတယ်…။ ကိုပီကေ ပြန်ဖြေထားတာတွေကလည်း သဘာဝကျပါတယ်…။

ဟုတ်ပါတယ်… ကိုပီကေ ပြန်ဖြေထားသလိုပါပဲ … blog reader တွေကို ဘလော့ဂ်ဂါတွေက အရမ်းကို တန်ဖိုးထားပါတယ်….။

အေး.. ဒါနဲ့  မင်းတို့  ဘလော့ဂ်ဂါတွေက အထာနဲ့  ဆိုကွ…။ ကိုပီကေ က ဒီလို ရေးထားလို ကျနော်တို့ ဘလော့ဂ်မှာ အထာတစ်ခုက ကိုယ်ပို့စ်တစ်ခု ရေးထားရင် သူများဆီ သွားလည်ပါတယ်။ ၀တ်ကျေတန်းကျေ လည်ရုံသက်သက်ဖြစ်ပြီး တချို့တော့လည်း တကယ်ကို စာဖတ်ချင်လို့ သွားလည်ကြတယ်။ ၀တ်ကျေတန်းကျေ သွားလည်ရတဲ့ အကြောင်းအရင်းက ငါလာလည်တယ်၊ မင်းလည်း ငါ့ဆီပြန်လာ ဆိုတဲ့ အထာလေး ပေးခဲ့တာပါ။ ဒါကြောင့် ဘလော့ဂါတချို့ ဒီအထာနဲ့ လည်ကြတယ်။ ”

အင်း… ဟုတ်လဲ … ဟုတ်တယ်… ဟုတ်လဲဟုတ်ဘူး … ။ ကျုပ်အနေနဲ့ ပြောပါဆိုရင်တော့ မဟုတ်ဘူး… ကျုပ်မှာ ပို့ စ်အသစ် ရှိရှိ မရှိရှိ ကျုပ် စိတ်ကူးတည့်ရာ လည်တာပဲ…။ ဒီိကိစ္စနဲ့ ပတ်သက်လို့  မလေးမ တောင် တစ်နေ့ ကပဲ ကိုပီကေ ဘလော့ဂ်ကို မသွားရဲဘူးလို့  ပြောနေသေးတယ်…။

ဘာလို့ လဲဗျ… ဗျို့  … လေးမရေ… ထွက်ခဲ့ပါဦး.. ။ ခင်ဗျား .. ကိုပီကေ ဘလော့ဂ် မလည်ရဲဘူးဆို….။

လေးမ… ဟုတ်တယ်… ကြောက်လို့ …။ လေးမက လည်မိရင် ကွန်မန့်  ချန်တတ်တယ်… တော်ကြာ ကပီကေကြီးက “ လေးမ ကျွန်တော့်ကို အထာ လာပေးသွားပါတယ်” လို့  ဘလော့ဂ် ရပ်ကွက်ကြီးမှာ ထအော်လိုက်ရင် ရှက်စရာကြီး…။ ပြီးတော့ ကြေးအိုးလေးက သတင်းရပြီး ထမီစွန်တောင်ဆွဲ… ( သို့ ) ဂျင်းဘောင်းဘီ မ ပြီး..“ ချစ်မ.. ချစ်မ… ဘာရုတ်တာရဲ… ဘာသဘောရဲ… သတ္တိချိရင် စီမီနာ လာတက်…စီမီနာရောက်မှ.. တစ်ယောက်ချင်း ဖိုက်မယ်” ဆိုလို့ ကတော့ ဘလော့ဂ်ရပ်ဝန်းမှာ ပွက်ပွက်ညံသွားတော့မှာ… အဲဒါကြောင့်… ။ ဒါပဲမို့ လား… ပြန်တော့မယ်…. ကျွန်မ မအားဘူး… ဂိမ်းဆော့နေရာက ထလာရတာ….။

လေးမက ကလေးလည်းမဟုတ်ဘဲ ဆော့နေပြန်ပြီ…

အမှန်တော့ ကြည့်ကောင်းအောင် ပြောသွားတာနေမှာပါ … သူက သူများအကြောင်းလဲ မပြောတတ်ပါ ဆိုပြီးတော့ စပ်မိစပ်ရာ အိမ်.. သွားသွားလည်ပြီး အတင်းအုပ်နေကျလေ…။ ကိုသင်္ကြန်ကြီးကလည်း အတင်းအုပ်မယ်ဆိုတာနဲ့  နားရွက်ကို ထောင်နေတာပဲ …။ ဒီကြားထဲ မဲဆောက် ကြွက် က လက်ဖက်ပန်းကန်လေးကိုင်ပြီး အနော် ကြောက်တယ်… အနော်ကြောက်တယ် ဆိုပြီး ပါးစပ်လေး အုပ်ပြီး ၀င်ဖွသေးတာ…။

အင်း.. မင်းတို့  ဘလော့ဂ်ရပ်ဝန်းကြီးက အဲဒီလို ပျော်စရာကောင်းလို့  ငါတို့ က ခင်မိနေတာ… စာမရေးချင်ပေမယ့် မင်းတို့ နဲ့  အတူ ရှိနေချင်တာဗျ…။

နားလည်ပါတယ်ဗျာ… ကျုပ်တို့ ကလည်း ခင်ဗျားတို့ ရှိနေတာကို တကယ်ကို လိုလားပါတယ်…။ စိတ်အခန့် မသင့်ဖြစ်ခဲ့တာလေးတွေ ရှိရင် ကျေတော့.. ချေလိုက်တော့ဗျာ…။ အရေးမတတ်တဲ့ စကားလေးတချို့ အတွက် အထအန ကောက်မနေကြစို့ရဲ့ …။ သွေးသားအရင်းကြီး ဖြစ်တဲ့ မိဘနဲ့  သားသမီးတောင် သဘောထားခြင်း မတိုက်ဆိုင်တာတွေ ရှိကြသေးတာပဲ….။ ဘာမှမတော်ကြတဲ့ လူတွေ … တစ်ယောက်နဲ့  တစ်ယောက် အမြင်မတူနိုင်တာလေးကို သည်းခံသင့်ရင် သည်းခံပေးလိုက်ပါ…။ ဘလော့ဂ်ဂါ… ရီဒါဆိုတာ တကယ်တော့ ပညတ်ချက်တွေပါ…။ အားလုံးဟာ သချိုင်းကို ချီတက်နေတဲ့ ရုပ်နာမ်နှစ်ပါးနဲ့  ရဲဘော်ရဲဘက်တွေပဲ…။ မသေခင် ဆုံကြရတာ… ပျော်ပျော်ပါးပါးပေါ့နော…။ ။

ရည်ညွှန်းကိုးကား ။ ။ ဘလော့ဂါ မဟုတ်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

မှတ်ချက် ။ ။ ၂၀၀ မြောက်ပို့ စ်ပါ..။

သို့  … သူငယ်ချင်း ( ၂ )

