သင်ယူဆဲပါ

ဒီနှင်းတောကို ဖြတ်ဖို့

အနွေးထည်ထူလည်း ၀တ်ခဲ့ပါရဲ့ …

ဒါပေမယ့်

နှင်းကထူလွန်းတယ်…။

ဒီတောလမ်းကို ဖြတ်ဖို့

ဖိနပ်အကောင်းစား စီးခဲ့ပါရဲ့…

ဒါပေမယ့်

လမ်းက ကြမ်းလွန်းတယ်…။

ဒီမိုးကို ကာစည်းဖို့

ထီးလှလှနဲ့ မိုးကာလည်းပါရဲ့…

ဒါပေမယ့်

မိုးက သည်းလွန်းတယ်…။

ဒီခရီးကို သွားဖို့

လမ်းညွှန်လည်းဆောင်ခဲ့ပါရဲ့ …

ဒါပေမယ့်

ခရီးက ရှုပ်ထွေးတယ်…။

ဒီနေကို အန်တုဖို့

အပူကာတွေ အစုံယူခဲ့ပါရဲ့ …

ဒါပေမယ့်

နေက ပြင်းလွန်းတယ်…။

အရာရာတိုင်းမှာ

ငါမထင်ထားတာတွေ

ထည့်မတွက်ခဲ့တာတွေ

မျှော်လင့်မထားတာတွေ

မယုံကြည်ခဲ့တာတွေနဲ့

ဘယ်လိုပင် ပြင်ဆင်ခဲ့လည်း

ဘ၀ဆိုတဲ့ ဖတ်စာအုပ်မှာ

သင်ရိုးတွေမကုန်သေးသရွေ့ တော့

ငါ …

ကျောင်းတက်နေရဦးမယ်…။