နင် မရှိတဲ့ နေရာမှာ

နင်မသိတဲ့ အလွမ်းတွေနဲ့ 

နင့်ကို သိပ်သတိရနေတဲ့

နင်နဲ့  သူငယ်ချင်းတော်စပ်တဲ့

နင်ရဲ့ သူငယ်ချင်း

ငါရှိနေတာ

နင်အသိအမှတ်ပြုခဲ့မယ်ဆို

နင်ပတ်သက်ခဲ့သမျှတွေကို

ထိုင်ကြည့်ရင်း လွမ်းနေရတာ

ငါ

လွမ်းပျော်ပါပြီ… ဟာ…။ ။

 

သို့  … သူငယ်ချင်း (၁)

မျှားပြာ ဖတ်ရန်

1. Blogger အမည် – မျှားပြာ ( ပြာတွေကို မျှား နေတဲ့ သူဆိုပဲ… ပြာတွေကို မျှားမှ တော့ လက်ဆုပ်လက်ကိုင် ဘယ်ရှိပါ့မလဲ ) ။

2. လူအမည် – မသိ ။

3. သူငယ်ချင်းများက ခေါ်သောအမည် – ပြာယာခတ် ၊အပြာရောင်မျှား၊ ချက်ကြီး ၊ စုတ်ဖွား ၊……( ရှိသေးရင် ထပ်ဖြည့်ကြပါ) ။

4. Blog အမည် – သန်းခေါင်ယံအတွေး ( တရေးနိုးသော် အကြံပေါ် … ပေါ်သည့်အကြံ ဘလော့ရေးရန် .. ဆိုတဲ့ အတွေးနဲ့  ပေးထားပုံရတယ်.. ခုတလောတော့ တရေးမနိုးတာလား …တရေးမှမအိပ်တာလားတော့မသိ… သန်းခေါင်ယံအတွေးတွေ မတွေ့ ရတာကြာပေါ့ .. ) ။

5. ဒီလိုလူစား အားလုံးကို အဆင်ပြေစေချင်တဲ့၊ ရိုးရိုးသားသားနေချင်တဲ့ လူထဲက လူတစ်ယောက်။

6. လက်သုံးစကား – အဆင်ပြေပါစေဗျာ ။

7. သူလိုချင်တာ – ရင်ဘတ်ထဲက အသံတွေ ။

8. သူ့ အတွက် မရှိမဖြစ်- ဆေးလိပ် ( ရေးထားတဲ့ ပို့ စ်တွေ ဖတ်ရင် သိနိုင်) ။

9. သူ့ ဘေးမှာ – မီးမီး ( ကြောင်မလေး) ။

10. သူ့ ကို သင်ပြောချင်တဲ့ စကား ( သို့ ) သူ့ နဲ့ ပတ်သက်လို့  ပြောချင်တဲ့စကား (အတင်းအုပ်ရန်) – Toilet လေးတွေကို ချစ်စရာကောင်းအောင် ဒီဇိုင်းဆင်ထားတဲ့ ဓါတ်ပုံလေးတွေကနေ စတင်သတိပြုခဲ့မိပါတယ်…။ နောက်တော့ “ ဘာမှကို ဆက်မရေးချင်တော့ဘူးဗျာ” ဆိုတဲ့ ပို့ စ်နဲ့  စိတ်ညစ် ငြိမ်ကုပ် သွားတယ်…။ အဲဒီတုန်းက ကိုညိမ်းညို လည်း ညစ် သွားသေးတယ် ထင်တယ်…။ သူငယ်ချင်း နှစ်ယောက် အပြိုင်ညစ်နေတဲ့အချိန်.. ၂ ယောက်လုံးရဲ့ ဆီပုံးမှာ ပြန်ရေးဖို့  လေးမ အားပေးခဲ့ဖူးပါတယ်…။ နောက်တော့ ဘီယာပုလင်းနဲ့ မြန်မာ ထမင်း.. ဟင်း.. တင်ပြီး ပြန်ရေးလာတာတွေ့ တော့ ၀မ်းသာခဲ့ရပါတယ်..။ မခင်သေးတဲ့ ဘလော့ဂါ ဖြစ်ပေမယ့် ပြန်ရေးတာကို ၀မ်းသာခဲ့ပါတယ်..။ သူ့ ကို ခင်သွားတာကတော့ “တစ်မိုးတည်းအောက် ” ကဗျာကြောင့်ပါ .. ( လေးမ ရေးခဲ့တဲ့ ကွန်မန့် ကဗျာကို သူ့ ဘလော့မှာ တင်ပေးလို့ လေ.. ဟီး..ဟီး..) ။ ဒါပေမယ့် အဲဒီကဗျာနဲ့ ပတ်သက်ပြီး မကြာသေးခင်က သူတော်တော် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့ရတယ်…။

လေးမထက် အသက်ငယ်ပေမယ့် လေးမကို လေးမ ဟု ခပ်တည်တည်ခေါ်ခဲ့သော .. သီတင်းကျွတ်တုန်းက လေးမ မင်္ဂလာဆောင်လျှင် အရန် လုပ်ပေးပါမည်ဟု ကမ်းလှမ်းခဲ့သော … လေးမ၏ ပို့ စ်များတွင် မှတ်ချက် ကွန်မန့် များစွာ ပေးခဲ့ဖူးသော … လေးမနှင့် လေးမ၏ကောင်းကင် ဇာတ်ဆောင်ပါဝင်သော ပို့ စ်များ.. ကဗျာများကို နှစ်သက်စွာ အားပေးတတ်သော … ဘလော့တကာဘလော့ ရွာရိုးကိုးပေါက် ခြေရာများစွာ ထားတတ်သော … ကဗျာ အရေးကောင်းသော… “သုံးချောင်းထောက် ” ကဗျာရဲ့ ခြေတစ်ချောင်းဖြစ်သော( မူးမူးနဲ့ ရေးကြတာ ဟု ခိုင်လုံသော အတွင်းသတင်းရထားပါသည်) … ခင်မင်စရာကောင်းသော … အမြင်ကတ်စရာ ကောင်းသော ( အကြွေးမဆပ်နဲ့ ဆိုတာကို ဆပ်မယ်ပြောလို့ ) … …သော…. သော.. ထိုထိုသို့ သော blogger မျှားပြာ ကို တစ်ခုခု ပြောပါဆိုရင် “ပြာတွေကို မမျှားနဲ့ တော့ ” လို့  ပြောချင်ပါတယ်…။

ခင်မင်စွာဖြင့်

အစ်မ လေးမ

11. မျှားပြာမှ ရေးသူသို့  တစ်ခုခုပြောချင်တဲ့ ဆန္ဒရှိခဲ့လျှင်ရေးရန်…. ကျွန်တော်က ဖတ်ပီး ဘာပြောရမှာလဲ အစ်မလေးမရေ .. ဟတ်ဟတ် အားလုံးပဲ ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေကြပါစေဗျာ …။

သူငယ်ချင်းတို့ ရေ… ဘယ်ရယ်တော့ မဟုတ်ဘူး… ကျောင်းတုန်းက “ ရေးပေးပါ” စာအုပ်လေးပြန်ဖတ်ပြီး… လေးမ စိတ်ထဲ ရေးချင်စိတ်ရှိတာလေးတွေ ချရေးလိုက်တာပါ …။ ဘယ်သူ့ အတွက် ရေးမလဲ မဲချလိုက်တော့ “မျှားပြာ” မဲပေါက်ပါတယ်…။ မျှားပြာကို ခင်မင်ကြတဲ့ မိတ်ဆွေ တွေ အားလုံး လေးမ ပေးထားတဲ့ ခေါင်းစဉ်တွေအားလုံး အတွက်ဖြစ်စေ.. တချို့ အတွက်ဖြစ်စေ.. နှစ်သက်သလို တစ်ခုခုရေးပေးသွားနိင်ပါတယ်…။ ကွန်မန့်မှာ ဖြစ်ဖြစ်… လေးမ မေးလ်ကို ပို့ ပြီးတော့ ဖြစ်ဖြစ် ရေးနိုင်ပါတယ်..။ ဒီပို့ စ်မှာ တစ်ယောက်ချင်းရဲ့ နာမည်နဲ့ တကွ ဆက်လက်ဖော်ပြပေးသွားပါမယ်…။

********************************

သူ့ ကို သင်ပြောချင်တဲ့ စကား ( သို့ ) သူ့ နဲ့ ပတ်သက်လို့  ပြောချင်တဲ့စကား (အတင်းအုပ်ရန်) – ပြောစရာလား အင်း အဲဒီမျှားပြာကို ပြောချင်စရာ ဘာရှိပါလိမ့်။ သြော်.. သူလည်း မန်ယူ ပရိဿတ်ပဲလေ..

( မပန်ဒိုရာ )

..ဘလော့အမည်= သူရဲ arrow
2.. လူအမည် = ထိပ်မပြောင်တဲ့ဧရာ
3..ကျနော်ခေါ်သောအမည်များ= ငနာ/ ပဲဟင်း/စုတ်ဖွား/
4..ဘလော့အမည်= သန်းခေါင်ယံအတွေးမဟုတ်တော့ဘူး သန်းခေါင်ယံ ဂိမ်း
5.. ဒီလိုကောင်= အားလုံးငြိမ်းချမ်းအောင်မြင်ပျော်ရွှင်အဆင်ပြေပါစေ( ကြားပါများလို့  အလွတ်ရ :P )
6..ကြားနေကြစကား = အဆင်ပြေပါစေကွာ
7.. သူလိုချင်တာ = မိန်းမ ၁၀ ယောက် ( ဟီးးဟီးး)
8.. သူ့ အတွက်မရှိမဖြစ်= မသိဘူး
9..သူ့ ဘေးမှာ = ဆေးလိပ် ( မီးမီးက ပျောက်သွားပြီတဲ့ )
10.. ပြောချင်တဲ့ စကားတွေကတော့ ရေးရင် ပို့ စ်တစ်ပုဒ်ဖြစ်တော့ မယ် သို့သော် အချိန်ကိုငဲ့ကွက်ပြီး လိုရင်ကိုပဲ ပြောတော့မယ် ( ဒါပဲ ) ကြောင်နှစ်ကောင်အိပ်မက်အတွက် အမြဲတမ်းကျေးဇူးပါဗျာ အမှတ်တရတွေအများကြီးပေးပြီး ပျော်ရွှင်စေခဲ့တာ အမြဲအမှတ်တရပါ ။

တီကြွက်ကတော့ လုပ်ပြီးး သူက သံယောဇဉ်ပျက်ပြီးလို့  ပြောထားတာကို သွားကလိနေတယ် ..အင်းးး ဒီလောက်ဆိုရင်တော့ အခြေနေတွေက ငြိမ်ကောင်းပါရဲ့ ဘလော့( သူ့ ရဲ့ သန်းခေါင်ယံအတွေး)တွေကို ချစ်ရင် ပြန်လာဖို့  အချိန်တန်ပြီထင်တယ် :) ဆြာလုပ်ကြည့်တာ

( မောင်မျိုး )

ကိုမျှားပြာ..အရမ်းဂိမ်းဆော့တယ်
တော်တော်သဘောကောင်းပုံရတယ်..(သေချာတော့မသိဘူး)ဟီး
Level..တွေတော်တော်ရနေပုံဘဲ..
သူကဗျာတွေဖတ်လို့ ကောင်းတယ်
သူကဘလော့ရေးတာစိတ်မပါတော့ဘူးလို့ ပြောတယ်..
သူပြန်ရေးမယ်ဆိုဖတ်ချင်ပါတယ်.. :P

( စိုးမိုး )

အင်း.. ကိုကြောင်မျိုး ပြောမှ (အားပေးတဲ့သူ အရူးဖြစ်) ဆိုတာကို ရယ်ချင်သွားလို့။
အတွေ့အကြုံ များနေပြီ ထင်ပါ့။
ကိုမျှားပြာကို ..
သိသလိုလို .. ကိုမျှားပြာ အကြောင်း မလေးမ ဆီကနေ စ သိတာ။ နာမည်ထူးဆန်းလို့ ။
ခင်သလိုလို .. မီ့ဘလော့ကို လာနှုတ်ဆက်တာ တစ်ခါနှစ်ခါ မြင်ဖူးတယ် =)
ပြောချင်တာတွေ ..
(၁) သူ့ကြောင်မလေး မီးမီးက ချစ်စရာလေး. ပျောက်သွားတယ် ဆိုလို့ စိတ်မကောင်းပါဘူး။
(၂) အားလုံး အဆင်ပြေပါစေ လို့ .. ဘလော့ပြန်ရေးပါ လို့ .. ။
(၃) တော်တော် မေ့တတ်တဲ့ မီမီ ခုထိ ကိုမျှားပြာကို လင့်မချိတ်ရသေးပါဘူး.. ဘယ်လိုမှ မအောက်မေ့ပါနဲ့ .. လို့ . . ဒါနဲ့ .. ဘယ်မလဲ လင့် ?? =x
သြော် တွေ့ပြီ http://bluearrow.myanmarbloggers.org/ =)
(၄) . . . . . . ဘာပြောပြော ဘာကြားကြား .. အင်း… ကိုမျှားပြာက ကိုမျှားပြာ ပါပဲ။
မီက သူငယ်ချင်းတွေ ဘလော့ ဆိုရင် ပြန်ရေးမလား ဆိုပြီး မဟန်နီ ကို စောင့်သလို နေ့တိုင်း page refresh လုပ်ပြီး စောင့်နေတတ်တယ်..။ ;-)

peace!!

( ရွှန်းမီ )

ငမျှားချိတ်လို့ ခေါ်တယ်ဗျ… စကားပြောရင် ဟိုချိတ် ဒီကောက်နဲ့မို့… စာသင်ခန်းမှာ ကဗျာတူတူခိုးရေးရင်း…. သူရောက်နေတဲ့နေမြေသစ်ထဲ ကျွန်တော့်ကို အတင်းဆွဲခေါ်ခဲ့တယ်… တကယ်တမ်း ကျွန်တော် ရပ်တည်လာတော့… သူမရေးတော့ဘူးတဲ့ဗျာ… ဘယ်သူမှ ဆရာ မခေါ်ကြလို့… နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဆြာမျှား… ဆြာလွမ်းနဲ့ ကြိတ်ခေါ်ခဲ့ကြတယ်… ဟိ.. ပြာတွေကို ထပ်မျှားမနေပါနဲ့တော့ သူငယ်ချင်းရာ… EC Level လည်းရောက်နေပါပြီ… စိတ်လျော့တော့…

( လွမ်းလုင် )

ဆာမျှားရေ
ငါတော့ ဘာမှမပြောတတ်တော့ပါဘူးကွာ
ဘယ်နေရာ ဘယ်ဒေသကိုရောက်နေနေ ငါတို့ ခင်မင်ရင်းနှီးခဲ့တာတွေကို
မက်မက်မောမော ထိန်းသိမ်းထားမယ်ကွာ
မနက်ဖြန် ဆက်ရန်တွေကလဲအများကြီး ဆြာမျှားရေ
လက်လန်မကျစေဖို့ တကွက်မှမချန်ပါနဲ့တော့ကွာ
ငါ့သူငယ်ချင်းကြီး ဘယ်မှာရောက်ရောက်အဆင်ပြေပါစေဗျာ
ငါတို့ကဗျာတွေကိုသုံးချောင်းထောက်ကြစို့ရဲ့ ( ဒီတခါတော့ မမူးဘဲရေးကြရအောင် ဟို..အစ်မကြီးလက်က လွတ်အောင် :P

ဇောက်ထိုးကောင် ငညိမ်းညို

ငါးမျှားချိတ်
နင့်ကိုသိပ်ကြည်တာမဟုတ်ဘူးနော်
သူများကို သိုင်းကစားဖို့လည်းခေါ်သေးတယ် ခုတော့ ၀ူတန်းဂိုဏ်းမှာ တစ်ယောက်တည်း ထားခဲ့တယ်။ လယ်ဗယ်မတူလို့ပေါ့နော် မဟုတ်ရင် နင့်ကိုသတ်မယ် :P ။ ခုတော့ GC2 ကနေကို မတက်နိုင်တော့ဘူး။ နင်မှ လာမခေါ်ရင် ငါ တက်နိုင်တော့မှာ မဟုတ်တော့ဘူးး( ။ ငါးမျှားချိတ်ပဲ့
အားလုံးအဆင်ပြေပါစေကွာ

( နှင်းပွင့်ဖြူလေး)

အမဆီမှာ ကောင်လေးတစ်ယောက်ကတော့ အမြဲတမ်း comment ရေးရင် “အဆင်ပြေပါစေ အမရေ၊ အဆင်ပြေပျော်ရွှင်ပါစေ အမရေ” လို့ရေးတတ်ပြီး ဟင်းချက်တဲ့ပို့စ်တွေတင်ရင်တော့ “အမရေ အဲဒီလိုမျိုးလေးတွေ လုပ်ကျွေးပါဦး” လို့ ရေးသွားတတ်တယ်။ အဲဒီကောင်လေးက ဘယ်သူလဲတော့မသိဘူး.. အော်.. သူ့ profile icon လေးကတော့ မျှားအပြာရောင်လေးပဲ.. အခုတော့ ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲတောင် မသိဘူး..:(

(မနုစံ)

ပြောရတာလဲ အာခေါင်ရွဲ့တော့မယ် ဟကောင်ကြီးရေ။
ဧည့်သည်လုပ်ပီး လာတွေ့တာကိုတောင် မော်နီတာပေါ်က မျက်နှာမခွာပဲ နှုတ်ဆက်ခဲ့တဲ့မင်း ရောက်ရာအရပ်ကနေ မင်းရဲ့ mouse နဲ့ keyboard ကို blog page တွေပေါ် ပြန်တင်ပါအုံးကွာ။

( မင်းကျန်စစ်)

အင်း… ကိုမျှားပြာ. ကိုမျှားပြာ အရင်က ဒီလောက်တက်ကြွတာ အခုလို ငြိမ်ကျသွားမယ်လို့ လုံးဝကိုမထင်မိဘူး။ ကိုယ်တိုင်ကလည်း ဘလော့ဖက်ကိုမလှည့်နိုင်သေးတော့ ကိုမျှားပြာကို ဘယ်လို အားပေးရမှန်းမသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာပြဿနာပဲရှိရှိ ကိုမျှားပြာတစ်ယောက်အားလုံးအဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးပါတယ်နော်။

( ၀င်္ကပါ)

မျှားပြာ အတွက် …

ချစ်နယ်လို့ အမြဲခေါ်တယ် ။
ဘလော့စရေးတော့ အဦင်္းဆုံးကွန့်မန့်ပေးသွားတယ် ။
ခင်စရာ အရမ်းကောင်းတယ် ။
သူ့အတွက် ကဗျာတစ်ပုဒ် ရေးပေးဖူးတယ် ။
ကျွန်တော့အတွက် ကဗျာတစ်ပုဒ် မွေးနေ့လက်ဆောင်ပေးတယ် ။
တစ်ယောက်အပေါ်တစ်ယောက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ခင်မင်မှုတွေ ၀င်ဆောင့်တယ် ။
ဘယ်နေရာ ရောက်ရောက် အမြဲသတိရနေမယ် ။
http://bluearrow.myanmarbloggers.org/2008/01/blog-post_25.html

( တင့်ထူးရွှေ )

ကိုမျှားပြာရေ
ကဗျာတွေကို သတိရနေတယ်
ကဗျာကိုသတိရနေတယ်ဆိုလို့ လူကိုမပါဘူးမထင်ပါနဲ့
ကဗျာရေးတဲ့သူလဲပါတယ်နော်
ပြန်ဘလော့ဖို့ အဆင်ပြေတဲ့နေ့ကို စောင့်မျှော်လျက်ပါနော်။
( Chaos)

ကိုမျှားပြာ အဆင်ပြေပါစေ

( မွန် )

ကွာရှင်းပြီးတဲ့နောက် …

ယောက်ျားတစ်ယောက် နဲ့  မိန်းမတစ်ယောက် ကွာရှင်းပြတ်စဲလိုက်ကြတဲ့ အခါ ဘာဖြစ်မလဲ…။

ကာယကံရှင်တွေအတွက် အနည်းဆုံး စိတ်ကျေနပ်မှုတစ်ခုတော့ ရသွားကြမှာပဲ …။

အတ္တတွေ … မာန်မာနတွေ… နာကျည်းမှုတွေ … ဒေါသတွေ … ရဲ့ အဆုံးသတ်လို့ ထင်မှတ်ပြီး လမ်းခွဲလိုက်ကြတဲ့အခါ တဒင်္ဂ အနိုင်ရသွားပြီ … ငြိမ်းအေးသွားပြီလို့  ထင်ရပေမယ့် … ဘ၀တစ်ခုလုံး လောင်မြိုက်တော့မယ့် မီးတစ်စကို စမွှေးမိပြီဆိုတာ သတိပြုစေချင်တယ်…။

သားသမီး မရှိတဲ့ အိမ်ထောင်တစ်ခုပြိုကွဲသွားတာကတော့ အေးရာအေးကြောင်း ဖြစ်နိုင်ပါတယ်…။ သားသမီးရှိတဲ့ အိမ်ထောင်တစ်ခု ပြိုကွဲသွားတာကတော့ မီးမွှေးမိသလိုပါပဲ …။ အဲဒီမီးက ဖွဲမီးလိုပဲ…။

မိဘနှစ်ပါး အဆင်မပြေလို့  ရန်ဖြစ်ကြရင်တောင် သားသမီးတွေ မှာ နေစရာမရှိအောင် စိတ်ဆင်းရဲကြရပါတယ်…။ ရန်မဖြစ်ချင်တော့လို့  လမ်းခွဲလိုက်ပြီဆိုရင် ပိုဆိုးပါတယ်…။ အဖေ သို့ မဟုတ် အမေရဲ့ စောင့်ရှောက်မှု လွတ်ကင်းသွားတဲ့ ကလေးရဲ့စိတ်ဟာ အလိုလို လုံခြုံမှု လျော့နည်းလာတယ်…။ ဘယ်လောက်ပဲ ပြည့်စုံအောင် ထားထား သူ့ စိတ်မှာ.. နှလုံးသားမှာ ဟာကွက်ဖြစ်သွားနိုင်ပါတယ်…။ နုနယ်တဲ့ ကလေးတွေ နဲ့ ဆယ်ကျော်သက် အရွယ်တွေမှာ ဒီထိုးနှက်မှုရဲ့ ဒဏ်က ပိုပြင်းထန်ပါတယ်…။

မိဘ တစ်ယောက်ယောက် ဆုံးပါးသွားလို့  လစ်ဟာရတဲ့ အခြေအနေကို လူငယ်တွေဟာ လက်ခံနိုင်ပါတယ်…။ ဒါပေမယ့် လူကြီးတွေ မတည့်လို့  ငါတို့ မှာ ကောင်းကင်မဲ့ ရတယ်ဆိုတဲ့ အသိကတော့ လူငယ်တွေ အတွက် နုတ်မရတဲ့ ဆူးပါပဲ…။ မိဘတွေ ဆုံးဖြတ်တာ အားလုံးကောင်းဖို့  ဖြစ်ချင်ဖြစ်မယ်… သူတို့ကြီးပြင်းလာတဲ့ အခါ နားလည်လက်ခံနိုင်တဲ့ အခြေအနေ ဖြစ်ကောင်း ဖြစ်မယ် … ဒါပေမယ့် နုနယ်တဲ့ ကလေးအရွယ် .. ဆယ်ကျော်သက် အရွယ်မှာ ဒီ ပြသနာဟာ ကြီးမားတဲ့ ပြသနာ ဖြစ်တယ်..။

မိဘတွေ ကွဲကြတဲ့ ပြသနာကို ယောက်ျားလေးတွေက ပိုပြီး ရင်မဆိုင်နိုင်ဘူး..။  တွေ့ ရသလောက်တော့ မိန်းကလေးတွေမှာ သိသိသာသာကြီး ထိခိုက်ပျက်စီးတာမျိုး မရှိဘူး..။ ယောက်ျားလေးတွေက ပိုပြီး ထိုးနှက်ခံရတယ်…။ အဖေ သို့ မဟုတ် အမေရဲ့ ပြောဆို ဆုံးမမှုကို မနာခံနိုင်တော့ဘူး… လက်မခံနိုင်တော့ဘူး… နာကျည်းနေတတ်တယ်… ကလန်ကဆန်လုပ်တယ်… အဲဒီတော့ ဘာဖြစ်သလဲ…။ ဆိုးကျိုးက … မကောင်းတဲ့ အရာတွေကို စမ်းသပ်ကြည့်လာတယ်… အထူးသဖြင့် …“ ဆေး”… ဆေးသုံးလာကြတယ်…။ တဒင်္ဂ စိတ်ဖြေရာအဖြစ် လွယ်လွယ်နဲ့  ပေါပေါ ၀ယ်လို့ ရတဲ့ စိတ်ကြွဆေးတွေ ကို သုံးတတ်လာတယ်… ။ ဆေးသုံးတဲ့ ဆိုးကျိုးကတော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ…။ Broken Family က ကလေးတိုင်းတော့ မဟုတ်ပါဘူး..။ အများစုကို ပြောတာပါ..။

အသံတစ်ချို့ ကို နားထောင်ကြည့်ရအောင်…

“ ကျွန်မ.. သားကို ကျွန်မ .. မပြောရဲဘူး.. ကျွန်မက နောက်အိမ်ထောင်ပြုထားတယ်… ကျွန်မ အမှားလုပ်ထားတော့ သားက ကျွန်မကို အထင်မကြီးဘူး… မလေးစားဘူး…”

“ လောကမှာ ကြောက်စရာ အကောင်းဆုံးက လူတွေပဲ.. လူတွေဟာ ဘယ်သူ မှ မကောင်းဘူး…။ ကျွန်တော့်ဘ၀မှာ မိဘကတောင် ကျွန်တော့်အပေါ်မကောင်းဘူး… ကျွန်တော် လူတွေ နဲ့  မနေချင်ဘူး… ကျွန်တော် သေချင်တယ် …”

“ ပြောပြရမှာ ရင်နာလွန်းလို့  ကွဲထွက်တော့မယ်… ကျွန်တော့်ရင်တွေ နာနေတယ်… မုန်းတယ်… အိမ်မပြန်ဘူး…”

“ ပိုက်ဆံရှာမယ်… ချမ်းသာအောင်လုပ်မယ်…။ လောကမှာ အရေးကြီးတာ ငွေပဲ…။ ငွေရှိရင် ဘာမဆိုဖြစ်တယ်…”

“ အိမ်ကို အသိပေးစရာမလိုပါဘူး… သူတို့လည်း လုပ်ချင်ရာ လုပ်တာပဲ.. ကျွန်တော်လည်း လုပ်ချင်ရာ လုပ်မယ်..”

“ ကျွန်တော် ဆေးသုံးခဲ့တယ်.. မှန်တယ်… မကောင်းမှန်းသိတယ်… စူးစမ်းချင်လို့ မဟုတ်ဘူး.. စိတ်ညစ်လို့  သုံးတယ်…”

************************************

မှတ်ချက် ။ ။ အသက် ၂၀ တောင် မပြည့်သေးတဲ့ လူငယ်လေးတွေရဲ့ ရင်ထဲက အနာတွေကို မြင်လိုက်ရတဲ့ အခါ အကြောင်းအမျိုးမျိုးကြောင့် ပစ်ထားတဲ့ ဘလော့ဂ်လေးမှာ လေးမ စာပြန်ရေးဖြစ်ပါတယ်…။ လွန်ခဲ့တဲ့ ရက်တွေတုန်းက လူနေမကောင်း.. နက်နေမကောင်း… ကွန်ပြူတာကနေမကောင်း နဲ့  ရှုပ်ယှက်ခတ်နေခဲ့လို့  ဘလော့ရပ်ဝန်းကို ခြေဦးမလှည့်နိုင်ခဲ့ပါဘူး..။ လည်လည်လာ နုတ်ဆက်သွားကြတဲ့ သူငယ်ချင်း မောင်နှမ များအားလုံးကို တောင်းပန်ပါတယ်…။ နောက်ရက်တွေမှာ လေးမ အိမ်လည်ထွက်ပါတော့မယ်..။ စားစရာများပြင်ဆင်ထားကြပါ…။ :)

လူသား ဘဝ

လူသား ဘ၀ကို ဘယ်လို ခံယူသလဲ .. ( ဒီမေးခွန်းကို နောက်ဆုံးမှ ဖြေပါ့မယ် )

ဘာတွေ လုပ်သွားမှ လူဖြစ်ရတာ တန်တယ်ထင်သလဲ။

ဘာလုပ်သွားမှ တန်တယ်ထင်သလဲ။

ဘာလုပ်သွားမှ တန်တယ်ထင်သလဲ… တဲ့…။

စပ်မိစပ်ရာက လူပြိုကြီး … အာပြဲ ကြီး နဲ့ ထအော်လိုက်လို့  ငိုက်မျဉ်းနေတဲ့ လေးမ လန့် နိုးသွားပါတယ်…။

လေးမ ရဲ့ ဘ၀ နဲ့  စိတ်ကူးတွေက သိပ်ပြီး သမရိုးကျ ဆန်လွန်းပါတယ်..။ ခုမှ အိပ်ယာက လန့်နိုးသွားသလို ပဲ ..။ လေးမ လူဖြစ်ရတာ တန်ခဲ့ပြီလား…။ တန်ရဲ့လား…။ တန်ပါ့မလား…။ တစ်ခါမှ ကိုယ့်ကိုယ်ကို ပြန်မမေးဖူးတဲ့ မေးခွန်းကို အခု ပြန်မေးကြည့်ရတော့မယ်…။ တစ်ခါမှ မတွေးဖူးခဲ့တာတွေကို စိတ်ကူးကြည့်ရတော့မယ်…။ လူဆိုတော့ ဖြစ်ချင်တာ … လုပ်ချင်တာတွေ က အများသား…။ General ကျတာတွေကို ဖယ်ထားပြီး သမရိုးကျမဟုတ်တဲ့ ဆန္ဒတွေကို ချရေးကြည့်မယ်…။

 

ဒါတွေ လုပ်ခဲ့ပြီးလို့  လူဖြစ်ရတာ တန်တယ် လို့  ထင်တယ်..။

၁။ နောက်ဆုံးနှစ်မှာ ဆရာတွေ တားနေတဲ့ ကြားက … ဆရာအများစု သဘောမတူတဲ့ ခေါင်းစဉ်နဲ့  ဘွဲ့ ယူစစ်တမ်းတင်သွင်းပြီး ဂုဏ်ထူးရအောင် ယူခဲ့တယ်..။ ခုချိန်ထိလည်း အဲဒီ Thesis ကို အားရတယ်… တွေးမိတိုင်းကျေနပ်တယ်… ။

၂။ ခွေး အကြီးစားမွေးချင်တယ် … ခု အယ်ဇေးရှင်း ၃ ကောင် မွေးထားတယ်..။

၃။ စာရေးချင်တယ်… စာရေးဆရာ မဖြစ်ချင်ဘူး… စာရေးချင်တယ်… အခု ဘလော့ဂ်မှာ ရေးနေတာ တစ်နှစ်ကျော်သွားပြီ…။

 

ဒါတွေတော့ လုပ်ချင်တယ်… ခက်ခက်ခဲခဲ မပါ ပါဘူး…

၁။ ကားကို ကိုယ်တိုင်မောင်းချင်တယ်..။ (ဆယ်တန်းအောင်ပြီးစက ကားမောင်းသင်ခဲ့ပေမယ့် အဖေက စိတ်ပူလို့  မမောင်းခဲ့ရဘူး… အခုလည်း သူက စိတ်မချလို့  မမောင်းရဘူး… ဒီလိုနဲ့  မမောင်းတတ်တော့ဘူး.. ။ )

၂။ လေးမတို့  နေဖို့  လေးမ စိတ်ကြိုက် အိမ်တစ်လုံး ( ရေကူးကန်ပါထည့်ချင်တယ်) .. လေးမ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ဆောက်ချင်တယ်… ။ လေးမ သေသွားတဲ့ အခါ လေးမ ဖန်တီးခဲ့တဲ့ လက်ရာမှာ လေးမရဲ့ အငွေ့  အသက်တွေ နဲ့  လေးမရဲ့ မိသားစုကို ကျန်ခဲ့စေချင်တယ်..။

၃။ မြန်မာပြည် က ထင်ရှားတဲ့ နေရာတွေ အကုန်ရောက်ချင်တယ်…။ လောလောဆယ် မြစ်ဆုံ အရင်သွားချင်တယ်…။ နောက်ဆို မြစ်ဆုံက… ရှိတော့မှာ မဟုတ်ဘူး..။ ကော့သောင်း သူဌေးကျွန်းသွားမယ်…။

၎။ စင်္ကာပူ.. ဘန်ကောက် … ကိုရီးယား.. ( မဲဆောက်… တကာပေါ်လို့  ထပ်ဖြည့်သည် ) ကို shopping ထွက်ချင်တယ်… ။ ဂျပန် နဲ့  ရုရှား မှာ လျှောက်လည်ချင်တယ်…။ ( ဘလော့ဂ်ဂါ သူငယ်ချင်းတွေက အစားအသောက်နဲ့  ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ထားတယ်…။)

၅။ အီတလီ.. ပြင်သစ်က ကမ္ဘာကျော် နေရာတွေကို သွားကြည့်ချင်တယ်..။

လူသားဘ၀ ကို ဒီလို အဓိပ္ပါယ်ဖွင့်မယ်

လူသား  မှန်ရင် … လူပီသရမယ်.. လူသားဆန်တဲ့ အလုပ်တွေ လုပ်ရမယ်.. (ဒါပေမယ့် တိရစ္ဆာန်တွေကို အတုယူသင့်တဲ့ နေရာမှာလည်း အတုယူဖို့ လိုအပ်တယ်…။)

ဘ၀ မှန်ရင် … ရုန်းကန် လှုပ်ရှားနေရမယ်… ငြိမ်သက်မနေရဘူး…။

လူသားဘ၀ ဆိုတာ … ဘာသာရေး..ပတ်ဝန်းကျင်… အသိတရား.. လူပုဂ္ဂိုလ်တွေရဲ့  လွှမ်းမိုး တိုက်တွန်းမှုမပါဘဲ … ကိုယ်စိတ်အားထက်သန်နေတဲ့ အလုပ်.. အနည်းဆုံး တစ်ခုလောက်တော့ ကျေကျေနပ်နပ် နောင်တမရဘဲ လုပ်လိုက်နိုင်ရင် အဓိပ္ပါယ် ရှိလိမ့်မယ် …။

 

စိတ်ကူးတွေကို နှိုးဆွပေးတဲ့ စပ်မိစပ်ရာက ကို သင်္ကြန်ကို ကျေးဇူးတင်ပါတယ်…။

လူဖြစ်ရတာ တန်အောင် တွင်းအောင်း ဂျယ်ရီ နဲ့  ညီမငယ် ဝေလေး က ဘာတွေ လုပ်သွားမလဲ ဆိုတာ မျှဝေစေချင်ပါတယ်…။ အဆင်ပြေရင်ပြောကြပါဦး..။<–>

လေးမနှင့် နာရီ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}


“နင်သေရင် တမလွန်မှာ အချိန်တွက်လို့ ရအောင် နာရီ တစ်လုံးထည့်ပေးလိုက်မယ် ” လို့  ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဆီက မမျှော်လင့်ဘဲ နာရီတစ်လုံး လက်ဆောင်ရခဲ့တယ်…။

လေးမ သေရတော့မှာလား…

( ဟား… ဟား… မမျှော်လင့်ဘဲ တိုက်ဆိုင်သွားတာဆိုတာ ငါသိပါတယ် … မိ ) ။

သူငယ်ချင်းရေ … လေးမ အရင်လို နာရ်ီတွေကို လိုက်မဖမ်းတော့ဘူး…

( နာရီတွေကပဲ လေးမ ကို လိုက်ဖမ်းနေတာ ) ။

အချိန်တွေကိုလည်း ဂရုမစိုက်တော့ဘူး… ။

နာရီ မပတ်တာ ကြာပြီ သူငယ်ချင်းရေ …

( နာရီတွေ ပျက်ကုန်လို့  .. ) … ။

လေးမရဲ့ လက်တွေကို လွတ်လပ်နေစေခဲ့တာ ကြာပြီ .. ကြာခဲ့ပြီ .. ။

နာရီ .. ဟန်းချိန်း .. လက်စွပ်တွေကို အဆင်တန်ဆာလို့  မမြင်နိုင်ဘဲ လက်မှာ နွယ်တွေ လာညှိနေတယ်လို့  ခံစားတတ်နေတယ်…

( အ၀တ်လျှော်ရ .. ပန်းကန် ဆေးရဆိုတော့ သူတို့ နဲ့  မဖြစ်ဘူးလေ .. ) ..။

ဘယ်လောက်ထိ အနှောင်အဖွဲ့  ကင်းနေသလဲ ဆိုတော့ လက်ထပ်လက်စွပ်တောင် ချွတ်သိမ်းထားတယ်…။

( လက်သူကြွယ် ၀လာလို့  ကျပ်နေလို့ ဟေ့ … ) ။

လေးမရဲ့ လက်နှစ်ဖက်လုံး ဘာမှ မ၀တ်ထားဘူး..။

ဗလာ .. ဗလာ … လက်ဗလာ .. ။

သူငယ်ချင်းပို့  လိုက်တဲ့ နာရီလေးကို ကြိုက်တယ်…။

နေ့ တိုင်းတော့ မပတ်ဖြစ်ဘူး… ။ မကြာမကြာတော့ ပတ်တယ် …။

အချိန်တွေကို စိန်စီပေးလိုက်တဲ့ သူငယ်ချင်းကို ကျေးဇူးတင်တယ်…။

နာရီတွေ မိနစ်တွေ ဒိုင်ခွက်ထဲမှာ ပတ်ချာလည် ပိတ်မိနေတာကို လည်း သဘောကျတယ် ( ညစ်ကျယ်ကျယ် အတွေး ) …။

နာရီ လက်တံတွေ ပတ်ချာလည်နေသလို … ဒိုင်ခွက်ထဲက နံပါတ်တွေကို ခဏခဏ ပြန်ရောက်သလို …

ငါတို့ ရဲ့ အတိတ်တွေ .. ပျော်စရာ ဘ၀လေးတွေလည်း ပတ်ချာ လှည့်ပြီး ခဏခဏ ပြန်ပြန်ရောက်လာရင် သိပ်ကောင်းမှာပဲ လို့  တွေးနေမိတယ် .. သူငယ်ချင်း…။

Blog ရပ်ဝန်းမှ အလွဲလေးများ ( ၂ )

မျက်စိဖွင့်၍ နုတ်ဆက်ပါ

ဒီတစ်ခါ တစ်ကယ် ဆရာ မလုပ်ဘူး …။ သူငယ်ချင်းတွေ ပျော်ပါစေ ပြုံးပါစေတော့ဆိုတဲ့ စေတနာနဲ့  ဘလော့ဂ်ရပ်ဝန်းက  အလွဲလေးတစ်ခု အကြောင်း ပြောပြမယ်..။

ဘလော့ဂ်တော်တော်များများမှာ … သိကြတဲ့ အတိုင်း ဆီပုံးလို့  ခေါ်ကြတဲ့ cbox လေးတွေ ထားတတ်ကြတယ် …။ အဲဒီမှာ ပို့စ်နဲ့  မဆိုင်တဲ့ အကြောင်းရေးချင်ရင် … မာကြောင်း သာကြောင်း … ဘာကြောင်း ညာကြောင်း လေး ရေးချင်ရင် … လည်သွားတယ်ဆိုတာ သိစေချင်ရင် … ဘလော့ဂ်လင့်ခ်လေး ပေးချင်ရင် … နုတ်ဆက်ချင်ရင် … အဲလို… ရေးချင်တာလေးတွေ .. ရေးဖို့  ထားထားကြတယ်…။ လာလည်တဲ့ သူတွေကလည်း ရေးချင်စိတ်ရှိတာလေးတွေ ရေးရေးသွားကြတယ်…။ အဲတော့ တိုတိုပြောရရင် ရေးသွားကြသည်ပေါ့ …။

အဲဒီမှာ မျက်စိဖွင့်ပြီး ရေးသွားတဲ့သူရှိသလို … မျက်စိမှိတ်ပြီး ရေးသွားတဲ့ သူတွေလည်း တွေ့ ရတယ်…။ ဘယ်လိုလုပ် မျက်စိမှိတ်မှာလဲ … အိပ်ငိုက်နေလို့  လား… ဘာတွေ ညာတွေ အတွေးခေါင်မနေနဲ့ နော် ..။ လေးမ ဆိုလိုချင်တာက ဘာအကြောင်းတွေ ရေးထား … တင်ထားတဲ့ ဘလော့ဂ်လဲ … ဘာစာတွေ ရေးထားသလဲဆိုတာ မကြည့်ဘဲ … ကိုယ်လာသွားတယ်ဆိုတာ သိရင်ပြီးရော … သဘောနဲ့  မျက်စိမှိတ်ပြီး နုတ်ဆက်သွားတဲ့ အခါ ရယ်စရာ.. ပြုံးစရာလေးတွေ ဖြစ်တတ်ပါတယ် လို့  ပြောချင်တာပါ …။

ဟိုးတလောတုန်းက ညစ်ညမ်းဗီဒီယို ဖိုင်တွေ ..ပုံတွေ တင်ထားတဲ့ ဘလော့ဂ် တစ်ခုဟာ ဘလော့တော်တော်များများရဲ့ ဆီပုံးတွေ မှာ ” လာလည်ပါတယ်ခင်ည ” ဆိုပြီး လိုက်နုတ်ဆက်ပါတယ် …။ လေးမ ဆီပုံးမှာလည်း လာနုတ်ဆက်ပါတယ် …။ လေးမလည်း ကိုယ့်ဆီ လာလည်တဲ့ သူဆီ ပြန်သွားလည်ဦးမယ် ဆိုပြီး ပေးထားတဲ့ လင့် အတိုင်း ချီတက်သွားပါတယ် …။ ရောက်လည်းရောက်ရော ညစ်ညမ်း ဘလော့မှန်း သိတာနဲ့  လှည့်ပြန်မယ်လုပ်ရင်း စပ်စုတတ်တဲ့ မျက်စိက ဆီပုံးကို ရောက်သွားပါတယ်…။ အဲဒီမှာ လေးမ မျက်လုံးပြူးသွားပါတယ် …။ ဆီပုံးမှာ လေးမ နဲ့  သိတဲ့ ညီမလေး တစ်ယောက်က နာမည်နဲ့ တကွ ” လာလည်သွားပါတယ်ရှင် “ လို့  …လင့်ခ်လေးနဲ့ တကွ … နုတ်ဆက်ထားတာတွေ့ ရပါတယ် ။ အဲဒီ ညီမလေး လုပ်ကြံခံရတာလား … မျက်စိမှိတ်ပြီး နုတ်ဆက်မိတာလား …လို့  ဇဝေဇ၀ါ ဖြစ်ရပါတယ် ရှင် … ။ ဖြစ်နိုင်ချေကတော့ ဖိုင်ဆိုဒ်တွေ လေးပြီး loading နေတဲ့ အချိန်ကို မစောင့်ဘဲ မျက်စိမှိတ်ပြီး နုတ်ဆက်မိသွားတယ် လို့  ထင်ပါတယ်ရှင် …။

နောက်တနေရာမှတော့ မျက်စိမှိတ်ပြီး ချီးကျူးမိသူလေးကိုတွေ့ လိုက်ရပါတယ် …။ ကောင်မလေးတစ်ယောက်က ဘလော့ဂ်ဂါကောင်လေးတစ်ယောက်  တင်ထားတဲ့ ပို့ စ်လေး နဲ့ ပတ်သက်ပြီး ကောင်လေး သိပ်တော်တာပဲ လို့  ရေးသွားတာပါ …။ မနေနိုင်တဲ့ စာဖတ်သူတစ်ဦးက “ခေါင်းစဉ်ပဲဖတ်သလား … ကောင်လေးရေးတာမှ မဟုတ်ဘဲ ” လို့  ၀င်ပြောသွားပါတယ် …။       အဲဒီပို့စ်လေးကို ကောင်လေးက ရေးသူနာမည်နဲ့ တကွ တင်ပေးထားတာပါ …။ လေးမကတော့ အဲဒီ အချိန်မှာ ဖြစ်သွားမယ့် ကောင်လေးရဲ့ မျက်နှာကို မြင်ယောင်ကြည့်နေမိပါတယ်…( ငို၍ ရယ် ၍  မရသောမျက်နှာ ဆိုတာ ဒါမျိုးလားလို့ ..) ။ ကောင်မလေး မျက်စိမှိတ်ပြီး နုတ်ဆက်မိလေသလား …။

လေးမ ဒီပို့စ်လေးကိုရေးတာ လှောင်တာလည်း မဟုတ်ဘူး … ပြောင်တာလည်းမဟုတ်ဘူး … ပုဂ္ဂိုလ်ရေးလည်း မပါပါဘူး … ( ရေးထားပြီး တင်သင့် မတင်သင့် တော်တော်စဉ်းစားနေမိလို့  ကြာနေတာပါ ) ။ ဘလော့ဂ် ရပ်ဝန်းမှာ ဒီလိုလေးလည်း လွဲတတ်တယ် … ငါမလွဲအောင်လုပ်မှဘဲ ဆိုတဲ့ အသိလေးတစ်ခုပေးချင်လို့ ပါ …။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သတိပေးတာပါ ..

လေးမ ခဏခဏ လွဲတတ်ပါတယ် …။ တနေ့ကပဲ  မင်းကျန်စစ်ကို “ကျန်စစ်ရေ … အသက်ရှိသေးလား ” လို့  ဆီပုံးမှာ သွားအော်ပါတယ် …။ နောက်မှ ဆီပုံးက စာတွေ သေချာလိုက်ဖတ်ကြည့်တော့ ကျန်စစ်က လေးမ မရေးခင် ၁ ရက်လောက်ကပဲ ဆီပုံးရှေ့     ငုတ်တုတ်ကြီး ထိုင်ပြီး စာမေးပွဲ ဖြေနေတဲ့ အကြောင်း သူ့ ဘော်ဒါတွေကို အသိပေးထားတဲ့ စာတွေ့ ရပါတယ် … ။ အရှက်ပြေ ” ခိုးမချနဲ့ နော် “ လို့  နောက်တစ်ကြောင်း ထပ်ရေးခဲ့ပါတယ် …။

အဲတော့ သူငယ်ချင်းတို့လည်း လေးမလို … ဟို မမ/ညီမလေးတွေလို မျက်စိမှိတ်ပြီး နုတ်မဆက်မိအောင်  ဆင်ခြင်နိုင်ကြပါစေ …လို့  ဆန္ဒ ပြုပါတယ် …။ ။

မှတ်ချက် ။ ။ ကာယကံရှင် မမ/ ညီမလေးတွေ စိတ်မဆိုးနဲ့ နော် …။